← Chapters

ပါးရိုက်ခြင်း ... ။

Vol. 41 Ch. 481

ပါးရိုက်ခြင်း ... ။

Vol. 41 Ch. 481

“ ဂျွတ် ... ။ ”

“ ဝုန်း ... ။ ”

နဝမမြောက် ကြယ်အပျက်အစီးမြေတွင် ကြီးမားသော အကိုင်းအခက်တစ်ခု ရုတ်တရက် ကျိုးကျလာပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။

“ ဟမ့် ... မိုးပြာမူလမှာ တစ်ခုခုမှားနေပြီ။ ”

မီးခိုးရောင် ငှက်ကလေးက တအံ့တသြ ထအော်သည်။ အားချန်သည်လည်း မျက်နှာ အနည်းငယ် ပြောင်းလဲသွားကာ၊

“ ဒါ ... ပုံမှန်ပါပဲ မိုးပြာမျိုး​စေ့မှာပါ၀င်တဲ့ အသက်ဓာတ်မရှိရင် ကြယ်သေသစ်ပင်ကြီးက အချိန်မတိုင်ခင် ကွဲသွားလိမ့်မမယ် ... ။ ”

-ဟု ပြောကြားလိုက်၏။

“ ငါသိတယ် ... ဒီကောင်လေးကို ယူခွင့်ပေးလိုက်တာ ဘာမှမကောင်းဘူးဆိုတာ ငါသိတယ်။ ”

မီးခိုးရောင်ငှက်က ဒေါသတကြီး ဖြစ်သွားသည်။

“ ငှက်ကလေး ... မင်းပဲတာအိုစုကို တောင်းပန်မယ်ပြောပြီး အခုဘာလို့ စိတ်ပြောင်း သွားတာလဲ စာရွက်တစ်ရွက် လှန်တာထက်ကို မင်းရဲ့အပြောင်းအလဲက ပိုမြန်​နေပါလား။ ”

“ အားချန် ... မင်းငါ့ကို လှောင်ပြောင်နိုင်သေးတာလား။ ”

အားချန်က တုန့်ပြန်ခြင်း မပြုတော့ဘဲ ငုတ်တုတ်ထိုင်ပြီး ကြယ်​​သေသစ်ကိုင်းများထံ စိုက်ကြည့်လျက်၊

“ ဒီလိုနေ့မျိုး ... မကြာခင် ရောက်လာတော့မယ်ဆိုတာ ငါတို့သိပါတယ် ... အခု နည်းနည်းစောပြီး လာတာပဲ မဟုတ်လား။ ”

-ဟု တိုးတိုးလေးပြောသည်။

မီးခိုးရောင်ငှက်သည် ခဏမျှ တိတ်ဆိတ်လျက်၊

“ အားချန် ... မျောက်ကလေးနဲ့ ငါက မိုးပြာမူလကို ကာကွယ်ဖို့ တစ်ချိန်က အတူတူ ကျိန်ဆိုခဲ့တယ် မိုးပြာမူလသာ ပျောက်သွားရင် ငါတို့ဘာဆက်လုပ်ကြမလဲ။ ”

“ ဒီအကြောင်း ဆွေးနွေးဖို့က ... စောလွန်းပါတယ် ငါ့ရဲ့တွက်ချက်မှုအရ လုံးဝ ပျောက်ကွယ်ဖို့ကို ... တစ်နှစ်လောက် အချိန်ယူရလိမ့်မယ်။ ”

“ တစ်နှစ်လား အချိန်တိုလေးပဲ ဒါက မျက်စိတစ်မှိတ်အတွင်း ... ကုန်သွားလိမ့်မယ် မိုးပြာမူလ ပျက်စီးသွားတဲ့အခါ ...

... ဒီနဝမမြောက် ကြယ်အပျက်အစီး နယ်မြေက စွန့်ပစ်မြေအဖြစ် လျော့ကျသွားမှာ သေချာတယ်။ ”

မီးခိုးရောင် ငှက်ကလေး၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်နှင့် အသံတိုးဖျော့သွား လေသည်။

“ ဒါပေမယ့် ဒီလိုသာဖြစ်လာရင် ... ငါတို့ကတိကို စောင့်ထိန်းစရာ မလိုတော့တာမို့ ဒီကနေထွက်နိုင်ပြီ မဟုတ်လား ...

