ကြီးမားသောဒုက္ခ ... ။
Vol. 41 Ch. 485
ဆောင်းရာသီ၏ အစဖြစ်သည်။ ကောင်းကင်ကြီးသည် အေးစိမ့်နေပြီး မြေပြင်၌ ရေခဲလွှာများ အေးခဲနေ၏။
“ လိပ်မိုက်လေး မင်းဘယ်လို ဖြေရှင်းလိုက်တာလဲ။ ”
“ ဆရာ၊ တပည့် ခဏလောက် ထွက်သွားရမယ်လို့ ... သူ့ကိုပြောခဲ့ပါတယ်။ ”
စုရီမှ ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကြေးသေတ္တာတစ်လုံးလေထဲ လွင့်ထွက်လာသည်။
သေတ္တာအဖုံးကို ဖယ်လိုက်ချိန်၌ အတွင်းဘက်တွင် ချိတ်ပိတ်ထားသော နတ်ဆိုး သန္ဓေသား မြင်နေရ၏။
“ ငါသင်ပေးခဲ့တဲ့ ဝိညာဉ်ငြိမ်သက်ခြင်းမန္တန်ကို မင်းမှတ်မိသေးလား။ ”
စုရီက မေးသည်။
“ ဟုတ်ကဲ့ ... ။ ”
“ ကောင်းပြီ ... နတ်ဆိုးသန္ဓေသားထဲ ဝင်ပြီးရင် အတွင်းမှာနေရှိတဲ့ သက်ရှိကိုနှိမ်နှင်းဖို့ ဒီမန္တန်ကိုအသုံးပြုပါ သူခုခံနေရင် ... မင်း သတ်ပစ်နိုင်တယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
အဆုံးတွင် ရွှမ်နင်တစ်ယောက် အလင်းတန်းသဖွယ် မှုန်ဝါးသွားပြီး နတ်ဆိုး သန္ဓေသားထဲသို့ ဝင်ရောက်သွား၏။
“ ဘုန်း ... ။ ”
နတ်ဆိုးသန္ဓေသား အတွင်းရှိ အသက်ပုံစံသည် ရူးသွပ်စွာ ရုန်းကန်နေသဖြင့် ကြေးသေတ္တာမှာ ပြင်းစွာတုန်ခါသွားသည်။
အုံ့ဆိုင်းနေသော အလင်းတန်းများ ပတ်ပတ်လည် ပျံ့နှံ့နေသည်ကို လက်နှစ်ဖက် နောက်ပစ်ပြီး စုရီမှ ကြည့်နေလိုက်၏။
များမကြာခင် နတ်ဆိုးသန္ဓေသား၏ သနားစရာကောင်းသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
“ စုရီ ... မရဏငရဲနန်းတော်က မင်းကိုလွှတ်ထားမှာ မဟုတ်ဘူး။ ”
ဤအသံသည် လေထုထဲတွင် ပဲ့တင်ထပ်လျက် အဆုံးတွင် ငြိမ်သက်သွား တော့၏။
“ ဆရာ ... တပည့်အောင်မြင်ပြီ။ ”
ရွှမ်နင်က သတင်းပို့လာသည်။
“ တစ်နှစ်အတွင်းမှာ ... မင်းရဲ့ခန္ဓာ ပြန်လည်တည်ဆောက်နိုင်ပြီး ခရီးလမ်းအသစ် စတင်နိုင်မယ်လို့ ငါအာမခံတယ်။ ”
“ သေချာပေါက် ဆရာစိတ်မပျက်စေရပါဘူး။”
စုရီက ပြုံးလျက် ဆက်မပြောတော့ဘဲ တံဆိပ်များ ဖန်တီးလိုက်၏။ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာကာ ဆန်းကြယ် လွန်းသည့်အမိန့်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။
၎င်းသည် နတ်ဆိုးသန္ဓေသား၏ မျက်နှာပြင်ကို ဖြည်းညှင်းစွာ ဖုံးအုပ်တော့သည်။ နတ်ဆိုးသန္ဓေသား တစ်ခုလုံး တောက်ပလျက် လျင်မြန်စွာ ကျုံ့ဝင်သွား၏။
“ မူလ-တံဆိပ်ခတ်ခြင်း အမိန့်။”
