အိမ်အပြန်
Vol. 73 Ch. 724
သိပ်မကြာမီ စက္ကူကြိုးကြာ၏ အော်ဟစ်ငိုကြွေးသံ ထွက်ပေါ်လာလေသည်။
"ဘာကြောင့်လဲ ဘာကြောင့်လဲ ငါဟာ နတ်ဆိုးအရှင်သခင်သားရဲအဆင့်တောင်ရောက်နေပြီ ဒါတောင် သူ့ပြိုင်ဘက် မဟုတ်သေးဘူး ငါ ဒါကို ဘယ်လိုလက်ခံရမှာလဲ...အား"
နောက်ဆုံး အော်သံမှာ ၎င်း၏ အသက်စွမ်းအားအများအပြားကို စုချန်းက ဆွဲထုတ်လိုက်ခြင်းကြောင့် ထွက်ပေါ်လာသော အော်သံဖြစ်လေသည်။
"မင်း ဝမ်းသာသင့်တယ် ဘာကြောင့်လဲဆိုတော့ သစ္စာဖောက်တိုင်း ဒုတိယအခွင့်အရေး မရတတ်ကြလို့ပဲ"
စုချန်းက ခံစားချက်မရှိသော လေသံနှင့် ပြောလိုက်၏။
"နောက်တခါသစ္စာဖောက်ရင်တော့ မင်း တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရပြီလို့သာ မှတ်ပေတော့"
"ကျုပ် မှားသွားပါတယ်သခင် ခွင့်လွှတ်ပေးပါ"
စက္ကူကြိုးကြာက စုချန်းရှေ့တွင် ဝပ်တွားရင်း တောင်းပန်လိုက်၏။
"ကိုယ့်အမှားကိုယ် သိပြီးဆိုရင် ရပြီ ကျုပ်တို့ ဒီက သွားကြမယ်"
စကားဆုံးသည်နှင့် စုချန်းက စက္ကူကြိုးကြာ၏ ကျောပေါ်သို့ လှမ်းတက်လိုက်သည်။
စုချန်းသည် မည်သို့ပျံသန်းရမည်မှန်း ကောင်းကောင်းသိ၏။ သို့သော် သူက စက္ကူကြိုးကြာကို စီးနင်းရန်သာ ရွေးချယ်လိုက်လေသည်။
ခုနှစ်ရက်ခန့်အကြာတွင်တော့ သူတို့သည် ဟာဗေးလွင်ပြင်ရှိ ကျောက်တုန်းပုတ်သင်အသိုက်၏ အခြေချစခန်းသို့ ရောက်ရှိလာကြ၏။ ထိုအချိန်တွင် ကျောက်တုန်းပုတ်သင်အသိုက်သည် သတ်ဖြတ်သူနယ်မြေတောင်ဘက်ခြမ်းတွင် အင်အားအကြီးဆုံး အသိုက်တခု ဖြစ်နေခဲ့လေပြီ။ ဒန်ဘာသည် အသိုက်ငယ်အတော်များများကို သူ့လက်အောက်သို့ အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့ပြီဖြစ်သည်။
စုချန်းအား ဒန်ဘာ ရင်းရင်းနှီးနှီး ကြိုဆိုမည်မှာ သံသယဖြစ်နေစရာပင် မလို။
သုံးရက်အကြာတွင်တော့ စက္ကူဖြူအရုပ်သည် တောင်ဘက်ဆီသို့ ဦးတည်ပျံသန်းပြန်၏။
ဤတကြိမ်တွင်တော့ စုချန်း အမှန်တကယ် ပြည်တော်ပြန်လေပြီတည်း။
____________×××______________×××______________
ရွှေရေခံတပ်တွင် ဖြစ်သည်။
တံတိုင်းထိပ်ရှိ အစောင့်စစ်သည်များသည် ပျင်းရိငြီးငွေ့စွာနှင့် ကင်းစောင့်နေကြလေသည်။
စက္ကူကြိုးကြာသည် လေထုကို ထိုးဖောက်ပျံသန်းနေ၏။ အဝေးဆီမှ ရွှေရေခံတပ်၏ နံရံကြီးများကို စုချန်း တွေ့မြင်နေရပြီ ဖြစ်သည်။ ဘာကြောင့်မှန်းမသ်ိ စုချန်း စိတ်လှုပ်ရှားလာ၏။
