← Chapters

ထွက်ပြေးလွတ်မြောက်ခြင်း ၂

Vol. 72 Ch. 720

ထွက်ပြေးလွတ်မြောက်ခြင်း ၂

Vol. 72 Ch. 720

ရွှီခနဲ အသံနှင့်အတူ ဓားရောင်တချက် ဝင်းလက်သွား၏။ အဆိုပါဓားချက်တွင် စုချန်း၏ မူလစွမ်းအင်၊ ခွန်အား၊ ယုံကြည်မှု စသော ဂုဏ်ဒြပ်များအားလုံး ပါဝင်နေလေသည်။

ဓားတချက်တည်းနှင့် တောင်ကြီးတတောင်လုံး ထက်ခြမ်းကွဲသွားစေလောက်၏။ ဓားတချက်တည်းနှင့် တိုက်ပွဲတပွဲလုံး ပြောင်သလင်းခါသွားစေလောက်၏။

ကောင်းကင်တခွင်လုံး သွေးများဖြင့် ဖုံးလွှမ်းသွားလေပြီတည်း။

ဓားတချက်တည်းနှင့် လင်းတအကောင်၂၀ကျော် အသက်ပျောက်သွား၏။ ၎င်းတို့၏ ချီစွမ်းအင်များ အလုံးစုံ ဖျက်ဆီးခြင်းခံလိုက်ရ၏။ ကျန်လင်းတများမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရကုန်ပြီး ထွက်ပြေးကုန်ကြလေသည်။

ကြောက်လန့်စရာမြင်ကွင်းသည် ယွန်ကိုင်းနှင့် ကျန်လူများကို မှင်သက်သွားစေ၏။

၎င်းမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် နှစ်ဆယ်ကျော်အား ဓားတချက်တည်းနှင့် ရှင်းပစ်နိုင်သည်နှင့် တူနေသည် မဟုတ်ပါလား။

တိုက်ခိုက်ပြီးသည်နှင့် စုချန်း၏ ကိုယ်ခန္ဓာသည် မသိမသာ ယိမ်းယိုင်နေ၏။ အင်အားအလွန်အကျွံ သုံးလိုက်ရမှန်း သိသာနေပေသည်။

ထိုအခါ စုချန်းသည် ဆေးတချို့ကို မြန်မြန်ပင် မော့သောက်လိုက်၏။ မူလကျောက်တုံးမှ မူလစွမ်းအင်များကို ပြန်လည်စုပ်ယူလိုက်၏။ ထို့နောက် သူက အော်ဟစ်လိုက်သည်။

"မြန်မြန်သွား မင်းတို့ ဘာကိုစောင့်နေတာလဲ"

ထိုအခါကျမှ ယွန်ကိုင်းသည် အိပ်မက်မှလန့်နိုးလာသူကဲ့သို့ သတိဝင်လာပြီး ယာဥ်ပျံအား အဝေးသို့ မောင်းနှင်လိုက်တော့သည်။

နေသူရိန်ယာဥ်အား ကယ်တင်ပြီးသည်နှင့် စုချန်း ထွက်ခွာရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် အဝေးဆီမှ စူးရှသောအသံတသံံ စုချန်းနားထဲသို့ တိုးဝင်လာတော့သည်။

"လက်စသတ်တော့ မင်းက ဒီမှာကိုးကွ စုချန်း"

အနီရောင်နှလုံးသားပါလား...သွားပြီ

ထိုအသံကိုကြားသည်နှင့် စုချန်း လှည့်၍ပင်မကြည့်တော့ပဲ သုတ်ခြေတင်တော့သည်။

စူးရှသောအလင်းတန်းတခု စုချန်းထံသို့ တိုးဝင်လာ၏။

သူသည် ရန်သူလောက် မမြန်မှန်း တချက်ကြည့်ရုံနှင့် စုချန်း သဘောပေါက်လ်ိုက်သည်။ ထို့ပြင် သူ့ဘေးနားတွင် လမင်းစန္ဒာယာဥ်လည်း မရှိ။ ထိုအခါ စုချန်းက ချက်ချင်းပင် သူ့ခြေထောက်အစုံကို တိုက်ပွဲဆီသို့ ပြန်လည်ဦးတည်လိုက်သည်။

