← Chapters

အမျိုးသမီးများ ... ။

Vol. 41 Ch. 482

အမျိုးသမီးများ ... ။

Vol. 41 Ch. 482

စုရီ၏ တိုက်ခိုက်ရေး စွမ်းအားသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကာ ဝိညာဉ်ထင်ရှားခြင်းအဆင့်မှ လီဟန်ထောင်ကို ပြိုကျသည်အထိ ဖြစ်စေသည်။

ဟွမ်ရှောင်ယုနှင့် အခြားသော နတ်ဆိုးကိုးကောင်ကို သတ်ပစ်လိုက်သည့် မြင်ကွင်းမျိုး မြင်တွေ့ထားသော်လည်း ဤမျှအထိ မထင်ထားချေ။

“ စုရီ ... ငါနဲ့မင်း ရန်ငြိုးမရှိဘူး၊ မင်းဘာလို့ ငါ့ကိုရိုက်တာလဲ။ ”

ချောမောသောပါးပြင်များ နီရဲရောင်ရမ်းလာကာ ဆံပင်များ ပွထလျက် နှုတ်ခမ်းထောင့်မှသွေးများ စီးကျလာသည်။ အလွန်ရှက်စရာကောင်း၏။

စုရီမှ ပြန်မဖြဘဲ ထပ်မံပါးရိုက်ရန် ပြင်နေသဖြင့် လီဟန်ထောင်တစ်ယောက် ဒေါသထွက်လာပြီး ... ၊

“ ဟမ့် ... ဒါက လွယ်လွန်းတယ် ထင်နေလား။ ”

-ဟု အော်ဟစ်ကာ ပြန်လည်တိုက်ခိုက်ရန် ပြင်သည်။

“ ဖြန်း ... ။ ”

သို့သော် လျှပ်စီးလက်သကဲ့သို့ လက်ဖဝါးတစ်ဖက် ကျရောက်လာပြီး ဆယ်ပေ အကွာသို့ လွင့်စဉ်ပြုတ်ကျသွားစေ၏။

စုရီက မည်သည့် စကားမျှမဆိုချေ။ လီဟန်ထောင်ခမျာ နှုတ်ခမ်းမှ သွေးစများကို သုတ်လျက် ချက်ချင်းထရပ်ကာ၊

“ စုရီ မင်းဘာလို့ ... ။ ”

“ ဖြန်း ... ။ ”

နောက်ထပ် ပါးရိုက်သံ ထွက်ပေါ်လာပြီး ထပ်မံ ပျံသန်းစေခဲ့သည်။ ဝိညာဉ်ထင်ရှားခြင်း အဆင့် ကျင့်ကြံမှုဖြင့်ပင် လက်ဖဝါးသုံးချက် အရိုက်ခံရဒဏ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားချေပြီ။

သွေးနှင့် စွမ်းအင်များ တုန်ခါလျက် အရိုးများနှင့်ကြွက်သားများ ကျိုးပဲ့လုနီးပါး ဖြစ်ကုန်၏။

ရုပ်ပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲမှုနှင့် နှိုင်းစာလျှင် လူမြင်ကွင်းတွင် နှိပ်စက်ခံရခြင်း၊ နင်းချေခြင်းနှင့် အရှက်ရဖွယ် ခံစားချက်များက သူ့ကို ပို၍ပင် ခက်ခဲစေခဲ့သည်။

နောက်တစ်ကြိမ် ပါးရိုက်တော့မည်ကို မြင်ချိန်၌ လီဟန်ထောင်က မထိန်းနိုင်တော့ဘဲ၊

“ လုံလောက်ပြီ ... ။ ”

-ဟု ပြောရန် ပြင်လိုက်ပြန်၏။

“ ဖြန်း ... ။ ”

သို့သော် လက်ဖဝါးက ကျရောက်လာပြီဖြစ်သည်။ မဟာရှနိုင်ငံတွင် ကျော်ကြားခဲ့သော ချင်းရီတာအိုဂိုဏ်း၏ မျိုးဆက်သစ်ခေါင်းဆောင်ခမျာ သနားစဖွယ်ဖြစ်နေချေပြီ။

“ အဟွတ် ... အဟွတ် ... ။ ”

