ဧည့်ခံပွဲ
Vol. 73 Ch. 728
စုံစမ်းစစ်ဆေးမှုပြီးဆုံးသွားပြီးနောက် ရှောက်ဖေးနန်တယောက် စုချန်းအား လာရောက်တွေ့ဆုံ၏။
"မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ"
စုချန်းပုခုံးအား ပုတ်ရင်း အထက်ပါအတိုင်း ပြောလာသည့် ရှောက်ဖေးနန်၏ မျက်နှာတွင် ချီးမွမ်းဟန်များ အတိုင်းသား ပေါ်လွင်နေလေသည်။ သို့သော် ဟောခန်းမအတွင်း စုချန်း ပြသခဲ့သည့် စကားပြောစွမ်းရည် သို့မဟုတ် သတ်ဖြတ်သူနယ်မြေတွင် ပြသခဲ့သည့် စုချန်း၏ လုပ်ရည်ကိုင်ရည် ဘယ်အရာကို သူ ချီးမွမ်းလိုမှန်းတော့ အတိအကျပြောရန် ခက်ခဲ၏။
စုချန်းက အေးဆေးသော အမူအရာနှင့် ပြန်မေးလိုက်သည်။
"ဆရာနဲ့ဗိုလ်ချုပ်တို့ အခြေအနေ ဘယ်လိုရှိသလဲ"
"သူတို့အတွက် စိတ်မပူပါနဲ့ အိမ်ရှေ့မင်းသားအနေနဲ့ သူတို့ကို နည်းနည်းပါးပါး အခက်တွေ့ရုံလောက်သာ လုပ်နိုင်တာပါ ဒီထက်ပိုပြီး ဒုက္ခပေးလို့်မရပါဘူး ခုဆို မင်းတောင် ဒီအခက်အခဲက လွတ်မြောက်လာပြီပဲ ဒါတင်မကသေးဘူး မင်းအနေနဲ့ ဆုလာဘ်တွေပါ ချီးမြင့်ခြင်းခံရအုံးမယ်"
"ဒါပေမဲ့ သူ ဘာလို့ဒီလိုလုပ်ရတာလဲ"
စုချန်းက မေးလိုက်ပြန်သည်။
ရှောက်ဖေးနန် သက်ပြင်းချလိုက်၏။
"အဖြေကို မင်း သိထားပြီးသားပဲ မဟုတ်ဘူးလား"
စုချန်း မျက်မှောင်ကုတ်လိုက်သည်။
ထင်တဲ့အတိုင်း ဒါ ဆရာနဲ့သက်ဆိုင်နေတာကိုး...
၎င်းမှာ အံ့သြစရာတော့မရှိ။ ဤအဖြစ်မျိုး တနေ့တွင် ဖြစ်လာမည်ဟု ရှီကိုင်းဟွမ် ကြိုတင်ခန့်မှန်းထားပြီးသားပင် မဟုတ်ပါလား။ သို့သော် အပြစ်ကင်းမဲ့သူ ထောင်နှင့်ချီပြီး ရောခံရလိမ့်မည်ဟုတော့ သူတို့ ထင်မထားခဲ့ချေ။
စုချန်း၏ အမူအရာကိုကြည့်ပြီး ရှောက်ဖေးနန် ရယ်မောလိုက်သည်။
"ထားလိုက်တော့ သိပ်အများကြီး တွေးမနေနဲ့ ခု မင်းပြန်ရောက်လာပြီဆိုတော့ ကျုပ်တို့ အောင်ပွဲခံကြတာပေါ့ ဒီည ကျုပ်ဆီကို လာခဲ့ မင်းကို လူတချို့နဲ့ ကျုပ် မိတ်ဆက်ပေးမယ် ကျန့်ချန်းနဲ့ကျန်လူတွေလဲ မင်းကို တွေ့ချင်နေကြလေရဲ့"
စုချန်းအတွက် ပြုလုပ်ပေးမည့် ရှောက်ဖေးနန်၏ ဂုဏ်ပြုပွဲကို စုချန်း လက်ခံလိုက်၏။
ဤကနေ့ညတွင် ရှောက်ဖေးနန်၏ အိမ်တော်၌ ရွှေရေခံတပ်မှ ဗိုလ်ချုပ်အများအပြား စုဝေးနေကြ၏။ ၎င်းတို့ကို ကြည့်ရသည်မှာည်မှာ ရှောက်ဖေးနန်၏ ပွဲကို လာတက်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် စုချန်းနှင့် ဆုံတွေ့လို၍ပင်။ လက်ရှိ စုချန်းသည် အတိတ်ကာလမှ သာမညောင်ညစုချန်း မဟုတ်တော့။