စုချန်း၏ ဆုံးဖြတ်ချက်ကြောင့် အနီရောင်နှလုံးသား အံ့သြသွား၏။ သို့သော် သူသည်လည်း စုချန်းနောက်သို့ ထပ်ချပ်မကွာပင် လိုက်ပါလိုက်လေသည်။

သင်းခွေချပ်အိုကြီး၏ သတင်းပို့ချက်ကို ရပြီးကတည်းက ရတနာများအားလုံးက်ို စုချန်းယူသွားကြောင်း အနီရောင်နှလုံးသား သိထားနှင့်ပြီးလေပြီ။ ထို့ပြင် ၎င်းထံတွင် မူလအရိုးတောင်ဝှေးနှင့် အသက်ဓာတ်ဆေးမင်ပါ ရှိနေ၏။ ၎င်းကိုသတ်နိုင်ပါက ဆုံးရှုံးလိုက်ရသော ရတနာများ သူ့လက်ထဲ ပြန်ရောက်လာပေလိမ့်မည်။ ထို့ကြောင့် စုချန်းကို အနီရောင်နှလုံးသား ဖြစ်သည့်နည်းဖြင့် သတ်ရပေလိမ့်မည်။

မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် စုချန်းသည် တချက်လှိမ့်ထွက်လိုက်ပြီး ကိုယ့်ကိုယ်ကို နောက်ထပ် သတ်ဖြတ်သူတဦးအဖြစ် ပုံပြောင်းလိုက်ပြန်၏။

အနီရောင်နှလုံးသား၏ အာရုံခံစွမ်းရည်မှာ သိပ်မကောင်းလှ။ သို့သော် စုချန်းကို သူ မျက်ချေမပြတ် စိုက်ကြည့်နေလေရာ ပုံပြောင်းခြင်းမှာ မည်သို့မှ မသက်ရောက်နိုင်တော့။ မည်သည့်သတ်ဖြတ်သူပုံစံပြောင်းစေကာမူ စုချန်း သူ့က်ို လှည့်စား၍ မရတော့။

အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို အကြိမ်ရေတချို့ ထုတ်သုံးပြီးသည်နှင့် စုချန်းသည် သတ်ဖြတ်သူများနှင့် လုံးဝ ရောယှက်သွားတော့သည်။ အနီရောင်နှလုံးသားမှအပ ကျန်သတ်ဖြတ်သူများ သူ့ကို လုံးဝမသိနိုင်တော့။

ထိုအချိန်တွင် အနီရောင်နှလုံးသားလည်း မြေပြင်သို့ ရောက်လာပြီ ဖြစ်သည်။

အနီရောင်နှလုံးသား၏ တကိုယ်လုံးသည် သွေးများနှင့် ဖုံးလွှမ်းနေ၏။ သူ့လက်ထဲရှိ သုံးရောင်စပ်ကျောက်မျက်တပ်တုတ်မှာလည်း ပျောက်ကွယ်သွားလေပြီ။ ၎င်း၏ ကိုယ်ပေါ်တွင်လည်း ဒဏ်ရာအများအပြား ရထားမှန်း တွေ့မြင်နေရသည်။ အဆိုပါ ဒဏ်ရာများမှာ ပြင်းထန်လှပြီး လွယ်လင့်တကူ ပျောက်ကင်းမည့်ပုံမပေါ်။ အကြောင်းမှာ ၎င်းသည် တိုက်ပွဲတွင် စွမ်းအားအများအပြားကို ထုတ်သုံးထားရသောကြောင့်ပင်။

သို့တိုင်အောင် ၎င်းသည် ယခုအချိန်ထိ အင်အားကြီးမားသော နတ်ဆိုးဧကရာဇ်သားရဲတပါး ဖြစ်နေဆဲပင်။

