အိမ်မွေးတိရိစ္ဆာန်
Vol. 73 Ch. 713
အနီရောင်နှလုံးသား အဆိုပါအလင်းတန်းကိုကြည့်ပြီး မျက်လုံးပြူးသွား၏။
"ဘာလဲဟ"
အဆိုပါ အလင်းတန်းအောက်ဝယ် စုချန်း၏ သွယ်လျပိန်းပါးသော ကိုယ်ခန္ဓာသည် ရုတ်ချည်းပင် ဖောင်းကားလာ၏။ သူ၏ ကြွက်သားများသည်လည်း ထွားကျိုင်းသန်မာလာတော့သည်။
စုချန်း ခေါင်းမော့ပြီး သားရဲဘုရင်ပမာ အော်ဟစ်လိုက်၏။ အော်သံကြောင့် အနီရောင်နှလုံးသားပင် တုန်လှုပ်သွားလေသည်။
"ဒါ ဆေးမင်အလင်းရောင်ပါလား"
အနီရောင်နှလုံးသား အထိတ်တ်တလန့်နှင့် ရေရွတ်လိုက်၏။
အဆိုပါမြင်ကွင်းကို သူ ကောင်းကောင်းရင်းနှီးနေသည် မဟုတ်ပါလား။
ထိုအချိန်တွင် စုချန်း၏ ကိုယ်ခန္ဓာသည် ဆေးမင်အလင်းရောင်များဖြင့် တောက်ပလာ၏။ အဆိုပါအလင်းရောင်သည် သိပ်သည်းသည်ထက် ပို၍ သိပ်သည်းလာ၏။ ထိုအလင်းရောင်သည် အနီရောင်နှလုံးသား မြင်ဖူးသမျှ အလင်းရောင်များထက်ပင် သာလွန်နေ၏။ အနီရောင်နှလုံးသား မှတ်မိသလောက် အနည်းငယ်သော သတ်ဖြတ်သူများထံတွင်သာ အဆိုပါ အလင်းရောင်မျိုး တွေ့ရတတ်ပေသည်။
ဒါ..မဟာစက်ဝိုင်းနယ်ပယ်ပဲ..
သတ်ဖြတ်သူများ၏ မဟာစက်ဝိုင်းဆေးမင်။
သူ ဘာကိုမြင်တွေ့နေရမှန်း အနီရောင်နှလုံးသား ချက်ချင်းပင် မှတ်မိလာတော့သည်။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...လူသားတယောက်က်က သတ်ဖြတ်သူတွေရဲ့ မဟာစက်ဝိုင်းဆေးမင်ကို ပိုင်ဆိုင်ထားတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...
ထိုအခိုက်အတန့်တွင် စုချန်းသည် ပီဘိ သတ်ဖြတ်သူတဦးအဖြစ် ပြောင်းလဲသွားဟန် ပေါ်နေ၏။ သူ့ကြွက်သားများသည် ဖုထစ်ဖောင်းကြွလာပြီး အရပ်အမောင်းမှာလည်း မြင့်မားလာလေသည်။
စုချန်း ကြာပန်းအုတ်မြစ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ အနီရောင်နှလုံးသား၏ တိုက်ခိုက်မှုကို ကာယစွမ်းအင်သက်သက်ဖြင့် သူ ခုခံနိုင်ခဲ့ပြီ မဟုတ်ပါလား။
သူသည် လေဒဏ်မိုးဒဏ် မည်မျှပင် ရိုက်ခတ်စေကာမူ ကြံ့ကြံ့ခံနေသော ပင်လယ်ပြင်အတွင်းမှာ ကျောက်သားကျောက်ဆောင်နှင့်ပင် တူနေ၏။
"နောက်ဆုံးတော့ အသက်ဓာတ်ဆေးမင် ပေါ်ထွက်လာပြီပဲ"
စုချန်း ကိုယ့်ကိုယ်ကို ငုံ့ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် နှစ်သိမ့်ကျေနပ်သောအပြုံးတရပ် ပေါ်ပေါက်နေလေသည်။
အသက်ဓာတ်ဆေးမင်အား စုပ်ယူထားသော်လည်း ၎င်းကို စမ်းသပ်ရန် စုချန်း အချိန်အတော်ကြာ စောင့်လိုက်ရ၏။ ပြီးခဲ့သောရက်ပိုင်းတွင် ၎င်း ထွက်ပေါ်လာရန် နည်းမျိုးစုံဖြင့် စမ်းသပ်ခဲ့သော်လည်း ဘာအကျိုးမှမရှိခဲ့။