မြေပြင်ပေါ် လဲကျသွားပြီးနောက် အမြင်အာရုံတွင် ကြယ်တာရာများပေါ်လာကာ သွေးချောင်းဆိုးသွား၏။ လူတိုင်းအတွက် မကြည့်ရက်စရာပေပင်။

“ စုရီ ... တောင်းပန်တယ် ... ငါတောင်းပန်ပါတယ် ... ငါမှားပါတယ် မိန်းကလေးရှင်းကျောက်နဲ့ မင်းမိတ်ဆွေတွေကို မရိုမသေ မလုပ်သင့်ပါဘူး ... ။ ”

အဆုံးတွင် လီဟန်ထောင်မှ ချက်ချင်း တောင်းပန်တော့၏။ ဤသည်မှာအပြောင်းအလဲ မြန်လွန်းသဖြင့် လူတိုင်းအတွက် သက်ပြင်းချ စရာပေပင်။

ထိုအခြေအနေတွင် လီဟန်ထောင်သည်သာ ဆက်၍ခေါင်းမာဦးမည်ဆိုသော် သေသည်အထိ နှိပ်စက်ခံရနိုင်မည်။

“ ဘာလို့ ထွက်မပြေးတာလဲ။ ”

နောက်ဆုံးတွင် စုရီမှ စကားပြောလာတော့သည်။ သူ့အမူအရာသည် စိတ်ပျက်နေပြီး၊

“ အခုတော့ မင်းကို ငါသတ်လို့မရတော့ဘူး။ ”

-ဟု ညည်းတွားလိုက်၏။

“ ထွက်သွား ... ။ ”

ဤသည်မှာ ခွေးမောင်းသလို မောင်းထုတ်ခြင်းမည်ချေပြီ။ လီဟန်ထောင် အတွက် လွတ်မြောက်ခွင့်လည်း ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူ့အတွက် အရေးကြီးဆုံးသည် အသက်ရှင်လျက် ကျန်ရန် သေချာစေရန်ဖြစ်သည်။

ချက်ချင်းပင် ထရပ်ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။ ဤလူအုပ်အတွင်း သူသည်လည်း ဆက်မနေဝံ့ချေ။

အဆိုပါမြင်ကွင်းများကို ကြည့်လျက် ပရိသတ်များအားလုံး ၎င်းတို့၏နှလုံးသားများ လှုပ်ခါသွားသည်။

သူတို့အားလုံးသည် ခံစားချက်များ ရှိကြသော်လည်း စုရီကို ကြည့်လိုက်မိချိန်တွင် ပကတိ ရိုးသားဟန် ပြနေခဲ့ရသည်။

“ ဒါမင်းအတွက်ပဲ ... ။ ”

ထိုအချိန်တွင် စုရီက ကျောက်စိမ်းပြား တစ်ပြားထုတ်ယူကာ ကျန်းဖူထံသို့ ပစ်ပေး လိုက်သည်။

“ အစ်ကိုစု၊ အကျိုးဆောင်မှုမရှိရင် ဆုလာဘ်လည်း မရှိနိုင်ဘူး ... ငါအများကြီး မကူညီနိုင်ခဲ့ပါဘူး။ ”

ကျန်းဖူက ငြင်းရန်ပြင်သည်။

“ မိန်းကလေးရှင်းကျောက်နဲ့ တခြားသူတွေ ဘေးကင်းရုံနဲ့ လုံလောက်ပါတယ်။ ”

အဆုံးတွင် ကျန်းဖူသည် ငြင်းဆန်ခြင်း မပြုတော့ဘဲ ကျောက်စိမ်းပြားကို လက်ခံလိုက် ရလေသည်။

ကျောက်စိမ်းပြားပါ အကြောင်းအရာကို ကြည့်ရန် နတ်အာရုံအသုံးပြီးနောက် ချက်ချင်း ကျန်းဖူတစ်ယောက် တုန်လှုပ်သွားတော့၏။

လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ကျန်းဖူသည် စုရီဘက်သို့ မော့ကြည့်ကာဦးညွှတ်လျက်၊

“ ကျေးဇူးတင်ပါတယ် ... တာအိုစု လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