မြေပြင်သို့ရောက်သည်နှင့် သူသည် စုချန်းကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေ၏။

"သေပေတော့"

ကြီးမားသော လက်ဖဝါးကြီး စုချန်းထံသို့ အုပ်မိုးလာပြီ ဖြစ်သည်။

၎င်းသည် အပြာရောင်နယ်ပယ်မဟုတ်။ မရဏမြွေမဟုတ်။ မီးလျံနဂါးမဟုတ်။ သို့သော် ၎င်း၏ အခြေခံတိုက်ခိုက်မှုသည်ပင် ပြိုင်ဘက်ကင်းနေ၏။

ထိုအခိုက်အတန့်တွင် ကြည်လင်မြစ်မြို့တော်၌ ဝမ်မျိုးနွယ်အကြီးအကဲနှင့် ရင်ဆိုင်ခဲ့စဥ်ကဲ့သို့လည်းကောင်း၊ ဝါးမြိုခြင်းမြစ်မြို့တော်၌ အလင်းမြွေကြီး၏ အလင်းမုန်တိုင်းကို ရင်ဆိုင်စဥ်ကဲ့သို့လည်းကောင်း စုချန်း ခံစားလိုက်ရသည်။

အခြေအနေသည် ဘာမှမပြောင်းလဲသေး။ ယခင်အတိုင်း မျှော်လင့်ချက်ကင်းမဲ့နေဆဲသာ။

ကွဲပြားခြားနားချက်ဟူ၍ စုချန်း ယခင်ကထက် ပို၍ သန်မာလာခြင်းသာ ရှိပေသည်။

လက်ဝါးရိုက်ချက် ဝင်လာသည်နှင့် စုချန်း ရိပ်ခနဲ ပျောက်ကွယ်သွား၏။

စုချန်း၏ အဖြူရောင်မျှော်စင်ပ်ို့ဆောင်ခြင်းနည်းစနစ်သည် အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဤလက်ဝါးရိုက်ချက်၏ စက်ကွင်းသက်ရောက်မှုကိုတော့ စုချန်း ရှောင်တိမ်းနိုင်၏။ သို့သော် လက်ဝါးရိုက်ချက်က်ိုသာ ရှောင်လျင်ရှောင်နိုင်မည်။ အနီရောင်နှလုံးသား၏ လက်မှ အလုံးစုံ ထွက်ပြေးလွတ်မြောက်ရန်တော့ မလွယ်လှ။

စုချန်း ပြန်ပေါ်လာသည်နှင့် အနီရောင်နှလုံးသား၏ ဒုတိယလက်ဝါးရိုက်ချက် ဝင်လာပြန်၏။ စုချန်းကလည်း ချက်ချင်းဆိုသလိုပင် ပြန်လည်ပျောက်ကွယ်သွားပြန်သည်။

အနီရောင်နှလုံးသားလို ရန်သူမျိုးနှင့် ရင်ဆိုင်ရပါက စုချန်း လုပ်ဆောင်နိုင်သည့် တခုတည်းသောအရာမှာ ထွက်ပြေးရန်ပင်။ ပြန်လည်ခုခံမည်ဟု ဟူသော စိတ်ကူးမျိုး ရှိပင်မရှိသင့်။

အနီရောင်နှလုံးသား၏ လက်ဝါးရိုက်ချက်များသည် သားရဲများ၊ သတ်ဖြတ်သူများအပေါ်သို့သာ ကျရောက်ကုန်ပြီး တကောင်ပြီးတကောင် အသက်ပျောက်ကုန်၏။ စုချန်းကား လေထဲတွင် ရိပ်ခနဲ ရိပ်ခနဲ လှုပ်ရှားလျက်ရှိသည်။ အနီရောင်နှလုံးသား၏ လက်ဝါးကလည်း စုချန်းနောက်မှ ထပ်ချပ်မကွာ လိုက်ပါနေ၏။ ထိုအခါ စုချန်းထွက်ပြေးရာလမ်းတလျှောက်တွင် သွေးများဖြင့် ရွှဲနစ်နေတော့၏။