တနည်းအားဖြင့် ဤအချိန်လေးသည် ဘက်ရွေးရမည့်အချိန်ဟု ဆိုနိုင်သည်။ ဤနေ့ ဂုဏ်ပြုပွဲသို့ တက်ရောက်လာသူများမှာကား စုချန်းအား ထောက်ခံသူများပင်တည်း။
"လာဟေ့ စုချန်း ဒါမြေမီးလျံတပ်ရင်းရဲ့ခေါင်းဆောင် မီးတောက်နီပဲ"
ဝိုင်ခွက်ကြီးတခွက်ကို လက်တွင်ကိုင်ထားသော ရှောက်ဖေးနန်က လူထွားကြီးတဦးနှင့် စုချန်းအား မိတ်ဆက်ပေးလိုက်သည်။
ထိုလူမှာကား နာမည်နှင့်လိုက်အောင် မီးလုံးကြီးတလုံးနှင့် တူလှ၏။
ထိုအချိန်မှာပင် ချီလိုင်က လျှောက်လာပြီး အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။
"ထူးချွန်တဲ့လူငယ်လေး သိပ်တော်တယ် မင်းဟာ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို ကယ်တင်နိင်ရုံတင်မကဘူး ကောင်မလေးလင်ဝမ်ကျွန်းကိုပါ စိတ်အနှောင့်အယှက် ပေးနိုင်ခဲ့တယ် ကောင်းသဟေ့"
အဆိုပါ ဗိုလ်ချုပ်ကား လင်ဝမ်ကျွန်း၏ ဂုဏ်ပုဒ်ဖြစ်သည့် အိမ်ရှေ့မင်းသားလေးဟူသောဘွဲ့ကိုပင် ဂရုစိုက်ပုံမရ။ ထိုမျှသာမကသေး ၎င်းသည် အိမ်ရှေ့မင်းသားကို ကောင်မလေးဟုပင် သုံးနှုံးလိုက်သေး၏။
ရှောက်ဖေးနန် မျက်မှောင်ကုတ်သွားသည်။
"စကားကိုကြည့်ပြောစမ်း ဒီမှာ သူ့လူတွေ မရှိဘူးလို့ မပြောနိုင်ဘူး"
"ထွီ ဘာကိုဂရုစိုက်နေစရာလိုသလဲ အခြောက်လိုကောင်တွေ"
မီးတောက်နီက ဒေါကြီးမာန်ကြီးနှင့် ထအော်လိုက်၏။
"ဒီကောင်တွေ သတ္တိရှိရင် သတ်ဖြတ်သူတွေဆီသွားပြီး တိုက်ခိုက်လိုက်ပါလား ခုတော့ ဒီကောင်တွေ အိမ်ထဲမှာပုန်းပြီး အချင်းချင်းဓားနဲ့ထိုးဖို့ ကြံနေတယ် ထွီ"
"ပြောတာကောင်းတယ်ဟေ့"
တယောက်က ချီးကျူးလိုက်သည်။
၎င်းမှာ မြေကမ္ဘာလုံခြုံရေးတပ်ရင်း၏ ခေါင်းဆောင် ချန်ဇီစင်းပင် ဖြစ်သည်။ ၎င်းသည် စာပေသမားနှင့်တူပြီး အားနည်းဟန်ရှိ၏။ သို့သော် ဝိုင်ခွက်ကိုကိုင်ထားသည့် ၎င်း၏ လက်ချောင်းများမှာကား အလွန်ပင် တည်ငြိမ်လှသည်။
ချန်ဇီစင်းက စကားဆက်လိုက်ပြန်၏။
"စုချန်း ဘာမှစိတ်မပူနဲ့ ကျုပ်တို့ရှိနေသ၍ မင်းရဲ့စွမ်းဆောင်ရည်ကို ဘယ်သူမှ လစ်လျူရှုလို့မရဘူး ဘယ်သူမှ မင်းကို ဒုက္ခပေးလို့မရဘူး"
စုချန်း ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ချန်"
"မင်းရဲ့အရှိန်အဝါကို ထိန်းချုပ်ထားမှန်း ကျုပ် ခံစားနေရတယ်"
ချန်ဇီစင်းက ထပ်ပြောလိုက်ပြန်၏။
