ထာဝရအမှောင် ညမီးအိမ် ... ။
Vol. 41 Ch. 491
ဆေးအိုးကိုးပါးမြို့တော်၏ မဏ္ဍပ်တစ်ခုအတွင်း ချီကျန့်စုတစ်ယောက် တစ္ဆေသရဲလိုပေါ်လာသော မျက်မမြင် အဘိုးအိုထံ အံ့အားသင့်စွာ ကြည့်နေမိသည်။
“ မင်းဘယ်သူလဲ ... ။ ”
ဤမျက်မမြင်အဘိုးကြီးသည် စုတ်ပြတ်သပ်နေသော အ၀တ်အစားများဖြင့် မျက်ဝန်းများမှာ ထူးထူးခြားခြား ဗလာကျင်းနေ၏။
မည်သို့ပင် ကြည့်စေကာမူ လူကောင်းတစ်ယောက်အဖြစ် မမြင်နိုင်ချေ။ ထိုဗလာကျင်းနေသော မျက်လုံးများက သူမကို ရူးသွပ်စွာ စိုက်ကြည့်နေသဖြင့် ပို၍ပင် မသက်မသာဖြစ်လာသည်။
တစ်ဖက်လူသည် အသက်ကြီးသော တဏှာရူးဖြစ်မည်လော။ မျက်မမြင် အဘိုးအိုက သူမအတွေးကို မမြင်နိုင်သဖြင့် စိတ်လှုပ်ရှားစွာ လက်နှစ်ဖက်ကို ပွတ်သပ်လျက်၊
“ ဟား ဟား ဟား ... ။ ”
-ဟု အော်ရယ်လေသည်။ ထို့နောက်၊
“ မိန်ကလေး၊ မင်းစောစောက ချိုးနှိပ်ပစ်လိုက်တဲ့ သရဲမီးအိမ်တံဆိပ်ကို ငါကိုယ်တိုင် ဖန်တီးထားတာ ... ငါသာမမှားရင် မင်းကိုပေးခဲ့တဲ့လူက ဆရာစုဟုတ်တယ်မလား။ ”
မျက်မမြင်အဘိုးအိုသည် စုရီအမည်ကို ဖော်ပြသောအခါတွင် လေးနက်ပြီး သက်ပြင်း တစ်ချက်ချကာ၊
“ ခွင့်လွှတ်ပါ ... မင်းနာမည် ဘယ်လိုခေါ်လဲ။ ”
-ဟု မေးမြန်းတော့သည်။
“ မင်းရော ဘယ်သူလဲ။ ”
ချီကျန့်စုမှ အဖြေသေးဘဲ ပြန်မေးလိုက်တော့၏။ မျက်မမြင်အဘိုးအိုက ခဏမျှနှုတ်ဆိတ်သွားပြီး၊
“ ငါ့ဇာစ်မြစ်ကို မပြောနိုင်သေးဘူး ဒါပေမယ့် မင်းကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေးတော့ ငါပေးစွမ်းနိုင်ရှိပါတယ်။ ”
-ဟု တုန့်ပြန်၏။
ချီကျန့်စုတစ်ယောက် မျက်ခုံးပင့် လိုက်လေသည်။ စုရီအတွက်သာ မဟုတ်သော် ချက်ချင်းလှည့်ထွက်မိမည်ဖြစ်၏။
“ ငါကံကြမ္မာကို မဖီဆန်ချင်ဘူး ငါ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ အမွေတစ်ခုပဲ လိုချင်တယ် ... မင်းမှာရှိလား။ ”
သူမစကားကြောင့် တဏှာရူး မျက်မမြင်အဘိုးအိုက အနည်းငယ်ပြုံးကာ၊
“ ကောင်မလေး ... ဒီကမ္ဘာကြီးပေါ်မှာ ငါကလွဲလို့ ဒီလိုအမွေမျိုး ပိုင်ဆိုင်ထားတဲ့လူကို မင်းဘယ်မှာမှ ရှာမတွေ့နိုင်တော့ဘူး။ ”
-ဟု ဆိုနေလျက်မှ ချက်ချင်း သတိရသွားပြီး၊
“ ဟုတ်ပါတယ်၊ ဆရာစုကတော့ ခြွင်းချက်ပဲ။ ”
-ဟု ပြင်ပြောလိုက်သည်။
ချီကျန့်စုခမျာ အံ့အားသင့်သွား၏။ ဤမျက်မမြင် အဘိုးကြီးသည် စုရီကို ‘ဆရာ’ဟု ခေါ်ကာ အမြဲလေးစားစွာ ပြောဆိုသည်။ စိတ်ဝင်စားစရာပေပင်။
“ စုရီကို မင်းဘာလို့ အရမ်း လေးစားနေရတာလဲ သူ့နောက်ကြောင်းကို သိနေတာလား ... ။ ”
“ ကောင်မလေး ... မင်းကံကြမ္မာကို ပြောင်းလဲဖို့အခွင့်အရေးအပေါ် ဂရုမစိုက်ဘဲနဲ့ ဘာလို့ တခြားသူတွေရဲ့အရေးကို ...
