ကောင်းကင်မှ အလင်းတန်း ... ။
Vol. 41 Ch. 492
“ ဒီလိုဆို ဘယ်လိုလဲ ... အနည်းဆုံး တစ်လနဲ့ အများဆုံးနှစ်ဝက်လောက် မဟာရှကို ငါပြန်ဦးမယ် အချိန်ကျရင် ဝင်္ကပါကို ပြုပြင်ဖို့ ငါကူညီပေးပါ့မယ်။ ”
စုရီစကားကြောင့် ဧကရာဇ်ရှမှ တစ်စုံတစ်ရာကို သတိရသွားကာ၊
“ တာအိုစု ... လမ်းခရီးမှာ သတိထားပါ။ ”
-ဟု မှာကြားလိုက်သည်။
စုရီက မျက်ခုံးပင့်လျက်၊
“ တစ်ခုခု ဖြစ်သွားလား။ ”
-ဟု ပြန်မေး၏။ ဧကရာဇ်ရှမှ ခေါင်းညိတ်ပြသည်။
“ မကြာသေးမီက မဟာရှရဲ့ ဆယ့်သုံးပြည်နယ်လုံးမှာ ရှေးခေတ်ပါရမီရှင် အနည်းငယ် ထွက်ပေါ်လာတယ် ... စုံစမ်း စစ်ဆေးချက်တွေအရ ... ဒုတိယမြောက် ဘီလူးအုပ်စု ပေါ်လာပုံရတယ်။ ”
ဤဒုတိယအုပ်စုသည် ပထမအုပ်စုဖြင့် မတူဘဲ လူတိုင်းဝိညာဉ်တာအိုနယ်ပယ်အတွင်း ဝင်ရောက်နေပြီဖြစ်၏။ ၎င်းတို့အားလုံးသည် တူညီသောအဆင့်၌ ပြိုင်ဘက်ကင်းသည်။
“ ရှေးဟောင်းအကြွင်းအကျန်တွေကို ပထမအဖွဲ့နဲ့ ... ဒုတိယအဖွဲ့ ဘယ်လိုခွဲခြားလဲ လူတိုင်း ဝိညာဉ်ထင်ရှားခြင်းအဆင့် ရောက်ကုန်ပြီ မဟုတ်လား။ ”
စုရီမှ မေးသည်။
“ သူတို့က ဝိညာဉ်ထင်ရှားခြင်း အဆင့်ထဲမှာပဲ ရှိနေတယ်ဆိုရင်တော့ ကွာခြားမှု သိပ်မရှိပါဘူး ဒါပေမယ့် ... သူတို့တွေထဲမှာ ...
... ဝိညာဉ်ပေါင်းစည်းခြင်းနဲ့ ဒါမှမဟုတ်ဝိညာဉ်ပြောင်းလဲခြင်းတွေ ပါလာမှာ ငါ ကြောက်မိတယ်။ ”
ဤတစ်ကြိမ်တွင် ဧကရာဇ်ရှစကားကို စုရီကခေါင်းခါပြသည်။
“ ဝိညာဉ်ပြောင်းလဲခြင်း အဆင့်တွေ တကယ်နိုးထခဲ့ရင် သူတို့ဟာ ကြီးမားတဲ့ဒုက္ခ ခံရမှာ သေချာပါတယ် ... မမေ့ပါနဲ့ ရှေးဟောင်း အမှောင်တားမြစ်စွမ်းအင် လုံး၀ပျောက်ကွယ် သွားတာမျိုး မဟုတ်သေးဘူး ...
... ဒီအခြေအနေမှာ ကျင့်ကြံမှု မြင့်မားတာနဲ့အမျှ အမှောင်တားမြစ်စွမ်းအားက ပစ်မှတ်ထားဖို့ ပိုအာရုံစိုက်လာလိမ့်မယ်။ ”
ထို့နောက် စုရီက ညကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
“ အမှောင်တားမြစ်စွမ်အားက အခြေခံအားဖြင့် မဟာတာအိုကပ်ဘေးတစ်ခုပဲ အထွတ်အထိပ်မှာရှိနေတဲ့ ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတွေတောင် ဒီတိုက်ကြီးကနေ ထွက်ပြေးရတယ် ...
... ဒါကြောင့် တားမြစ်စွမ်းအားတွေ ကျဲပါးသွားပေမယ့်လည်း လူတိုင်းရှင်သန်လာဖို့ မဖြစ်နိုင်သေးပါဘူး ... ဒါပေမယ့် ...
