← Chapters

လူအများရှေ့တွင်ကြားနာခြင်း ၂

Vol. 73 Ch. 726

လူအများရှေ့တွင်ကြားနာခြင်း ၂

Vol. 73 Ch. 726

"ဟား ဟား ဟား"

တော်ဝင်မင်းသား အားရပါးရ ရယ်မောလိုက်သည်။ သူသည် စုချန်းအား ဂုဏ်သိက္ခာကျစေရန် အတတ်နိုင်ဆုံး ကြိုးစားနေခြင်းပင်။ သို့သော် သူ့လုပ်ရပ်မှာ လူအများ၏ စုချန်းအပေါ်လေးစားမှုကို စိုးစဥ်းမျှပင် ထိခိုက်အောင် လုပ်နိုင်စွမ်းမရှိပဲ ဖြစ်နေလေသည်။

"အဲဒီလိုလား"

လင်ဝမ်ကျွန်းက အေးစက်သောလေသံနှင့် ပြောလိုက်သည်။ စုချန်း ထိုသို့ပြောမည်မှန်း သူ သိထားပြီးသားပင်။

"ဒါပေမဲ့ ရှင်သန်ခြင်းကျောင်းတော်က လူတွေကတော့ အဲဒီလို မပြောပါလားကွ"

"အိုး သူတို့က ဘယ်လိုများ ပြောပါလိမ့်"

စုချန်းက ပြန်လည်မေးခွန်းထုတ်လိုက်၏။

"မင်း သိချင်တယ်ပေါ့လေ"

ပြောပြောဆိုဆို လင်ဝမ်ကျွန်းက လက်ခုပ်တီးအချက်ပြလိုက်သည်။

"သူ့ကို ခေါ်လာခဲ့စမ်းဟေ့"

အမိန့်သံထွက်ပေါ်လာသည်နှင့် လူတယောက် ဟောခန်းကို ဖြတ်လျှောက်လာ၏။ စုချန်းဘေးမှအဖြတ်ဝယ် သူ စုချန်းကို လှမ်းကြည့်သွားလေသည်။

၎င်းကို စုချန်း ရင်းရင်းနှီးနှီး မြင်ဖူးနေသည်။ သို့သော် ၎င်းသည် ချီမင်းဖန်၏ လက်အောက်ငယ်သား မဟုတ်သည်ကတော့ သေချာပေသည်။ ရှင်သန်ခြင်းကျောင်းတော်နှင့်စုချန်းအကြား ပို၍နီးစပ်လာသည်နှင့် စုချန်းမှာလည်း ပို၍အရေးပါလာ၏။ ထို့ကြောင့် စုချန်းနှင့် တိုက်ရိုက်ဆက်ဆံနေသူများမှအပ ကျန်လူများမှာ အဆိုပါလျှို့ဝှက်ချက်ကို မသ်ိကြချေ။

သို့သော် ရင်းနှီးနေသော ခံစားချက်က ထိုလူနှင့် စုချန်း ယခင်က ဆုံတွေ့ဖူးကြောင်း ညွှန်ပြနေ၏။

ထိုလူက ဟောခန်းရှေ့သို့လျှောက်သွားရင်း ပြောလိုက်၏။

"စန်းမို တော်ဝင်မင်းသားနဲ့အကြီးအကဲကို နှုတ်ခွမ်းဆက်သပါတယ်ခင်ဗျာ"

လင်ဝမ်ကျွန်းက အတည်ပေါက်ကြီးနှင့် ဟန်ဆောင်လိုက်သည်။

"ဒီနေရာမှာ တော်ဝင်မင်းသားဆိုတာ မရှိဘူး ဒုတိယအကြီးအကဲပဲ ရှိတယ်"

"ဟုတ်ကဲ့ပါခင်ဗျာ"

"ကဲ ပြောစမ်း စုချန်းနဲ့မင်း အရင်င်တုန်းက ဆုံဖူးလား"

"ကျုပ် မြောက်ပိုင်းမြို့တော်မှာ ရှိစဥ်တုန်းကပေါ့..."