... စပ်စုနေရတာလဲ ဆရာစုကို နှင်ထုတ်ခံထားရတဲ့ အင်မော်တယ်လို့ပြောရင် ချဲ့ကားပြောခြင်းမဟုတ်ဘူးဆိုတာ မင်းသိရင် လုံလောက်ပြီ။ ”
မျက်မမြင်အဖိုးအိုက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလေသည်။
“ ဒါပေမယ့် ... သူဟာ အဲဒီရှေးကျတဲ့ အင်အားစုတွေကို သတ်ပစ်ခဲ့တယ် မကြာခင်မှာ သူ့ကို အမဲလိုက်နိုင်ခြေရှိတယ်။ ”
“ ဟား ဟား ဟား ... ။ ”
ထိုစကားကို ကြားချိန်၌ မျက်မမြင်အဘိုးအိုသည် ဟစ်အော် ရယ်မောလျက်၊
“ ဒီလို မသိနားမလည်တဲ့ လူတွေက ဆရာစုဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာ ဘယ်လိုများ သိနိုင်မှာလဲ ...
... အမှောင်တားမြစ် စွမ်းအင်ကနေ လွတ်မြောက်လာတဲ့ ကြွက်တစ်အုပ် ဆရာစုကို စော်ကားချင်နေတာလား ... ရလာဒ်က သေချင်းပဲ။ ”
-ဟု လှောင်ပြောင်လိုက်၏။
တစ်ဖက်တွင် ချီကျန့်စုသည် မျက်မှောကြုတ်လျက် မျက်မမြင်အဘိုးအိုကို သံသယဝင်လာသည်။ စုရီသည် ဤအဖိုးအို နှလုံးသား၌ ဘိုးဘေးတစ်ဦးထက်ပင် ပို၍ မြင့်မားသော ရာထူးမျိုး ရရှိထားချေ၏။
“ ဟား ဟား ဟား ... ငါတို့ အဲဒါကို ထားလိုက်ရအောင် မိန်းကလေး မင်းကံကြမ္မာ ပြောင်းလဲချင်တယ် မဟုတ်လား ... အခု အဲဒီကံက မင်းရှေ့မှာ ရှိနေတယ် ...
... မင်းငါ့ကို သခင်အဖြစ် လက်ခံသရွေ့ ကောင်းကင်နဲ့မြေကြီး တုန်လှုပ်သွားစေနိုင်မယ့် မဟာတာအိုအုတ်မြစ်ကို ... ဧကန်မုချ ရရှိပါလိမ့်မယ်။ ”
ချီကျန့်စုဟူသည် သာမန်လူ မဟုတ်ချေ။ နောက်ကွယ်တွင် အနှစ်(၃)သောင်း ရှေးဟောင်း အင်အားစုတစ်ခုရှိသည်။
ထို့ကြောင့် စုရီကြောင့်သာ မဟုတ်သော် ဤမျက်မမြင်အဘိုးကြီးသည် ကြွားလုံးထုတ်သူ ဖြစ်သဖြင့် ဓားဆွဲပြီး သတ်ပစ်မိပေလိမ့်မည်။ သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးအဖြစ် ယူဆနေပုံပေပင်။
“ မင်း ... မယုံဘူးလား။ ”
မျက်မမြင် အဘိုးအိုက ချီကျန့်စု၏ မကျေနပ်မှုကိုမြင်ပြီး ကျောက်စိမ်းပြား တစ်ချပ် ချက်ချင်းကမ်းလိုက်သည် ။
“ ဒီကျောက်စိမ်းတုံးထဲမှာ ... ငါ့မျိုးရိုးရဲ့ ‘ထာဝရအမှောင်ညမီးအိမ် နည်းစနစ်’ ပါရှိတယ် ကြည့်ပါ ... ဒီမျက်မမြင်အဘိုးကြီး မင်းကို လိမ်နေတာလား မင်းသိလိမ့်မယ်။ ”