ဤသည်မှာ နတ်ဆိုးသန္ဓေသားအတွက် အထူးတံဆိပ်ခတ်ခြင်း နည်းလမ်းဖြစ်လေသည်။ အဆုံးတွင် နတ်ဆိုးသန္ဓေသားမှာ ပဲစေ့အရွယ် အထိ ကျုံ့သွားပြီး စုရီမှမျိုချလိုက်၏။
ထို့နောက် မူလနန်းတော်ထဲသို့ ဝင်ရောက်လာကာ မိုးပြာမျိုးစေ့၏ အပြာရောင် အလင်းတန်းများဖြင့် ဖုံးအုပ်ခံလိုက်ရသည်။
လုပ်ငန်းစဉ် ပြီးမြောက်ပြီးနောက် ယွမ်ဟမ်နှင့်ပိုင်ဝမ်ချင်းတို့ ပြန်ရောက်လာခြင်း မရှိသေးကြောင်း သတိရလာသည်။
ဝမ်လျူသည် တခါတရံ အနည်းငယ် စိတ်မချနိုင်အောင် သတိ ကြီးလွန်းနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဆေးအိုးကိုးပါးမြို့သည် တော်ဝင်မိသားစုနယ်မြေဖြစ်၏။
ဧကရာဇ်ရှမှ သူတို့အပေါ် စောင့်ကြည့်ပေးခြင်းဖြင့် အန္တရာယ်ကင်း နေပေမည်။
ထိုအချိန်တွင် ကောင်းကင် တောင်တန်းကြီးပေါ်ရှိ ခန်းမတစ်ခုအတွင်း ဝမ်လျူဝင်ရောက်သွား၏။
“ အကြီးအကဲရွှေ၊ သခင် ဘယ်ရောက်သွားတာလဲ။ ”
စကြာဝဠာကျွန်းဆီမှ ပြန်ရောက်ချိန်၌ ဧကရာဇ်ရှ ခရီးထွက်သွားသည်ကို သိခဲ့ရသည်။ ထို့ကြောင့် အကြီးအကဲရွှေနှင့် တွေ့ဆုံကာ မေးမြန်းနေခြင်းဖြစ်၏။
ထုံးစံအတိုင်း ဧကရာဇ်ရှအတွက် အလုပ်လုပ်ပေးနေသော ထိုအဘိုးကြီးသည် ခေါင်းယမ်းပြသည်။
“ သူ ထွက်သွားချင်တဲ့အခါ သူဘယ်ကိုသွားတယ်ဆိုတာ ငါဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ”
“ ဒါပေမယ့် သခင်ပြန်မလာတာ လဝက်တောင်ရှိနေပြီ သူ့အကြောင်း သတင်း လုံးဝမရှိဘူးလား။ ”
အကြီးအကဲရွှေက နောက်တစ်ကြိမ် ခေါင်းယမ်းပြန်သည်။ ဝမ်လျူမှ မျက်ခုံးပင့်ကာ၊
“ ဒါဆို ... ငါတို့ဘာလုပ်ကြမလဲ စုရီက ကြီးမားတဲ့ဒုက္ခတွေကို ခေါ်ဆောင်လာပြီ သခင် ပြန်မလာခင် သူသေသွားရင် ဘာဖြစ်မလဲ။ ”
-ဟု ညည်းတွားလိုက်၏။
“ သခင် မထွက်ခွာခင်မှာ တတိယမြောက် အကြီးအကဲနေဘုရင်ကို တော်ဝင်မိသားစုအရေး စီမံခန့်ခွဲဖို့ အပ်နှင်းခဲ့ပါတယ် ... နေဘုရင်က ဒီအဖြစ်အပျက်ကို သိနေပါလိမ့်မယ်။ ”
“ နေဘုရင်လား ... ။ ”
ဝမ်လျူက အတွေးထဲ နစ်မွန်းသွားသည်။ နေဘုရင်၏အမည်သည် ရှလင်းယွမ် ဖြစ်သည်။ မဟာရှမင်းဆက်၌ ကျော်ကြားလှသော ကျွမ်းကျင်သူပေပင်။
“ သွားရအောင် သူ ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ ကြည့်ရမယ်။ ”
ဝမ်လျူက ချက်ချင်းထရပ်ပြီး လှမ်းထွက်တော့မည့်အချိန်တွင် ခန်းမအပြင်မှ လျင်မြန်စွာ လျှောက်လှမ်းနေလာသော ခြေသံတစ်စုံကို ကြားလိုက်ရသည်။
“ ဒီအစေခံအမည်က တင်းရှစ်လျူပါ။ ”
ထို့နောက် အနက်ဝတ်အစောင့်တစ်ဦး ခန်းမထဲဝင်လာကာ လေးလေးနက်နက်ဖြင့် ဦးညွှတ်တော့၏။
