အပြီးသတ်ရွေးချယ်မှု
Vol. 9 Ch. 121
လူအများမှာ အတန်ကြာအောင် တိတ်ဆိတ်နေကြသည်။ ဖြစ်ပွားခဲ့သည့် တိုက်ပွဲက ယုတ္တိမတန်လွန်းလှချေ။ တိုက်ပွဲသည် သေမျိုးသွေးနယ်ပယ် စစ်သည်များ နားလည်နိုင်သည့် အကန့်အသတ်ထက် များစွာကျော်လွန်နေသည်။
သေမျိုးသွေးနယ်ပယ် စစ်သည်များက သစ်ပင်များဆွဲနုတ်ကာ ကျောက်ခဲများကို ခွဲချေပစ်နိုင်သည်။ သို့သော် သူတို့ တိုက်ခိုက်ချိန်တွင်မူ အသွေးအသားနှင့် ကြွက်သားများကိုသာ သုံးကြရသည်။ တစ်ခါတစ်ရံတွင် ဓားချီနှင့် လက်သီးလေလှိုင်းများ ဆုံတွေ့တတ်ကြသော်လည်း ထိုသည်က အကန့်အသတ်ဖြစ်သည်။
ဤမျှအဆင့်သို့ရောက်နေသည့် သေမျိုးသွေးနယ်ပယ် တိုက်ပွဲမျိုးကို သူတို့ တစ်ခါမျှပင် မမြင်ဖူးခဲ့ပေ။
အနီရောင်ဓားအလင်းနှင့် ကျားနဂါးပုံရိပ်တို့က တုန်လှုပ်ဖွယ်ကောင်းလှသည်။ ယင်းက မယုံနိုင်စရာပင်။ သို့သော် တောက်မျိုးနွယ် တည်ဆောက်ပေးထားသည့် ကျောက်စင်မြင့်ပေါ်မှ ကြီးမားသောအပေါက်ကြီးက ထိုတိုက်ပွဲ အမှန်ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေသည်။
အကျယ်အနက် ငါးပေခန့်ရှိသည့် တွင်းတစ်ခုအား ကျောက်အက်ကြောင်းများ ဝန်းရံထားသည်။ ကျောက်များသည် ပင့်ကူအိမ်ပမာ အက်ကွဲနေလျက်ရှိလေပြီး သေမျိုးသွေးနယ်ပယ် စစ်သည်များ၏ တိုက်ပွဲဟုပင် ယုံကြည်ရခက်သည်။
တောက်ယွင်ရှောင်းက အမွေခံလက်နက်၏ တားမြစ်စွမ်းအင်ကို အသုံးပြုထားလေသောကြောင့် ထိုကဲ့သို့ အဖျက်အဆီးစွမ်းအားမျိုး ရှိနေသည်ကို နားလည်ပေး၍ ရသည်။
ယီယွင်က ထိုစွမ်းအားကို အဘယ်သို့ရခဲ့လေသနည်း။ ထိုကောင်က အမွေခံလက်နက်၏ စွမ်းအင်ကို အသုံးပြုထားသည့် တောက်ယွင်ရှောင်းကိုပင် လက်ဗလာဖြင့် အနိုင်ယူခဲ့သေးချေသည်။
တောက်မျိုးနွယ်မှ လူများ မယုံကြည်နိုင် ဖြစ်နေကြသည်။ ယီယွင်ကို ကျိတ်၍အားပေးနေကြသည့် မိန်းကလေးများပင် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ထိုသူများထဲတွင် ယခင်နေ့က ယီယွင်ကို အနှောင့်အယှက်ပေးခဲ့သူများလည်း ပါဝင်ပေသည်။ ကလေးတစ်ဦးပမာ ရှိနေသည့် ယီယွင်တွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ရှိနေချေသည်။ သူတို့သည် ကြွက်တစ်အုပ်က ဒိုင်နိုဆောတစ်ကောင်ကို အနှောင့်အယှက်ပေးမိခဲ့သည့်ပမာ ခံစားကြရသည်။ ထိုဒိုင်နိုဆောက ဒေါသမထွက်ခဲ့သည်ကို ကျေးဇူးတင်ရမည်။ ထိုသို့သာမဟုတ်လျှင် ရလဒ်က မတွေးရဲစရာပင်။