... အချိန်ကြာလာတာနဲ့ အမျှ ဒီတားမြစ်စွမ်းအင်တွေ ကွယ်ပျောက်သွားပြီး ဝိညာဉ်ပြောင်းလဲခြင်း အကြွင်းအကျန်တွေ နိုးထလာမှာ သေချာတယ်။ ”
ဧကရာဇ်ရှ၏ မျက်လုံးများသည် ထူးဆန်းသော အလင်းရောင်များ တောက်ပလာ တော့၏။
အမှောင်တားဖြစ်စွမ်းအားနှင့် ပတ်သက်၍ စုရီ၏နားလည်မှုသည် အံ့အားသင့်စရာပေပင်။ ကျောက်စိမ်းတစ်တုံးကို ထုတ်ယူကာ၊
“ တာအိုစု ... ဒါတွေက ဒုတိယအဖွဲ့ရဲ့ အတည်ပြုနိုင်တဲ့ အမည်စာရင်းတွေ စုစုပေါင်း (၁၃)ယောက်ရှိတယ် ... လမ်းမှာ မင်း သတိထားနိုင်အောင်ပါ။ ”
စုရီက ခေါင်းညိတ်ပြီး စစ်ဆေးကြည့်၏။ လူပေါင်း (၁၃)ယောက်၏ အချက်အလက်များ ထွက်ပေါ်လာချေပြီ။
“ သူတို့ (၁၃)ယောက်ထဲတော့ မဖြစ်နိုင်ဘူး မဟုတ်လား။ ”
စုရီက နတ်အာရုံကို ပြန်ရုတ်သိမ်းပြီး မေးလိုက်သည်။ ဧကရာဇ်မှ ခေါင်းညိတ်ပြ၏။
“ ဒါတွေဟာ တော်ဝင်မိသားစုကနေ ရှာတွေ့ထားတဲ့ စာရင်းပါ သေချာတာကတော့ ဒီထက်ပိုနိုင်မယ်။ ”
စုရီသည်လည်း ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် အချိန်အနည်းငယ်ကြာအောင် စကားစမြည်ပြောဆိုပြီး ဧကရာဇ်ရှက နှုတ်ဆက်ကာ ထွက်ခွာသွား၏။
ရွှေခေတ်သည် မျှော်လင့်သည်ထက် စောရောက်လာသောကြောင့် နောင်လာမည့် နေ့ရက်များတွင် တိုက်ကြီးတစ်တိုက်လုံး ဖရိုဖရဲဖြစ်လာပေတော့မည်။
“ ဒေါက် ... ဒေါက် ... ။ ”
ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ စုရီမှ မျက်ခုံးပင့်လိုက် တော့၏။ များမကြာခင် မျက်မမြင်အဘိုးကြီးနှင့် ချီကျန့်စု ဝင်ရောက်လာသည်။
“ ဒီမျက်မမြင်အဖိုးကြီးက နှုတ်ဆက်ပါတယ် ဆရာစု ... ။ ”
“ မင်္ဂလာပါ တာအိုစု။ ”
မျက်မမြင်အဘိုးအိုနှင့် ချီကျန့်စုတို့မှ ဦးညွှတ်လာသောကြောင့် စုရီက လက်ပြကာ၊
“ ဒီလိုယဉ်ကျေးနေစရာ မလိုပါဘူး ငါ့ဆီဘာလာလုပ်တာလဲ။ ”
-ဟု ပြန်မေးလိုက်သည်။
“ ဒီအဖိုးကြီးက ငါ့ကိုတပည့်အဖြစ် ခေါ်ချင်နေလို့ တာအိုစုရဲ့ထင်မြင်ချက်တောင်းဖို့ လာခဲ့တာပါ။ ”
ချီကျန့်စုမှ ပြန်ဖြေသည်။ သူမ၏ စိတ်နေစိတ်ထားသည် ဓားကဲ့သို့ တိုက်ရိုက်ဆန် ချေပြီ။ ဝေ့ဝိုက်နေခြင်းကို မကြိုက်ချေ။
“ သူ ... လှည့်စားသွားမှာကို မင်း စိုးရိမ်နေတာလား ဒါမှမဟုတ် သူ့ကိုလူယုတ်မာ ဖြစ်နေမှာ ကြောက်နေတာလား။ ”
စုရီက မေးမြန်းလိုက်၏။
“ နှစ်ခုစလုံး ... ။ ”
“ အဟမ်း ... အဟမ်း ... ။ ”