" မင်း အလင်းတုန်ခါခြင်းနယ်ပယ်ကိုတောင် ရောက်နေပြီ ဟုတ်သလား"
ထိုမေးခွန်းကို ကြားသည်နှင့် လူတိုင်း အံ့သြသင့့်ကုန်၏။
စုချန်းသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်ထား၏။ ထို့ပြင် သူ့စိတ်ဝိညာဥ်စွမ်းအားကလည်း သိမ်းငှက်မျက်လုံးနှင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များ၏ စူးစမ်းမှုကိုပင် ကျော်လွှားနိုင်သော အဆင့်အတန်းသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ သို့သော် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဟူသည် တခြားလူများနှင့် တူသည်မဟုတ်။ ထို့ပြင် ကိုယ့်ကိုယ်ကို တမင်တကာ ထိန်းချုပ်ထားခြင်းက တခြားလူများ၏စိတ်ဝင်စားမှုကို ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေလေသည်။
သို့သော် မည်သူမှ ၎င်းကို အတည်မပြုနိုင်။ သံသယဝင်ရုံမျှသာ တတ်နိုင်လေသည်။
ချန်ဇီစင်း၏ မေးခွန်းကို ကြားလိုက်ပြီးနောက် စုချန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ အိမ်ရှေ့မင်းသား၏ ဘက်တော်သားများ မပါဟု သေချာတော့မှ သူ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်ပဲဆိုပါတော့ဗျာ"
"မင်း ဘယ်လိုများ လုပ်လိုက်တာလဲ"
ရှောက်ဖေးနန်တယောက်က် စုချန်းလက်ကို အံ့သြတကြီး ဆုပ်ကိုင်ရင်း မေးလိုက်၏။
ဤမေးခွန်းသည် အလွန်ပင် အရေးကြီး၏။ အဖြေသည် လူသားအားလုံး၏ အနာဂတ်နှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။
စုချန်းက အမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။
"သွေးဗီဇမလိုတဲ့နည်းလမ်းနဲ့ပါပဲ ကံဆိုးတာက ဒီနည်းလမ်းကို လူတိုင်းအတွက် သုံးလို့မရနိုင်သေးဘူး"
ဒန်ဘာကြောင့် ဂွါလန်ရဲတိုက်တွင် ဖြစ်ပျက်ခဲ့သမျှကိုသော်လည်းကောင်း၊ မူလစွမ်းအင်ကျောင်းတော်အကြောင်းကိုသော်လည်းကောင်း စုချန်း ထုတ်မပြောနိုင်။ ထို့ကြောင့် လူတိုင်းအတွက် သုံး၍မရကြောင်း သူ အတိုချုပ်၍ ရှင်းပြလိုက်ခြင်းပင်။
ထိုစကားကြောင့် လူတိုင်း စိတ်ပျက်သွားသည်မှာ အမှန်ပင်။
"ဘာပဲဖြစ်ဖြစ် မင်း အောင်မြင်သွားပြီဆိုတော့ လူတိုင်းအတွက် အသုံးပြုလို့ရအောင် နည်းလမ်းရှာနိုင်မှာပဲလေ ဟုတ်တယ်မလား"
ထိုမေးခွန်းကို မေးလိုက်သူကတော့ ဟုန်ချန်းစုပင် ဖြစ်သည်။ ဟုန်ချန်းစုသည် လူအများကြားတွင် စကားပြောဆိုနေခြင်းမရှိ။ သို့သော် နားကတော့ အလွန်ပါးဟန်ရှိပေသည်။