နောက်ဆုံးတော့ အသက်ဓာတ်ဆေးမင်သည် သေရေးရှင်ရေးကျမှ ပေါ်ထွက်လာတတ်သည့့်အမျိုးမှန်း စုချန်း သိရှိသွားလေပြီ။ မည်သို့ဆိုစေ အသက်ဓာတ်ဆေးမင်ကြောင့် ယခင်ထက် ပိုမိုစွန့်စားရန် စုချန်းတွင် အခွင့်အရေးရှိသွားပြီ ဖြစ်သည်။
ဘဝဟူသည် စွန့်စားရစမြဲပင်။ ထိုသို့စွန့်စားရန် အကြောင်းပြချက်နှင့်အဓိပ္ပာယ်ရှိလျင်ပင် လုံလောက်ပေပြီ။
နောက်ဆုံးတွင် အသက်ဓာတ်ဆေးမင်သည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ နောက်ဆက်တွဲရလဒ်မှာကား မယုံကြည်နိုင်စရာ ကောင်းလှ၏။
အကြောင်းမှာ စုချန်း၏ ကိုယ်ခန္ဓာသည် ပြီးပြည့်စုံသောအဆင့်သို့ တက်လှမ်းသွားပြီး သံမဏ်ိိကိုယ်ခန္ဓာ၊ အနှိုင်းမဲ့တိုက်ခိုက်ရေးလက်နက်တခုအဖြစ် ပြောင်းလဲသွားသောကြောင့်ပင်။
အနီရောင်နှလုံးသားပင် စုချန်းကို ထိခိုက်အောင် လုပ်နိုင်စွမ်းမရှိတော့။
သို့သော် ဆေးမင်၏ စွမ်းအားသည် အနှိုင်းမဲ့အနေအထားမျိုးတော့ ဟုတ်ပုံမရ။ အကြောင်းမှာ သူ့ကိုယ်တွင်းရှိ စွမ်းအားများ ကုန်ခန်းပြီး အားနည်းလာသကဲ့သို့ စုချန်း ခံစားလိုက်ရသောကြောင့်ပင်။ သို့သော် ထိုအတွက် စုချန်း ရရှိသောအချိန်သည် လုံလောက်သည်ထက်ပင် ပိုနေသေး၏။
"မဟုတ်ဘူး"
အခြေအနေကို မြင်သည်နှင့် အနီရောင်နှလုံးသား ဆောက်တည်ရာမရ အော်ဟစ်လိုက်သည်။ သူ့တကိုယ်လုံးမှာလည်း မြန်မြန်ဆန်ဆန်ပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲနေ၏။
သူ့အင်အားသည် စုချန်း၏ သံမဏိကိုယ်ခန္ဓာကို မည်သို့မှ ထိုးဖောက်နိုင်စွမ်းမရှိတော့။ သူကံကြမ္မာမှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေခဲ့လေပြီ။
စွမ်းအင်မုန်တိုင်းသည် ဟာရီကိန်းအဆင့်မှ လေပြင်း၊ ထိုမှတဆင့် လေပြေလေညှင်းလောက်သာ ကျန်တော့၏။ ထို့နောက် အနီရောင်နှလုံးသား၏ တကိုယ်လုံးသည်လည်း ဖုန်မှုန့်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားတော့သည်။
အသက်ဓာတ်ဆေးမင်သည် ပြန်လည်ပျောက်ကွယ်သွား၏။ စုချန်းလည်း ပြင်းပြင်းထန်ထန် ဆာလောင်မွတ်သိပ်လာတော့သည်။
သို့သော် အဆိုပါ ဆာလောင်မှုမှာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။
"အရသာရှိလိုက်လေ"
စုချန်း နှစ်ထောင်းအားရဟန်ဖြင့် ရေရွတ်လိုက်သည်။ အလွန်တန်ဖိုးကြီးမားသော အစားအသောက်ကို သူ စားလိုက်ရသည် မဟုတ်ပါလား။
"လက်စသတ်တော့ ဒီလိုကိုး"