ချီကျန့်စုက စူးစမ်းချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ကျောက်စိမ်းပြားလက်ခံပြီး နတ်အာရုံဖြင့် စစ်ဆေးလိုက်သည်။
“ ဒါ ... ။ ”
ခဏအကြာတွင် မှင်သပ်နေသော အမူအရာမျိုးဖြင့် ထိတ်လန့်တုန်လှုပ်နေခဲ့၏။ မိတ်ဆက်ကို ဖတ်ရုံမျှဖြင့် မွေးရာပါနတ်အဆင့် ပါရမီကို နှိုးဆွပေးနိုင်ချေပြီ။
ယင်ရောင်ဝါသည် ကျက်သရေရှိလှပြီး ထာဝရအမှောင်ည၌ တောက်ပစွာ ထွန်းလင်း နေသော မီးအိမ်ကဲ့သို့ ဖျတ်ခနဲ ထွက်ပေါ်လာခဲ့၏။
မျက်မမြင်အဘိုးအိုသည် ထိုအရာကို သတိပြုမိသွားပြီး အမူအရာမှာ စိတ်လှုပ်ရှားမှု အပြည့်ရှိလာသည်။
“ တကယ်ပဲ တော်ဝင်ယင်အရိုးပဲ၊ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ခန္ဓာကိုယ်အမျိုးအစား။ ”
သူ့အသံမှာ တုန်ရင်နေချေပြီ။ ချီကျန့်စုတစ်ယောက် သတိပြန်ဝင်လာပြီး၊
“ ဒါဆို စုရီပြောခဲ့တာက အမှန်ပေါ့ ... ဒီကမ္ဘာပေါ်မှာ ငါ့အရည်အချင်းနဲ့ ကိုက်ညီတဲ့ အမွေမျိုး တကယ်ရှိနေတာပဲ။ ”
-ဟု ညည်းတွားလိုက်သည်။
မျက်မမြင် အဘိုးအိုကို ပြန်ကြည့်သောအခါတွင် သူမခံ ခံစားချက်များ ပြောင်းလဲသွားပြီဖြစ်၏။
“ စီနီယာ ... ငါက မင်းရဲ့တပည့်ဖြစ်ရင် ဒီလျှို့ဝှက်နည်းစနစ်ကို ငါ့ဆီသင်ပေးမှာလား။ ”
“ သဘာဝပါပဲ ... ။ ”
“ ဒါက နည်းနည်းတော့ အလျင်စလိုဖြစ်မနေဘူးလား အမှန်ဆိုရင် မင်း ငါ့ကိုတွေ့ပြီး ... ငါ့ရဲ့အကျင့်စရိုက်နဲ့ နောက်ခံကို စုံစမ်းသင့်တယ်လေ။ ”
ချီကျန့်စုမှ မယုံနိုင်သေးချေ။ မျက်မမြင်အဘိုးအိုက ပြုံးရယ်ကာ၊
“ ဆရာစုရဲ့ ဆုံးဖြတ်ချက်ကို ငါယုံတယ်။ ”
“ ဒါပေမယ့် စုရီနဲ့ငါက လုံးဝမရင်းနှီးဘူး ... ။ ”
“ ဆရာစုမှာ ကောင်းမွန်တဲ့ မျက်လုံးတွေရှိတယ်၊ သူနဲ့ ... မရင်းနှီးတောင် ကိစ္စမရှိဘူး။ ”
စုရီလုပ်သမျှ အမှန်အဖြစ် ယုံကြည်ကာ ချစ်ခင်လေးစားမှု အပြည့်ပြနေခဲ့သည်။ ခဏမျှ စဉ်းစားပြီးနောက် ချီကျန့်စုက၊
“ ဒါပေမယ့် ... ငါ စုရီဆီကို သွားတွေ့ပြီးမှသာ ဆုံးဖြတ်ချက်ချချင်တယ်။ ”
“ ကောင်းပြီ၊ ငါလည်း ဆရာစုကို ကျေးဇူးတင်စကားပြောဖို့ လိုက်ခဲ့ချင်တယ် အခု သွားရအောင် ... ။ ”
ညသည် တိတ်ဆိတ် ကြည်လင်နေသည်။ စုရီတစ်ယောက် မိုးပြာခြံဝင်းအတွင်း ပျင်းရိစွာ တွေးတောနေခဲ့၏။
ယခုအတွင် သူ့၌ အရင်းအမြစ်များ မရှားတော့သဖြင့် ဝိညာဉ်ထင်ရှားခြင်း အဆင့်သို့ ပံ့ပိုးပေးနိုင်လောက်အောင် လုံလောက်သည်။