ဟုအစချီလိုက်သော စန်းမို၏ စကားကိုကြားတော့မှ အတိတ်ကာလကို စုချန်း ပြန်လည်သတိရလာတော့သည်။

လက်စသတ်တော့ စန်းမိုသည် စန်းကျန်း၏ ငယ်သားပေတကား။

စန်းကျန်းနှင့် စုချန်း ဆုံတွေ့မိစဥ်က ထိုနေရာတွင် လူများစွာရှိနေ၏။ စန်းမိုကား ထိုလူများထဲမှ တဦးပင်။

စန်းမိုသည် သိသာထင်ရှားသူ မဟုတ်။ ထို့ပြင် အချိန်ကာလမှာ နှစ်နှစ်ဆယ်မျှကြာသွားပြီဖြစ်၍ စုချန်းက ၎င်းအား မမှတ်မိသည်မှာ သိပ်တော့မဆန်း။ သို့သော် စန်းမိုကတော့ စုချန်းအား ကောင်းကောင်းမှတ်မိနေချေသည်တကား။

တကယ်တော့ ရှင်သန်ခြင်းကျောင်းတော် လောင်စန်းနိုင်ငံအတွင်း ထိုးဖောက်ဝင်ရောက်လာကတည်းက ဤနိုင်ငံမှလူများသည် ၎င်းတို့အား ရှင်းပစ်ရန်မကြိုးစား။ ထိုအစား ၎င်းတို့က ရှင်သန်ခြင်းကျောင်းတော်မှလူများအား ငွေညှစ်ရန်၊လာဘ်ပေးလာဘ်ယူလုပ်ရန်သာ ကြိုးပမ်းနေခဲ့ကြလေသည်။

စန်းမွန်သည် ရှင်သန်ခြင်းကျောင်းတော်နှင့်စုချန်းအကြား အလုပ်ကိစ္စကို ဂဃနဏ မသိ။ သို့သော် ထိုသို့ မသိရုံနှင့် ၎င်းတို့၏ ပတ်သက်မှုကို ဖုံးအုပ်ထားနိင်သည်တော့ မဟုတ်။ ထိုသို့ မသိရုံနှင့် ဝိညာဥ်မြှုပ်နှံခြင်းတံခါးပေါက်နှင့် ပတ်သက်သောကိစ္စများကို ဖုံးကွယ်ထားနိုင်သည်မဟုတ်။

ဂရုတစိုက်နှင့် စောင့်ကြည့်နေခဲ့လျင် ကိစ္စတခု၏ နောက်ဆက်တွဲရလဒ်များကို အလွယ်တကူပင် ခွဲခြမ်းစိတ်ဖြာနိုင်သည် မဟုတ်ပါလား။

စန်းမို၏ ရှင်းလင်းမှုသည် ဟောခန်းအတွင်းရှိ ဗိုလ်ချုပ်များအား စုချန်း၏ အခြားတဖက်ကို နားလည်းသွားစေ၏။ ထိုအခိုက်အတန့်တွင် စုချန်းသည် အားနည်းနေပုံရ၏။ အကူအညီ ကင်းမဲ့နေပုံရ၏။ သို့သော် စုချန်းသည် အဆိုပါအားနည်းမှုကို အင်အားတရပ်အဖြစ် ပြောင်းလဲပစ်လိုက်န်ိုင်ပုံရသည်။ သူ့ပုံစံမှာ တည်ငြိမ်လှပေရာ လူတိုင်း မလေးစားပဲ မနေနိင်လောက်သည် အထိပင်။

စုချန်းသည် တကယ်ပင် တည်ငြိမ်လှ၏။

သူသည် စန်းမို၏ ပုံပြင်က်ို တိတ်တိတ်ဆိတ်ဆိတ်ပင် နားထောင်နေလေသည်။ ထိုသို့နားထောင်ရင်းနှင့်ပင် သူသည် ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးနေ၏။ သူ့ဦးနှောက်၏ ကြောက်မက်ဖွယ်ရာ တွက်ချက်နှုန်းကြောင့် စုချန်းသည် စန်းမို၏ စကားလုံးတိုင်းမှ ဂယ်ပေါက်များကို တွေ့မြင်နေရလေသည်။