" ယွမ်ချီသဏ္ဌာန်... အဲ့ဒါက တကယ်ကို ယွမ်ချီသဏ္ဌာန်ပဲ။ ကောင်းကင်နဲ့မြေပြင် ယွမ်ချီစွမ်းအားကို ထိတွေ့မိမှပဲ ဒီလိုအဖျက်စွမ်းအားမျိုး ရှိနိုင်လိမ့်မယ် " တောက်မျိုးနွယ် ဘိုးဘေးသည် ထိုင်ခုံတွင် ကျောမှီကာထိုင်နေပြီး စိတ်ပျက်နေသည့်ဟန် ရှိနေလေသည်။
" ယွမ်ချီသဏ္ဌာန်... ဘယ်လိုဖြစ်ရတာလဲ "
ယီယွင်၏ တိုက်ခိုက်မှုက ယွမ်ချီသဏ္ဌာန်ဖြစ်သည်ကို လူများစွာပင် ပြောနိုင်ပေသောကြောင့် တောက်မျိုးနွယ်ဘိုးဘေး အတည်ပြုပေးရန်ပင် မလိုအပ်ပေ။ ထို့အပြင် နတ်ကျားနှင့် ခရမ်းရွှေနဂါးတို့၏ ပုံရိပ်များက သူတို့၏ စိတ်များထဲတွင် စွဲထင်ကျန်နေဆဲ ဖြစ်လေသည်။ ယင်းသည် ယွမ်ချီသဏ္ဌာန်မှလွဲ၍ မည်သည့်အရာ ဖြစ်ပါဦးမည်နည်း။
တောက်မျိုးနွယ်မှ လူများသည် အရှေ့အရပ်မှလာသော ခရမ်းရောင်လေနှင့် တဒင်္ဂလှုပ်ရှားမှုတို့ကို မသိသော်လည်း ယွမ်ချီသဏ္ဌာန်ကိုမူ ကောင်းစွာပင်သိသည်။ တောက်မျိုးနွယ်တစ်ခုလုံးတွင် လူငယ်မျိုးဆက်ထဲ၌ ယွမ်ချီသဏ္ဌာန်ကို ဖော်ဆောင်နိုင်သည့် တစ်ဦးတည်းသောသူမှာ ဟူရာ ဖြစ်သည်။
ဟူရာက ခရမ်းသွေးနယ်ပယ် အလယ်အဆင့်တွင်ရှိပြီး မာကျောမှုခန္ဓာကိုယ်နှင့် နဂါးပေါင်းစည်းခြင်း အခြေအနေသို့ရောက်ရန် ခြေတစ်လှမ်းသာ လိုသည်။ ထို့ကြောင့် သူက ယွမ်ချီသဏ္ဌာန်ကို အသုံးပြုနိုင်သည်။ ယခင်နေ့က ဟူရာ ယွမ်ချီသဏ္ဌာန်ကို ပြသသွားသည်မှာ အလွန်ချီးကျူးဖွယ်ကောင်းသည်။
သူတို့သည် ထိုကိစ္စကြောင့် ပျော်ရွှင်ခဲ့ရပြီး စားသောက်ရင်းနှင့်ပင် စိတ်လှုပ်ရှားစွာ ဆွေးနွေးခဲ့ကြရသည်။ ဟူရာက တောက်မျိုးနွယ်၏ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။ ယီယွင်က အကြိုစစ်ဆေးမှုနှင့် အကြိုဗိုလ်လုပွဲများတွင် ထွန်းတောက်ခဲ့လေသောကြောင့် တောက်မျိုးနွယ်မှ လက်ရွေးစင်များ အရှက်ရခဲ့ရသည်။ သို့သော် ဟူရာက သူတို့အတွက် ဂုဏ်သရေများ ပြန်လည်ဆောင်ကြဥ်းပေးခဲ့သည်။
ယခုတွင်မူ ယီယွင်ကလည်း ယွမ်ချီသဏ္ဌာန် အသုံးပြုသည့် အဆင့်သို့ ရောက်ရှိနေသည်။
ယွမ်ချီသဏ္ဌာန်ကို ခရမ်းသွေးနယ်ပယ် အတော်ဆုံးစစ်သည်များကသာ အသုံးပြုနိုင်သည် မဟုတ်ပေလော။ ဟူရာ လုပ်နိုင်ခဲ့သည်မှာ ခရမ်းသွေးနယ်ပယ် အလယ်အဆင့်၌ ရှိနေသောကြောင့်ပင်။ ယီယွင်က ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်၌သာ ရှိနေသေးသော်လည်း ယင်းအရာကို နားလည်နေသည်တဲ့လား။