သူ့အသံတွင် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေချေသည်။ လူတိုင်း ထိုမြင်ကွင်းအပေါ် စိတ်ဝင်စားကုန်၏။

ကျန်းဖူဟူသည် အရိုးနတ်ဆိုးဧကရာဇ်၏ မြေးဖြစ်သည်။ အရိုးဧကရာဇ်ဟူသည် ရုပ်ခန္ဓာ၌ အသန်မာဆုံး ဧကရာဇ်ဖြစ်၏။

ရုပ်ခွန်အားသည် အလွန်ကြောက်စရာ ကောင်းသောကြောင့် မိုးပြာဧကရာဇ်ကိုးပါး၌ပင် ထိပ်တန်းသုံးပါးအဆင့်ဝင်သည်။

သို့သော် ဤအခြေအနေတွင် ကျောက်စိမ်းပြားတစ်ပြားသည် ကျန်းဖူအတွက် ကျေးဇူးတင်ကြောင်းဖော်ပြရန် ဦးညွှတ် ရသည်အထိ မည်မျှ တန်ဖိုးရှိမည်နည်း။

စုရီက ခေါင်းညိတ်သည်။ ဤသည်မှာ သူ့မိတ်ဆွေသိုင်းဧကရာဇ်မှ ဖန်တီးထားသော အရိုးသန့်စင်သည့် နည်းစနစ်​ဖြစ်၏။

ထိပ်တန်းမဟုတ်သော်လည်း ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျန်းဖူအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာပေပင်။

ထို့နောက် ချီကျန်းစုထံ ကြည့်သည်။ ဆံပင်တိုတိုနှင့် စူးရှသောမျက်ဝန်းပိုင်ဆိုင်သည့် အဆိုပါမိန်းကလေးက၊

“ ငါ တစ်ခုခုမှားနေလား ... တာအိုစု။ ”

-ဟု နားမလည်စွာ ပြန်မေးသည်။

“ မင်းရဲ့ ပင်ကိုယ်စွမ်းရည်ဘယ်လောက် အစွမ်းထက်တယ်ဆိုတာသိချင်ရင် ဒီနယ်မြေက ထွက်သွားတဲ့အခါ ... တံဆိပ်ကိုချိုးလိုက်။ ”

စုရီက ကျောက်စိမ်းပြားတံဆိပ်တစ်ခု ပစ်ပေးလိုက်သည်။ ချီကျန်စုတစ်​ယောက် အနည်းငယ် တောင့်တင်းသွားကာ၊

“ ငါ့ကို မင်းသတိထားမိနေတာလား တာအိုစု။ ”

-ဟု ပြန်၍ မေးမြန်း၏။

“ မင်းရဲ့အရည်အချင်းမျိုးက တကယ့်ကို ရှားရှားပါးပါးလို့ပြောရင် ချဲ့ကားရာမရောက်ဘူး ဒါပေမယ့် မင်းနဲ့အသင့်တော်ဆုံး နည်းစနစ်ကို ရှာမတွေ့နိုင်ရင် အနာဂါတ်အလားအလာမှာ အကန့်အသတ် ရှိလာလိမ့်မယ်။ ”

ထိုအဖြေက ချီကျန့်စုအပေါ် မှင်သပ်သွားစေကာ နှလုံးသားကမောက်ကမ ဖြစ်လာစေတော့သည်။

တစ်ဖက်လူ စကားတွင် သူမ၏ လျှို့ဝှက်ချက်အားလုံးကို လုံးလုံးလျားလျား ထုတ်ဖော်သွားသလို ခံစားလိုက်ရ၏။

“ တာအိုစု ဒီလျှို့ဝှက်သင်္ကေတက ငါ့ရဲ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ အမွေမျိုးကို ရှာတွေ့နိုင်မယ်လို့ မင်းပြောနေတာလား။ ”

ချီကျန့်စုသည် ရိုင်းစိုင်းသော သဘာဝရှိသည်။ ဓားကဲ့သို့ ထက်မြက်ပြီး သပ်ရပ်သန့်ရှင်းသော စိတ်ထားမျိုးပေပင်။