ဂယ်ပေါက်များ။ မှန်ပေသည်။

အတိတ်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့ပေလျက်ကယ်နှင့် အဘယ်ကြောင့် ဂယ်ပေါက်များ တွေ့နေရသနည်း။ ၎င်းမှာ မထူးဆန်းတုံလော။

နောက်ဆုံးတွင် စန်းမို၏ စကားမှာ အဆုံးသတ်သွားတော့၏။

"အဖြစ်အပျက်ကတော့ အဲဒီအတိုင်းပါပဲ ကျုပ်ပြောသမျှ အမှန်တွေပဲလို့ ကျုပ် အာမခံပါတယ်"

"မင်း သူပြောတာ အကုန်ကြားတယ်နော် စုချန်း"

လင်ဝမ်ကျွန်းက ပြောလိုက်၏။

"အကုန်လုံး ကျုပ် ကြားပါတယ်"

"ဒါဆို မင်း ဘာပြောအုံးမလဲ"

လင်ဝမ်ကျွန်းက မေးခွန်းထုတ်လိုက်သည်။

"အဓိပ္ပါယ်မရှိတဲ့ စွတ်စွဲမှုတွေပဲ"

စုချန်းက ခပ်တည်တည်နှင့် ပြန်ဖြေလိုက်၏။

"အိုး ဒီတော့ မင်း ဝန်မခံဘူးပေါ့"

စုချန်းက လင်ဝမ်ကျွန်းကို ဂရုမစိုက်ပဲ စန်းမိုအား စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

"စန်းမို ရှင်သန်ခြင်းကျောင်းတော်မှာ မင်းရဲ့ရာထူးက ဘာလဲ"

"လုပ်ကြံသတ်ဖြတ်ရေးသမား"

လုပ်ကြံသတ်ဖြတ်ရေးသမားများသည် ရှင်သန်ခြင်းကျောင်းတော်၏ အဆင့်နိမ့်ဆုံး အဖွဲ့ဝင်များ ဖြစ်သည်။ ၎င်းတို့အား သာမာန်အဖွဲ့ဝင်များဟုသာ သတ်မှတ်ထားကြ၏။ ညတစ္ဆေ စုချန်းအား လုပ်ကြံရန် ရောက်လာခဲ့စဥ်ကလည်း သူမသည် သာမန်လုပ်ကြံသတ်ဖြတ်ရေးသမားတဦးသာပင်။

စုချန်းက ထပ်မံမေးခွန်းထုတ်လိုက်ပြန်၏။

"ကျုပ်ကြားဖူးသလောက် ရှင်သန်ခြင်းကျောင်းတော်မှာ လုပ်ကြံသတ်ဖြတ်ရေးသမားတွေဟာ ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်ရုံသက်သက်ပဲ စီမံကိန်းတွေမှာ ပါဝင်ခွင့်မရှိဘူး ဟုတ်သလား ဒါဆိုရင် ဝိညာဥ်မြှုပ်နှံခြင်းတံခါးပေါက်လို ကြီးမားတဲ့ စီမံကိန်းမှာ မင်း ဘယ်လိုလုပ် ပါဝင်လာသလဲ"

စန်းမို၏ ပထမဆုံး အားနည်းချက်ကို စုချန်း တိုက်ရိုက်မေးခွန်းထုတ်လိုက်ခြင်းပင်။

ရှင်သန်ခြင်းကျောင်းတော်ကဲ့သို့ အဖွဲ့အစည်းမျိုးတွင် စည်းမျဥ်းစည်းကမ်းမှာ တင်းကြပ်လှ၏။ လုပ်ကြံသတ်ဖြတ်ရေးသမားများသည် စီမံကိန်းများတွင် ပါဝင်ခွင့်မရှိသလို အကြီးအကဲများ၏ ရည်မှန်းချက်၊ မျှော်လင့်ချက်များကို သိရှိခွင့်မရှိ။ တနည်းအားဖြင့် ၎င်းတို့သည် ပွန်းကလေးများသာတည်း။

