ကောင်းကင်နှင့် မြေကြီး ပြောင်းလဲမှု။
Vol. 41 Ch. 490
ဆေးအိုးကိုးပါးမြို့တော်၊ ကျန့်မိသားစု။
“ နားလည်ပြီလား ... မင်းဘာပဲလုပ်လုပ် မင်းရဲ့ထင်မြင်ချက်တွေကို အလျင်စလိုမဖော်ပြ မိစေနဲ့ မဟုတ်ရင်သေချာပေါက် အောင်နိုင်မယ် ထင်နေပေမယ့် နေဘုရင်လို ခေါင်းဖြတ် နေရဦးမှာပဲ။ ”
ကျန့်မိသားစု ခေါင်းဆောင် ကျန့်ရှောင်ရှန်းတစ်ယောက် သူ့သမီးကျန့်လီကို လေးနက်စွာသတိပေးသည်။
“ ဖေဖေ ဒါကတော်ဝင်မိသားစုရဲ့ ပိုင်နက်တစ်ခုပဲ ဒီလိုသွေးထွက်သံယို ဖြစ်ရပ်ကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ ”
ကျန့်လီမှ ပြန်မေး၏။
“ ဒါက ဘုရင်မင်းမြတ်ရဲ့ ညွှန်ကြားချက်အရဖြစ်မယ် နောက်ဆုံးတော့ ဒီအဖြစ်အပျက်အပြီးမှာ တော်ဝင်မိသားစုဟာ စုရီဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်မယ်ဆိုတာကို ပြနေတာပဲ။ ”
ထိုအကြောင်းကိုပြောရမည် ဆိုသော် ကျန့်ရှောင်ရှန်းတစ်ယောက် သက်ပြင်းမချဘဲ မနေနိုင်ချေ။
“ ဒီလိုပါပဲ ... ဒါကလည်း ဧကရာဇ်ရှ စုရီအပေါ် ဘယ်လောက် တန်ဖိုးထားတယ် ဆိုတာ ပြနေတာပဲ ... ။ ”
ကျန့်လီတစ်ယောက် နှလုံးသားတစ်ခုလုံး ကမောက်ကမ ဖြစ်လာ၏။ စကြာဝဠာကျွန်း၌ သူမ အတွေ့အကြုံကို ပြန်လည် တွေးတောလျက်၊
“ ငါသာဆိုရင်လည်း စုရီဘက်မှာ ရပ်မိနေမှာပါ။ ”
-ဟု ပြောကြားလိုက်သည်။
သူမစကားကြောင့် ကျန့်ရှောင်ရှန်းမှ ထိတ်လန့်သွားပြီး၊
“ ကောင်မလေး၊ မင်းဘာပဲလုပ်လုပ် မင်းရဲ့ထင်မြင်ချက်ကို အလျင်စလိုမဖော်ပြနဲ့လို့ ငါအခုပဲ သတိပေးထားတယ်မဟုတ်လား။ ”
-ဟု ဟန့်တားလိုက်သည်။
“ ဖေဖေ ... မင်းစုရီရဲ့ အပြုအမူကို မျက်စိနဲ့မြင်ခွင့်ရခဲ့ရင် သူ့ခွန်အားတစ်ခုတည်းက ကမ္ဘာပေါ်က အင်အာစုများစွာကို နှိမ်နင်းဖို့ လုံလောက်နေပြီဆိုတာ နားလည်မှာပါ ချန်လုပြောသလိုပါပဲ။ ”
“ ဘာပြောလဲ ... ။ ”
“ ခေတ်တွေ ပြောင်းသွားပြီဖေဖေ။ ”
ကျန့်ရှောင်ရှန်းက မျက်ဝန်းများ အနည်းငယ်ကျဉ်းမြောင်းကာ အချိန်အနည်းငယ် တွေးတောလျက်၊
“ ကောင်မလေး ... ၊ မင်းက ဒီကိစ္စမှာ ငါ့ထက်သာတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