ထို့ကြောင့် မဟာကျိုးသို့ ပြန်ရန် အတွေးပေါ်လာ၏။ မဟာကျိုး၌ မိတ်ဆွေများ ရှိကာ စုရီဘဝ၏မွေးရပ်မြေဖြစ်သည်။
“ ဟွမ်ဟမ် ... အဆင်သင့်လုပ်ထား ... မနက်ဖြန် သာ့ကျိုးကို ပြန်မယ်။ ”
ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ မနီးမဝေးတွင် လက်ဖက်ရည် သောက်နေသော ယွမ်ဟမ်မှ မျက်ခုံးပင့်လိုက်၏။
“ သခင် မနက်ဖြန်လား ... ။ ”
“ မေးစရာရှိသေးလား။ ”
“ မရှိပါဘူး ... ။ ”
“ ဒါဆို တခြားလူတွေကို သွားပြောပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
ယွမ်ဟမ်က အမိန့်ကိုခံယူပြီး အမြန်ထွက်သွားတော့သည်။ များမကြာခင် ဝမ်ရှင်းကျောက် ရောက်လာ၏။
“ အစ်ကိုစု၊ မနက်ဖြန် သာ့ကျိုးကို ပြန်မှာလား။ ”
“ အင်း ... ။ ”
ထိုအဖြေကြောင့် ဝမ်ရှင်းကျောက် တစ်ယောက် ကူကယ်ရာမဲ့သော အသွင်မျိုးဖြင့် တုံ့ဆိုင်းသွားလေသည်။
“ ဒါက အလျင်လိုလွန်းနေတယ် ဂိုဏ်းဆီပြန်ပြီး ဆရာနဲ့တခြားသူတွေကို ငါ နှုတ်ဆက်ဖို့ စဉ်းစားနေတာ။ ”
“ မင်းပြန်လို့ရပါတယ် ... ငါသာ့ရှကို မကြာခင်ပြန်လာမှာပါ။ ”
“ ကောင်းပြီ ... အစ်ကိုစု ပြန်လာတာကို ငါစောင့်နေမယ် ... ။ ”
သို့မှသာ ဝမ်ရှင်းကျောက်က စိတ်သက်သာရာရသွားသည်။ ထိုစဉ်ကောချင် နှင့်အတူ ဧကရာဇ်ရှ ဝင်ရောက်လာ၏။
“ တာအိုစု ... ငါအခုလိုညဥ့်နက်မှ လာလည်တာကို ... မင်းစိတ်အနှောင့်အယှက် မဖြစ်ဖို့ မျှော်လင့်ပါတယ်။ ”
ဧကရာဇ်ရှမှ ပြုံးပြီး နှုတ်ဆက်သည်။
“ မင်းသာ မနေ့က ပေါ်လာခဲ့ရင် ငါဒီနေ့မနက် ကောင်းကင်တောင်ကို ကိုယ်တိုင် သွားစရာ မလိုတော့ဘူး။ ”
စုရီမှ တုန့်ပြန်၏။
“ ငါသာ မနေ့က ပေါ်လာခဲ့ရင် သစ္စာဖောက်တွေက ဘယ်လိုလုပ် ထွက်လာ ဝံ့တော့မှာလဲ။ ”
“ ကောင်းပြီ၊ ဒါတွေအားလုံးက အတိတ်တွေပဲ ဒီညအတွက် မင်းဒီကိုလာတဲ့ အရေးကို ငါကြောက်မိတယ်။ ”
“ ဟား ဟား ဟား ... တာအိုစု မင်းဆီကနေပြီး ဘာကိုမှ ဖုံးကွယ်လို့မရဘူး ဆိုတာ ငါသိတယ်။ ”
ထို့နောက် ဧကရာဇ်ရှ အမူအရာသည် လေးနက်လာကာ၊
“ မကြာသေးမီက ဝိညာဉ်စွမ်းအင်တွေ ယခင်ထက် ပိုမိုများပြားလာတာကို တာအိုစု သတိထားမိလား။ ”
စုရီမှ ခေါင်းညိတ်ပြီး၊