သို့သော် တခါတရံတွင် အဖြစ်မှန်သည် အစီအစဥ်မှ လမ်းချော်သွားတတ်၏။

လူတချို့သည် စည်းမျဥ်းစည်းကမ်းများကို တိတိကျကျ လိုက်နာတတ်သော်လည်း အများစုကတော့ လုပ်ချင်ရာကို စွတ်ရွတ်လုပ်တတ်ကြလေသည်။

အတိတ်ကိုပြန်ကြည့်လျင် စုချန်းနှင့် ရှင်သန်ခြင်းကျောင်းတော်အကြား ဆက်ဆံရေးသည် တဖြည်းဖြည်း နီးကပ်လာခဲ့ခြင်းကြောင့် စန်းကျန်းအနေနှင့် စုချန်းနှင့်သူ့အကြား ဆက်ဆံရေးကို လက်အောက်ငယ်သားများ မသိအောင် ထိမ်းသိမ်းထားနိုင်ခြင်း မရှိတော့။

မည်သို့ဆိုစေ စုချန်း၏ ထောက်ကွက်ကြောင့် စန်းမို၏ အားနည်းချက်မှာ လယ်ပြင်တွင် ဆင်သွားသည့့်နှယ် ဘွားဘွားကြီး ပေါ်လွင်သွားတော့သည်။

စန်းမို ကြောင်အန်းအန်းဖြစ်သွားပြီး ဘာပြောရမှန်းပင် မသိတော့။

အတန်ကြာမှ သူက ပြန်ပြောလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက သူတို့ မင်းကို သိပ်ပြီး အလေးမထားသေးလို့ပေါ့ကွာ"

"အဲဒီတုန်းက သူတို့ ကျုပ်ကို အလေးမထားဘူးလို့ မင်း ပြောတယ်ပေါ့ ဟုတ်လား"

စုချန်း အေးစက်သောလေသံဖြင့် ရယ်မောလိုက်၏။

"ဒါဆိုလဲ ကျုပ် မေးပါရစေအုံး မင်းပဲပြောတယ်မလား ကျုပ် ဆရာဖန်းကို သတ်ပြီး ကျုပ်အစီအစဥ်ကို စန်းကျန်း လက်ခံလာအောင် အကြပ်ကိုင်ခဲ့တယ်လို့.. ဘာလဲ မင်း ဟာသလုပ်နေတာလား ဆရာဖန်းဟာ ဘယ်လိုလူမျိုးလဲ ကျုပ်လ်ိုကောင်က သူ့ကိုသတ်ပြီး ဘာအကျိူးဆက်မှ မရှိပဲ ဒီအတိုင်းနေနိုင်မှာတဲ့လား ရှင်သန်ခြင်းကျောင်းတော်ကကော ဘယ်လိုအဖွဲ့အစည်းမျိုး ဖြစ်သွားမလဲ ပြီးတော့ သူတို့ ကျုပ် ခြိမ်းခြောက်မှုကို တကယ်ကြီး လက်ခံတာပေါ့ ဟုတ်လား ပြီးတော့ ဘာတဲ့ သူတို့က ကျုပ်ကို အဂ္ဂိရတ်ပညာရှင်ဖြစ်လာအောင်ပါ လေ့ကျင့်ပေးလိုက်သေးသတဲ့ ရယ်စရာကောင်းလိုက်လေကွာ ဘယ်သူကများ ဒီလောက်တုံးအမှာတဲ့လဲ မင်းပဲ စဥ်းစားကြည့်လေ ကိုယ့်ရဲ့ ထိပ်တန်းအဂ္ဂိရပ်ပညာရှင်ကို သတ်ပစ်တဲ့ကောင်ကို အဂ္ဂိရပ်ပညာရှင်ဖြစ်အောင် လေ့ကျင့်ပေးတယ်ဆိုတာ သူက ကိုယ့်ကို ဓားပြတိုက်သွားတာနဲ့ အတူတူပဲမလား"

