← Chapters

သူသေကိုယ်သေ

Vol. 73 Ch. 722

သူသေကိုယ်သေ

Vol. 73 Ch. 722

"စု...ချန်း"

အနီရောင်နှလုံးသားသည် မြေကြီးအောက်မှ ဝုန်းခနဲ ခုန်ထွက်လာပြီး အင်မတန် ခါးသီးနာကျင်လှသောအသံဖြင့် ထအော်လိုက်လေသည်။

၎င်းသည် လေထဲတွင် ဝေ့ဝိုက်ပျံသန်းနေ၏။ ၎င်း၏ မျက်နှာမှာ ဖွေးဖွေးဖြူလျက်ရှိသည်။ သို့သော် ၎င်း၏ မျက်လုံးထဲတွင်တော့ အမုန်းတရားများနှင့် ပြည့်နှက်နေ၏။ ၎င်းထံမှ ထွက်ပေါ်နေသော ဖိအားကြောင့် စက္ကဖြူအရုပ်မှာ ထိမ်းမနိုင်ိုင်သိမ်းမရအောင် ခိုက်ခိုက်တုန်လျက်ရှိလေသည်။

"မင်း ငါ့ကို ဘယ်လိုရှာတွေ့တာလဲ"

စုချန်း လက်တဖက်ကို လှုပ်ရှားလိုက်ရာ ၎င်း၏ လက်ထဲမှ အနက်ရောင်အငွေ့များ ထွက်ပေါ်လာ၏။

"အရိပ်နယ်ပယ် မင်းလဲ အရိပ်နယ်ပယ်စွမ်းအားကို ပိုင်ဆိုင်ထားတာပေါ့ ဟုတ်လား"

အနီရောင်နှလုံးသား အံ့သြသွား၏။

"ကျုပ်အနေနဲ့ကတော့ ဒါကို အရိပ်မူလပစ္စည်းလို့ခေါ်တယ်"

အရိပ်နယ်ပယ်အား ထုတ်သုံးခဲ့ခြင်းကြောင့် အနီရောင်နှလုံးသား၏ ကိုယ်တွင်းဝယ် အရိပ်မူလပစ္စည်းများ ကျန်ရစ်ခဲ့၏။ အဆိုပါ အရိပ်မူလပစ္စည်းများ အနီရောင်နှလုံးသား မည်သည့့်နေရာကို သွားစေကာမူ သဲလွန်စသဖွယ် ကျန်ရစ်ခဲ့စေ၏။ ထိုပစ္စည်းကို တခြားမည်သူမှ ရှာမတွေ့နိုင်စေကာမူ စုချန်းကတော့ ရှာတွေ့နိုင်ပေသည်။

အရိိပ်မူလပစ္စည်းများနောက်ကိုလိုက်ရင်း စုချန်း ဤနေရာသို့ ရောက်လာခြင်းပေတည်း။

"လက်စသတ်တော့ ဒီလိုကိုး ကောင်းပြီလေ မင်းကိုငါ ဝေးဝေးလံလံ လိုက်ရှာနေစရာ မလိုတော့ဘူးပေါ့ မင်းကိုယ်တိုင် ငါ့ရှေ့မှောက် ရောက်လာပြီပဲ ဘယ်မှာလဲ ငါ့ရတနာတွေ"

"အကုန်လုံး ကျုပ်လက်ထဲမှာပဲ ဒါပေမဲ့ ကျုပ်မှန်းကြည့်ပါအုံးမယ် ခုချိန်မှာ မင်းအလိုအပ်ဆုံးက နတ်ဆိုးဧကရာဇ်သားရဲရဲ့ မူလသလင်းပဲ ဖြစ်ရမယ် ဟုတ်တယ်မလား ဒါနဲ့ဆိုရင် မင်းရဲ့ဒဏ်ရာတွေ အမြန်ဆုံး သက်သာပျောက်ကင်းသွားနိုင်တာကိုး"

