← Chapters

ငါ သတ်လိုက်ပြီ။

Vol. 41 Ch. 483

ငါ သတ်လိုက်ပြီ။

Vol. 41 Ch. 483

ရေကန်အတွင်း ကြာပန်းများ လှုပ်လှုပ်ရွရွဖြင့် လှိုင်းအချို့ပင် တလိမ့်လိမ့် ရုန်းကြွနေသည်။

စုရီတစ်ယောက် တင်ပျဉ်ခွေထိုင်နေ၏။ အရပ်ရပ်မှ ဝိညာဉ်စွမ်းအင်များက အောက်ခြေ မရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ခန္ဓာထဲ အဆက်မပြတ် စီးဝင်နေသည်။

အဝေးမှကြည့်သော် သူသည် ကြွယ်ဝသောဝိညာဉ်စွမ်းအင်များနှင့် ပြန်လည် မွေးဖွားလာသည့် အင်မော်တယ်တစ်ပါးလိုပင်။

မူလနန်းတော်အတွင်း၌ မီးစိမ်းရောင် ဘောလုံးကဲ့သို့သော အံ့သြဖွယ်ရာအစေ့တစ်စေ့ လွင့်ပျံနေသည်။

ဤသည်မှာ မိုးပြာမျိုးစေ့ပေပင်။ စုရီမှဝိညာဉ်စွမ်းအင်များ စုပ်ယူနေသောအခါ ဤမှော်ဆန်သော အရာဝတ္ထုသည် ကူညီ စုပ်ယူပေး၏။

ယင်းသည် ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်စွမ်းအင်များကို စုဆောင်းပေးခြင်းဖြင့် လိုအပ်ပါက ပြန်၍အသုံးပြုနိုင်ပေမည်။

၎င်းသည် မည်သည့် ကျင့်ကြံမှု နည်းစနစ်မျိုးနှင့်မဆို လိုက်လျောညီထွေဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကြား ပျံနှံ့နေသော တာအိုကျက်သရေကို ခြေရာခံပေးနိုင်၏။

ထို့ကြောင့် အံ့သြဖွယ်ကောင်းစွာ စုရီအသွင်သည် ဉာဏ်အလင်းအနေအထား၌ နှစ်မြှုပ်နေတော့သည်။

ဤအချက်သည် ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်ဆေးများ၏ အကျိုးသက်ရောက်မှုထက် များစွာသာလွန်၏။ ညဉ့်နက်ချိန်တွင် စုရီသည် တရားထိုင်ရာမှ နိုးလာသည်။

“ ဒီနှုန်းနဲ့ဆို ငါလျှို့ဝှက်မြေကနေ ထွက်သွားတဲ့အခါ ကြယ်စုစည်းခြင်းအဆင့်ရဲ့ အလယ်အလတ်အဆင့်ကို ရောက်သွားနိုင်တယ် ယန်တာအိုကိုလည်း နားလည်နိုင်မယ်။ ”

ကျင့်ကြံမှုတွင် သိမ်မွေ့သော အပြောင်းအလဲများကို ခံစားလိုက်ရသဖြင့် ကျေနပ်မှု အရိပ်အမြွက်များ ပြသလာ၏။

ပြင်ပကမ္ဘာတွင် ဤကဲ့သို့သော ရလာဒ်မျိုးအပေါ် အချိန်တိုအတွင်း ရရှိနိုင်ရန် ခက်ခဲချေပြီ။

သို့သော် ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသော ဤဒေသ၌မူ မိုးပြာမျိုးစေ့အကူအညီဖြင့် လျင်မြန်စွာ တိုးတက်ပေမည်။

သူ့အရည်အချင်းအရ မည်မျှ မြန်မြန်ကျင့်ကြံရမည်ကို ဂရုမစိုက်သော်လည်း အချိန်ကုန်သက်သာစေသည်က အကောင်းဆုံးပေပင်။