နောက်ဆုံးစကားသည် လူတိုင်း၏ နှလုံးသားကို တိုက်ရိုက်ပင် ထိမှန်သွား၏။ ဗိုလ်ချုပ်တိုင်း ဦးခေါင်းကို အသီးသီး ခါယမ်းလိုက်ကြသည်။

လောကကြီးတွင် လက်တွေ့မဆန်သော၊ ဖြစ်နိုင်ဖွယ်ရာမရှိသော ကိစ္စများ တခါတရံတွင် ဖြစ်ပေါ်တတ်၏။ ၎င်းကို လူသားများက ဆန်းကြယ်သည်ဟု နာမည်တပ်လေ့ရှိကြသည်။

အဆိုပါ ဆန်းကြယ်မှုများသည် လူသားများ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို စိန်ခေါ်ရန် တည်ရှိနေခြင်းပင်။ သို့သော် အခြေအနေအများစုတွင်တော့ ၎င်းဆန်းကြယ်မှုများသည် လူသားများ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းအောက်တွင် ကျရှုံးသွားလေ့ရှိလေသည်။

စုချန်းအနေနှင့် စန်းကျန်းအား ထိုသို့ရင်ဆိုင်ခဲ့ရခြင်းအတွက် အကြောင်းပြချက်များစွာ ရှိနေ၏။ သူသည်လုပ်စရာရှိသည်ကို လုပ်ခဲ့ခြင်းပင်။ အကြောင်းမှာ ထိုအခိုက်အတန့်ဝယ် သူ့တွင် တခြားရွေးချယ်စရာမရှိ။

သို့သော် သာမာန်အခြေအနေတွင်တော့ စန်းမို ပြောကြားခဲ့သောဇာတ်လမ်းမှာ မည်သို့မှ လက်ခံနိုင်ဖွယ်ရာမရှိပဲ ဖြစ်နေ၏။

၎င်းမှာ စန်းမို၏ ဒုတိယအားနည်းချက်ပေတည်း။

စန်းမို ဒုတိယအကြိမ် ပါးစပ်ပိတ်သွားပြန်သည်။ သူ ဘာပြောရမှန်း မသ်ိတော့။ တကယ်တော့ စန်းမိုမဆိုထားနှင့် စန်းကျန်းပင် ထိုအချိန်က သူအဘယ်ကြောင့် ထိုသို့ စဥ်းစားခဲ့မှန်း ရှင်းပြရန် အတော်ခက်ပေလိမ့်မည်။

ဤကမ္ဘာလောကကြီးဝယ် အရာရာတိုင်းအား ဂဃနဏ ရှင်းပြနေရန် မလိုပေ။ ဆရာဖန်းးအား စုချန်း သတ်ပစ်ခဲ့သည်ကပင် သူသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေ၍ပင်။

ကျူးရှန်းယောင် စုချန်းအား သတ်ပစ်လိုသည့်အကြောင်းပြချက်ကို ကြည့်ပါ။ ပျော်၍ သတ်သည်ဟု သူမ ဆိုလေသည် မဟုတ်ပါလား။

သို့သော် အခြေအတင်ဖြစ်လျင်တော့ စကားလုံးတိုင်းအတွက် ခိုင်မာသော အကြောင်းပြချက်များ လိုအပ်လာတော့၏။

တခနအတွင်းမှာပင် သူသည် စုချန်းအား အခြေအမြစ်မရှိပဲ စွတ်စွဲမိနေသူအဖြစ် ကျရောက်နေပြီဖြစ်ကြောင်း စန်းမို သတိထားမိလာ၏။ ထိုအခါ သူ ကြောက်ဒူးတုန်လာတော့သည်။

ထိုအခါ သူက ထအော်လိုက်၏။

"အဲတာ သူတို့ မင်းကို သိပ်အထင်ကြီးလို့ပေါ့ကွာ"

စုချန်းက ချက်ချင်းပင် ပြန်လည်မေးခွန်းထုတ်လိုက်သည်။

"ခုနက မင်းပြောတော့ သူတို့ ကျုပ်ကို အလေးမထားဘူးဆို ခုကျတော့ ကျုပ်ကို အထင်ကြီးခံရသူ ဖြစ်သွားပြန်ပြီပေါ့ ဟုတ်လား"

"ကျုပ်....."