အနီရောင်နှလုံးသား တဟဲဟဲ ရယ်မောလိုက်၏။

"ဒါကြောင့် မင်း ငါ့ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ရှာနေတာကိုး ငါ ဒဏ်ရာရထားတဲ့အတွက် အခွင့်ကောင်းယူနိုင်မယ်လို့ မင်း ထင်နေတယ်ပေါ့လေ ဒါပေမဲ့ မင်းလိုက်ရှာတာ သိပ်ပြီးနှေးတယ် ဒီထက်မြန်မြန်သာ ရှာတွေ့သွားရင် မင်းအတွက် အခွင့်အရေး ရှိနိုင်သေးတယ် ခုတော့ ရက်ပိုင်းလောက် ငါ အနားယူပြီးသွားပြီကွ"

"ဒီထက်မြန်မြန်သာ မင်းကိုရှာတွေ့သွားရင် အဲဒီအချိန်မှာ သေဖို့စောင့်နေရတဲ့လူက ကျုပ် ဖြစ်သွားမှာပေါ့"

စုချန်းက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

"တခါတလေ တချို့ဒုက္ခတွေက ပေါက်ကွဲဖို့ အချိန်လိုတယ်ကွ ကျုပ် ဘာကြောင့် နောက်ကျမှရောက်လာရသလဲဆိုတော့ တခုတည်းသော အကြောင်းပြချက်က မင်းရဲ့ဒဏ်ရာတွေ အလုံးစုံ ပွင့်ထွက်သွားမဲ့အချိန်ကို စောင့်နေလို့ပဲ ခုချိန်ဟာ မင်း အားအနည်းဆုံးအချိန်ပဲ ဟုတ်သလား ကျုပ်ပြောတာ"

စုချန်း၏ စကားကြောင့် အနီရောင်နှလုံးသား၏ ပုံစံ ချက်ချင်းပင် ပြောင်းလဲသွား၏။ သူ့မျက်နှာပေါ်တွင်လည်း သွေးဆာဟန်ပေါ်လာလေသည်။

"မင်းဟာ အတော်ကိုကောက်ကျစ်တဲ့ကောင်ပဲ ဒါပေမဲ့ ငါဟာ ဧကရာဇ်တပါး ဖြစ်နေဆဲပဲကွ ဧကရာဇ်တပါးဆိုတာ ဒဏ်ရာရနေရင်တောင် မင်းလို လူသားတယောက် လျှော့တွက်လို့ရတဲ့ အစားထဲမှာတော့ မပါဘူး"

စုချန်း ခေါင်းညိတ်လိုက်သည်။

"မင်းပြောတာ မှန်ပါတယ် နှစ်ချက်ကလွဲပြီးတော့ပေါ့ ပထမတချက်ကတော့ မင်းရထားတာ ပေါ့သေးသေးဒဏ်ရာမဟုတ်ဘူး သေလောက်တဲ့ဒဏ်ရာတွေ အတိအကျပြောရရင် မင်းဟာ သင်္ချိုင်းကုန်းကို ခြေတဖက်လှမ်းနေပြီ ဒုတိယတချက်ကတော့ ကျုပ်ဟာ သာမာန်လူမဟုတ်ဘူး"

စကားဆုံးသည်နှင့် စုချန်းသည် တောင်ခွဲဓားကို ဖြေးညှင်းစွာ ဆွဲထုတ်လိုက်၏။ သူ့နောက်ကျောတွင်လည်း ကမ္ဘာဦးသွေးပုံရိပ် ချက်ချင်းပင် ပေါ်ပေါက်လာတော့သည်။

အနီရောင်နှလုံးသား မဲ့လိုက်၏။

"ငါ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတယ်ဆိုရင်တောင် ငါ အားကုန်တိုက်ရင် မင်း သေမင်းလက်က ပြေးမလွတ်ပါဘူးလေ"