ဝမ်ရှင်းကျောက်နှင့် သော်ခိုသည် လေသံတိုးတိုးဖြင့် စကားပြောနေတော့သည်။ ညမီးရောင်အောင်တွင် ထိုအမျိုးသမီးနှစ်ဦး၏ ကွဲပြားခြားနားသော အလှတရားကို ပေါ်လွင်နေစေ၏။

တစ်ဖက်တွင် ယွီရှစ်ချန်သည် တရားထိုင်နေသည်။ သူမ၏ အထီးကျန်ပုံစံမှာ နှင်းကဲ့သို့ အေးစက်သောရောင်ဝါဖြင့် ဖုံးလွှမ်း နေခဲ့၏။

ကောချင်အတွက်မူ သူ့ကိုယ်သူ ခုခံကာကွယ်ရန်အတွက် လျှို့ဝှက်အဆောင်များ သန့်စင်နေသည်။

ဤမြင်ကွင်းသည် စုရီကို ပြုံးစေ၏။ အဆုံးတွင် ကြိမ်ကုလားထိုင် ထုတ်ယူလိုက်ကာ ပျင်းရိစွာအိပ်လိုက်တော့သည်။

ဘဝ၏ အတက်အကျလှိုင်းများကို တွေ့ကြုံခံစားဖူးသူများသာ လောကအနှစ်သာရ ဟူသည် ငြိမ်းချမ်းခြင်းအဖြစ် နားလည်နိုင်၏။

အချိန်များ ကုန်လွန်သွားသည်။ ငါးရက်ကြာပြီးနောက် ယန်တာအိုနှင့်မိုးကြိုး တာအိုအပေါ် ပြီးပြည့်စုံလာစေ၏။

ထို့ကြောင့် ဒြပ်စင်ငါးပါးတာအို၊ ယင်ယန်တာအို၊ လေနှင့်မိုးကြိုးတာအိုတို့သည် ပြီးပြည့်စုံသွားချေပြီ။

ဒြပ်စင်ငါးပါးသည် အုတ်မြစ်ဖြစ်ပြီး ယင်နှင့်ယန်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်တီးကာ လေနှင့်မိုးကြိုးသည် အရာခပ်သိမ်း မွေးဖွားနိုင်၏။

အရိုင်းမြေကိုးပါး၌ပင် အနှစ် တစ်ထောင်အတွင်းရှားပါးပြီး အောင်မြင်အောင် စွမ်းဆောင်နိုင်သော ပါရမီရှင်များစွာ မရှိချေ။

ဤသည်မှာ သူ့အတွက် အစသာပေပင်။ တစ်နည်းအားဖြင့် ဆိုရသော် ဤအမြင့်မြတ်ဆုံး တာအိုသုံးတွဲအပေါ် ကျွမ်းကျင်ခြင်းသည် ဝိညာဉ်တာအိုနယ်ပယ်အတွက် ပြင်ဆင်မှုတစ်ခုဖြစ်သည်။

ဆိုလိုသည်မှာ မူလတာအိုအဆင့်၌ တာအိုကျက်သရေကို စတင်နားလည်နိုင်သည်။ ‘တာအိုအမှန်တရား’ အတွက်ကိုမူ ဝိညာဉ် တာအိုနယ်ပယ်သို့ ရောက်မှသာလျှင် နားလည်မည်ဖြစ်၏။

အဆုံးတွင် နက်နဲတာအိုနယ်ပယ်၌ တာအိုနိယာမကို ပေါင်းစည်းနိုင်သည်။ ယင်းကို တာအိုကျက်သရေ၊ တာအိုအမှန်တရားနှင့် တာအိုနိယာမ ဟူ၍ ခေါ်ဆိုကြ၏။

အဆုံးတွင် ငရဲဘုံကိုးပါးဓားတွင် ချိတ်ပိတ်ထားသော တံဆိပ်ကိုးခုမှ ရရှိသော ထိုးထွင်းသိမြင်မှုဖြင့် ပြိုင်ဘက်ကင်းတာအို အသစ်ဖန်တီးကာ ဧကရာဇ်နယ်ပယ်အပေါ် ဖြတ်ကျော်ရပေမည်။