အဖြစ်မှန်ကို စုချန်း ချက်ချင်းပင် သဘောပေါက်သွား၏။
"ရန်သူတယောက်ကို သတ်လိုက်တဲ့အခါသူ့စွမ်းအားကို ငါ စုပ်ယူပြီး အသက်ဓာတ်ဆေးမင်ထဲမှာ သိုလှောင်ထားနိုင်တယ် သေရေးရှင်ရေးအခြေအနေမှာ ဒီစွမ်းအားကို ငါ ငါ့အသက်ဓာတ်စွမ်းအင်ဆီမှာ ပေါင်းထည့်နိုင်တယ်"
စုချန်း ကိုယ့်ကိုယ်ကို အာရုံခံရင်း အောက်ပါအတိုင်း ရေရွတ်လိုက်ပြန်သည်။
"ဒါတင်မကသေးဘူး အသက်ဓာတ်ဆေးမင် နိုးထလာတာနဲ့ ဒီထဲက စွမ်းအားတချို့ဟာ ငါ့ကိုယ်ခန္ဓာကို ပြောင်းလဲပေးနိုင်သေးတာပဲ"
နောက်ဆုံးတော့ အသက်ဓာတ်ဆေးမင်၏ အသုံးဝင်ပုံနှင့် ထူးခြားချက်များအား စုချန်း နားလည်သွားလေပြီ ။
ဤအတိုင်းဆိုလျင် အနာဂတ်တွင် စုချန်း၏ ရုပ်ပိုင်းဆိုင်ရာသည် ယခုထက်မက တိုးတက်လာနိုင်သေးချေ ရှိနေပေသေးသည်။
၎င်းကို ယခုအချိန်တွင် စုချန်း အတိအကျတော့ မပြောနိုင်သေး။ အရေးလည်းမကြီးသေး။ ယခုအရေးကြီးသည်မှာ အနီရောင်နှလုံးသားကို အနိုင်ရလိုက်ခြင်းသာ ဖြစ်သည်။
ဤတိုက်ပွဲတွင် အနီရောင်နှလုံးသားသည် ရှိသမျှအင်အားကို အိတ်သွန်ဖာမှောက် အသုံးပြုခဲ့ရ၍ သူ့အလောင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ရ၏။ ထို့ကြောင့် မည်သည့်ရတနာမှပင် ချန်မထားခဲ့။ ယုတ်စွအဆုံး နတ်ဆိုးဧကရာဇ်မူလသလင်းပင် မကျန်။
အနီရောင်နှလုံးသား ကျန်ခဲ့သည့် တခုတည်းသောအရာဟူ၍ မူလလက်စွပ်တကွင်းသာ ရှိလေသည်။
စုချန်း အဆိုပါလက်စွပ်အား ကောက်ယူလိုက်၏။ လက်စွပ်မှာအတော်ပင်ကြီးမားပြီး ပစ္စည်းအတော်များများ ဝင်ဆန့်မည်မှာ သေချာနေ၏။
စုချန်း လက်စွပ်အား ဖွင့်ကြည့်လိုက်သည်။ အထဲတွင် တွေ့မြင်လိုက်ရသောအရာများကြောင့် စုချန်း ကိုယ့်မျက်လုံးကိုယ်ပင် မယုံကြည်နိုင်ပဲ ဖြစ်သွား၏။
"ဟာ မင်းဟာက တကယ်ကြီးလား အရိပ်ခုနှစ်မျိုးမြက်ပင်နဲ့ နှစ်တရာမီးတောက်ပုစဥ်းရင်ကွဲလိုဟာတွေကိုတောင် စုဆောင်းထားတယ်ပေါ့ မင်း တကယ်ကြီး ဆင်းရဲနေတာလားဟ"
အနီရောင်နှလုံးသား၏ လောဘကြီးပုံမှာကား သြချလောက်စရာပင်။
စုချန်း၏ အမြင်တွင်တော့ မူလလက်စွပ်အတွင်းရှိ ပစ္စည်းအတော်များများမှာ တန်ဖိုးမရှိ။ အကြောင်းမှာ ထိုပစ္စည်းအတော်များများ သူ့လက်ထဲတွင် ရှိပြီးဖြစ်နေသောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ လက်စွပ်ထဲတွင် နတ်ဆိုးဘုရင်မူလသလင်းနှင့် ရှားပါးပစ္စည်းတချို့ပါနေသေး၍ တော်သေးသည်ဟု ဆိုရပေတော့မည်။