"ဒါဆိုလဲ လုပ်လေ ဘာကြောင့်စကားတွေအများကြီးပြောပြီး အချိန်ဖြုန်းနေတာလဲ"

အနီရောင်နှလုံးသား တကိုယ်လုံး အေးခဲသွား၏။

တကယ်တော့ သူသည် စကားကြီးစကားကျယ်ပြောကာ စုချန်းအား ခြိမ်းခြောက်ရန် ကြိုးစားနေခြင်းပင်။ သို့သော် ထိုလုပ်ရပ်ကပင် သူ့အကြောက်တရားကို ဖော်ပြသလို ဖြစ်သွား၏။

အနီရောင်နှလုံးသားအနေနှင့် တိုက်ခိုက်ရန်မှအပ တခြားရွေးချယ်စရာ မရှိတော့။ စုချန်းကို အမြန်ဆုံး သတ်ရပေတော့မည်။ မဟုတ်လျင် သူ အမောလွန်၊ စွမ်းအားကုန်ခန်းကာ အသက်ပျောက်ရပေတော့မည်တည်း။

ထိုအခါ အနီရောင်နှလုံးသားသည် ကျယ်လောင်စွာ အော်ဟစ်ကျုံးဝါးလိုက်၏။

"သေပေတော့"

ပြင်းထန်သောအားလှိုင်းများ စုချန်းဆီသို့ ဝုန်းခနဲ တိုးဝင်လာ၏။

"ဒီလိုမှပေါ့ကွာ"

အနီရောင်နှလုံးသား စတင်တိုက်ခိုက်လိုက်သည်နှင့် စုချန်း ရိပ်ခနဲ ပျောက်ကွယ်သွားတော့၏။

တကယ်တော့ တောင်ခွဲဓားကို စုချန်း ဟန်ပြင်အနေနှင့် ဆွဲထုတ်ထားခြင်းသာ ဖြစ်သည်။ အနီရောင်နှလုံးသားနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် သူ ပြင်ဆင်ထားခြင်းမရှိ။ ဤအနေအထားမျိုးတွင် အကောင်းဆုံး နည်းဗျူဟာမှာ အချိန်ဖြုန်းရန်ပင်။

အုန်းခနဲ မြည်သံနှင့်အတူ ငယ်သံပါအောင် အော်ငြီးသံ ထွက်ပေါ်လာ၏။

အနီရောင်နှလုံးသား၏ လက်ချက်မိသွားသော စက္ကူဖြူအရုပ်၏ အော်သံပင်။

"စိတ်မပူပါနဲ့ကွ မင်း ဒီလောက်လွယ်လွယ်နဲ့ မသေနိုင်ပါဘူး"

စုချန်းက အထက်ပါအတိုင်း နှစ်သိမ့်လိုက်သည်။

စက္ကူဖြူအရုပ်သည် မူလစွမ်းအင်တိုက်ခိုက်မှုများကို အလွန်ခံနိုင်ရည်ရှိမှန်း စုချန်း သဘောပေါက်ထားသည် မဟုတ်ပါလား။ ၎င်းအား လွယ်လွယ်နှင့် သတ်၍မရ။ ၎င်းကို ဤနေရာသို့ ခေါ်ဆောင်လာရခြင်းမှာလည်း အနီရောင်နှလုံးသား၏ လက်ရှိအင်အား အား စမ်းသပ်ရန်ပင်။

အကယ်၍ အနီရောင်နှလုံးသားသာ စက္ကူဖြူအရုပ်အား တချက်တည်းနှင့် ရှင်းပစ်လိုက်နိုင်ပါက စုချန်း လစ်ပြေးတော့မည်သာ။ သို့သော် စုချန်း ထိုသို့ လုပ်စရာမလိုလိုက်။ အကြောင်းမှာ စက္ကူဖြူအရုပ်သည် မသေသောကြောင့်ပင်။ မသေသည့်ပင် ဒဏ်ရာပြင်းပြင်းထန်ထန်ပင် မရလိုက်။