စွန်းမို ဆွံ့အသွား၏။

ဟောခန်းမအတွင်းဝယ် တီးတိုးရယ်မောသံများ ထွက်ပေါ်လာလေသည်။

စန်းမို တုန်တုန်ယင်ယင်နှင့် အော်ဟစ်လိုက်၏။

"မင်းတို့ ဘာတွေဆွေးနွေးမှန်း ကျုပ် မသိဘူး ဒါပေမဲ့ ဖြစ်ခဲ့တာတော့ အဲဒီအတိုင်း အတိအကျပဲ"

စုချန်း ရယ်မောလိုက်လေသည်။

"ဒါဆိုလဲ ကျုပ် ထပ်မေးပါရစေအုံး မင်း ရှင်သန်ခြင်းကျောင်းတော်က ထွက်လာတာ ဘယ်လောက်ကြာသွားပြီလဲ"

"ဆယ်နှစ်"

"မင်း လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက ရှင်သန်ခြင်းကျောင်းတော်ကနေ ထွက်လာတယ် ပြောတယ် ဒါပေမဲ့ သူတို့ မင်းကို သတ်ဖို့လဲ မကြိုးစားသလို ကျုပ်ကို သတိလဲမပေးပါလားကွ"

၎င်းမှာ စန်းမို၏ တတိယအားနည်းချက်ပေတည်း။

လက်ရှိတွင် စုချန်းသည် ရှင်သန်ခြင်းကျောင်းတော်အတွက် အလွန်အရေးပါ၏။ စုချန်း၏ ဖြစ်တည်မှုအား ဖော်ထုတ်နိုင်မည့့်သူတဦး ထွက်ပြေးရန် ကြိုးစားခြင်းကို သူတို့အနေနှင့် လက်သင့်ခံလိမ့်မည်မဟုတ်။

စန်းမို မည်သည့်နည်းလမ်းနှင့် အသက်ဘေးမှလွတ်မြောက်နေမှန်း စုချန်းမသိ။ ထို့နောက် ၎င်းသည် အရေးလည်းမပါ။အရေးကြီးသည်မှာ စန်းမို၏ စကားများသည် ယုတ္တိရှိမနေခြင်းပင်။

လက်ရှိအနေအထားတွင် ယုတ္တိမရှိရုံနှင့် လုံလောက်နေခဲ့ပေပြီ။

စုချန်းနှင့် ရှင်သန်ခြင်းကျောင်းတော်၏ ဆက်ဆံရေးကိုယ်က ယုတ္တိယုတ္တာမရှိခြင်းဟူသော အုတ်မြစ်ပေါ်တွင် အခြေတည်ထားခြင်း ဖြစ်သည်။ ထိုအကြောင်းအရာများ လူရှေ့တွင် ဖွင့်ချခံရသည့်အခါ လူတိုင်းလိုလိုသည် စုချန်းတို့၏ ပတ်သက်မှုအား ယုံကြည်ရန် ခဲယဥ်းသွားတော့၏။

လောကကြီးပေါ်ရှိလူအများစုသည် သာမာန်အတွေးအခေါ်ပိုင်ရှင်များသာ ဖြစ်သည်။ ယုတ္တိမရှိသည့် အကြောင်းအရာများအား သူတို့ ယုံကြည်လေ့မရှိ။

နောက်ဆုံးတွင် လင်ဝမ်ကျွန်း၏နှုတ်ဖျားမှာပင် အောက်ပါစကား ထွက်လာတော့သည်။

"လက်စသတ်တော့ လူလိမ်တကောင်ကို ငါ လက်ခံထားမိတာပဲ"

ဒါသည်ပင် ယုတ္တိမတန်ခြင်း၏ အကျိုးဆက်ပေတည်း။

***

All Chapters