နင့်ကို ခရမ်းသွေးနယ်ပယ် ချိုးဖျက်ခိုင်းမယ်
Vol. 9 Ch. 134
" မိန်းကလေးလင် " လင်ရှင်းထုံ ရောက်လာမည်ကို သူ သိလေသောကြောင့် ယီယွင် ပြုံးလိုက်၏။ ယခင်က ဤရေတံခွန်တွင် ယီယွင်က လင်ရှင်းထုံနှင့် လက်ရည်စမ်းခဲ့ဖူးသည်။
လင်ရှင်းထုံက စကားမဆိုဘဲ လှုပ်ရှားလိုက်သည်။ ယီယွင်ဆီသို့ ထိုးလိုက်သည့် ပျော့ပြောင်းသော ဓားထံမှ ဓားအလင်းသည် ငွေရောင်မြွေတစ်ကောင်အလားပင်။
လင်ရှင်းထုံ၏ဓားသိုင်းက ဖော်မစွမ်းနိုင်အောင် ဆွဲဆောင်နိုင်လှပြီး လှပသော အကပညာတစ်ရပ်ပမာပင်။
ယီယွင်က ခြေထောက်ကို အာရုံစိုက်ကာ ခန္ဓာကိုယ်ကို ရွေ့လျားလိုက်သည်။ ပုခုံးအား ရွေ့လျားလိုက်သည်နှင့် ခန္ဓာကိုယ်သည် အရိပ်ပေါင်းများစွာ ပြောင်းလဲသွားလေ၏။ တဒင်္ဂလှုပ်ရှားမှု...။
ယီယွင်က လင်ရှင်းထုံ၏ဓားကို လွတ်ရုံမျှ ရှောင်သွားလေ၏။ သူက အန္တရာယ်များသည့်ပုံစံဖြင့် ရှောင်နိုင်ခဲ့သည့်ပမာ ဖြစ်နေသော်လည်း အကွက်တိုင်းက ယီယွင်၏တွက်ချက်မှုအောက်တွင် ရှိနေကာ ရှင်းလင်းတိကျပြီး မှန်ကန်လေသည်။
" နင်က တဒင်္ဂလှုပ်ရှားမှုကို ပိုကျွမ်းကျင်လာပြီ " လင်ရှင်းထုံက ဓားကိုသိမ်းကာ ချီးကျူးလိုက်သည်။
သူမက ဆိုသည်..." အခု နင်က တဒင်္ဂလှုပ်ရှားမှုမှာ အဆင့်ငယ်အောင်မြင်ခြင်းကို ရောက်နေပြီ။ နင်က ရန်သူရဲ့အားအင်ကို အသုံးပြုပြီး သူတို့ရဲ့တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနိုင်နေပြီ။ ဒါပေမဲ့ နင်က တဒင်္ဂလှုပ်ရှားမှုမှာ အဆင့်ကြီးအောင်မြင်ခြင်းကို ရောက်ဖို့တော့ အဝေးကြီးလိုသေးတယ် "
" တဒင်္ဂလှုပ်ရှားမှု အဆင့်ကြီးအောင်မြင်ခြင်းက ဘာလဲ " ယီယွင်က ရိုကျိုးစွာ မေးလိုက်သည်။
လင်ရှင်းထုံ ကျောက်တုံးပေါ်မှ ဆင်းလာခဲ့ပြီး နဖူးမှ ဆံစများကိုသပ်ကာ ဆိုသည်..." တဒင်္ဂလှုပ်ရှားမှု အဆင့်ကြီးအောင်မြင်ခြင်းကို နင့်ဘာသာပဲ လေ့လာရမယ်။ တစ်စုံတစ်ယောက်က နင့်ကို သင်ပေးလိုက်မယ်ဆိုရင် နင့်ရဲ့အမြင် မဟုတ်တော့ဘူး။ နင့်ရဲ့ သိမြင်နားလည်မှုတွေကိုတောင် ကန့်သတ်မိသွားနိုင်တယ်။ ငါ့နောက်က လိုက်ခဲ့။ ငါ နင့်ကို နေရာတစ်ခုဆီ ခေါ်သွားပေးမယ်။
" အင်း " ယီယွင် ခေါင်းညိတ်လိုက်သည်။ သူ လင်ရှင်းထုံနှင့်အတူ ထွက်သွားဟန်ပြုလိုက်ချိန်တွင် လင်ရှင်းထုံက လက်ပေးလာသည်ကို မြင်လိုက်ရသည်။
" လက်ပေး " လင်ရှင်းထုံက သာမန်ပင်ဆိုသည်။