စုချန်း ပြုံးလိုက်၏။

"ကျုပ်ပြောသားပဲ မင်း ကြာကြာမခံတော့ပါဘူးလို့"

စကားဆုံးသည်နှင့် စုချန်း၏ တောင်ခွဲဓားသည် လှစ်ခနဲ လှုပ်ရှားသွား၏။ ဤတကြိမ်တွင်တော့ စုချန်း အမှန်တကယ် တိုက်ခိုက်လိုက်လေပြီ။

"ခွေးမသား"

အနီရောင်နှလုံးသား ဒေါသတကြီးနှင့် ဆဲဆိုပြီး ပြန်လည်တုံ့ပြန်လိုက်သည်။ ကြီးမားသော ဖိအားဆရပ် စုချန်းအား ဖိစီးလာ၏။ မည်မျှပင် အားနည်းစေကာမူ သူသည် ဧကရာဇ်တပါး ဖြစ်နေဆဲသာပင်။

နတ်ဆိုးဧကရာဇ်သားရဲတပါး၏ အရှိန်အဝါသည် ယခုတိုင် ကျန်နေသေး၏။ ထို့ကြောင့် ဖိအားမှာ ကြောက်စရာကောင်းလှသည်။ တချိန်တည်းမှာပင် အနီရောင်နှလုံးသားသည် စုချန်းအား စူးရှစွာ စိုက်ကြည့်လိုက်၏။

စုချန်း မျက်လုံးများ ပြာဝေသွားပြီး အဝေးသို့ လွင့်စင်သွားတော့သည်။

မည်မျှကြောက်စရာကောင်းလှသည့် စိတ်ဝိညာဥ်တိုက်ခိုက်မှုပေနည်း။

စုချန်းကဲ့သို့ စိတ်ဝိညာဥ်စွမ်းအား ယူနစ်၂၀၀၀ကျော်သူပင် မခံနိုင်လေရာ အနီရောင်နှလုံးသား၏ တိုက်ခိုက်မှု မည်မျှပြင်းထန်မှန်း မြင်သာနေပေသည်။

စုချန်း ထိတ်လန့်သွား၏။သို့သော် စုချန်းထက် ပို၍ထိတ်လန့်သွားသူမှာကား အနီရောင်နှလုံးသားပင်။

သူကဲ့သို့ နတ်ဆိုးဧကရာဇ်သားရဲတပါး၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုသည် စုချန်းကို ဘာမှမတတ်နိုင်ပဲ ဖြစ်နေသည်မဟုတ်ပါလား။ အစောင့်အရှောက်ဝိညာဥ်၏ တိုက်ခိုက်မှုကြောင့် သူ့စိတ်ဝိညာဥ်စွမ်းအင်များ အတော်လေးလျော့ပါးသွားသည်မှန်သော်လည်း ဤအခြေနေထိတော့ မဖြစ်သင့်။

အလင်းတုန်ခါခြင်းနယ်ပယ်လောက်ကို မဆိုထားနှင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်ပင် အကြည့်တချက်နှင့် အသက်ပျောက်သွားလောက်သည်။ သို့သော် သူ့ရှေ့ရှိ လူသားကတော့ ဘာမှဖြစ်ဟန်မတူ။

ထိုအချိန်တွင် တောင်ခွဲဓားသည် အနီရောင်နှလုံးသားထံသို့ ကျရောက်လာတော့၏။

သာမာန်အချိန်ဆိုလျင် ဤတိုက်ခိုက်မှုမျိုးကို အနီရောင်နှလုံးသား ဂရုစိုက်စရာမလို။ သို့သော် လက်ရှိတွင်တော့ သူ့အနေနှင့် ဤဓားချက်ကို မခုခံနိုင်။ မတားဆီးနိုင်။ သူလုပ်နိုင်သည်မှာ ရှောင်တိမ်းရန်သာ။