ထိုအထဲတွင် တန်ဖိုးအကြီးဆုံးပစ္စည်းမှာ သစ်သားသေတ္တာလေးပင်။ သေတ္တာကို ထိမိသည်နှင့် အတွင်းမှ အားကောင်းသောအရှိန်အဝါတခု တိုးထွက်လာသကဲ့သို့ စုချန်း ခံစားလိုက်ရသည်ည်။
သေတ္တာထဲတွင် ဘယ်အရာရှိနေမှန်း စုချန်း ချက်ချင်းပင် သဘောပေါက်လိုက်၏။
"စစ်နတ်ဘုရားရဲ့ဝိညာဥ်အဆီအနှစ်...လက်စသတ်တော့ ဒါ ဆာချာရဲ့ဝိညာဥ်အဆီအနှစ်ပဲကိုး"
သားရဲများ၏ မူလသလင်းသည် ညဏ်ရည်မြင့်မျိုးစိတ်များအတွက် အလွန်အသုံးဝင်သလို ညဏ်ရည်မြင့်မျိုးစိတ်များ၏ ဝိညာဥ်အဆီအနှစ်သည်လည်း သားရဲများအတွက် အလွန်အသုံးဝင်၏။ ကြည့်ရသည်မှာ ၎င်းသည် သားရဲများ၏ ညဏ်ရည်၊ အတွေ့အကြုံနှင့် တိုက်ပွဲဝင်စွမ်းအားတို့ကို တိုးပွားလာစေပုံရသည်။ သို့သော် အနီရောင်နှလုံးသားသည် နတ်ဆိုးဧကရာဇ်သားရဲဖြစ်၍ ဆာချာ၏ ဝိညာဥ်အဆီအနှစ်မှာ သူ့အတွက် အသုံးမဝင်။
မည်သို့ဆိုစေ ဆာချာ၏ ဝိညာဥ်အဆီအနှစ်သည် လူသားတယောက်က်ဖြစ်သည့် စုချန်းအတွက်လည်း ဘာမှအသုံးမဝင်။
စုချန်း သက်ပြင်းချလိုက်သည်။
"ငါ့မှာ အိမ်မွေးတိရစ္ဆာန်တကောင်မှ မရှိတော့လဲ ခက်တာပဲ"
"သခင် သခင်"
ထိုစဥ် စက္ကူဖြူအရုပ်က ရုတ်တရက် ဝင်ပြောလိုက်၏။
"ဟင် ဘာလဲကွ"
စုချန်း လှည့်ကြည့်လိုက်သည်။
"ကျုပ်က သခင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်ပဲလေ"
စုချန်း ဘာပြောရမှန်းပင် မသ်ိဖြစ်သွား၏။
သို့သော် စက္ကူဖြူအရုပ် ဆာချာ၏ ဝိညာဥ်အဆီအနှစ်ကို လိုချင်နေသည်မှာ ဆန်းတော့မဆန်း။ ၎င်းသည် စက္ကူဖြူအရုပ်၏ အင်အားကို များစွာ တိုးပွားလာစေနိုင်သည် မဟုတ်ပါလား။
ထိုအခါ စုချန်းက ပြန်ပြောလိုက်၏။
"လူနဲ့တူတဲ့ အိမ်မွေးတိရိစ္ဆာန်များ ကျုပ် တခါမှ မတွေ့ဖူးပါဘူးကွာ"
စက္ကူဖြူအရုပ်က ကမန်းကတန်း ပြောလိုက်ပြန်သည်။
"ဒါက သခင်ကိုတွေ့လို့ ကျုပ် ပုံစံပြောင်းထားတာပါ တကယ်တော့ စက္ကူမျှင်တွေဟာ ကျုပ်ရဲ့အကာအရံသက်သက်ပဲ ကျုပ်သာလိုချင်ရင် ကြိုက်တဲ့ပုံစံ ပြောင်းလိုက်လို့ရတယ်"
စကားဆုံးသည်နှင့် စက္ကူဖြူအရုပ်သည် သားရဲပုံစံမျိုးစုံ ပြောင်းလဲပြပြီး စုချန်း သဘောကျရန် ကြိုးစားနေလေသည်။
၎င်းကိုကြည့်ရင်း စုချန်း ရယ်မောလိုက်၏။
"ဒီတော့ မင်းကိုဆက်ပြီးအသုံးချမယ်ဆိုရင်တောင် မင်း စိတ်မဆိုးဘူးပေါ့ ဟုတ်လား"
"ကျုပ်ဟာ သခင့်ရဲ့ကျေးကျွန်ပါ သခင်ဆန္ဒရှိသလောက် ကျုပ် အမှုတော်ထမ်းပါ့မယ်"
"အိုး မင်း ဒါကို အတော်လိုချင်နေပုံပဲကွ"
"လိုချင်တာပေါ့သခင် ဒါ စစ်နတ်ဘုရားရဲ့ဝိညာဥ်အဆီအနှစ်လေဗျာ ဒါက ကျုပ်ကို အင်အားတွေအများကြီး တိုးပွားလာစေလိမ့်မယ်"