... ရှောင်ချွယ် ငါတို့ဒီကထွက်သွားရင် ကမ္ဘာကြီးကိုစူးစမ်းမယ် ... မျောက်ကလေးလို တာအိုကိုရှာကြမယ် ဘယ်လိုလဲ။ ”

“ ဟမ့် ... ငါ့မှာဒီလိုအစီအစဉ်ကို ချထားတာကြာပြီ အဲဒီမျောက်ကလေးတောင်မှ ဂိုဏ်းတစ်ခုကို ရှာတွေ့ပြီး တစ်ကမ္ဘာလုံးက လေးစားရတဲ့ မျောက်ဘုရင် ဖြစ်လာတယ် ...

... ငါတို့နောက်ခံနဲ့ ကျင့်ကြံမှုအရ ကမ္ဘာကြီးကိုတည်ငြိမ်အောင် မထိန်းနိုင်ရမှာကို ဘာကြောင့် စိုးရိမ်ရမှာလဲ။ ”

ငှက်ကလေးက မောက်မာစွာ တုန့်ပြန်လာလေသည်။ ထိုစဉ် အားချန်မှ တစ်ခုခုကို သတိရသွားပြီး၊

“ မိုးပြာမူလရဲ့ အပြောင်းအလဲတွေ အကြောင်း တာအိုစုကို ငါတို့သတိပေးရမယ်။ ”

၀ဟု ချက်ချင်း ထရပ်လိုက်၏။

မြေအောက်လှိုဏ်ဂူ အဝင်ဝမှနေ၍ ယင်ဝိညာဉ်များသည် မြူမှုန်ကဲ့သို့ လှိမ့်ထွက် လာနေသည်။

စုရီနှင့် သော်ခိုရောက်ရှိလာသောအခါ မြူများအားလုံးရွေ့လျက် လမ်းကြောင်းတစ်ခု အဖြစ် ဖန်တီးပေးတော့၏။

ဤရေခဲဝိညာဉ်များသည် အားချန်မှ ဆင်းသက်လာခြင်းပေပင်။ ထို့ကြောင့် သူ့ကို လမ်းဖယ် ပေးသည်မှာ ထူးထွေအံ့သြခြင်း မရှိချေ။

သော်ခိုသာလျှင် အံ့သြသွားပြီး စုရီကို ကြည့်သည်။ ဤလူငယ်သည် ကြယ်စုစည်းခြင်း အဆင့်တွင်သာ ရှိသော်လည်း အလုံးစုံ အစွမ်းထက်လွန်းနေ၏။

“ ဝူး ... ။ ”

ရုတ်​တရက်​ အေးစက်​​သော စွမ်းအင်​များ စုရီရှေ့တွင်​စုဖွဲ့လျက် ​မှုန်​ဝါးလွန်း​သော ရုပ်သွင် ဖြစ်​ပေါ်လာသည်။

“ အားချန် ... ။ ”

စုရီက အံ့ဩသွားသည်။ အားချန်က အနည်းငယ် ဦးညွှတ်လိုက်ပြီး၊

“ တာအိုစု ... တစ်နှစ်အတွင်း မိုးပြာမူလ ပျောက်ကွယ်သွားလိမ့်မယ် မင်းပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ မျှော်လင့်ပါတယ်။ ”

-ဟု ကြည်လင်သော နွေဦးလေပြေ ကဲ့သို့သော အသံဖြင့် ပြောကြားလိုက်သည်။

“ ငါနားလည်ပြီ ... ။ ”

“ ဂရုစိုက်ပါ တာအိုစု ... ။ ”

ထို့နောက်တွင် ယင်စွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်း ပျောက်ကွယ်သွား တော့၏။

( ဒါဆို ရွှေခေတ်က စောလာမှာပေါ့။ )

စုရီမှ တိတ်တိတ်လေး တွေးလိုက်သည်။ ပြောင်းလဲမှုသည် သူ ယူခဲ့သော မိုးပြာမျိုးစေ့နှင့် ဆက်စပ်နေကြောင်း သဘာဝကျကျသိ၏။

တစ်နည်းအားဖြင့်ဆိုရသော် ယနေ့တွင်မိုးပြာမျိုးစေ့ကို သိမ်းယူခဲ့သဖြင့် ပျက်စီးခြင်းဖြစ်စဉ်အပေါ် ပို၍ လျင်မြန်စေခြင်းပေပင်။

ထို့အတွက်ကြောင့် သုံးနှစ်မှ ငါးနှစ်အတွင်း ရောက်ရှိမည်ဟု တွက်ချက်ထားသည့် ‌ရွှေခေတ် ဟူသည် တစ်နှစ်အတွင်း ရောက်ရှိလာခြင်း ဖြစ်၏။

“ တစ်နှစ်လည်း မဆိုးပါဘူး၊ ဒီလောက်ဆို လုံလောက်ပြီ။ ”