“ ပြောပါ ဘာအတွက်လဲ။ ”
ဝမ်လျူမှ ပြန်မေးသည်။
“ အကြီးအကဲဝမ် ... ယွမ်ဟမ်နဲ့ ပိုင်ဝမ်ချင်းကို မိုးပြာခြံဝင်းဆီပို့ဆောင်ဖို့အတွက် ငါသွားခေါ်ခဲ့ပေမယ့် ... ကံမကောင်းစွာနဲ့ပဲ ငါ ညံ့ဖျင်းမှုကြောင့် မအောင်မြင်ခဲ့ပါဘူး။ ”
“ မင်း ဘာကို ဆိုလိုတာလဲ။ ”
“ ဟုတ်ကဲ့ ... နေဘုရင်ရဲ့ လက်အောက်ငယ်သားတွေက ခြေတစ်လှမ်း စောပြီး သူတို့နဲ့အတူ လိုက်ဖို့ ဖိတ်ခေါ် သွားခဲ့ပါတယ်၊ ပွဲတက်ဖို့ ဖိတ်ခေါ်တယ်လို့ ပြောနေသံကြားပါတယ် ...
... ဒီအစေခံက သူတို့ကို စောင့်နေပေမယ့်လည်း လုံးဝ ပြန်မလာတော့ ပါဘူး ... နေဘုရင်ကို သွားမေးကြည့်တော့ သူနဲ့အတူ ယာယီခေါ်ထားဖို့ ရွေးချယ် ထားတယ်လို့ သိခဲ့ရပါတယ်။ ”
အစေခံစကားကြောင့် ဝမ်လျူ၏ အမူအရာသည် တစ်ခုခု လွဲမှားနေကြောင်းကို ခံစားမိဟန် စိုးရွံ့လာ၏။
“ စိတ်ဝင်စားစရာပဲ သွားကြည့်ရအောင်။ ”
ဝမ်လျူက အသက်ပြင်းပြင်းရှူကာ ချက်ချင်းဆုံးဖြတ်ချက်ချသည်။ အကြီးအကဲရွှေ သည်လည်း ခေါင်းညိတ် သဘောတူ၏။
ကောင်းကင်တောင်ထိပ်သည် ရွှေကျောက်စိမ်းများနှင့် အလှဆင်ထားသော ရင်ပြင်တစ်ခုဖြစ်သည်။
ခမ်းနားသော ပွဲတော်ပြီးဆုံးသွားခဲ့ပြီး ဖြစ်သဖြင့် ဧည့်သည်တော်များ ရှင်းလင်နေ၏။ အိမ်ရှင်ဖြစ်သော နေဘုရင်ရှလင်းယွမ်သည်သာ တစ်ယောက်တည်း ထိုင်ကျန်ခဲ့လေသည်
“ အကြီးအကဲရှလင်းယွန် ... အကြီးအကဲဝမ်လျူနဲ့ အကြီးအကဲရွှေက တွေ့ခွင့် တောင်းဆိုနေပါတယ်"
ခန်းမအပြင်ဘက်မှ တစ်စုံတစ်ဦးက လေးစားစွာ အစီရင်ခံလာသည်။ ရှလင်းယွမ်က မျက်ခုံးပင့်ကာ ခဏမျှ စဉ်းစားပြီးနောက်၊
“ ဝင်ခွင့်ပြုလိုက်ပါ။ ”
-ဟု တုန့်ပြန်၏။
များမကြာခင် ဝမ်လျူနှင့် ရွှေတျန်ချီတို့ နှစ်ယောက်အထဲသို့ ဝင်ရောက်လာပြီး ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏
“ စုရီကြောင့် မင်းတို့ ဒီမှာလား။ ”
ဝမ်လျူနှင့်ရွှေတျန်ချီက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ ရှလင်းယွမ်မှ သက်ပြင်းရှည်ကြီး မှုတ်ကာ၊
“ ဒါက တကယ့် ပြဿနာပဲ .... ကိုင်တွယ်တာမှားရင် တော်ဝင်မိသားစု အပေါ် မမျှော်လင့်ထားတဲ့ ဘေးဆိုးတွေ ရှိလာလိမ့်မယ် ဒီညပွဲကို ဘယ်သူတွေ တက်ရောက်တာလဲ မင်းတို့သိလား။ ”
အကြီးအကဲဝမ်လျူနှင့် အကြီးအကဲရွှေမှ ခေါင်းယမ်းပြသည်။
“ ရှေးဟောင်းအင်အားစု အသီးသီးရဲ့ ကိုယ်စားလှယ်တွေပဲ ... ဟွမ်မိသားစု ... ၊ မရဏ ငရဲနန်းတော် ... ၊ လောင်မြိုက်နေသော နေမင်းဂိုဏ်း ... စသဖြင့်ပေါ့ ...