ထိုအတွက် အကျိုးဆက်မှာကား မရေမတွက်နိုင်သော ပုဆိန်များ အနီရောင်နှလုံးသားဆီသို့ တိုးဝင်လာခြင်းပင်။ ယုတ်စွအဆုံး ဗိုလ်ချုပ်တချို့ပင် နောက်ပြန်လှည့်ပြီး အနီရောင်နှလုံးသားဆီသို့ ပြေးဝင်လာကြ၏။

စုချန်းသည် ထိုအချိန်ထိ မရပ်မနား ပြေးလွှားနေသေး၏။ ပြေးနေရင်းနှင့်ပင် စုချန်း၏ ရင်ထဲတွင် ပျို့အန်လိုစိတ် ပေါ်ပေါက်လာပြီး အန်ချမိတော့သည်။

လက်ရှိ သူ့စိတ်ဝိညာဥ်စွမ်းအားအဆင့်အတန်းနှင့်ပင် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို အဆက်မပြတ်သုံးမိခြင်းကြောင့် ဦးခေါင်းပေါက်ကွဲလုမတတ်ဝေဒနာက်ို စုချန်း ခံစားနေရသည်။ စုချန်း ကပျာကသီပင် ဝိညာဥ်အားဖြည့်ဆေးရည်ကို မော့သောက်လိုက်ရသည်ည်။ ထိုအခါကျမှ ဆိုးဝါးလှသော ဝေဒနာကြီး အတော်အတန် သက်သာသွားတော့၏။

အနီရောင်နှလုံးသား သူ့ကို မလွတ်တမ်းလိုက်ကြည့်နေမှန်း စုချန်း သဘောပေါက်လိုက်ပေပြီ။ သူ့အနေနှင့် ထွက်ပြေးရန် လမ်းမရှိတော့။

ဤမျှ ပြင်းထန်သော ဒဏ်ရာများနှင့် သူ့ကို လိုက်လံဖမ်းဆီးရန် ဆန္ဒပြင်းပြနေသေးသော အနီရောင်နှလုံးသားကိုကြည့်ရင်း စုချန်း စိတ်ပျက်သွားသည်မှာ အမှန်ပင်။

သို့သော် ၎င်းမှာ အဖြစ်မှန်ပင်။ အနီရောင်နှလုံးသားသည် နှစ်ပေါင်းများစွာ အသက်ရှင်လာပြီးမှ ဤအဆင့်အတန်းမျိုးသို့ ရောက်လာခြင်း ဖြစ်သည်။ သူသည် အသက်ကို အလွယ်တကူ ဆုံးရှုံးခံမည့်သူမျိုး မဟုတ်။ စုချန်း၏ ဓားချက်ကိုသာ မမြင်တွေ့လျင် လက်ရှိအချိန်တွင် အနီရောင်နှလုံးသား တပ်ဆုတ်သွားလောက်ပေပြီ။

သို့သော် စုချန်းကို မြင်တွေ့ပြီးနောက်တွင်တော့ အနီရောင်နှလုံးသား နောက်ဆုတ်ရန် စိတ်ကူးမရှိတော့။

လက်ရှိ တိုက်ပွဲသည် အနီရောင်နှလုံးသားအတွက် ကနဦးတိုက်ပွဲကဲ့သို့ ကစဥ့်ကလျားးနိုင်သော တိုက်ပွဲမျိုးမဟုတ်တော့။ ရည်မှန်းချက်ရှိသော တိုက်ပွဲဖြစ်သည်။ ထိုအတွက် သားရဲများအားလုံးကို စတေးရစေကာမူ ပြသနာမရှိ။ လိုအပ်လျင် မိမ်ိအသက်ကိုပါ စွန့်လွှတ်ရန် အနီရောင်နှလုံးသား ဆုံးဖြတ်ထားပြီးလေပြီ။

အာဝူး!!!