" ဘယ်လိုပါရမီရှင်လဲ။ ယီယွင်က ခွန်အားအရာမှာလည်း ဟူရာထက် အများကြီး ပိုသာနေတာလား " တောက်မျိုးနွယ်မှ လူတစ်ယောက်က ဆိုလိုက်သည်။ သူတို့ ထိုအရာကို လက်မခံနိုင်ပေ။
" ယီယွင်ရဲ့ခွန်အားက ဟူရာထက် ပိုမသာနိုင်ပါဘူး။ ဒါပေမဲ့ ယွမ်ချီသဏ္ဌာန်ကတော့ အားကောင်းတဲ့သူ ထိန်းချုပ်နိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ခရမ်းသွေးနယ်ပယ် အထွတ်အထိပ် စစ်သည်တွေတောင် ယွမ်ချီသဏ္ဌာန်ကို မလုပ်နိုင်ဘူး။ ယွမ်ချီသဏ္ဌာန်က လူတစ်ဦးရဲ့ သိမြင်ခံစားမှုအပေါ်မှာ မူတည်တယ်။ အဲ့ဒါက စစ်သည်တွေရဲ့ စွမ်းအင်ထိန်းချုပ်မှု စွမ်းရည်ကို တိုင်းတာပြတာပဲ။ ပြီးတော့ သေမျိုးသွေးနယ်ပယ် စစ်သည်တစ်ဦးက မာကျောမှုခန္ဓာကိုယ်နဲ့ နဂါးပေါင်းစည်းခြင်းကို အောင်မြင်ထားတယ်ဆိုရင် ခရမ်းသွေးနယ်ပယ်ကို မရောက်ခင်မှာကတည်းက ယွမ်ချီသဏ္ဌာန်ကို ဖော်ဆောင်နိုင်လိမ့်မယ် " တောက်မျိုးနွယ်မှ စစ်သည်တစ်ဦးက ရှင်းပြလိုက်သည်။
ယင်းက သူတို့၏သံသယများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ပိုမို၍ပင် အံ့အားသင့်သွားစေခဲ့သည်။
မာကျောမှုခန္ဓာကိုယ်နှင့် နဂါးပေါင်းစည်းခြင်းတဲ့လား။ ယီယွင်က ထိုအဆင့်သို့ ရောက်နေလေသလော။
ဟူရာက ရှားပါးပါရမီရှင်တစ်ဦးဖြစ်ပြီး တောက်မျိုးနွယ်၏ နှစ်ပေါင်းရာချီသက်တမ်းတွင်ပင် မပေါ်လာခဲ့ဖူးဟု ဘိုးဘေးက ပြောဖူးသည်ကို သူတို့ ကြားဖူးသည်။ ဟူရာက အသက်ဆယ့်ရှစ်နှစ်ဖြစ်ပြီး မာကျောမှုခန္ဓာကိုယ်နှင့် နဂါးပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိရန်အတွက် ခြေတစ်လှမ်းသာ လိုတော့သည်။ တောက်မျိုးနွယ်၏ နှစ်ပေါင်းများစွာ သမိုင်းကြောင်းတွင် ထိုအဆင့်သို့ ရောက်ဖူးသူ မရှိခဲ့ပေ။
ထို့ကြောင့်ပင် သူတို့က ဂုဏ်ယူခဲ့ရသည်။ သူတို့သည် ဟူရာ ထိုအဆင့်သို့ ရောက်ရှိသွားပြီး သူတို့အား အရိုင်းနယ်မြေထဲမှ ခေါ်ထုတ်သွားကာ ဗဟိုဒေသတွင် အခြေချစေမည့်အချိန်ကို စောင့်မျှော်နေခဲ့ကြသည်။
ယခုတွင်မူ ဟူရာက ထိုအဆင့်နှင့် ခြေတစ်လှမ်းခန့် လိုနေသေးချိန်တွင် ယီယွင်ကမူ အသက် ၁၂ နှစ်နှင့်ပင် ထိုအဆင့်သို့ ရောက်နေသည်တဲ့လား။