... ဂိုဏ်းပေါင်း (၁၀)ဂိုဏ်းကျော်က စုရီကြောင့် ဖြစ်ရတဲ့ဒုက္ခအတွက် ငါတို့ဆီ လာတွေ့ခဲ့ကြတာပဲ။ ”
ထို့နောက် တတိယအကြီးအကဲက ဝမ်လျူနှင့်ရွှေတျန်ချီကို စိုက်ကြည့်လိုက်သည်။ အကြီးအကဲနှစ်ယောက်ခမျာ အမူအရာများ ပြောင်းလဲသွား၏။
စကြာဝဠာကျွန်းသို့ ခရီးစည်သည် ပြီးဆုံးရုံသာရှိသေးသော်လည်း အင်အားစုများ တံခါးလာခေါက်နေကြချေပြီ။ ဟွမ်ရှောက်ယုနှင့် အဖွဲ့သေဆုံးမှုသည် သူတို့၏ဒေါသကို နှိုးဆွစေခဲ့သည်မှာ သေချာ၏။
“ တတိယအကြီးအကဲ၊ သူတို့ ဒီကိုလာတာ စုရီကို လက်စားချေဖို့လား။ ”
“ မဟုတ်ဘူး ... သူတို့က ငါတို့ တော်ဝင်မိသားစုရဲ့ သဘောထားကို ဆွေးနွေးဖို့ လာခဲ့ကြတာပဲ ...
... ငါတို့သာ စုရီအပေါ် အကာအကွယ် ပေးချင်တယ်ဆိုရင် သူတို့ရဲ့ရန်သူတွေအဖြစ် သတ်မှတ်မှာမို့ သတိလာပေးတာပါ။ ”
အကြီးအကဲနှစ်ယောက်မှာ တိတ်ဆိတ်သွားလေသည်။ ရွှေတျန်ချီက အသက်ပြင်းပြင်းရှူလျက်၊
“ တတိယအကြီးအကဲ မင်းဘယ်လို ပြန်ဖြေခဲ့လဲ ... ။ ”
-ဟု စိတ်လှုပ်ရှားစွာ မေးမြန်း၏။
“ ဧကရာဇ်ရှက ဒီကောင်လေးကို အလွန်အရေးပေးတာ ငါကောင်းကောင်း သိပါတယ် ဒါပေမယ့် ... ဒီကိစ္စကမတူဘူး တော်ဝင်မိသားစုတစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ သက်ဆိုင်နေတယ် ...
... ဧကရာဇ်ရှလဲ ဒီမှာမရှိတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချဖို့တောင် ခက်တယ်။ ”
ဤနေရာတွင် သူ့စကားကို ခေတ္တရပ်လိုက်ပြီး အမူအရာမှာ ရုတ်တရက် လေးနက်လာ၏။
“ ဒီညတော့ ဒီကိစ္စကို ဆွေးနွေးဖို့ တော်ဝင်မိစုဝင်တိုင်းဆင့်ခေါ်ဖို့ စီစဉ်ထားတယ် ငါတို့က သုံးရက်အတွင်း ... ရှင်းရှင်းလင်းလင်း အဖြေပြန်ပေးရလိမ့်မယ်။ ”
“ သုံးရက်လား ... ။ ”
ဝမ်လျူနှင့် ရွှေတျန်ချီ၏ နှလုံးသားမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံလိုက်ရသကဲ့သို့ အသက်ရှူကြပ်သွားတော့သည်။
“ မင်းတို့နှစ်ယောက် ... ဒါကို နားလည်ကြလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် ဒီအရေးက တော်ဝင်မိသားစုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေမယ့် အဖြစ်အပျက်ပဲ ...