ဒေါသထွက်နေသောအော်သံကြီး ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွား၏။ ထို့နောက် အနီရောင်နှလုံးသားသည် လေပေါ်သို့ ဝုန်းခနဲ ပျံတက်သွားပြီး အကန့်အသတ်မရှိသော မီးလျံလှိုင်းများအား ထုတ်လွှတ်လိုက်တော့သည်။

ဂွန်းကောက်နှင့် ရွှာခေါင်းခွံတို့၏ ထိန်းချုပ်မှုမရှိသောကြောင့် မီးတောက်များသည် ချက်ချင်းပင် မီးပင်လယ်ကြီးသဖွယ် ပြန့်ကားသွား၏။ မီးလုံးကြီးများမှာပင် မိုးရွာသွန်းသည့်ပမာ တဖွဲဖွဲနှင့် ပြုတ်ကျလာလေသည်။

ဧရိယာကြီးတခုလုံးအား အပြတ်ရှင်းပစ်သည့် တိုက်ခိုက်မှုမျိုးပင်။

နတ်ဆိုးဧကရာဇ်သားရဲကြီးကား ရူးသွပ်သွားလေပြီ။

စုချန်းကို သူ သတ်လို၏။ ဟန့်တားသူမှန်သမျှ သေရမည်။

"ဒီကောင် ရူးသွားပြီပဲ"

မြင်ကွင်းကိုကြည့်ရင်း ဂွန်းကောက် ရေရွတ်လိုက်သည်။

ဘုန်းတော်ကြီးချုပ်၏ တကိုယ်လုံးသည် မဲနက်ကုန်၏။ ယုတ်စွအဆုံး သူ့ပါးသိုင်းမွေးများပင် မီးကျွမ်းကုန်လေသည်။ ကျန်ဘုန်းတော်ကြီးများအနက် တယောက်က်သာ သူ့ဘေးနားတွင် ကျန်တော့သည်။

သို့သော် ဂွန်းကောင် ဆက်လက်တိုက်ခိုက်နိုင်ဆဲပင်။

တဝုန်းဝုန်းပြုတ်ကျနေသော မီးလုံးကြီးများကြောင့် ကောင်းကင်နှင့်မြေပြင်သည် မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွား၏။ နာကျင်ငြူးငြူသံများကို အဝေးမှပင် ကြားနိုင်လေသည်။

စုချန်းသည် ကောင်းကင်ကို မော့ကြည့်ပြီး နောက်သို့တလှမ်းချင်း ဆုတ်နေ၏။

ဤမျှ ကြောက်စရာကောင်းလှသော အခြေအနေမှာပင် သတ်ဖြတ်သူစစ်သည်တော်များ၏ ကြွေးကြော်သံများ အဆက်မပြတ် ပေါ်ထွက်နေလေသည်။ တိုက်ပွဲကား အထွတ်အထိပ်သ်ို့ ရောက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သတ်ဖြတ်သူစစ်သည်တော်များ၏ စိတ်ဓာတ်မှာ တဖန်ပြန်လည်တက်ကြွလာခဲ့ပြန်လေပြီ။

အော်ဟစ်ကြွေးကြော်သံများ အဆက်မပြတ် ပေါ်ထွက်နေ၏။ အသိုက်တိုင်း၏ ထိပ်တန်းစစ်သည်တော်များကား မီးကုန်ယမ်းကုန် တိုက်ခိုက်ကြလေပြီ။

ကောင်းကင်ပေါ်မှ မီးလုံးကြီးများ အဆက်မပြတ် ပြုတ်ကျနေ၏။ မြေပြင်မှ ပုဆိန်လှိုင်းကြီးသည်လည်း ကောင်းကင်ဆီသို့ ပျံတက်သွားလေသည်။

နေရောင်အောက်တွင် ပုဆိန်သွားများသည် လက်လက်ထနေ၏။ ၎င်း၏ အရှိန်အဟုန်သည် ကောင်းကင်ကို ထက်ခြမ်းခွဲပစ်လ်ိုက်ပြီး လမ်းကြောင်းတလျှောက်ရှိ အရာရာတိုင်းကို ဖျက်ဆီးပစ်လိုက်၏။ ထိုအခါ မီးပင်လယ်ကြီးပင် ခမ်းခြောက်ကုန်၏။ မီးလုံးကြီးများပင် ထက်ခြမ်းကွဲကုန်၏။