သို့သော် အထက်ပါမေးခွန်းကို မေးမြန်းသောအခါတွင် သူမအသံ အနည်းငယ် တုန်ခါနေခဲ့သည်။

“ ဘာလို့ မင်းကိုယ်တိုင် မစမ်းကြည့်ရတာလဲ။ ”

“ ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ။ ”

ထိုမြင်ကွင်းကို အခြားလူများ မြင်သောအခါတွင် နှလုံးသားများ တုန်လှုပ်သွား ပြန်၏။ အဝေးရှိ သော်ခိုမှ ပန်းချီတာအိုနှင့် ပတ်သက်သည့် ကျောက်စိမ်းပြားကို ပြန်သတိရလာသည်။

( ဒီ​ကောင်လေး​က ... အရမ်း အံ့သြစရာကောင်းတယ် လူတိုင်း မငြင်းနိုင်တဲ့ အရာတစ်ခုကို ... အမြဲတမ်းပေးနိုင်တာလား။)

တစ်ဖက်တွင် စုရီသည်လည်း ပို၍ သက်တောင့်သက်သာရှိလာ၏။ ချီကျန့်စုသည် ငရဲကမ္ဘာသွေးကြောနှင့် ယင်အရိုးကို ပိုင်ဆိုင် ထားချေပြီ။

အလွန်ရှားပါးသော ခန္ဓာကိုယ်ဖြစ်၏။ အခေါင်းထမ်း တစ္ဆေအိုကြီး၏ အမွေအနှစ်များ ဆက်ခံရန် အသင့်တော်ဆုံးပေပင်။

သူမထံ ပေးအပ်လိုက်သော လျှို့ဝှက်သင်္ကေတသည် အခေါင်းထမ်းမျိုးရိုးမှ ဆင်းသက်လာသော မျက်မမြင်အဘိုးအို၏ တံဆိပ်ဖြစ်သည်။

မျက်မမြင်အဘိုးအိုသည် သူမထံမှ ဆက်သွယ်မှုကိုရသရွေ့ အမွေဆက်ခံနိုင်သော ပျိုးပင်ကောင်းတစ်ပင်အပေါ် လက်လွတ်ခံမည် မဟုတ်ချေ။

“ သွားရအောင် ... ။ ”

ထို့နောက် စုရီက ထွက်ခွာရန်ပြင်သည်။ ယနေ့သည် အောက်တိုဘာလ (၁၃)ရက်ဖြစ်ပြီး နောက်ဆုံးသတ်မှတ်ရက် မတိုင်ခင် လဝက်ခန့် အချိန်ကျန်ရှိနေသေးသည်။

ထို့ကြောင့် လူဆိတ်ညံရာ အရပ်မျိုး ရှာဖွေပြီးနောက် ကျင့်ကြံရန် စိတ်ကူးနေခြင်း ပေပင်။

“ တာအိုစု ငါမင်းနဲ့ လိုက်လို့ရမလား။ ”

ထိုစဉ် သော်ခိုက မျှော်လင့်ချက်ဖြင့် မေးလာသည်။ စုရီမှ လက်ကိုနောက်ပို့လျက် ခေါင်းညိတ်ပြလိုက်၏။ စကားမဆိုချေ။

ထိုမြင်ကွင်းက ဝမ်ရှင်းကျောက်နှင့် ယွီရှစ်ချန်ကို စိတ်ခံစားမှု အရိပ်အမြွက်များ ပြသလာစေခဲ့သည်။

များမကြာခင် သူတို့၏ရုပ်ပုံများ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် တစ်ချိန်လုံးနှုတ်ဆိတ်နေသည့် ချန်လုက ရုတ်တရက် သက်ပြင်းချကာ၊

“ အချိန်တွေ ပြောင်းသွားပြီ ... ။ ”

-ဟု ညည်းတွားလိုက်သည်။

“ စီနီယာအစ်ကို မင်းဘာကို ဆိုလိုတာလဲ။ ”

ချန်ရှင်းမှ နားမလည်ချေ။

“ ဒီလျှို့ဝှက်နယ်မြေကို မဝင်ခင်မှာ ... စုရီနဲ့ငါတို့က တူညီတဲ့အဆင့်မှာလို့ သတ်မှတ်လို့ ရပေမယ့် ... အခုချိန်ကစပြီး ခြားနားသွားပါပြီ ကမ္ဘာတစ်ခုတည်းမှာ ရှိမနေတော့ဘူး။ ”