အရိုင်းမြေကိုးပါးတွင် ဤကဲ့သို့သော တာအိုအယူအဆကို မည်သူမျှ ဖန်တီးနိုင်မည် မဟုတ်ချေ။

ရက်ပေါင်းများစွာ ကုန်လွန်သွားပြီး ကျင့်ကြံမှုအဆင့်သည် ကြယ်စုစည်းခြင်းအဆင့် အလယ်အလတ်သို့ ရောက်ရှိသွားသည်။

ဒါန်တမ်တွင် ကြယ်ပေါင်း ကိုးသောင်းကိုးရာကိုးဆယ့်ကိုးပွင့်အထိ တိုးပွားလာပြီး ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်လာသည်။

“ အစ်ကိုစု၊ မနက်ဖြန်မှာ လျှို့ဝှက်နယ်မြေကနေထွက်ဖို့ နောက်ဆုံး နေ့ရက်ပဲ။ ”

အောက်တိုဘာလ (၂၉) ရက်။ စုရီသည် အမှောင်နတ်ဓားကို ပြန်လည်သန့်စင်နေခဲ့၏။ ဝမ်ရှင်းကျောက် ရောက်ရှိလာသောအခါ ဓားမှ အမှောင်ရောင်ဝါများ ဖြာထွက်နေသည်။

ထက်ရှမှုသည် သေမျိုးလောကမှ လွတ်ကင်းပြီး သဘာဝသို့ ပြန်လည်ရောက်ရှိ စေသည့် ခံစားချက်မျိုးပေးစွမ်း၏။

ကံမကောင်းစွာဖြင့် ဤဓားသည် မူလတာအိုအဆင့် ရတနာတစ်ခုသာဖြစ်သည်။ ဝိညာဉ်တာအိုနယ်ပယ်သို့ တက်လှမ်းသောအခါ ကိုင်ဆွဲရန် ခက်ခဲ​သွားချေပြီ။

သို့သော် ကောင်းကင်ပြာဓားကို သန္ဓေတည်အဖြစ်ယူကာ အမှောင်နတ်ဓားနှင့် ပေါင်းစပ်သွားမည် ဖြစ်သည်။

ဤနည်းအားဖြင့် ကောင်းကင်ပြာဓားကို မွေးရာပါနတ်ဝိညာဥ်ရတနာအဖြစ်သို့ ပြန်လည် သန့်စင်နိုင်ပေမည်။

“ အစ်ကိုစု၊ အစ်မယွီရှစ်ချန်နဲ့ ငါဆွေးနွေးပြီးပါပြီ ဒီကနေထွက်ခွာသွားပြီးရင် ဘာပဲဖြစ်ဖြစ် မင်းနဲ့အတူတူ ဖြေရှင်းပါ့မယ်။ ”

ဝမ်ရှင်းကျောက်က ကြည်လင် ပြတ်သားသောအသံဖြင့် အလေးအနက်ထား ပြောကြားလာသည်။

“ ဘာတွေ စိတ်ပူနေတာလဲ။ ”

စုရီက အမှောင်နတ်ဓားကို စစ်ဆေးနေခြင်းအပေါ် ရပ်နားလျက်မှ ပြန်မော့ ကြည့်လိုက်၏။

“ အစ်ကိုစု ... မင်းအန္တရာယ်ကြုံရမှာကို လုံးဝစိတ်မပူဘူးလား။ ”

“ စိတ်မပူပါဘူး။ ”

ဝမ်ရှင်းကျောက်တစ်ယောက် အံ့အားသင့်သွားလေသည်။ အဆုံးတွင် ရယ်မောလျက်၊

“ ဟား ဟား ဟား ... အစ်ကိုစုက ဒီအရာတွေအတွက် စိတ်မပူဘူးဆိုတာ ငါ မျှော်လင့်ထားသင့်တယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ မင်းဘာလို့ စိတ်​ရှုပ်​​ခံနေတာလဲ မိန်းကလေး ရှစ်ချန်ကိုကြည့်ပြီး တည်ငြိမ်အောင်နေပါ။ ”