ဧကရာဇ်တပါး၏ အင်အားသည် တောင်ကြီးများ၊ မြစ်များကို ဖျက်ဆီးပစ်နိုင်၏။ သို့သော် စည်းလုံးညီညွတ်သော စစ်တပ်ကြီးတတပ်၏ အင်အားမှာ ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်ချေသည်တကား။

အနီရောင်နှလုံးသား ခေါင်းမော့ပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့ပါးစပ်အတွင်းမှလည်း သွေးများယိုစီးကျလာ၏။

ဘယ်တော့မှမပျောက်ကင်းနိုင်တော့သည့် ဒဏ်ရာမျိုးကို အနီရောင်နှလုံးသား ရလိုက်ခြင်း ဖြစ်သည်။ ဤအတိုင်းသာဆိုပါက သူ့အသက်သည်ပင် အန္တရာယ်ရှိလာနိုင်၏။

သို့သော် သူ့ရှေ့တည့တည့်တွင် ရှိနေသော လူသားကိုကြည့်ရင်း အနီရောင်နှလုံးသား အရှုံးမပေးလိုပဲ ဖြစ်နေ၏။ သူ့ထံမှ ရတနာများ ခိုးယူသွားသော ဤလူသားအား သူ အလွတ်မပေးနိုင်။

နောက်ဆုံးထွက်သက်ထိ သူ ကြိုးစားရမည်သာ။

လူသားသည် လောဘကြောင့် သေရ၏။ ငှက်များသည် အစာရှာရင်း သေရ၏။

ထိုအခါ အနီရောင်နှလုံးသား ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

ခန့်မှန်းမရနိုင်သော အရှိန်အဝါတခုသည် အနက်ရောင်မရဏချီစွမ်းအင်ကို သယ်ဆောင်ရင်း တိုက်ပွဲစည်းဝိုင်းတခုလုံးကို လွှမ်းခြုံလာ၏။

အနီရောင်နှလုံးသားကား နောက်ဆုံးကျန်သော ဝှက်ဖဲတချပ်ကို ထုတ်သုံးလိုက်လေပြီ။

အမှောင်လှိုင်းကြီးသည် မြန်မြန်ဆန်ဆန်ပင် ကျယ်ပြန့်လာ၏။ ၎င်း၏ အစွမ်းမှာ တိုက်စားတတ်ခြင်းပင်။ ပို၍ အရေးကြီးသည်မှာကား ၎င်းကို အမာအားဖြင့် ဟန့်တား၍ မရ။

ဤနည်းစနစ်ကို ထုတ်သုံးလိုက်သည်နှင့် သူ့သက်စောင့်အား မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးနေကြောင်း အနီရောင်နှလုံးသား ခံစားလိုက်ရသည်ည်။ သူ့ခန္ဓာကိုယ်မှာလည်း ညှိုးနွှမ်းခြောက်သွေ့စပြုလာ၏။

ဂွန်းကောက်နှင့် တိုက်ခိုက်ပြီးနောက် အနီရောင်နှလုံးသား၏ အင်အားသည် နတ်ဆိုးဘုရင်အဆင့်မျှသာ ကျန်တော့သည်။ သတ်ဖြတ်သူစစ်သည်တော်များ၏ ပုဆိန်လှိုင်းကြီးကို ခုခံပြီးနောက် သူ့အင်အားသည် နတ်ဆိုးအရှင်သခင်အဆင့်မျှသာ ကျန်တော့၏။

ထိုအင်အားသည် စုချန်းကို ရှင်းပစ်ရန် လိုအပ်သည်ထက်ပင် ပိုနေသေးသည်ဟု အနီရောင်နှလုံးသား ယုံကြည်ထား၏။

သို့သော် သူမြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အနီရောင်နှလုံးသား ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

***

All Chapters