ချီကျန့်စုမှ ပြန်ဖြေ၏။ ထိုအဖြေသည် မျက်မမြင်အဘိုးအိုအပေါ် အဆင်မပြေ ဖြစ်သွား စေတော့သည်။ ၎င်းက နှာခေါင်းပွတ်လျက် ချောင်းဟန့်၏။ စုရီမှ ပြုံးသည်။
“ ဒီအတွက် မင်း ... စိတ်ချလို့ရတယ် ... ငရဲဝိညာဉ်သွေးပြန်ကြောနဲ့ ယင်အရိုးရှိသူကသာ သူ့မျိုးရိုးရဲ့အမွေကို ဆက်ခံနိုင်မှာ ... သူတို့ရဲ့ အမွေခံအပေါ် ဘယ်သူလှည့်စားရဲလဲ။ ”
“ ဒါဆို ငါစိတ်မပူတော့ပါဘူး။ ”
သို့မှသာ မျက်မမြင်အဘိုးအိုက ပြုံးပြီး ကျေးဇူးတင်ကြောင်း လက်သီးဆုပ် အရိုအသေ ပေးလာ၏။
“ ဆရာစု ... ဒီလိုကောင်းမွန်တဲ့ ပျိုးပင်ကိုရှာပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ... ဒီကျေးဇူးကို တစ်သက်လုံး အမှတ်ရနေမှာပါ။ ”
“ ကောင်းပြီ ... တခြားဘာမှ မရှိဘူးဆိုရင်တော့ ငါအနားယူဖို့ အခန်းကို သွားတော့မယ်။ ”
“ ဆရာစု ခဏနေပါဦး။ ”
စုရီမှ ပြန်ကြည့်၏။ မျက်မမြင်အဘိုးအိုက၊
“ မကြာသေးမီက ထူးဆန်းတဲ့ တာအိုဘုန်းကြီးတစ်ပါးနဲ့ ဆုံခဲ့တယ် ဒီလူကို ငရဲကမ္ဘာကလို့ ခံစားရပါတယ်။ ”
စုရီမှ အံ့ဩသွားသည်။
“ ဆက်ပြောပါ။ ”
“ သူက လောကီကိုတပ်မက်ပြီး ညစ်ညမ်းပုံရတယ် ဒါပေမယ့် ငါတို့မျိုးရိုးရဲ့ ငရဲမီးအိမ်မျက်ဝန်းကို ကျွမ်းကျင်တယ် ...
... သူ့ အရက်မူးလာတဲ့အခါ နာကြည်းခြင်းပင်လယ်ရဲ့ ရောင်ဝါတွေ ထွက်ပေါ်လာတယ် ... ။ ”
“ နာကြည်းခြင်းပင်လယ်ရဲ့ ရောင်ဝါ။ ”
ငရဲကမ္ဘာသည် အန္တရာယ်ဇုန်များစွာ ရှိသည့်နေရာဖြစ်ပြီး နာကြည်းခြင်းပင်လယ်မှာ ၎င်းတို့အနက်မှတစ်ခုဖြစ်သည်။
အဆုံးမရှိသောကြောင့် ‘နာကြည်းခြင်း ပင်လယ်သည် အကန့်အသတ် မရှိ၊ ကမ်းမရှိ၊ ပြန်လှည့်ရန် လမ်းမရှိ၊’ -ဟု ဆိုကြသည်။
ဧကရာဇ်အဆင့် တန်ခိုးရှင်ပင်လျှင် နာကြည်းခြင်းပင်လယ်ထဲသို့ ပေါ့ပေါ့တန်တန် စွန့်စားဝံ့မည်မဟုတ်ချေ။
အကြောင်းပြချက်မှာ ရိုးရှင်းသည်။ နာကျည်းခြင်းပင်လယ်အထက် လေထုတွင် မဟာတာအိုအုတ်မြစ်ကို တိုက်စားနိုင်သည့် စိမ်းပြာရောင်စွမ်းအင်တစ်မျိုးရှိ၏။
၎င်းသည် ကျင့်ကြံမှုကို ဆုံးရှုံးစေပြီး ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အပေါ် အားနည်းစေ ချေပြီ။ စုရွှမ်ကြွယ်ဘဝတွင် ထိုပင်လယ်အပေါ် ဖြတ်ကျော်ခဲ့ဖူးသည်။
ထို့ကြောင့် ထိုပင်လယ်ထံမှ အသက်ရှင်လျက် ပြန်လာနိုင်သည့် မည်သူမဆို ရိုးရှင်းမည်မဟုတ်ကြောင်း ပြောနိုင်၏။
“ အဲဒီအဖိုးကြီးက ငါ့ကိုမြင်ချိန်မှာ တစ်ခုခုခံစားမိသွားပုံရတယ် မတော်တဆဟန်နဲ့ စကားစမြည်ပြောဖို့ ...