စုရီက တရားထိုင်နေသော ယွီရှစ်ချန်ထံ ညွှန်ပြလိုက်သည်။

“ အစ်ကိုစု၊ မင်းမှားတယ် ... မင်းကို ဘယ်သူက ဂရုစိုက်ဆုံးလဲဆိုရင် အစ်မရှစ်ချန်ပဲ သူကခံစားချက်တွေကို ထိန်းရတာ ကြိုက်တဲ့လူမို့ မသိနိုင်တာ ... ။ ”

ဝမ်ရှင်းကျောက်က ပြုံးလျက် တုန့်ပြန်လေသည်။ စုရီမှ လှမ်းကြည့်လိုက်ရာ အဖြူရောင် အဝတ်အစားနှင့် တည်ငြိမ်သော ရေခဲအလှတရားကို မြင်လိုက်ရ၏။

အခြားသူများထံမှ ဂရုစိုက်မှုနှင့် သတိပြုမှုကိုရရှိခြင်းသည် သဘာဝအတိုင်း ကျေနပ်စေသောအရာပေပင်။

အောက်တိုဘာလ (30)ရက်။ စုရီနှင့် သူ့အဖွဲ့သည် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

“ တာအိုစု ... ကျေးဇူးပြုပြီး ဒီပန်းချီကား နှစ်ချပ်ကို သိမ်းထားပါ မင်းဖွင့်ချင်ရင် ဘယ်သူမှ အနားမှာ မရှိတဲ့အခါဖွင့်ပါ။ ”

သော်ခိုက လမ်းခွဲလက်​ဆောင်အဖြစ် ပေးအပ်လာသည်။ ဤသည်မှာ သူမ၏ ဒုတိယ ဝိညာဉ်မှ ဆွဲခဲ့ခြင်းဖြစ်၏။

ထို့နောက် သူတို့သည် နောက်ထပ် မနှောင့်နှေးတော့ဘဲ စကြာဝဠာဝင်ခွင့်တံဆိပ်ကို အသုံးပြုလိုက်ကြသည်။

ကောင်းကင်နှင့် မြေကြီးကြားလှိုင်းများ ပေါ်လာ၏။ ခဏအကြာတွင် စုရီနှင့်အဖွဲ့၏ ပုံရိပ်များပင် လေထုအလယ် ပျောက်ကွယ် သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေအနှံ့ နေရာတော်တော်များများတွင်လည်း အလားတူ မြင်ကွင်းများ ဖြစ်ပေါ်နေ၏။

ဤသည်မှာ စကြာဝဠာကျွန်း၏ နောက်ဆုံးနေ့ဖြစ်သည်။ အသက်ရှင်နေသည့် မည်သူမဆို ထွက်ခွာသွားရပေမည်။

“ ဟမ့် ... ။ ”

တည်နေရာ ရွေ့ပြောင်းအစီရင်ပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် ပြန်ပေါ်လာကြ တော့သည်။

စုရီနှင့်အဖွဲ့ ပြန်ရောက်သောအခါ ကျန်းဖူ၊ချီကျန့်စု၊ ချန်လု၊ ကျန့်လီ၊ ယွီဝမ်ရှနှင့် ထိပ်တန်းပါရမီရှင်များ အားလုံး ရောက်ရှိနေပြီဖြစ်၏။

အချိန်အတော်ကြာပြီးနောက် ပလ္လင်ကိုစောင့်ကြပ်နေသော ဝမ်လျူက လူအရေအတွက်များ စစ်​ဆေးလျက်၊

“ ဘာလို့ ဒီလူပဲ ရှိနေရတာလဲ။ ”

-ဟု ရှုပ်ထွေးစွာ မေးသည်။

“ ဟွမ်ရှောင်ယုနဲ့ အဖွဲ့က ပြန်မလာနိုင်တော့ပါဘူး။ ”

ချန်လုက တည်ငြိမ်သောအသံဖြင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအပေါ် အကျဉ်းချုံး ပြန်ပြောပြလိုက်သည်။