တောက်မျိုးနွယ်မှ လူများသည် ယီယွင်ကို တစ္ဆေသရဲတစ်ကောင်ပမာ ကြည့်နေကြလေ၏။ သူတို့က ထိုကိစ္စကို မယုံလိုကြသော်လည်း တောက်မျိုးနွယ်မှ စစ်သည်များနှင့် ဘိုးဘေးတို့က ငြင်းချက်ထုတ်ခြင်းမပြုဘဲ နှုတ်ဆိတ်နေကြလေသောကြောင့် သူတို့ ယုံကြည်ခဲ့ရသည်။
ယီယွင်က ထိုအဆင့်ကို အသက် ၁၂ နှစ်နှင့်ပင် ရောက်ရှိနေခဲ့သည်။
မာကျောမှုခန္ဓာကိုယ် ၊ ယွမ်ချီသဏ္ဌာန် ၊ ခရမ်းရောင်တိမ်တိုက်ကို ဆွဲဆောင်ခြင်း ၊ အသန်မာဆုံး စိတ်ဝိညာဥ်ရှိခြင်း...။
သူတို့ ဆက်မတွေးဝံ့ကြတော့ပေ။ နှိုင်းယှဥ်ကြည့်နေလျှင် နှိပ်စက်ခံရခြင်းသာ ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် အဘယ်ကြောင့် ယီယွင်က ဆန်းကြယ်မှုအဆင့် အဆင့် ၅ ရရှိခဲ့ပြီး ဟူရာက ဆန်းကြယ်မှုအဆင့် အဆင့်မရှိသာ ရရှိခဲ့ကြောင်းကို သူတို့ နားလည်သွားခဲ့ကြသည်။ ကျင်းလုံဝေ့က မမျှတခြင်း မဟုတ်လေဘဲ အမှန်တရားတစ်ခု ဖြစ်နေခဲ့ခြင်းပင်။ ယီယွင်က ဟူရာထက် များစွာပိုမိုကာ အားကောင်းသည်။
တောက်ယွင်ရှောင်းကမူ ထည့်ပြောရန်ပင်မတန်ပေ။ ထိုကောင်က နှိုင်းယှဥ်ချိန်တွင် လွှင့်ပစ်ခံရမည့် အမှိုက်တစ်စသာ ဖြစ်ချေသည်။
လျှိုင်ချမ်းယုကလည်း ထည့်ပြောရန်မတန်ပေ။ ထိုကောင်က တောက်ယွင်ရှောင်းကိုပင် မယှဥ်နိုင်ပေရာ ယီယွင်နှင့် နှိုင်းယှဥ်နေပါက နွားချေးအား ပုလဲတစ်လုံးနှင့် နှိုင်းယှဥ်နေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။
တပ်သားလေ့ကျင့်ရေးစခန်းမှ လူများ ထိတ်လန့်နေသည်။ သူတို့၏ဦးနှောက်များ တွေးနိုင်စွမ်းမရှိကြတော့ပေ။ ယီယွင်၏ နောက်ဆုံးတိုက်ပွဲကြောင့် သူတို့၏စိတ်များ ကြီးစွာပင် အနာတရဖြစ်ခဲ့သည်။
ယီယွင်ကြောင့် ဒုက္ခိတဖြစ်ခဲ့ရသည့် လျှိုင်ချမ်းယုကမူ ယခင်နေ့ကတည်းက စကားမပြောတော့ပေ။ သူ၏မျက်ဝန်းများကမူ စိတ်ဓာတ်ကျဟန်များ နက်နဲစွာဖြစ်ပေါ်နေသည်။ ဤစိတ်ဓာတ်ကျမှုသည် သူ ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ရန် ကျရှုံးခဲ့စဥ်က စိတ်ဓာတ်ကျရခြင်းထက် အဆပေါင်းထောင်ချီကာ ပိုမိုဆိုးရွားသည်။
ယီယွင်က သန်မာရက်စက်ပြီး လျှိုင်ချမ်းယုကို နင်းချေပစ်ခဲ့သည်သာမက လျှိုင်ချမ်းယု၏ အကြောင်းများကိုလည်း ထုတ်ပြောခဲ့သည်။ ဒုက္ခိတဖြစ်နေကာ သိုင်းပညာစွမ်းရည်များ ဆုံးရှုံးသွားခဲ့သည့် လျှိုင်ချမ်းယုအဖို့ ယီယွင်ကို အနာဂတ်တွင် လက်စားချေနိုင်စွမ်း မရှိတော့ပေ။