... အစပြုခဲ့တယ် ... ငါတို့တွေ စကားစမြည်ပြောတဲ့အခါ သူ ဆရာစုအကြောင်း တစ်စွန်းတစ်စ ပြောကြားလာတယ်။ ”
“ သူ ... ငါ့ကိုသိနေလို့လား ... ။ ”
စုရီက မျက်ခုံးပင့်လိုက်၏။
“ ဆရာစု မြို့တော်ကို စရောက်တဲ့နေ့က မင်းဟာ သာမန်လူ မဟုတ်တာမို့ ကံကြမ္မာကို တွက်ကြည့်မယ်ဆိုပြီး .... လျှို့ဝှက်ရတနာကို အသုံးပြုခဲ့တယ် ...
... ဒါပေမယ့် အဆုံးမှာတော့ ဆရာစုရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်နိုင်ဖို့ ပျက်ကွက်ခဲ့ပြီး သူ့ရတနာပျက်စီးသွားတယ် ... ။ ”
“ ဒီလိုလား ... ။ ”
စုရီက စိတ်ဝင်စားသွားသည်။
“ သူ ... ငါ့ကို ဘယ်မှာတွေ့တာလဲ မင်းသိလား။ ”
“ တေးဆိုငှက်ကလေးများ စံအိမ် ... ။ ”
ယင်းသည် ပြည့်တန်ဆာအိမ်ဖြစ်၏။ ချီကျန့်စုတစ်ယောက် မယုံကြည်နိုင်ဖွယ်ဖြင့် စုရီထံ ပြန်ကြည့်တော့သည်။
စုရီက ဂရုမစိုက်ဘဲ အနည်းငယ် စဉ်းစားပြီးနောက် ရုတ်တရတ် ပြန်သတိရလာ ခဲ့သည်။ ထိုစဉ်က ယွီရှစ်ချန်ကို ကယ်တင်စဉ် ထူးခြားသော တာအိုဘုန်းကြီး တစ်ပါးကို သတိထားမိခဲ့၏။
ပြည့်တန်ဆာအိမ်ထဲသို့ မဝင်မီတွင် အစောင့်များသည် တာအိုဘုန်းကြီးတစ်ပါးကို မောင်းထုတ်ရန် စောင့်ကြည့်နေခဲ့သည်။
“ သူငါ့ကို ပစ်မှတ်ထားနေတာလား။ ”
စုရီမှ မေးသည်။
“ သူ့ရဲ့ ... ရတနာဆုံးရှုံးသွားတာမို့ ဒီဆုံးရှုံးမှုအတွက် လျော်ကြေးပေးရမယ်ဆိုပြီး ပြောနေသံကြားတယ် ... ငါ့အမြင်အရတော့ ပျက်စီးသွားတဲ့ ရတနာထက် ပိုနက်ရှိုင်းတဲ့ တစ်စုံတစ်ရာ သေချာပေါက်ရှိနေမယ်။ ”
စုရီက အကြောင်းရင်းကို စဉ်းစား၏။ လက်ရှိအချိန်ထိ ငရဲကမ္ဘာမှရောက်လာနိုင်သည့် လူနှစ်ယောက်သာ သူ မြင်ဖူးသည်။
ပထမတစ်ယောက်မှာ ဤမျက်မမြင်အဘိုးကြီးဖြစ်ပြီး ဒုတိယသည် သူ့ သတ္တမမြောက်တပည့် ရွှမ်နင်ဖြစ်၏။
နောက်ထပ် ငရဲကမ္ဘာနှင့် နက်ရှိုင်းသည့် ဆက်သွယ်မှုရှိနေသော အင်အားစုတစ်စုလည်း ရှိနေသေးသည်။ ယင်းသည် မြွေတစ္ဆေမျိုးရိုးမှ ဆင်းသက်သော မရဏငရဲနန်းတော်ပေပင်။
သို့သော် မျက်မမြင်အဘိုးအို၏ အဆိုအရ ထိုတာအိုဘုန်းကြီးမှာမူ နာကြည်ခြင်းပင်လယ်မှ စွန့်စားဖြတ်ကျော်လာသူ ဖြစ်နိုင်မည်။
ယင်းသည် သူ့နောက်သို့ လိုက်နေသည်ဟူသော အဓိပ္ပါယ်ပင်လော။ သို့သော် စဉ်းစားရန် ပျင်းရိလာပြီး၊
“ သူ့နာမည် မင်းသိလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဘဝကြီးဟာ ဘေးဥပဒ်တွေနဲ့ ပြည့်နှက်နေတယ်လို့ပြောတယ် လူအများက သူ့ကို ငရဲကျီးကန်းမင်းရလို့ ခေါ်တယ်တဲ့ ... ။ ”
“ ငရဲကျီးကန်းလား ... အဲဒါက ကပ်ဘေးနတ်ဘုရားတစ်ပါးလို အလွန်ဆိုးရွားတဲ့ ငှက်တစ်ကောင်ပဲ ... တခြားသူတွေက သူနဲ့ ဝေးဝေးနေချင်ကြပေမယ့် ...