စုရီမျက်လုံးဝန်းများ အနည်းငယ် မှေးကျဉ်းသွား၏။ ထိုအချိန်တွင် ကမ္ဘာကြီးသည် ပြောင်းလဲသွားမည်ဖြစ်ပြီး ကမောက်ကမ ဖြစ်လာပေလိမ့်မည်။

ဤကာလတွင် သူ့ကျင့်ကြံမှုသည် ဝိညာဉ်တာအိုနယ်ပယ်သို့ အရောက်လှမ်းနိုင်ရန် လုံလောက်သင့်ပေမည်။ သို့မှသာ ပြိုင်ဘက်များ အပေါ် ယှဉ်ပြိုင်ရန် စိတ်ပူစရာ မရှိတော့ချေ။

“ တာအိုစု၊ ဘာတွေဖြစ်နေတာလဲ။ ”

သော်ခိုက သည်းမခံနိုင်တော့ဘဲ မေးမြန်းလိုက်သည်။ အားချန်၏ ရုပ်ပုံအပေါ် ရှင်းရှင်းလင်းလင်း မမြင်ရသလို စကားများ၏ အဓိပ္ပါယ်ကိုလည်း မသိနိုင်ချေ။

“ ငါ့အသိပါ ... ။ ”

စုရီက ပြန်မဖြေဘဲ မြေအောက်လမ်းအတိုင်း ပျံတက်သွားတော့၏။ သံသရာ တောင်ထိပ်တွင် လူအုပ်ကြီးမှာ ပျင်းရိနေကြသည်။

“ တစ်ရက်နီးပါးကုန်တော့မယ် စုရီပြန်မလာသေးဘူး မြေအောက်လိုဏ်ဂူထဲမှာ အခက်အခဲတွေနဲ့ ကြုံနေတာဖြစ်နိုင်မလား။ ”

လီဟန်ထောင်မှ ရေရွတ်လိုက်သည်။ လေထုသည် စိတ်ပျက်စရာ ကောင်းလှအောင် ဖြစ်နေခဲ့၏။

ရှေးခေတ် ပါရမီရှင်များနှင့် ခေတ်ပြိုင်ပါရမီရှင်များသည် အုပ်စုနှစ်စုကွဲကာ စုရီကို စောင့်မျှော်နေကြခြင်းဖြစ်သည်။

လီဟန်ထောင် ပြောသောအခါတွင် လူတိုင်းသည် မတူညီသည့် အမူအရာများ ပြသလာကြ၏။

“ လီဟန်ထောင် တာအိုစုအတွက် ဆိုးရွားတဲ့တစ်ခုခု ဖြစ်မယ်လို့ မင်းတကယ်ပဲ မျှော်လင့်နေတာလား။ ”

ဝမ်ရှင်းကျောက်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြန်၍ မေးမြန်းလိုက်၏။

“ ရှင်းရှင်းလေးပဲ နားလည်မှု လွဲမနေနဲ့ ငါထင်ကြေးပေးတာပါ ... ဒီမှာ ငါတို့တစ်နေကုန် စောင့်နေကြပေမယ့် ... သူ ပြန်မလာသေးဘူး မဟုတ်လား ဒါက စိတ်ပူစရာပဲ။ ”

“ ဟမ့် ... မင်း စိတ်ပူနေတာလား မင်းဒီလောက် ကြင်နာတတ်မှန်း ငါတကယ် မသိလိုက်ဘူး။ ”

ဝမ်ရှင်းကျောက်မှ တုန့်ပြန်၏။ လီဟန်ထောင်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လျက်၊

“ မိန်းကလေးကျောက် ... မင်းရောစုရီဒုက္ခရောက်မှာကို စိတ်မပူဘူးလို့ ပြောရဲလား။ ”

-ဟု မေးမြန်းလာချေပြီ။

ဝမ်ရှင်းကျောက်ခမျာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ သူမ မည်သို့မျှစိတ်မပူဘဲ နေနိုင်မည်နည်း။

“ ပွင့်ပွင့်လင်းလင်းပြောရရင် စုရီတစ်ခုခုဖြစ်သွားပြီး ပြန်မလာနိုင်ဘူးဆိုရင် မင်းတို့သုံးယောက်ရဲ့ အခြေအနေက ပြောင်းလဲသွားမှာ ငါကြောက်မိတယ်။ ”

ထိုအမူအရာကြောင့် လီဟန်ထောင်က ကြိတ်ပြုံးလျက် ပတ်ဝန်းကျင်အပေါ် အကဲခတ် နေခဲ့သည်။

ဝမ်ရှင်းကျောက် နှလုံးသား နစ်မြုပ်သွားလေသည်။ စုရီသာ ပြန်မလာ နိုင်သော် သူမတို့သုံးယောက် ခွန်အားဖြင့် အမြန်ဆုံးထွက်ခွာရန် လိုပေမည်။