" အာ.." ယီယွင် တစ်ခဏမျှ ကြောင်အနေရသည်။ သူ ချစ်စဖွယ်လက်ကလေးကို ကြည့်ကာ တုန့်ဆိုင်းနေမိ၏။ လက်ကိုင်ခြင်းမှာ မသင့်လျော်လှချေ။
ယီယွင် အတွေးအချို့ ဝင်မိနေသော်လည်း လင်ရှင်းထုံ၏ စင်ကြယ်သော မျက်နှာထားကြောင့် သူ အပြစ်ရှိစိတ် ဝင်သွားရသည်။ သူက သူမကို အတွေးမှားများနှင့် မဆက်ဆံသင့်ပေ။
ယီယွင် အသက်ဖွဖွရှုကာ လှပသောလက်ကလေးကို ကိုင်လိုက်သည်။ သေးသွယ်သော လက်ချောင်းများက ဖြူဖွေးနေပြီး ထိတွေ့ရသည်မှာ နူးညံ့လှသည်။ သူ လက်ကလေးအား ကိုင်ရသည်မှာ ရေစီးကြောင်းတစ်ခုကို ထိတွေ့နေရသကဲ့သို့ ခံစားရသည်။
" သူ့ရဲ့ အသားက အတော်ကို အေးစက်တာပဲ " ယီယွင် လင်ရှင်းထုံ၏အသားနှင့် ထိမိချိန်တိုင်းတွင် ထိုခံစားချက်ကို ရလေသည်။ လင်ရှင်းထုံက ရေနှင့်ဖွဲ့စည်းထားသည့်ပမာ ခံစားရ၏။
" သွားကြမယ် " လင်ရှင်းထုံ ပျံတက်သွားသည်။ ညလေပြင်အောက်တွင် သူမ၏ဂါဝန် တဖျတ်ဖျတ်လှုပ်ခါနေ၏။ ယင်းသည် ချန်အာ လပေါ်သို့ ပြန်တက်သွားနေသည့်အလားပင်။
လင်ရှင်းထုံ၏နောက်မှ ယီယွင်ကမူ ဆွဲငင်အားတစ်ရပ်ကို ခံစားနေရလေ၏။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ် ပေါ့ပါးသွားကာ ရုတ်တရက်ပင် ပျံတက်သွားလေ၏။
ယီယွင် တိမ်စိုင်များအကြား၌ ပျံသန်းနေသည်။ သူ၏ခြေထောက်သည် တဖြည်းဖြည်းချင်း ရေတံခွန်နှင့် ဝေးကွာလာကာ ကြယ်များနှင့် နီးကပ်လာခဲ့လေ၏။ ယီယွင် မှင်တက်မိနေသည်။
အသွေးအသား ခန္ဓာကိုယ်ကို အသုံးပြုကာ ကောင်းကင်ထက်တွင် ပျံသန်းနေချေ၏။
ယီယွင် အောက်သို့ကြည့်လိုက်ရာ မဲမှောင်နေသည့် တောင်တန်းများကို မြင်လိုက်ရသည်။ ဖြတ်သန်းရခက်ခဲခြင်းကြောင့် လူအများ စိတ်ပျက်အားငယ်ကြရသည့် တောင်တန်းများနှင့် မြစ်များတို့မှာ ယခုအခါတွင် သေးငယ်နေလေ၏။ သူ၏ခြေဖဝါးအောက်မှ ၎င်းအရာများကို အံ့မခန်းအမြန်နှုန်းနှင့် ကျော်ဖြတ်နေလေသည်။
ယီယွင်အတွက် လင်ရှင်းထုံနှင့် ပျံသန်းရသည်မှာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်ဟုသာ ဖော်ညွှန်းနိုင်တော့သည်။ ဤသည်မှာ သူ ခန္ဓာကိုယ်သက်သက်ဖြင့် ပထမဆုံးအကြိမ် ပျံသန်းဖူးခြင်း ဖြစ်လေ၏။
ယီယွင်နှင့် လင်ရှင်းထုံတို့ နှစ်နာရီခန့် ပျံသန်းခဲ့ကြသည်။ မိုင်ငါးရာခန့် ဖြတ်သန်းပြီးခဲ့သည်ဟု ထင်ရချိန်တွင် လင်ရှင်းထုံက ယီယွင်နှင့်အတူ ဆင်းသက်လာသည်။ သူတို့ ငြိမ်သက်အေးစက်သော တောင်ကြားထဲသို့ ဆင်းသက်သွားခဲ့၏။ သူတို့အား အေးစက်သောလေများ အဆက်မပြတ် တိုက်ခတ်နေသည်။