နောက်ဆုံးတော့ သူ တကယ် ပြန်ရောက်လာခဲ့လေပြီ။
စုချန်းသည် ခံတပ်တံတိုင်းပေါ်သို့ ချက်ချင်းဆင်းသက်ခြင်းမပြု။ သူသည် သတ်ဖြတ်သူနယ်မြေမှ ပြန်လာသည်ဖြစ်၍ အစောင့်များအနေနှင့် အထင်လွဲသွားနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် အစောင့်များအား အချက်ပြနိုင်ရန် စက္ကူကြိုးကြာအား အရှိန်ချော့ပျံသန်းရန်သာ စုချန်း အမိန့်ပေးလိုက်၏။
တံတိုင်းထိပ်တွင် ချက်ချင်းဆိုသလို အလင်းတန်းတခု ပေါ်ပေါက်လာ၏။ အဆိုပါ အလင်းတန်းမှာ စုချန်း ဆင်းသက်ရမည့် နေရာအား ညွှန်ပြသည့့် အလင်းတန်းပင်။
စုချန်းလည်း စက္ကူကြိုးကြာအား အလင်းတန်းဆီသို့ ဦးတည်မောင်းနှင်စေလိုက်သည်။
တံတိုင်းထိပ်သို့ရောက်သည်နှင့် စစ်သည်တဦးက စုချန်းအား ဒူးထောက်နှုတ်ဆက်လိုက်လေသည်။
"ကောင်းပို မင်းသားလေးစုကို နှုတ်ခွမ်းဆက်သပပါတယ်ခင်ဗျာ"
"ကောင်းပို ဟုတ်လား မင်းဟာ ကောင်းကင်ဘုံလက်သီးတပ်ရင်းရဲ့ပင်လယ်တောင်တပ်ခွဲကမလား"
"ဒီတော့ မင်းသားလေးစု ကျုပ်က်ို ခုထိ မှတ်မိနေသေးတယ်ပေါ့လေ"
စုချန်း ပြုံးလိုက်သည်။
"ချာဂဲရဲတိုက်တိုက်ပွဲတုန်းက မင်းဟာ ကျုပ်ရဲ့ ဘယ်တောင်ပံကနေပြီးတော့ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့တယ် ပြီးတော့ မင်းဟာ ကျုပ်ရဲ့ ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်ကို အရင်င်ဆုံး အောင်မြင်သူတွေထဲမှာ ပါတယ် ဒါနဲ့ မင်း ဘယ်လိုလုပ်ပြီး ဒီက်ို...."
ကောင်းပိုဘေးနားမှ ကျန်စစ်သည်များအား သူ မသ်ိကြောင်း စုချန်း ချက်ချင်းပင် သတိထားမိလိုက်၏။
တကယ်တော့ လူတိုင်းကို စုချန်း မှတ်မိရန်မှာ မဖြစ်နိုင်။ သို့သော် ကောင်းပိုတယောက်သာ ဒူးထောက်နေပြီး ကျန်စစ်သည်များမှာ စုချန်းအား စူးစမ်းသောအကြည့်ဖြင့် ဝိုင်းဝန်းကြည့်ရှုနေကြသဖြင့် ၎င်းတို့သည် ကောင်းကင်ဘုံလက်သီးတပ်ရင်းက မဟုတ်မှန်း သေချာနေ၏။
မနှစ်မြို့ဖွယ်ခံစားချက်တရပ် စုချန်း၏ရင်ထဲတွင် ချက်ချင်းပင် ပေါ်ပေါက်လာတော့၏။
ကောင်းပို သက်ပြင်းချရင်း အောက်ပါအတိုင်း ပြန်ပြောလိုက်လေသည်။
"ဒီကိုပြန်ရောက်တာနဲ့ တပ်ရင်းတရင်းလုံး ပြန့်ကျဲကုန်တယ် မင်းသားလေးစု ဒါကြောင့် ခုဆိုရင် ကောင်းကင်ဘုံလက်သီးတပ်ရင်းဆိုတာ မရှိတော့ဘူးခင်ဗျ"