“ ဒါက သဘာဝပါပဲ မိုးပြာတိုက်ကြီးက ပြောင်းသွားပြီ ရွှေခေတ်မျှော်လင့်ထားတာထက် စောပြီး ရောက်လာလိမ့်မယ် ... အတိအကျ ပြောရမယ်ဆိုရင် တစ်နှစ်အတွင်းမှာ ရောက်လာမယ်။ ”
ဧကရာဇ်ရှခမျာ မျက်ဝန်းများ မှေးစင်းလျက်၊
“ ဒါဆို တာအိုစုက တွက်ချက်ပြီးပြီပေါ့။ ”
-ဟု ညည်းတွားလိုက်သည်။
စုရီမှ အပြုံးဖြင့်သာ တုန့်ပြန်လိုက်သည်။ သူသည် မိုးပြာမျိုးစေ့ကို ထုတ်ယူခဲ့သူဖြစ်သည်။ ထို့ကြောင့် မိုးပြာတိုက်ကြီး၏ ပြောင်းလဲမှုကို မသိနိုင်စရာ အကြောင်းမရှိချေ။
အနာဂတ်တွင် ဤတိုက်ကြီးသည် တဖြည်းဖြည်းနှင့် ဝိညာဉ်စွမ်းအင်များ ပိုမိုပြီး သိပ်သည်းလာမည်ဖြစ်၏။
တံဆိပ်ခတ်ထားသော စွမ်းအားများ၊ အခွင့်အလမ်းများ၊ ကံကြမ္မာများစသည်တို့သည် တဖြည်းဖြည်း ထွက်ပေါ်လာမည်ဖြစ်သည်။
“ ဒီအပြောင်းအလဲက တကယ့်ကို မမျှော်လင့်ပဲ ငါ့အစီအစဉ်ကို အနှောင့်အယှက် ဖြစ်စေခဲ့တယ် ...
... တာအိုစုမင်းမှာ ဝင်္ကပါကို အချိန်တိုအတွင်း ပြုပြင်ဖို့ နည်းလမ်းရှိ-မရှိ မေးဖို့ ဒီညငါလာခဲ့တာပါ။ ”
စုရီက ခဏမျှတွေးပြီး ခေါင်းယမ်းကာ၊
“ ငါတစ်ခုခုလုပ်ရမယ် ဆိုရင်တောင် ဒီဖွဲ့စည်းပုံကို လုံးလုံး မပြုပြင်နိုင်တော့ပါဘူး ဒါပေမယ့် ဝိညာဉ်ထင်ရှားခြင်း အဆင့် ...
... ရောက်တာနဲ့ ဒီဝင်္ကပါစွမ်းအားရဲ့ (၇၀%)ကို ဆယ်ရက်အတွင်း ပြန်ရလာအောင် လုပ်ပေးနိုင်မယ်။ ”
“ ဒါဆို လုံလောက်ပြီ။ ”
ဧကရာဇ်ရှက သက်ပြင်းချက်လျက် ပေါ့ပါးစွာပြုံးသည်။ တောင်ကြီးတစ်လုံး ဖယ်ရှား လိုက်သလိုပေပင်။
ဝင်္ကပါ၏ စွမ်းအား (၇၀%)ကိုသာ ပြန်လည်ရသော် မြို့တော်နှင့် တော်ဝင်မိသားစု အပေါ် အကာအကွယ်ပေးနိုင်မည်ဖြစ်၏။
“ အရမ်းပျော်မနေနဲ့ ... ငါကူညီချင်တယ် ဆိုရင်တောင် ဝိညာဉ်ထင်ရှားခြင်း အဆင့်ကို ရောက်တဲ့အထိ စောင့်ရမှာ။ ”
စုရီမှ သတိပေးသည်။ ဧကရာဇ်ရှက ပြုံးလျက်ဖြင့်၊
“ လွန်ခဲ့တဲ့တစ်လ စကြာဝဠာကျွန်းကို သွားတုန်း ကြယ်စုစည်းခြင်း ကနဦးအဆင့်မှာပဲ ရှိသေးတယ် ... အခု တစ်လအကြာမှာ အလယ်အဆင့်ကို ရောက်နေပြီ ...
... ဒါဆို ဒီလိုခိုင်မာတဲ့ အုတ်မြစ်မျိုးနဲ့ ဝိညာဉ်တာအိုကပ်ဘေးကို တာအိုစု လွယ်လွယ် ကျော်လွှားနိုင်မယ်လို့ ယုံကြည်တယ်။ ”
စုရီတစ်ယောက် ပြောစရာ စကားမရှိတော့ချေ။ တစ်ဖက်လူသည် သူ့ထက် ပို၍ပင် ယုံကြည်မှု ရှိနေခဲ့ချေပြီ။
***