ကျန့်မိသားစုသည် မဟာရှရှိ ထိပ်တန်းမျိုးနွယ်စု သုံးခုအနက်မှ တစ်ခု ဖြစ်သည်။
ယခုအချိန်တွင် ကျန့်လီသည် ဝိညာဉ်ထင်ရှားခြင်းအဆင့်သို့ လှမ်းနိုင်သည့် မျိုးဆက်သစ် လူငယ်တစ်ဦးဖြစ်ချေ၏။
ကျန့်မိသားစုအတွက် ပထမတန်းစား အရည်အချင်းပေပင်။ မိသားစုရှိ အကြီးအကဲ များစွာနှင့် ယှဥ်နိုင်ပြီဖြစ်သည်။ သူသည်ပင် ထိုသို့သော အရည်အချင်းမရှိချေ။
ကျန့်လီတင်မက စကြာဝဠာကျွန်းမှ ပြန်လာသူအားလုံးမှာ ထိုနည်းလည်းကောင်း ပေပင်။
ဤလူငယ်များသည် ကမ္ဘာပေါ်ရှိ ဝိညာဉ်ထင်ရှားခြင်းအဆင့် မျိုးဆက်ဟောင်း များကို ထားခဲ့ပြီးဖြစ်သည်။ သာလွန်ကြီးစိုး လွှမ်းမိုးနိုင်စွမ်းများ ရှိနေကြ၏။
စုရီအတွက်မူ ဆိုဖွယ်မရှိချေ။ ကြယ်စုစည်းခြင်းအဆင့်မှ ဝိညာဉ်ထင်ရှားခြင်း အဆင့် မျိုးဆက်ဟောင်းများကို ခွေးနှင့် ကြက်များလို သတ်နိုင်နေပြီဖြစ်၏။
“ မျိုးဆက်တိုင်းမှာ အရည်အချင်းရှိတဲ့ လူတွေ မွေးဖွားလေ့ရှိတယ် ... ဒီတိုက်ကြီးထဲမှာ မျိုးဆက်ဟောင်းတွေအတွက် နေရာ မရှိတော့ဘူး ...
... မိုးပြာတိုက်ကြီးရဲ့ ပြောင်းလဲခြင်း ရေလှိုင်းတွေကြားမှာ သူ့လိုသူသာ မျိုးဆက်ကို ဦးဆောင်နိုင်တဲ့လူဖြစ်တယ် ... ။ ”
သူ့သမီး ပြောသလိုပင်။ ခေတ်များ ပြောင်းသွားချေပြီ။ ထို့ကြောင့် အမြင်ဟောင်း၊ အတွေးဟောင်း၊ လမ်းဟောင်းများဖြင့် ဆက်၍ ရှုမြင်နေပါက ရေစီးကြောင်းအတွင် မလွဲမသွေ ပျောက်ကွယ်သွားမည်ဖြစ်၏။
“ လူတိုင်းက စုရီကို ကပ်ဆိုးကြီးတစ်ခု ဖြစ်စေတယ်လို့ ထင်နေပေမယ့် ဒီတိုက်ကြီးမှာ လူဘယ်နှစ်ယောက်များ စုရီနဲ့ ပုခုံးချင်းယှဉ် ရပ်နိုင်မလဲ ဒီတိုက်ကြီးမှာ အရာအားလုံး ပြောင်းလဲနေပါပြီ။ ”
“ မှန်တယ် အရင်တုန်းက မဟာရှကို ထိပ်တန်းဂိုဏ်းကြီးလေးခုက လွှမ်းမိုးထားတယ် ဒါပေမယ့် အခု စုရီတစ်ယောက်တည်းနဲ့ သူတို့ကို ဦးညွှတ်အောင်လုပ်စေနိုင်ခဲ့ပြီ။ ”
“ ရှေးဟောင်းဂိုဏ်းတွေက စုရီကိုလွှတ်ထားမှာမဟုတ်ဘူး တစ်ချိန်တည်း မှာပဲ ဒီလိုလုပ်ခြင်းကနေ မထင်မှတ်ထားတဲ့ အဖိုးအခမျိုး ပေးရလိမ့်မယ်။ ”