ဟုန်ချန်းစု၏ မေးခွန်းကို စုချန်း တရိုတသေပင် ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်ကြီးခင်ဗျာ စုချန်း ဒီတာဝန်ကို ကျေပြွန်အောင် အတတ်နိုင်ဆုံး ထမ်းဆောင်မှာပါ"
ချီလိုင်ကတော့ စိတ်ပျက်သွားဟန် တူသည်။
"ဒီအကြောင်းကို ဟိုလူတွေသာသိသွားရင် မင်းကို သေချာပေါက် အနှောင့်အယှက်ပေးကြတော့မှာပဲ"
ရှောက်ဖေးနန် သက်ပြင်းချလိုက်သည်။
"ခက်တာက ဒီအကြောင်းကို ကျုပ်တို့ အကြာကြီး လျှို့ဝှက်ထားလို့ရမှာမဟုတ်ဘူး"
ထိုစကားမှာ အမှန်ပင်။ စုချန်း အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့်သတင်းကို ကြာရှည်လျှို့ဝှက်ထား၍ မရ။
စုချန်း ပြုံးလိုက်သည်။
"ပြသနာမရှိပါဘူးဗျာ အတိတ်တုန်းက သွေးဆူပွက်ခြင်းနယ်ပယ်ထဲ ဝင်ရောက်နိုင်မဲ့နည်းလမ်းကို ကျုပ် တီထွင်လိုက်တော့ လူတချို့က ဟန့်တားဖို့ ကြိုးစားခဲ့ကြတယ် ဒါကြောင့် ကျုပ်မှာ အတွေအကြုံ အတော်အသင့် ရှိနေခဲ့ပြီးပါပြီ"
"မင်း အရင်တုန်းက ရင်ဆိုင်ခဲ့တာ သာမာန်တော်ဝင်မျိုးနွယ်စုတွေလောက်ပါ ခုကတော့ မတူတော့ဘူး ခု မင်းရင်ဆိုင်ရမှာ မရေမတွက်နိုင်တဲ့ တော်ဝင်မျိုးနွယ်စုတွေတင်မကဘူး လက်ရှိ အိမ်ရှေ့စံပါ ပါနေတယ်ကွ"
ချန်ဇီစင်း၏ သတိပေးစကားပင် ဖြစ်သည်။
စုချန်း ပုခုံးတွန့်လိုက်၏။
"ကျုပ်လဲ အရင်ကနဲ့မှ မတူတော့တာပဲ"
ထိုစကားကို ကြားသည်နှင့် ဗိုလ်ချုပ်များ တယောက်မျက်နှာကို တယောက်ကြည့်ပြီး ဝါးလုံးကွဲ ရယ်မောလိုက်ကြလေသည်။
ထိုစကားမှာ အမှန်ပင်။ လက်ရှိ စုချန်းသည် အတိတ်ကာလမှ စုချန်း မဟုတ်တော့။ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ပညာရှင် လူငယ်လေးသည် အတိတ်ကာလတွင် နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင်တော်ဝင်မိသားစုကို တဦးတည်း ရင်ဆိုင်နိုင်ခဲ့သည်။ ယခုတွင် သူသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်နေခဲ့လေပြီ။ မည်သူ့ကို သူ ကြောက်နေရအုံးမည်နည်း။
"ကဲ ကဲ ဒီအကြောင်းက်ို ဒီမှာတင် တော်ကြတော့"
ချန်ဇီစင်းက ဟန့်လိုက်သည်။
ဤအကြောင်းအရာမှာ အလွန်ပင် ထ်ိလွယ်ရှလွယ်နိုင်၏။ များများပြောလေလေ ပေါက်ကြားနိုင်ချေ များလေလေသာ။
၎င်းကို လူတိုင်းသဘောပေါက်ပြီးသား ဖြစ်လေရာ ချက်ချင်းပင် လူစုခွဲလိုက်ကြ၏။