ယွီရှစ်ချန်မှာမူ စိတ်မပူချေ။ အဘယ်ကြာင့်ဆိုသော် စုရီတစ်ယောက် မြေအောက်လှိုဏ်ဂူအတွင်း ပိတ်မိနေမည်ကို သူမ မယုံကြည်သောကြောင့် ဖြစ်သည်။

လီဟန်ထောင်က အနည်းငယ်ပြုံးပြီး သက်တောင့်သက်သာ ဖြစ်လာ၏။ စုရီသည် သေချာပေါက် မြေအောက်လှိုဏ်ဂူအတွင်း ဒုက္ခရောက် နေပေလိမ့်မည်။

တစ်ဖက်တွင် ချီကျန့်စုက ကျန်းဖူထံ လှည့်ကြည့်ကာ၊

“ ဝမ်ရှင်းကျောက်နဲ့ တခြားလူတွေကို ကာကွယ် စောင့်ရှောက်ပေးမယ်လို့ စုရီအပေါ် နင်ကတိပေးခဲ့တယ် မဟုတ်လား ...

... အခု လီဟန်ထောင်က အရမ်းမောက်မာနေတာ နင်ဘာလို့ ရှေ့ကို မထွက်သေးတာလဲ စုရီပြန်မလာတော့ဘူးလို့ ထင်နေတယ်တလို့ ငါ့ကိုမပြောနဲ့။ ”

-ဟု မေးမြန်းလိုက်သည်။

“ အခုချိန် ငါနှောင့်ယှက်လိုက်ရင် အဲဒီလီဟန်ထောင်က သူ့ဒေါသကို မျိုသိပ်ပြီး မဆင်မခြင် ပြုမူဝံ့တော့မှာ မဟုတ်ဘူး ဒါဆိုပျင်းစရာ ကောင်းသွားလိမ့်မယ် ...

... နောက်ထပ် သူဘာတွေ ဆက်လုပ်ဦးမလဲ ငါကြည့်ရမယ် စိတ်မပူနဲ့ ... အချိန်မရွေး သူ့ကိုငါ သတ်ပစ်နိုင်ပါတယ်။ ”

ကျန်းဖူစကားကြောင့် ချီကျန်စုမှ မျက်ခုံးပင့်လိုက်လေသည်။

“ ဟမ့် ... နင်က ငါးမျှားနေတာပဲ။ ”

“ မဟုတ်ဘူး ... သူ့ကိုသတ်ဖို့ တရားဝင် အခွင့်အရေးကို ငါစောင့်နေတာပါ မဟုတ်ရင် ငါ့ကိုအထိန်းအကွပ်မဲ့တယ်လို့ လူတွေက မြင်ကြလိမ့်မယ်။ ”

“ ဟား ဟား ဟား ... ။ ”

ကျန်းဖူစကားကြောင့် ချီကျန့်စုက ရယ်မောလိုက်၏။ ကျန်းဖူအတွက် လူသတ်ရန် ကျိုးကြောင်းဆီလျော် လိုသည်လော။

တစ်ဖက်လူသည် လက်သီးနှင့် အကောင်းဆုံး ဖြေရှင်းရသည်ကို ကြိုက်ကြောင်း သူမ အသိဆုံးပေပင်။

ထိုအချိန်တွင် လီဟန်ထောင်က ရုတ်တရက် သက်ပြင်းချလိုက်ပြီး၊

“ တကယ်တော့ ... စုရီအသက် ရှင်နိုင်တယ်ဆိုရင်တောင် ဒီကနေထွက်သွားရင် ကပ်ဆိုးတစ်ခုနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ငါတို့အားလုံး သိထားပါတယ်။ ”

-ဟု စကားပြန်စလာသည်။

လူတိုင်း တိတ်ဆိတ်ကုန်၏။ လီဟန်ထောင်၏ စကားများတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ထင်ရှားနေချေပြီ။ သို့သော် သူ ပြောသည့်စကားများမှာ အလုံးစုံ မှားယွင်းသည်ဟု မဆိုသာချေ။

ဟွမ်ရှောင်ယုတို့ဦးသည် စုရီလက်၌ သေဆုံးသွားသည့် သတင်းသာကြားသိသော် အင်အားစုအသီးသီးသည် ငြိမ်နေကြမည် မဟုတ်ချေ။ သူတို့ကိုးဦးသည် အင်အားစု အသီးသီး၏ အမွေခံများဖြစ်၏။