ချန်လုအသံသည် အနည်းငယ် စိတ်ပျက်နေချေ၏။ သူဟူသည် မဟာဇင် ဘုံကျောင်း၌ အတောက်ပဆုံးသော မျိုးဆက်သစ်ဖြစ်သည်။

သို့သော် ယခုအချိန်မှစ၍ သူသည်သာမက ကမ္ဘာတစ်ဝှမ်းရှိ လူငယ်မျိုးဆက်သစ်များသည် စုရီနှင့် နှိုင်းယှဉ်ရန် ခက်ခဲသွားပေမည်။

တစ်ဖက်လူသည် ကျင့်ကြံမှုအရ ကြယ်စုစည်းခြင်းအဆင့်တွင်သာ ရှိသော်လည်း ခွန်အားသည် မျိုးဆက်သစ်လူငယ်များအပေါ် ကျော်လွန်နေပြီဖြစ်၏။

ချန်လုစကားကို ကြားချိန်၌ လူတိုင်း တိတ်ဆိတ်သွားသည်။ ကျန်းဖူနှင့် ချီကျန့်စုပင် ထိုစကားအမှန်ဖြစ်ကြောင်း ဝန်ခံနေရ၏။

ချန်ရှင်းက သက်ပြင်းချလျက်၊

“ ဒါပေမယ့် သူ့ပတ်ဝန်းကျင်မှာ မိန်းမတွေ အရမ်းများနေပုံရတယ် တာအိုကို ရှာဖွေတဲ့အခါ ဒီလမ်းက အဟန့်အတားပဲ။ ”

-ဟု မှတ်ချက်ပေးသည်။

သူ့မျက်လုံးတွင် အမျိုးသမီးများဟူသည် အရိုးစုများသာ ဖြစ်ကြ၏။

“ ဘုန်းကြီး ... တာအိုစုက အမျိုးသမီးတွေအပေါ် စွဲဆောင်နေတယ် ဆိုရင်တောင် ... သူက ငါတို့ဦးညွှတ်ဖို့ လုံလောက်တဲ့ စွမ်းအားကို ...

... ပိုင်ဆိုင်ထားတုန်းပဲ ... မင်း အစွမ်းမထက်ရင် မင်းကိုဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ”

ရုတ်တရက် ကျန့်လီက ချန်ရှင်း စကားများကို မကြိုက်ဟန်ဖြင့် ရန်တွေ့သည်။ ချီကျန့်စုသည်လည်း သူ့ဆံပင်တိုတိုများကို နားရွက်နောက် သပ်တင်လျက်မှ၊

“ ဘုန်းကြီး ... မင်းက ငါတို့လိုအမျိုးသမီးတွေအပေါ် လွန်လွန်ကဲကဲ မုန်းတီးနေတာလား။ ”

-ဟု အေးစက်စွာ မေးမြန်း၏။

ချန်ရှင်းတစ်ယောက် မျက်နှာ ပျက်ယွင်းသွားကာ ဦးရေပြားများ ယားယံလာ ခဲ့လေသည်။ အဆုံးတွင် သက်ပြင်းချလျက်၊

“ စုရီကို အမျိုးသမီးတွေနဲ့သာ အချိန်ကုန်နေရင် မကောင်းဘူးလို့ ပြောတာပါ အမျိုးသမီးတွေအပေါ် မကောင်းဘူးလို့ ...

... ငါ မပြောခဲ့ပါဘူး ... မင်းတို့က ဘုန်းကြီးတစ်ပါးကို ဘာလို့ဒီလောက်တောင် ရန်လိုနေရတာလဲ။ ”

-ဟု ပြောကြားလိုက်တော့၏။

မျှော်လင့်ထားသည့်အတိုင်း အမျိုးသမီးများအားလုံးသည် အတူတူပေပင်။ သူတို့သည် လွှမ်းမိုးလိုခြင်း သို့မဟုတ် ရန်လိုခြင်းများသာ ရှိချေပြီ။

***

All Chapters