စုချန်း ခေတ္တတော့ တယောက်တည်း ဖြစ်သွားသေး၏။ ထိုအချိန်မှာပင် သူ့ဆီသို့ လျှောက်လာနေသော တွန့်ကျန့်ချန်းကို သူ မြင်တွေ့လိုက်ရသည်။
"ကျန့်ချန်း ဘယ်တုန်းကရောက်နေတာလဲ"
"မင်းနဲ့အတူတူပါပဲကွာ"
တွန့်ကျန့်ချန်းက ပြန်ဖြေလိုက်သည်။
"အောင်မြင်မှုကတော့ မင်းနဲ့မတူဘူးပေါ့ ဒီတနှစ်အတွင်းမှာ မင်းနာမည်ဟာ နယ်စပ်လိုင်းတလျှောက်မှာ မသိသူမရှိလောက်အောင် ကျော်ကြားနေခဲ့ပြီ"
"မင်းလဲ ဒါက်ိုလုပ်နိုင်ပါတယ်ကွာ"
စုချန်းက ဂရုမထားဟန်ဖြင့် ပြန်ပြောလိုက်၏။
သို့သော် စုချန်း၏ အမူအရာက တွန့်ကျန့်ချန်းအား နာလိုခံခက် ဖြစ်သွားစေဟန် ပေါ်သည်။
"ကျုပ်လဲ လုပ်နိင်တယ် ဟုတ်လား မဖြစ်နိုင်ပါဘူးကွာ စုချန်း ဒီနှစ်ပိုင်းတွေမှာ မင်းကို ကျုပ် ဘယ်လောက်တောင် မနာလိုဖြစ်နေသလဲ မင်း မသိဘူးနော်"
"ဟေ"
စုချန်း အံ့သြသွား၏။
တွန့်ကျန့်ချန်းက စကားဆက်လိုက်ပြန်သည်။
"မင်းကြည့်ကွာ နဂါးကျောင်းတော်တုန်းကဆိုရင် မင်းဟာ ဘာမှမဟုတ်သေးဘူး မင်းဟာ နာမည်ကြီးမဟုတ်သလို အစွမ်းအစကိုပြဖို့ ဘာအခွင့်အရေးမှ မရှိခဲ့ဘူး နေ့တိုင်းကျုပ်တို့ အတူတကွ လေ့ကျင့်သင်ကြားခဲ့ကြတယ် ဒါပေမဲ့ မင်းကို ဘယ်သူမှ သတိမထားမိခဲ့ဘူး အထူးသဖြင့် ရွှေရေအပျက်အစီးသိုက်မတိုင်ခင်ထိပေါ့လေ"
တွန့်ကျန့်ချန်း သက်ပြင်းချရင်း စကားဆက်ပြန်သည်။
"ဆယ်နှစ်လောက် ကြံ့ကြံ့ခံပြီးနောက် မင်း နာမည်ကျော်လာတယ် အဲဒီတုန်းက ကျုပ် ထင်ခဲ့တာကတော့ ဒါ မင်းရဲ့အအောင်မြင်ဆုံးအချိန်ပဲပေါ့လေ ဒါပေမဲ့ ဒါဟာ မင်းပိုင်ဆိုင်ရမဲ့ ရွှေရောင်နေ့ရက်တွေရဲ့ အစပဲရှိသေးတာဆိုတာ ကျုပ် လုံးဝ မသ်ိခဲ့ဘူး ကျောင်းပြန်ရောက်တော့လည်း မင်းဟာ ကျုပ်တို့နောက်မှ အများကြီး ပြတ်ကျန်နေခဲ့သေးတယ် ပြီးတော့ ကျုပ်တို့ ကျောင်းဆင်းတယ် ခုတော့ မင်း ကျုပ်တို့ကို အများကြီး ကျော်တက်သွားခဲ့ပြီ ကျုပ် ဒီတပ်ထဲမှာ ဆယ်နှစ်တိတိ အချိန်ဖြုန်းခဲ့တယ် ခုထိ ကျုပ်ဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ထဲကို ဝင်ခါစ အဖွဲ့ငယ်လေးတဖွဲ့ရဲ့ ခေါင်းဆောင်ငယ်တယောက် အဆင့်မှာပဲ ရှိသေးတယ် မင်းကတော့ ဗိုလ်ချုပ်တွေနဲ့ တရင်းတနှီး အောင်ပွဲခံနေတယ် မင်းကိုယ်တိုင်ဟာလဲ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်နေခဲ့ပြီ မင်းသိလား မင်းတို့ စကားပြောနေတဲ့အချိန်မှာ ကျုပ် အဝေးကနေ မျက်နှာငယ်ငယ်နဲ့ ကြည့်နေရတယ် ဒီခံစားချက်က တကယ်ကို ဆိုးလွန်းပါတယ်ကွာ"