“ အဲဒီစုရီ ... ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ဒီနေ့ဝိညာဉ်ထင်ရှားခြင်းအဆင့်က သူ့ပြိုင်ဘက် မဟုတ်တော့တာ သေချာနေပြီ။ ”
လမ်းမများပေါ်တွင် ကောင်းကင်တောင်ပေါ်ရှိ လူသတ်ပွဲအကြောင်း ပြောစမှတ် ဖြစ်လာခဲ့သည်။
ဝေးလံခေါင်သီသော မဟာကျိုးနိုင်ငံမှလာသည့် ဤလူငယ်လေးသည် စက်တင်ဘာ (၁၅)ရက်နေ့ ညနေပိုင်းတွင် မြို့တော်သို့ ရောက်ရှိခဲ့သည်။
ထိုတစ်လကျော် ကာလအတွင်း မရေမတွက်နိုင်သော ဖြစ်ရပ်များစွာ သူနှင့်အတူ ခေါ်ဆောင်လာ၏။
***
“ ကမ္ဘာကြီး တကယ်ပြောင်းလဲသွားပြီ နောက်ဆုံးတော့ တစ်နှစ်အတွင်းမှာ ရွှေခေတ် ရောက်လာမှာ သေချာတယ်။ ”
အနက်ရောင်ဝတ်ရုံနှင့် ကြေးဝါမျက်နှာဖုံး တပ်ဆင်ထားသောအမျိုးသားမှ လက်နှစ်ဖက် နောက်ပို့ကာ ကောင်းကင်ပေါ် မော့ကြည့်ပြီး၊
“ အဲဒီလူငယ်က ... ငါတို့ မရဏငရဲနန်းတော်ရဲ့ အမွေခံတပည့် နင်ဖုန်းနဲ့ မိုရှင်းဇီကို သတ်ပစ်လိုက်တယ် သူ့အပြစ်တွေက ခွင့်မလွှတ်နိုင်စရာပဲ။ ”
-ဟု ရေရွတ်လိုက်စည်။
ကြေးဝါမျက်နှာဖုံးစွပ်ထားသည့် အမျိုးသားဘေးတွင် သန့်ရှင်းသောသမီးတော် ရွှမ်ကျစ်က တိတ်ဆိတ်နေ၏။
တစ်ချိန်က မြွေတစ္ဆေမျိုးရိုးအပေါ် ကျေးဇူးအကြွေးတင်နေကြောင်း ပြောကြားပြီး ထိုစုရီသည် သူမကို မသတ်ခဲ့ချေ။
ထိုအချိန်တွင် တစ်ဖက်လူသည် အတွင်းပိုင်းသန့်စင်ခြင်းအဆင့်၌သာ ရှိသည်။ လအနည်းငယ်ကြာပြီး ယခုမိုးပြာတိုက်ကြီး၏ ပြိုင်ဘက်ကင်း ဖြစ်လာခဲ့သည်။
သို့သော် ထိုမျှငယ်ရွယ်သူသည် မြွေတစ္ဆေမျိုးရိုးအပေါ် မည်သို့ အကြွေးတင်မှန်း နားမလည်နိုင်ချေ။
( သူ ... ငရဲကမ္ဘာကနေ လာတာများလား။ )
ထိုအတွေးကြောင့် နှုတ်ခမ်းများကို လျှာဖြင့်သပ်လျက် အခွင့်အရေးရသောအခါတွင် စုရီနှင့်တွေ့ရန် ဆုံးဖြတ်လိုက်သည်။
***
နတ်ဆိုးဟွမ်မျိုးနွယ်၏ ဘိုးဘေးမြေ။
“ ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ်ရဲ့ ဝိညာဉ်အကြွင်းအကျန်တောင် ဒီကောင်လေးကို အနိုင်မယူနိုင်ဘူးလား။ ”
“ ဘိုးဘေး ... သခင်ငယ်က အမှောင်တားမြစ်စွမ်းအားအောက်မှာ အနှစ် (၃၀၀၀၀)ကြာ ဖိနှိမ်ခံရတာကနေ ...