... ငါတို့ရဲ့ စိတ်ခံစားချက်က ... ငါတို့ ဆုံးဖြတ်ချက်ကိုလွှမ်းမိုးဖို့ လုံးဝခွင့်မပြုနိုင်ဘူး တော်ဝင်မိသားစု တစ်ခုလုံးရဲ့ ကောင်းကျိုးကို အရင်ဦးစားပေး စဉ်းစားရမယ် ... မင်းတို့ရော ဘယ်လိုထင်လဲ။ ”
“ တတိယအကြီးအကဲ ... ဒီကိစ္စကို သဘာဝကျကျ သတိထားဖို့လိုပေမယ့် ငါတို့ စုရီကိုဆန့်ကျင်ရင် ခက်ရလိမ့်မယ်။ ”
ဝမ်လျူက တုန့်ဆိုင်းစွာ တုန့်ပြန်၏။
“ ရိုင်းလိုက်တာ၊ သူက ရှားပါးပြီး တုနှိုင်းမရတဲ့ ဉာဏ်ကြီးရှင်မျိုး ဖြစ်နိုင်ပေမယ့် နောက်ဆုံးမှာတော့ လူတစ်ယောက်ပါပဲ တော်ဝင်မိသားစု တစ်ခုလုံးရဲ့ ...
... လုံခြုံရေးနဲ့ အကျိုးကျေးဇူးတွေကို ဦးစားပေးရမယ် ... ဧကရာဇ်ရှ ရှိနေရင်တောင် ဒီလိုလုပ်မှာ သေချာတယ် ...
... မဟုတ်ရင် တော်ဝင်မိသားစု တစ်ခုလုံး ဒီအရှုပ်အထွေးထဲ ဆွဲငင်ခံရလိမ့်မယ်လို့ ဝမ်လျူ မင်းဒီလိုဖြစ်စေချင်တာ သေချာလား။ ”
“ မဝံ့ပါဘူး ... ။ ”
“ ကောင်းပြီ ... ငါအရမ်းပင်ပန်းနေပြီ ... မင်းတို့ပြန်သင့်ပြီ။ ”
အဆုံးတွင် တတိယအကြီးအကဲ ရှလင်းယွမ်က ရှင်းရှင်းလင်းလင်း မောင်းထုတ် တော့၏။ ဝမ်လျူမှ သက်ပြင်းချလိုက်သည်။
“ တတိယအကြီးအကဲ၊ ငါမသွားခင် မင်းကိုတစ်ခုလောက် မေးချင်ပါတယ်။ ”
“ မေးပါ ... ။ ”
“ မင်းဆုံးဖြတ်ချက် မချရသေးဘဲ ယွမ်ဟမ်နဲ့ပိုင်ဝမ်ချင်းကို ဘာလို့ ချုပ်နှောင် ထားရတာလဲ။ ”
ရှလင်းယွမ်တစ်ယောက် မျက်မှောင်ကြုတ်သွား၏။ ဤမေးခွန်းသည် သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။
“ ရှေးဟောင်းဂိုဏ်းပေါင်းစုံနဲ့ ... ငါတို့ဆုံးဖြတ်ချက်မချခင်မှာ စုရီကိုမြို့ကနေ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခွင့်မပြုဖို့ သဘောတူခဲ့တယ် ...
... ဒါကြောင့် သူတို့နှစ်ယောက်ကို ခေတ္တထိန်းသိမ်းထားတာ ... ဒီလိုအရေးမပါ လူအချို့အတွက် အချိန်ကုန်မခံနိုင်ဘူး စိတ်ချပါ သူတို့ကို ငါပြန်လွှတ်ပေးမှာ။ ”
ရှလင်းယွမ်၏ အဖြေကို ကြားချိန်၌ ဝမ်လျူတစ်ယောက် ထိတ်လန့်မှုနှင့် ဒေါသများ ရောယှက်သွားတော့၏။
ရွှေတျန်ချီသည်လည်း ထိုနည်းလည်းကောင်းပေပင်။ ဤသည်မှာ တော်ဝင်မိသားစုအတွက် ကြီးစွာသောဒုက္ခ ဖြစ်လာတော့မည်ကို ခံစားမိလိုက်၏။
***