တွန့်ကျန့်ချန်းသည် သူ၏ မနာလိုစိတ်အား ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်၏။
စုချန်း ခေတ္တစဥ်းစားလိုက်၏။ ပြီးမှ သူက ပြောလိုက်သည်။
"ပြီးခဲ့တဲ့ ဆယ်နှစ်လုံး ကျုပ် သည်းခံနေခဲ့ရတယ်လို့ မင်းပြောတယ် တကယ်တော့ အဲဒါ တက်တက်စင်အောင် လွဲနေတယ်ကွ အမှန်အတိုင်းပြောရရင် နဂါးကျောင်းတော်မှာ နေရတဲ့ဆယ်နှစ်ဟာ ကျုပ်ဘဝမှာ အပျော်ဆုံးအချိန်တွေပဲ ဒါကြောင်း မင်းပြောသလိုကျုပ် သည်းငြီးခံနေခဲ့ရတာ မဟုတ်ဘူး ကျုပ် အလွန်ပျော်နေခဲ့တာ လူအများစုကတော့ ဒီလို ပျော်ရွှင်မှုမျိုးကို နားမလည်နိုင်ကြဘူးပေါ့လေ"
"အဲဒီလိုကိုး"
တွန့်ကျန့်ချန်း တီးတိုးရေရွတ်လိုက်လေသည်။
စုချန်းက စကားဆက်ပြန်သည်။
"လူတိုင်းမှာ ရည်မှန်းချက်က်ိုယ်စီ ရှိနေကြတယ် ကျုပ်ရဲ့တကယ့်ရည်မှန်းချက်ကတော့ အမှန်တရားကို ရှာဖွေဖို့ပဲ ဒီကမ္ဘာလောကကြီးရဲ့ စစ်မှန်တဲ့ အမှန်တရားကိုပေါ့ကွာ ကျုပ် မူလစွမ်းအင်ဆိုတာ ဘာလဲ သိချင်တယ် မူလစွမ်းအင်ကို ဘယ်လိုအသုံးချရမလဲ သိချင်တယ် လူသားတွေရဲ့အနာဂတ် ဘယ်လိုဖြစ်လာမလဲ သိချင်တယ် အတိတ်ကာလမှာ ဘာတွေဖြစ်ခဲ့သလဲ သိချင်တယ် ကုန်ကုန်ပြောရရင် ကျုပ်ကို မျက်လုံးကန်းအောင် ဘယ်သူလုပ်သွားတာလဲ အဲဒီလူအကြောင်း ကျုပ် သိချင်တယ်"
ပြောရင်းနှင့် စုချန်း၏ လေသံသည် နူးညံ့ငြင်သာလာ၏။ သူ့စကားလုံးများမှာ ရိုးရှင်းလှသည်။ သူ့ခံစားချက်များမှာကား အကြင်နာတရားများနှင့် ပြည့်လျှမ်းနေလေသည်။
စုချန်းအတွက် ထာဝရရှင်သန်ခြင်း၊ အနှိုင်းမဲ့ခြင်း စသော ဂုဏ်ဒြပ်များ မလိုအပ်။
သူလိုချင်သည့် တခုတည်းသောအရာမှာ ဤကမ္ဘာလောကကြီး၏ စစ်မှန်သောအမှန်တရားကို သိရှိနားလည်ခွင့်ရရန်ပင်တည်း။
စုချန်း ယခုရရှိနေသော အောင်မြင်ကျော်ကြားမှုမှန်သမျှသည် အဆိုပါလုပ်ငန်းစဥ်ကြီး၏ ဘေးထွက်ဆိုးကျိုးမျှသာတည်း။
စုချန်း၏ စကားကိုနားထောင်ရန်း တွန့်ကျန့်ချန်းတယောက် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ သူမက်မောက်မောလှသောအရာများအား စုချန်း ဤမျှ အထင်သေးလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိ။
အတန်ကြာမှ သူက အောက်ပါအတိုင်း ပြောလိုက်လေသည်။
"မင်းပြောလိုက်မှပဲ ငါ့အိပ်မက်တွေ ဘယ်လောက်ထိ အသုံးမကျမှန်း သိလိုက်ရတော့တယ်ကွာ"
***