တကိုယ်လုံး အပြာရောင်အလင်းများ တောက်ပလာပြီး အနီရောင်နှလုံးသား နောက်သို့ ဝုန်းခနဲ ဆုတ်ခွာသွား၏။ သို့သော် မူလစွမ်းအင်ကို သုံးလိုက်တိုင်း ပြင်းပြသောနာကျင်မှုက ကိုယ်တွင်းအစိတ်အပိုင်းတိုင်းသို့ ပျံနှံ့သွားသကဲ့သို့ သူ ခံစားနေရလေသည်။ ရန်သူ၏ စွမ်းအားသည် သူ့ကလပ်စည်းတိုင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ့အား အင်အားမဲ့သွားအောင် ပြုလုပ်နေ၏။

စုချန်း၏ တိုက်ခိုက်မှုအား ခုခံရန် ကြိုးစားလိုက်တိုင်း နာကျင်မှုသည် သူ့တကိုယ်လုံးအား ဆုတ်ဖြဲနေသကဲ့သို့ ရှိလေသည်။

၎င်းကို စုချန်းကလည်း ကောင်းစွာ သဘောပေါက်လေသည်။ သူက တဟဲဟဲ ရယ်မောရင်း ပြောလိုက်၏။

"အဲဒါ သိပ်နာတယ်မလား မင်း ဘာလို့ မသေပစ်သေးတာဲ အဲဒါဆို ပိုပြီးလွယ်သွားမယ်မလား"

စုချန်း၏ စကားလုံးများသည် အနီရောင်နှလုံးသား၏ နှလုံးသားအတွင်းသို စူးနစ်စွာ ထိုးဖောက်ဝင်ရောက်သွား၏။

ငါ ဘာလို့ ဒီနာကျင်မှုကို အံကြိတ်တောင့်ခံနေရမှာလဲ...ဒီမှာ လဲသေလိုက်ရင် အဆုံးသတ်လိုက်ရင် အကုန်ပြီးသွားမှာပဲ မဟုတ်လား...

အနီရောင်နှလုံးသား ချက်ချင်းပင် သူ့ဦးခေါင်းအား လက်ဝါးနှင့် ပြန်ရိုက်ချရန် ဟန်ပြင်လ်ုက်သည်။

"ဟုတ်တယ်..အဲဒီအတိုင်းပဲ...ရိုက်ချလိုက်...အားလုံးကို အဆုံးသတ်လိုက်တော့"

စုချန်း၏ စကားလုံးများက အနီရောင်နှလုံးသား၏ အာရုံတွင် ပဲ့တင်ထပ်နေ၏။ ထိုအချိန်မှာပင် သူ့စိတ်အာရုံတခုလုံး ရုတ်ချည်းကြည်လင်သွားတော့သည်။

အနီရောင်နှလုံးသား သူ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။

"ပုံရိပ်ယောင်နည်းစနစ် ဒီလိုနည်းစနစ်မျိုးကို ငါ့အပေါ် မင်းက လာသုံးရဲတယ် ဟုတ်လား"

စုချန်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူက စက္ကူဖြူအရုပ်အား အမိန့်ပေးလိုက်ပြန်၏။

"မင်း တလှည့်သွားချစမ်း"

"ဟင် ဒီတခါလဲ ကျုပ်ပဲလား"

စက္ကူဖြူအရုပ် ဒေါသထွက်လာ၏။ သို့သော် သူသည် စုချန်း၏ ကျေးကျွန် ဖြစ်သည်။ စုချန်း ခိုင်းသမျှ သူ လုပ်ရမည်သာ။

ထို့နောက် သူသည် အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အနီရောင်နှလုံးသားဆီသို့ တိုးဝင်သွား၏။

"ငါ့ရှေ့ကဖယ်စမ်း"

အော်သံနှင့်အတူ အားလှိုင်းတခု စက္ကူဖြူအရုပ်အား ထိမှန်သွားသည်။ သူ နာကျင်စွာ အော်ဟစ်ရင်း စုချန်းအား တောင်းပန်လိုက်သည်။