"ဘာ ကောင်းကင်ဘုံလက်သီးတပ်ရင်း ပြိုကွဲသွားပြီ ဟုတ်လား"
ကောင်းပိုက သူအား မည်မျှပင် မင်းသားလေးစုဟု ခေါ်နေစေကာမူ စုချန်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ ဒုတပ်ရင်းမှုး/ဒုခေါင်းဆောင် ဖြစ်သည်။ ယုတ္တိဗေဒအရ ပြောရလျင် ကောင်းပိုသည် စုချန်းအား ဒုခေါင်းဆောင်စုဟုသာ ခေါ်ရန်ရှိ၏။ သို့သော် ကောင်းကင်ဘုံလက်သီးတပ်ရင်း ပြိုကွဲသွားပြီဖြစ်၍ စုချန်း၏ ရာထူးမှာလည်း မရှိတော့။ ထို့ကြောင့် ကောင်းပိုက စုချန်းအား ဒုခေါင်းဆောင်ဟူသော အသုံးအနှုံးအစား မင်းသားလေးဟု ပြောင်းလဲသုံးနှုံးနေခြင်းပင်။
"မှန်ပါတယ်ခင်ဗျာ"
ကောင်းပို ခေါင်းငုံ့သွား၏။
"ဒီပြန်ရောက်လို့မှ မကြာသေးဘူး အထက်က အမိန့်ရောက်လာပါတယ် ကျုပ်တို့ကောင်းကင်ဘုံလက်သီးတပ်ရင်းဟာ အမိန့်မနာခံပဲ ရန်သူ့နယ်မြေထဲ ထိုးဖောက်ဝင်ရောက်သွားလို့ ပြစ်မှုကျူးလွန်ရာရောက်ပါသတဲ့ ဒါကြောင့် ကျုပ်တို့အားလုံး ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပါတယ် မင်းသားလေးစု"
"လက်စသတ်တော့ အဲဒီလိုကိုး"
စုချန်း၏ လေသံတွင်အနည်းငယ်မျှ အံ့သြသင့်ဟန်မပါ။
ဤရလဒ်မျိုးကို ယခင်ကတည်းက လူတိုင်း မျှော်လင့်ထားပြီးသားပင် မဟုတ်ပါလား။
သို့စေကာမူ ကြိုတင်ခန့့်မှန်းချက်ဟူသည် ကြိုတင်ခန့်မှန်းချက်သာ ဖြစ်သည်။ ဖြစ်နိုင်ချေဟူသည် ဖြစ်နိုင်ချေသာ ဖြစ်သည်။ မိမိ ကြိုတင်ခန့်မှန်းထားသည့့်အတိုင်း တကယ်ဖြစ်လာသောအခါ စုချန်း စိတ်ထွက်လာတော့၏။
"ဒီတော့ သူတို့ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ဖျက်သိမ်းလိုက်တယ်ပေါ့ ဟုတ်လား"
ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် အတော်လေး အစွမ်းကြီးမားသော တပ်ရင်း ဖြစ်သည်။ သတ်ဖြတ်သူနယ်မြေအတွင်းမှ အသက်ရှင်လျင် ပြန်ထွက်လာနိုင်သည်ကိုကြည့်လျင် ၎င်းကို မြင်သာ၏။
ဤသို့သော် တပ်ဖွဲ့မျိုးက အဘယ်ကြောင့် ဤပြသနာမျိုးနှင့် ရင်ဆိုင်ရလေသနည်း။
"ဒီတော့ သတ်ဖြတ်သူနယ်မြေအတွင်းမှာ လပေါင်းများစွာ ရှင်သန်နိုင်ခဲ့တဲ့ ကောင်းကင်ဘုံလက်သီးတပ်ရင်းဟာ ကိုယ့်လူတွေဆီ ပြန်ရောက်ခါမှ ခနလေးနဲ့ ဖျက်ဆီးခံလိုက်ရတာပေါ့လေ"
စုချန်း မနေနိုင်တော့ပဲ အထက်ပါအတိုင်း ရေရွတ်လိုက်မိလေသည်။
စုချန်း၏ အမူအရာကိုကြည့်ရင်း ကောင်းပို စိတ်လှုပ်ရှားလာ၏။