အမှောင်တားမြစ် စွမ်းအားအောက်မှ လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည် ဟူသော အချက်သည်ပင် မည်မျှအားစိုက်ထုတ် ခဲ့ကြောင်း သက်သေပြနိုင်မည်။

ယခုမူ သူတို့အားလုံးသည် စုရီတစ်ယောက်တည်း၏ သတ်ဖြတ်ခြင်း ခံခဲ့ရ၏။ ၎င်းအင်အားစုများအတွက် လက်မခံနိုင်စရာ ပေပင်။

လူတိုင်း နှုတ်ဆိတ်နေပြီး မည်သူမျှ မကန့်ကွက်သည်ကို မြင်လိုက်လိုက်ရသဖြင့် လီဟန်ထောင်တစ်ယောက် ပိုရဲရင့်လာ၏။

“ အဲဒီအချိန်မှာ စုရီနဲ့ အဆက်အသွယ် ရှိနေတဲ့ မိန်းကလေး ရှင်းကျောက်လို လူတွေကို ငြိတွယ်သွားမှာ ငါကြောက်မိတယ် ... ။ ”

ဤစကားကြားသောအခါ လူတိုင်း​သက်ပြင်းချလိုက်၏။ အဖြစ်မှန်များအပေါ် ရည်ရွယ်ချက်ရှိရှိ ခွဲခြမ်းစိတ်ဖြာပြနေခြင်း ပေပင်။

“ ဒါတွေက နင်နဲ့ဘာဆိုင်လဲ။ ”

“ အဟား ... မိန်းကလေးရှင်းကျောက် နားမထောင်ချင်ဘူးဆိုရင်တော့ ငါမပြောပါဘူး ဆေးစွမ်းထက်ရင် ခါးတယ်၊ အမှန်တရားက နားထဲမှာ မနှစ်မြို့စရာပဲ ...

... ဒါကြောင့် ဒီအကြောင်းနဲ့ ပတ်သတ်လာရင် မိန်းကလေးရှင်းကျောက် ဒေါသထွက်နေမယ်ဆိုတာ ငါနားလည်တယ်။ ”

လီဟန်ထောင်သည် ရွံရှာဖွယ် ကောင်းချေပြီ။ သူ့အတွက် အပြစ်ရှာမတွေ့ နိုင်အောင် စကားသုံးနှုန်းတတ်ချေ၏။

သို့သော် ထိုအချိန်တွင် အဝေးသို့ မော့ကြည့်ကာ သူမမျက်လုံးများ တောက်ပပြီး မတ်တပ်ထရပ်လိုက်လေသည်။

“ အစ်ကိုစု၊ နောက်ဆုံးတော့ မင်းပြန်လာပြီ။ ”

ဝမ်ရှင်းကျောက် စကားကြောင့် လူတိုင်း အံ့အားသင့်သွားပြီး မတ်တပ်ရပ်လိုက်ကြသည်။ အဝေးရှိ အပျက်အစီးများအတွင်းမှ ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာ၏။

သူ့နောက်တွင် အမျိုးသမီးတစ်ယောက် ထပ်မံ လိုက်ပါလာသည်။ ယင်းသည် စုရီနှင့် သော်ခိုပေပင်။

မျက်စိတမှိတ်အတွင်း လေကဲ့သို့ ရွေ့လျားလာကာ လီဟန်ထောင်ထံ ဦးတည် နေခဲ့၏။

“ စုရီ ... မင်းဘာလုပ်တာလဲ။ ”

လီဟန်ထောင်တစ်ယောက် မျက်နှာသိသိသာသာ ပြောင်းလဲသွားတော့၏။ ကျန်ဖူးက ထိုမြင်ကွင်းကို ကြည့်လျက် စိတ်ပျက်သွားတော့သည်။

တစ်ဖက်လူကို သင်ခန်းစာပေးရန် အခွင့်အရေး ဆုံးရှုံးသွားချေပြီ။

“ မလာနဲ့ ... ဒီကိုမလာနဲ့ ... ။ ”

စုရီနီးကပ်လာသည်ကို မြင်ချိန်၌ လီဟန်ထောင်ခမျာ ပို၍ထိတ်လန့်ပြီး ထိတ်လန့် တကြား ဆုတ်ခွာလိုက်သည်။

“ ဖြန်း ... ။ ”

သို့သော် ကျယ်လောင်သော ပါးရိုက်သံ ထွက်ပေါ်လာပြီး လူတိုင်း၏ထိတ်လန့်နေသော အကြည့်အောက်တွင် လီဟန်ထောင်ခမျာ ချက်ချင်း လဲပြိုကျသွားတော့၏။

***

All Chapters