လျှိုင်ချမ်းယု၏နှလုံးသား သေဆုံးခဲ့သည်။ လက်စားချေမည့် အတွေးများနှင့်သာ သူ့ကိုယ်သူ ထိန်းချုပ်ထားရသည်။ လျှိုင်ချမ်းယု အသက်ရှင်လိုစိတ် မရှိပေ။ သူ၏ခန္ဓာကိုယ်က အသက်ရှင်နေသော်လည်း ဖုတ်ကောင်တစ်ကောင်နှင့် မခြားတော့ပေ။
" ယီယွင် အနိုင်ရတယ် " ကျန်းတန်က ယီယွင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ယီယွင်ကို ကောင်းမွန်သည့် သုံးသပ်ချက်များ ပေးခဲ့သည့်တိုင်အောင် ယီယွင်ကို လျော့တွက်မိနေဆဲပင်။ သူသာ ယီယွင်၏အဆင့်ကို ထပ်မြှင့်ပေးရမည်ဆိုပါက ဆန်းကြယ်မှုအဆင့် အဆင့် ၆ ဖြစ်ပေလိမ့်မည်။
ပြည်ထောင်ရွေးချယ်ပွဲ၏ သေမျိုးသွေးနယ်ပယ် နောက်ဆုံးပြိုင်ပွဲ ပြီးဆုံးသွားခဲ့သည်။ ယီယွင်က ပြိုင်ကွင်းထဲ၌ ရပ်နေဆဲပင်။ သို့သော် သူ၏ညာလက်ကမူ ပြင်းထန်စွာပင် ဒဏ်ရာရထားသည်။ နောက်ဆုံးတိုက်ခိုက်မှုတွင် ယီယွင်က လက်သီးတွင် ယွမ်ချီများ လွှမ်းခြုံစေပြီး တောက်ယွင်ရှောင်း၏ တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သည့် သွေးနီငရဲကို ရင်ဆိုင်ခဲ့သည်။
သူက ယွမ်ချီသဏ္ဌာန်ကို အသုံးပြုခဲ့သည့်တိုင်အောင် လက်သီးမှာ အသားများ စုတ်ပြဲခဲ့သည်။ ထိုသက်ရောက်မှုကြောင့် ယီယွင်၏လက်သီးမှ ဒဏ်ရာသည် အရိုးကိုပင် မြင်နေရလေ၏။ မာကျောမှုခန္ဓာကိုယ်ကြောင့်သာ မဟုတ်ခဲ့ပါက သူ၏ညာလက်သီး တစ်စစီဖြစ်နေလောက်ချေပြီ။
ဟုတ်သည်။ တောက်ယွင်ရှောင်းက ပို၍ပင် ဒဏ်ရာများသည်။ ယီယွင်ကြောင့်သာမက အမဓားကို သွေးတိုက်ကျွေးခဲ့သည့် ဆုံးရှုံးမှုကြောင့် သူ တစ်နှစ်ခန့်မျှ ကုသရပေတော့မည်
" သမားတော်... သမားတော်ခေါ်ကြ " တောက်မျိုးနွယ် ဘိုးဘေးက လက်ယမ်းပြကာ ဆိုသည်။ သူ ဆက်မကြည့်နိုင်တော့သောကြောင့် မျက်စိမှိတ်ထားသည်။
မည်သို့ပင်ဆိုစေကာမူ တောက်ယွင်ရှောင်းသည် မျိုးနွယ်၏ အရင်းအမြစ်များစွာ အကုန်ခံထားရသည့် လက်ရွေးစင်တစ်ဦး ဖြစ်လေသည်။ တောက်ယွင်ရှောင်းသည် တောက်မျိုးနွယ်ကို အရိုင်းနယ်မြေထဲမှ ခေါ်ထုတ်သွားနိုင်သည့် လူနည်းစုထဲမှ တစ်ဦးဖြစ်သည်။ တောက်ယွင်ရှောင်း ဒဏ်ရာရထားလျှင်ပင် ကုသပေးရန်အတွက် အကောင်းဆုံးဆေးများ အသုံးပြုရန်လိုအပ်သည်။