... ဒီတာအိုဘုန်းကြီးက သူ့ကိုယ်သူ ငရဲကျီးကန်းမင်ရလို့ အမည်ပေးတာလား ... ဒါ စိတ်ဝင်စားစရာ ကောင်းလွန်းတယ်။ ”
စုရီက မေးစေ့ကို ပွတ်သပ်လျက်၊
“ သူ ... မင်းရဲ့ဇာစ်မြစ်ကို တွေ့သွားသေးလား။ ”
-ဟု မေးမြန်း၏။
“ ငါသူ့ကို မမြင်နိုင်ပေမယ့် ... အဲဒီတာအိုဘုန်းကြီးက အရိပ်အမြွက်လောက် ငါ့အပေါ် ခန့်မှန်းနိုင်ခဲ့ပုံရတယ် မဟုတ်ရင် ...
... သူနဲ့ မတော်တဆ တွေ့ဆုံအချိန်မှာ ဒီလိုအကြောင်းအရာမျိုးတွေပြောဖို့ ဘယ်သူက အစပြုမှာလဲ။ ”
“ ကောင်းပြီ မင်းမှာ ဘာပြောစရာရှိသေးလဲ။ ”
စုရီတစ်ယောက် စဉ်းစားရန် ပျင်းလာ၏။ တစ်ဖက်လူသည် သူ့နောက်လိုက်နေသည်သာ အမှန်ဆိုသော် တစ်နေ့တွင် ရှေ့မှောက်သို့တိုင် ဧကန်ရောက်ရှိလာပေမည်။ ထိုအချိန်တွင် သိလိုသည်များကို မေးနိုင်မည်ဖြစ်၏။
မျက်မမြင် အဘိုးအိုက ခေါင်းခါသည်။ ထို့ကြောင့် စုရီမှ ကုလားထိုင်ပေါ်မှထရပ်ကာ အခန်းထဲ လျှောက်လှမ်းသွားရန် ခြေလှမ်း ပြင်တော့သည်။
“ ဟမ့် ... ။ ”
ထိုအချိန်တွင် မျက်မမြင်အဘိုးအိုသည် အံ့အားသင့်စွာဖြင့် ကောင်းကင်ပေါ်မော့ကြည့် လိုက်ပြီး မျက်စိမရှိသော မျက်ဝန်းအိမ်များက အိပ်ဆောင်တစ်ခုထံသို့ ပြန်ကြည့်ချေပြီ။
“ ဆရာစု ... အဲဒီမှာ ဘယ်သူနေလဲ။ ”
စုရီက မျက်မမြင်အဘိုးကြီး ညွှန်ပြသော အဆောက်အဦးထံ လှမ်းကြည့်မိရာ ယွီရှစ်ချန်၏ တည်းခိုဆောင်ဖြစ်နေသည်ကို မြင်လိုက်ရ၏။
“ ခရစ် ... ။ ”
စုရီမှ တစ်စုံတစ်ရာကို မေးမြန်းခြင်း မပြုနိုင်မီ ကောင်းကင်အက်ကွဲသံ ကြားလိုက် ရလေသည်။
“ ရွှပ် ... ။ ”
ထိုနောက်တွင် ကြည်လင်သော ကောင်းကင်ကြီးထံမှ သလင်းရောင်ခြည်များ သက်တံကြီးကဲ့သို့ ဆင်းသက်လာချေပြီ။
၎င်းဦးတည်ရာအရပ်သည် မျက်မမြင်အဖိုးကြီးညွှန်ပြရာ ယွီရှစ်ချန်၏ အိပ်ဆောင်ဖြစ်နေတော့၏။
***
Book-41