"သခင် ကျုပ် သူ့ကို မထိန်းနိုင်ဘူးနော်"

"အဲဒါဆိုရင်လဲ နောက်ပြန်ဆုတ်ခဲ့လေကွာ"

စက္ကူဖြူအရုပ် နောက်ပြန်ဆုတ်လာ၏။ ထိုအခါ စုချန်းက အနီရောင်နှလုံးသားအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်း ကျုပ်အစေခံကို နှစ်ကြိမ်လုံး သေအောင်မသတ်နိုင်ဘူး မင်း သိပ်အားနည်းနေပြီ မင်းအတွက် ဘာအခွင့်အရေးမှ မရှိတော့ဘူး"

ထို့နောက် ဓားရောင်တချက် ဝင်းလက်သွား၏။ စုချန်း၏ဓားချက်တွင် ထူးခြားဆန်းကြယ်သောအရှိန်အဝါ၊ အကန့်အသတ်မရှိသော စွမ်းအားများ ပါဝင်နေလေသည်။

ဓားကွက်ကိုကြည့်ရင်း အနီရောင်နှလုံးသား ချီးကျူးလိုက်၏။

"သိပ်ကောင်းတဲ့ဓားချက်ပဲ"

ထို့နောက် သူ အော်ဟစ်ရယ်မောရင်း အောက်ပါအတိုင်း ပြောလိုက်တော့သည်။

"ဒါပေမဲ့ ငါ့ကို ဒီလောက်လွယ်လွယ်နဲ့ သတ်လို့ရမယ်လို့ မင်း ထင်နေတာပေါ့ တော်တော်သနားစရာကောင်းတဲ့ကောင်ပဲ ငါက နတ်ဆိုးဧကရာဇ်ကွ နဂါးတကောင်ကို ထောင်ချောက်ထဲ ဖမ်းထားနိုင်ရုံနဲ့ သူ့ကို အလွယ်တကူ သတ်လို့ရပြီလို့ မင်း ထင်နေသလား ခွေးမသား သေပေတော့"

ထို့နောက် အနီရောင်နှလုံးသား၏ ပတ်ပတ်လည်တွင် မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်များ တောက်ပလာ၏။ တဆက်တည်းမှာပင် အားကောင်းလှသော အရှိန်အဝါတခု ကောင်းကင်ပေါ်မှ ထိုးကျလာလေသည်။ အနီရောင်နှလုံးသား၏ ကိုယ်ခန္ဓာသည် ထိုစွမ်းအားများအား ကြောက်စရာအမြန်နှုန်းဖြင့် စုပ်ယူနေ၏။

"သေစမ်း"

အခြေအနေမဟန်မှန်း စုချန်း သဘောပေါက်လိုက်သည်။ အနီရောင်နှလုံးသားကား မည်သည့်သက်စောင့်အားမှ မချန်ပဲ အားကုန်တိုက်စစ်ဖွင့်လေပြီ။

စုချန်း ချက်ချင်းပင် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံးပြီး လစ်ပြေးရန် ဟန်ပြင်လိုက်သည်။

"မင်းဟာက သုံးစားမရတော့ဘူးကွ"

အနီရောင်နှလုံးသား၏ အသံနက်ကြီး ထွက်ပေါ်လာသည်။

စုချန်း ထိတ်လန့်သွား၏။ သူ့နည်းစနစ်က အမှန်တကယ်ပင် သုံးမရတော့။

လေဟာနယ်ပိတ်ဆို့ခြင်းပဲ...