"တပ်ရင်းအဖျက်ခံလိုက်ရပေမဲ့လို့ ကောင်းကင်ဘုံလက်သီးတပ်ရင်းရဲ့ သံမဏိစိတ်ဓာတ်ကတော့ ရှင်သန်နေဆဲပါပဲ မင်းသားလေးစု ကျုပ်တို့အားလုံး မင်းသားလေးစု ပြန်အလာကို စောင့်နေကြတာပါ ဒီမတရားမှုကို မင်းသားလေစု ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ကျုပ်တို့ ယုံကြည်ထားကြတယ်"
"ကျုပ်ကို စောင့်နေတာ ဟုတ်လား ဗိုလ်ချုပ်လီ ဘယ်ရောက်သွားသလဲ ပြီးတော့ ကျုပ် ဆရာကော"
"ဗိုလ်ချုပ်လီကို အရည်အချင်းမရှိဘူးဆိုတဲ့ စွတ်စွဲချက်နဲ့ သူတို့ ရာထူးချလိုက်ကြတယ် ဒုဗိုလ်ချုပ်ရှီကတော့ အကျယ်ချုပ်ကျနေပါတယ် မင်းသားလေးစု"
"ဘာကွ အကျယ်ချုပ် ဟုတ်လား ဒီကောင်တွေ လုပ်ရဲသလား"
စုချန်း၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွား၏။
ထိုအခိုက်မှာပင် အဝေးဆီမှ စူးရှသော အသံတသံံ ထွက်ပေါ်လာ၏။
"ရွှေရေခံတပ်မှာ အော်ကြီးဟစ်ကျယ်နဲ့ ဘယ်ကောင်လဲကွ အဲဒီကောင်ကို ပါးစပ်ပိတ်ခိုင်းထားစမ်း"
ထိုအသံထွက်ပေါ်လာသည်နှင့် စစ်သားအများအပြားသည် တံတိုင်းပေါ်သို့ ပြေးတက်လာပြီး စုချန်းအား ဒူးလေးများဖြင့် ချိန်ရွယ်ထားကြလေသည်။
တချိန်တည်းမှာပင် စာပေသမားနှင့်တူသူတဦး စုချန်းဆီသို့ လျှောက်လာ၏။
ကောင်းပိုက မြန်မြန်ဆန်ဆန်ပင် ဝင်ရောက်ဖြန်ဖြေလိုက်သည်။
"ဒါ မင်းသားလေးစုပါ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်ခဲ့တာ သူပါပဲ"
"မင်းသားလေးစု ဟုတ်လား"
စာပေသမားနှင့်တူသူ မျက်ခုံးပင့်လိုက်၏။
"ဒီတော့ မင်းက စုချန်းပေါ့"
"မှန်တယ်"
စုချန်း ပြန်ဖြေလိုက်သည်။
"မင်းသားလေးစု ဆိုရင်တောင် ရွှေရေခံတပ်ကို ညဖက် ဖြတ်သန်းခွင့်မရှိဘူးကွ မင်း ဘာကြောင့်ဖြတ်လာတာလဲ"
စာပေသမားနှင့်တူသူက မေးခွန်းထုတ်လိုက်၏။
စုချန်း ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သည်။
"ကျုပ် သတ်ဖြတ်သူနယ်မြေက ပြန်လာတာလေ ရွှေရေခံတပ်က မဖြတ်ရင် ဘယ်ကဖြတ်ရမှာတုန်း"
"ဒါဆိုရင် ပိုပြီးတောင် မေးခွန်းထုတ်စရာ ဖြစ်နေသေးတယ် မင်းသားလေးစုဟာ အရပ်သားပဲ သတ်ဖြတ်သူနယ်မြေထဲက အန္တရာယ်ကင်းကင်းနဲ့ သူ ဘယ်လိုလုပ်ပြီး ပြန်လာနိုင်တာလဲ သူ လူသားတွေရဲ့ လျှို့ဝှက်ချက်တွေကို ခိုးထုတ်ပြီး ရန်သူတွေနဲ့ အပေးးအယူလုပ်နေတာကော မဖြစ်နိုင်ဘူးလား...ဟေ့ကောင်တွေ သူ့ကို ဖမ်းထားလိုက်ကြစမ်း..သူ့ကို စစ်ဆေးမှရမယ်"
***