ဝမ်လျူ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းလာပြီး အေးစက်သောလေထုကို ရှုရှိုက်လိုက်ရ၏။

( ဒီကောင်လေး ကြယ်စုစည်းခြင်း အလယ်အလတ်အဆင့်ဆိုတာ ထင်ရှားပါတယ် ဒါနဲ့တောင် ဟွမ်ရှောင်ယုတို့ကို ရှင်းထုတ်ခဲ့တာ မယုံနိုင်စရာပဲ။ )

ထို့နောက်တွင် ကျန်သူများကို သတိရလာပြီး၊

“ ယန်ကျင်းယွင်၊ ကျန့်လင်ကျန်း၊ သွမ့်ကူယွင်နဲ့ ရန်ချုံးလည်း ထွက်မလာသေးဘူး သူတို့တစ်ခုခု ဖြစ်ခဲ့သလား။ ”

-ဟု ထပ်မေးသည်။ ဤတစ်ကြိမ်တွင် ဖုန်တုက၊

“ သွမ်ကူယွင်နဲ့ ရန်ချုံးတို့ နှစ်ယောက်လုံးသေပြီ ... သူတို့ကိုစောင့်နေစရာ မလိုတော့ဘူး။ ”

-ဟု ပြန်ဖြေ၏။

ဝမ်လျူမှ မျက်ခုံးပင့်သွားသည်။ ဤတစ်ကြိမ်တွင် ဝင်ရောက်လာသူ (၃၄)ဦးရှိပြီး (၁၁)ဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့၏။

ထိုပမာဏသည် သူ့မျှော်မှန်းချက်ထက် လုံးဝကျော်လွန်သွားကာ တည်ငြိမ်မှု ပျောက်ဆုံး စေတော့သည်။

“ ဒါဆို ... ယန်ကျင်းယွင်နဲ့ ကျန့်လင်ကျန်းရော ဘယ်လိုလဲ။ ”

လူတိုင်း တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြသည်။ မည်သူမျှ ပြန်မဖြေ နိုင်ကြချေ။ သူတို့အားလုံး မမြင်မိသည်မှာ သေချာနေ၏။

“ ကောင်းပြီ ... ဒါဆို ခဏလောက် စောင့်လိုက်ရအောင် သူတို့အသက်ရှင်နေသရွေ့ ဒီနေ့ကျွန်းကနေ ပြန်ထွက်လာမယ်ဆိုတာ ငါယုံကြည်တယ်။ ”

ဝမ်လျူက သက်ပြင်းချကာ ပြောလိုက်သည်။ သို့သော်၊

“ မစောင့်နဲ့ သူတို့ပြန်မလာတော့ဘူး။ ”

-ဟု စုရီက စိတ်​မရှည်​တော့သလို ဝင်ရောက်ပြောကြားလာသည်။ သို့သော် သူ ပြောလိုက်သည်နှင့် တပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွား၏။

စိတ်သက်သာရာရကာစ ဝမ်လျူမှ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး စုရီအပေါ် ပြန်မော့ကြည့်သည်။

ထိုသို့သော အသေးအမွှားကိစ္စနှင့် ပတ်သက်၍ လိမ်ညာပြောဆိုရန် ဆန္ဒမရှိသဖြင့် စုရီက၊

“ ငါသတ်လိုက်ပြီ။ ”

-ဟု ကြေငြာလိုက်တော့သည်။

ဤစကားသည် ပေါ့ပါးလွန်းသော်လည်း လူတိုင်း၏စိတ်ဝိညာဉ်၌ မိုးခြိမ်းသံများကဲ့သို့ ပဲ့တင်ထပ်လာ၏။

စုရီသည် ဖုံးကွယ်မထားရန် ဆန္ဒမရှိဘဲ နောက်ဆက်တွဲ အကျိုးဆက်အပေါ် လျစ်လျူရှု ထားခဲ့သည်မှာ မြင်သာနေချေပြီ။

***

All Chapters