အနီရောင်နှလုံးသားသည် ရှိသမျှအားအင်များကို ပတ်ဝန်းကျင်တခုလုံးအား လေဟာနယ်အဖြစ် ပြောင်းလဲရန်ထုတ်သုံးလိုက်လေပြီ။

ထိုအချိန်တွင် ၎င်း၏ ကိုယ်တွင်းမှ စွမ်းအင်များ စိမ့်ထွက်လာ၏။ ၎င်း၏ ကိုယ်ခန္ဓာသည်လည်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲပြီး မြေကြီးပေါ်သို့ တဖွဲဖွဲ ပြုတ်ကျနေတော့သည်။

မရေမတွက်နိုင်သည့် အရောင်စုံအသွေးစုံ အလင်းတန်းများ တခုနှင့်တခု ရောထွေးယှက်လိန်နေကြောင်း စုချန်း တွေ့မြင်နေရ၏။ နောက်ဆုံးတွင် အဆိုပါအလင်းတန်းများသည် အဖြူရောင်အလင်းတန်းကြီးတခုအဖြစ် ပေါင်းစပ်သွားတော့သည်။

"သေပေတော့"

ထို့နောက် စွမ်းအင်ပင်လယ်ပြင်ကြီးသည် ကြောက်မက်ဖွယ်အဟုန်ဖြင့် စုချန်းဆီသို့ တိုးဝင်လာတော့သည်။

စုချန်းတွင် ရွေးချယ်စရာမရှိတော့။ ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိတော့သည်။ ထိုအခါ သူက အံကိုတင်းတင်းကြိတ်ပြီး ရှိသမျှအင်အားကို စုစည်းလိုက်၏။

အသံတချက်ထွက်ပေါ်လာပြီး စုချန်း၏ ခေါင်းပေါ်တွင် ကြာပန်းအုတ်မြစ် ထွက်ပေါ်လာ၏။ ထို့နောက် ရွှေရောင်အလင်းတန်းတခု ရှေ့သို့တိုးထွက်သွားလေသည်။

အဆိုပါ အလင်းတန်းသည် အနီရောင်နှလုံးသား၏ စွမ်းအင်ပင်လယ်ပြင်နှင့် နှိုင်းယှဥ်ပါက အားပျော့သယောင် ရှိသည်။ သို့သော် ၎င်းသည် မုန်တိုင်းကြားမှ မီးအိမ်ကဲ့သို့ ရှင်သန်ရန် ရုန်းကန်လျက်ရှိ၏။

ကြာပန်းအုတ်မြစ် ပျက်စီးသွားပါက ရွှေရောင်အလင်းပျက်ပြယ်သွားပေလိမ့်မည်။ စုချန်းလည်း သေရပေလိမ့်မည်။ ထိုစဥ် အနီရောင်နှလုံးသား၏ ကိုယ်ခန္ဓာသည်လည်း မြန်မြန်ဆန်ဆန်ပင် ပျက်စီးနေ၏။

တကယ့်အဆုံးသတ်တိုက်ပွဲပင်။ ကြာကြာတောင့်ခံနိုင်သူ အောင်ပွဲဆင်နိုင်ပေလ်ိမ့်မည်တည်း။

"ဟား ဟား ဟား ဘာပဲဖြစ်ဖြစ် ငါဟာ အနှိုင်းမဲ့ဧကရာဇ်ပဲကွ နောက်ဆုံးတော့ မင်း ငါ့ထက် အရင်သေရလိမ့်မယ်"

အနီရောင်နှလုံးသား အရူးတယောက်ပမာ အော်ဟစ်လိုက်သည်။ ၎င်း၏ စွမ်းအင်ပင်လယ်ပြင်သည်လည်း ပိုမိုအားကောင်းလာပြီး ကြာပန်းအုတ်မြစ်၏ အလင်းရောင်ပင် မှိန်သွား၏။

ထိုအချိန်မှာပင် လေထဲတွင် အလင်းတန်းတခု ထွက်ပေါ်လာပြီး အနီရောင်နှလုံးသား၏ စွမ်းအင်အား ပိတ်ဆို့ကာ စုချန်းအား ကာကွယ်ပေးလိုက်တော့သည်။

***

All Chapters