တောက်မျိုးနွယ်မှ အတော်ဆုံး သမားတော်သည် သေတ္တာကြီးတစ်ခုနှင့်အတူ ရောက်လာခဲ့၏။ သေတ္တာထဲတွင် တောက်မျိုးနွယ်၏ ဆေးတောင်တန်းမှ ရရှိထားသော ဆေးပင်များစွာ ပါရှိလေသည်။ ယင်းက တန်ဖိုးကြီးသော ဆေးပင်များ ဖြစ်လေ၏။
ယီယွင်သည်လည်း ဒဏ်ရာရထားသည့်တိုင်အောင် ဆေးကောင်းဝါးကောင်များနှင့် ကုသမခံရပေ။ သူ၏ညာလက်က ဒဏ်ရာပြင်းထန်သည်။ အမွေခံလက်နက်ကြောင့် သူ၏အရိုးများနှင့် အရွတ်အကြောများ ခုတ်ဖြတ်ခံခဲ့ရသည်။ သာမန်လူတစ်ဦးသာဆိုလျှင် သူတို့၏လက်သီး ခုတ်ဖြတ်ခံရလိမ့်မည်။ စစ်သည်တစ်ဦးအတွက် ဒဏ်ရာပျောက်ကင်းရန်အတွက် ခက်ခဲနေရဆဲပင်။
သမားတော်အိုကြီးက ဆေးသေတ္တာကို အမောတကော ချလိုက်လေ၏။ သူက သိုင်းပညာကို မသိသလို အသက်အရွယ်သည်လည်း ကြီးရင့်လေသောကြောင့် လေထဲမှ ဖယောင်းတိုင်မီးပမာ ဖြစ်နေသည်။
သမားတော်အိုကြီးက တောက်ယွင်ရှောင်း၏လက်ကို ကိုင်လိုက်လေပြီး သွေးကြောစမ်းသပ်နေလေပြီး မကြာမီတွင် အရေးအကြောင်းများ ပြည့်နေသည့် မျက်နှာသည် တွန့်ရှုံ့သွားခဲ့လေ၏။
တောက်ယွင်ရှောင်း၏ သွေးခုန်နှုန်းက ဆိုးရွားလှသည်။ သူ တောက်ယွင်ရှောင်းကို ကုသပေးနိုင်မည့် ဖြစ်နိုင်ခြေမှာ သုညနီးပါးပင်။
ကျန်းတန် လက်ပြကာ ကျင်းလုံဝေ့၏ သမားတော်များ ကူညီပေးကြရန် ညွှန်ကြားလိုက်သည်။
ကျင်းလုံဝေ့တွင် အသက်ကယ်ဆေးများစွာ ရှိသည်။ သို့သော် ယင်းက အသက်မသေရန်သာ ကာကွယ်ပေးနိုင်လေ၏။ ယင်းဆေးများက သွေးနည်းနေခြင်းကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်း မရှိပေ။ အမှန်စင်စစ်တွင် သွေပြန်ဖြည့်ပေးစေသည့် ဆေးဝါးများက တန်ဖိုးကြီးမားလေသည်။ ယင်းက ပျက်စီးခြင်းအရိုး အမွေအနှစ်များစွာထက်ပင် ပိုမိုဈေးကြီးသည်။ ကျင်းလုံဝေ့တွင် ထိုကဲ့သို့ဆေးမျိုး ရှိနေမည်ဆိုလျှင်ပင် ပြည်ထောင်ရွေးချယ်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးအတွက် အသုံးပြုမည်မဟုတ်ပေ။
ထို့ကြောင့် ကျင်းလုံဝေ့၏ သမားတော်များက သာမန်ဆေးဝါးများသာ ထုတ်ပေးခဲ့သည်။ ယီယွင်နှင့် တောက်ယွင်ရှောင်းတို့က ဒဏ်ရာရထားခြင်းသာဖြစ်ပြီး အသက်အန္တရာယ် မရှိလေသောကြောင့် ကျင်းလုံဝေ့၏ သမားတော်များက အလျင်မလိုကြပေ။
ရုတ်ခြည်းမှာပင် အဝတ်များကို လေတိုးဝှေ့သည့်အသံများကို လူအများ ကြားလိုက်ရသည်။ သူတို့ မော့ကြည့်လိုက်ရာ လေသင်္ဘောပေါ်မှ အဖြူဝတ် မိန်းကလေးတစ်ဦး ဆင်းသက်လာသည်ကို မြင်လိုက်ကြရသည်။