... လွတ်မြောက်ခဲ့ပါတယ် ... ဒါပေမယ့် စုရီက ရက်ရက်စက်စက် သတ်ပစ်လိုက်ပြီမို့ ကျေးဇူးပြုပြီး လက်စားချေပေးပါ။ ”
အကြီးအကဲများစွာသည် ဝမ်းနည်းဒေါသများဖြင့် ကောက်ရိုးအင်္ကျီဝတ် အဘိုးအိုတစ်ယောက်ထံ တောင်းပန်နေ၏။
“ လူသေရင် ဒေါသထွက်နေတာက အသုံးမဝင်ဘူး။ ”
ကောက်ရိုး အင်္ကျီဝတ် အဘိုးအိုက ငြိမ်သက်စွာဖြင့် လူအုပ်အပေါ် ဝေ့ကြည့်လျက်၊
“ လက်စားချေဖို့ ... ခဏလောက် စောင့်ရအောင်။ ”
-ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
“ ဘိုးဘေး ... ဘာလို့စောင့်ချင်တာလဲ။ ”
“ ရွှေခေတ်က ... အစောကြီး ရောက်လာတော့မယ် အဲဒီအချိန်မှာ ငါတို့ရဲ့ ခွန်အားတွေ ဘယ်လောက်အထိ တိုးလာမလဲ စဉ်းစားကြည့်ပါ။ ”
ဤတစ်ကြိမ်တွင် သူ့အသံသည် အဖျားခတ်တုန်ခါနေ၏။ အမှောင်တားမြစ် စွမ်းအားများသည် နတ်ဆိုးဟွမ်မျိုးရိုးကို များစွာအင်အားယုတ်လျော့စေ၏။
အားလုံးသည် ဘိုးဘေးနယ်မြေ၌သာ ပုန်းအောင်းနေထိုင်နေခဲ့ရပြီး အလွယ်တကူ မထွက်နိုင်ချေ။
သို့သော် ရွှေခေတ်သည် တစ်နှစ်အတွင်း ရောက်ရှိလာမည်မှာ သေချောချေပြီ။
“ ရွှေခေတ်က စောလာတာလား။ ”
ဟွမ်မိသားစုဝင်များအားလုံး အံ့အားသင့်ကုန်သည်။ ထို့နောက် ချက်ချင်းပင် စိတ်လှုပ်ရှားလာတော့၏။
“ ဟား ဟား ဟား ... ရွှေခေတ် ရောက်တော့မှာလား ငါတို့ ဟွမ်မျိုးနွယ်က ဒီကမ္ဘာကြီးထဲမှာ တဖန်ကြီးစိုးရတော့မယ်။ ”
“ မှန်တယ် ... လူတိုင်း နတ်ဆိုးဟွမ်မျိုးရိုးရဲ့ခြေရင်းမှာ ရှိခိုးရမယ့် အချိန်ရောက်လာပြီ။ ”
အကြီးအကဲများစွာ၏ တက်ကြွနေသည့် အမူအရာများနှင့်အတူ ဘိုးဘေးဟူသည်လည်း မျက်ဝန်းများတွင် မီးလျှံများ တောက်ပလာတော့၏။
ဟွမ်မိသားစုကဲ့သို့ပင် အခြားသော ရှေးခေတ်အင်အားစုများတွင်လည်း အလားတူ မြင်ကွင်းများ ဖြစ်ပွားခဲ့သည်။
ဤကမ္ဘာကြီးတွင် ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ပေါများလာသည့် အကြောင်းအရင်းကို မသိသော်လည်း ရွှေခေတ်ရောက်ရှိမည့်အပေါ် ညွှန်ပြနေသည့် နိမိတ်တစ်ခုဖြစ်သည်။
“ နောက်ဆုံးတော့ အမှောင်တားမြစ်စွမ်းအားက နှစ်သုံးသောင်း အပြီးမှာ နိဂုံးချုပ်သွားပါပြီ။ ”
ရွှေခေတ်သည် နောက်ဆုံးတွင် နီးကပ်လာသည့် အရိပ်အယောင်များ ပြသနေ တော့၏။ အလွန်ဆုံးတစ်နှစ်ခန့်သာ လိုပေတော့မည်။
“ သည်းခံပါ ... မကြာခင်မှာ တောက်ပတဲ့လူအချို့ ငါတို့မြင်ခွင့်ရတော့မယ် ဟား ဟား ဟား ... ။ ”
ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများနှင့် နိမိတ်များ အပေါ် ရှေးခေတ်အင်အားစုများသည်သာမက တိမ်လွှာနန်းတော်၊ ကောင်းကင်ဓားဂိုဏ်း၊ ချင်းရီတာအိုဂိုဏ်းနဲ့ မဟာဇင်ဘုံကျောင်း တို့မှလည်း သတိထားမိခဲ့သည်။
သို့သော် မိုးပြာတိုက်ကြီးရှိ သူတို့ စောင့်မျှော်နေသည့်ရွှေခေတ်သည် စုရီကြောင့် တစ်နှစ်အတွင်း ရောက်ရှိလာသည်ကိုမူ မည်သူမျှ မသိခဲ့ကြချေ။
***