စုချန်း ပြုံးလိုက်၏။
"ဒါဆိုလဲ ယူလိုက်ကွာ"
ပြောပြောဆိုဆို သူက ဝိညာဥ်အဆီအနှစ်အား စက္ကူဖြူအရုပ်ထံသို့ ပစ်ပေးလိုက်လေသည်။
စက္ကူအဖြူအရုပ် သေတ္တာအား ဖမ်းထားလိုက်၏။ ထို့နောက် သူသည် ဆာချာ၏ ဝိညာဥ်အဆီအနှစ်အတွင်းမှ စွမ်းအင်များကို အားရပါးရ စုပ်ယူလိုက်တော့သည်။ စွမ်းအင်များ ဝင်ရောက်လာသည်နှင့်အမျှ စက္ကူဖြူအရုပ်၏ အင်အားမှာ သိသိသာသာပင် တိုးပွားလာတော့၏။ ၎င်း၏ ပုံစံမှာလည်း စက္ကူကြိုးကြာတကောင်အဖြစ် ပြောင်းလဲသွားတော့၏။
"အောင်ပြီကွ အောင်ပြီ"
လေပေါ်တွင် အတော်တဖြတ်ဖြတ်ခတ်ကာ ပျံသန်းနေသော စက္ကူကြိုးကြာ၏ အရှိန်အဝါကို စုချန်း ချက်ချင်းပင် ခံစားမိလိုက်၏။
"အင်း မင်း နတ်ဆိုးအရှင်သခင်သားရဲအဆင့်ကိုတောင် ရောက်သွားပြီပဲ"
စက္ကူကြိုးကြာ အားရပါးရ ရယ်မောလိုက်၏။
"ဟားဟားဟား အသုံးမကျတဲ့လူသား မင်း ကျုပ်ကို ဘာလုပ်နိုင်သေးလဲ လုပ်လေကွာ"
"ဒီတော့ မင်းက အဆင့်တက်အောင်လို့ ကျုပ်ကို လှည့်စားခဲ့တာပေါ့လေ"
စုချန်း အထက်ပါအတိုင်း ပြန်ပြောလိုက်၏။ သူ့ပုံစံမှာကား စက္ကူကြိုးကြာ၏ လုပ်ရပ်ကို အနည်းငယ်မှ အံ့သြဟန်မရှိ။
တဆက်တည်းမှာပင် စက္ကူဖြူအရုပ်၏ ဝိညာဥ်အား ယခင်ကဲ့သို့ပင် ထိန်းချုပ်ရန် စုချန်း ကြိုးစားလိုက်သည်။
"ဟား ဟား အဲဒါ အသုံးမဝင်တော့ဘူးကွ ကျုပ်ကို သာမာန်မူလမျိုးစိတ်များ ထင်နေသလား အဆင့်တခါတက်တိုင်း ကျုပ်ရဲ့အသက်စွမ်းအင်က အများကြီး ပြောင်းလဲသွားတယ် မင်း ကျုပ်ကို ထိန်းချုပ်လို့ မရတော့ဘူး"
"အိုး အဲဒီလိုလား မဆိုးဘူး မဆိုးဘူး ထူးထူးဆန်းဆန်းကောင်တွေမှာလဲ ကိုယ်ပိုင်လှည့်ကွက်လေးတွေ အရှိသားပဲ"
စုချန်းက သဘောကျဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ရင်း ရေရွတ်လိုက်၏။
"မင်း မကြောက်ဘူးလား"
စက္ကူကြိုးကြာ အံ့သြသွားဟန်တူသည်။
"ကြောက်ရမယ် ဟုတ်လား ဘာကို ကြောက်ရမှာလဲ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ကိုရောက်ဖို့ ဘယ်လောက်လိုသေးလို့ ကျုပ်ကိုယ်ကျုပ် စမ်းသပ်ချင်နေတာ ကြာပြီ ခုတော့ အသစ်စက်စက် နတ်ဆိုးအရှင်သခင်သားရဲနဲ့ စမ်းသပ်ခွင့်ရပြီ ကောင်းလိုက်တာ"
ထို့နောက် စုချန်းက တောင်ခွဲဓားကို ဆွဲထုတ်ရင်း အောက်ပါအတိုင်း ကြုံးဝါးလိုက်၏။
"ပြီးတော့ မင်း ကျုပ်ကို လိမ်တယ် ဒါကြောင့် မင်းကို မှတ်လောက်သားလောက်အောင် ဆုံးမပြီး မင်းအသက်စွမ်းအားကို နောက်တခါ ဆွဲထုတ်ပစ်ဖို့ ကျုပ် ဆုံးဖြတ်လိုက်ပြီ"
***