လင်ရှင်းထုံက ယီယွင်၏လက်ကို လွှတ်ပေးကာ ဆိုလိုက်သည်..." ငါတို့ ရောက်ပြီ "
" ဒါက... " ယီယွင် မျက်မှောင်ကုတ်လိုက်၏။ တောင်ကြားထံမှ ဟိန်းဟောက်သံသဲ့သဲ့ကို သူ ကြားနေရသည်။ အထဲတွင် ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုတစ်ခု ခိုအောင်းနေပုံပင်။ ထိုမျှမကသေးဘဲ ဤနေရာတွင် မိုးမြေယွမ်ချီများ သိပ်သည်းနေသည့်တိုင်အောင် သူ့အား မကောင်းသောခံစားချက် ရနေစေသည်။
လင်ရှင်းထုံက ဆိုသည်..." ဒါက ပျက်စီးခြင်းလူသားတောင်ကြားပဲ။ ဒါက တိမ်ရိုင်းနယ်မြေထဲက ကြီးမားတဲ့ တောင်ကြားကြီးတစ်ခုပဲ။ တောင်ကြားက မိုင်ပေါင်းသောင်းချီအထိ သွယ်တန်းနေပြီး မြောက်အရပ်က ပျက်စီးခြင်းနယ်မြေနဲ့ ဆက်စပ်နေတယ် "
လင်ရှင်းထုံ ပြောခဲ့သည့် ပျက်စီးခြင်းနယ်မြေဆိုသည်မှာ တိမ်ရိုင်းနယ်မြေ၏ မြောက်ဘက်နယ်စပ် ဖြစ်လေ၏။ ပျက်စီးခြင်းနယ်မြေက တိမ်ရိုင်းနယ်မြေထက် ပိုမိုကြီးမားသည်။ ထိုနယ်မြေထဲတွင် အားကောင်းလှသော ပျက်စီးခြင်းသားရဲမျိုးစုံ ရှိနေလေပြီး တိုင်အာနတ်ပြည်ထောင် ကိုင်တွယ်နိုင်သည်ထက် ကျော်လွန်လေသည်။ လူသားအရှင်သခင်များပင် လက်လွတ်စပယ် မဝင်ရဲလေသောကြောင့် ထိုနေရာတွင် လူတစ်ဦးတစ်လေပင် ရှိမနေပေ။
လင်ရှင်းထုံက ဆိုသည်..." ပျက်စီးခြင်းလူသားတောင်ကြားက သားရဲရိုင်းတွေ ပြည့်နေတဲ့ နေရာတစ်ခုပဲ။ ဒီနေရာက မိုးမြေယွမ်ချီတွေကို နင် ခံစားမိလား။ ဒီမိုးမြေယွမ်ချီတွေက လူသားတွေအတွက် မသက်မသာခံစားရစေတယ်။ ဒီမိုးမြေယွမ်ချီကို ပျက်စီးခြင်းစွမ်းအားလို့လဲ ခေါ်ကြတယ်။ အဲ့ဒါက ပျက်စီးခြင်းသားရဲတွေနဲ့ သားရဲရိုင်းတွေ အကြိုက်ဆုံးအရာတစ်ခုပဲ။
" ပျက်စီးခြင်းလူသားတောင်ကြား...သားရဲတွေ စုပြုံပြီးနေထိုင်တဲ့ နေရာတစ်ခု " ယီယွင် မျက်မှောင်ကုတ်လိုက်၏။ လင်ရှင်းထုံက သူ့အား ဤကဲ့သို့ နေရာမျိုးကို ခေါ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
တိမ်ရိုင်းနယ်မြေထဲတွင် ပျက်စီးခြင်းနယ်မြေနှင့် အံ့ဖွယ်နယ်မြေဟူ၍ ရှိလေသည်။ ပျက်စီးခြင်းနယ်မြေတွင် ပျက်စီးခြင်းစွမ်းအင်များ ပြည့်နှက်နေကာ ပျက်စီးခြင်းသားရဲများ နေထိုင်ကြသည်။ အံ့ဖွယ်နယ်မြေတွင် စိတ်ဝိညာဥ်စွမ်းအင်များ ပြည့်နှက်နေလေသောကြောင့် လူသားများက အံ့ဖွယ်နယ်မြေဟု တင်စားကြခြင်း ဖြစ်လေ၏။
အံ့ဖွယ်နယ်မြေနှင့် ပျက်စီးခြင်းနယ်မြေတို့ ဒွေးရောယှက်တင် ရောထွေးနေလျက်ဖြင့် တိမ်ရိုင်းနယ်မြေ ဖြစ်လာရပေသည်။
ယီယွင်က ပျက်စီးခြင်းသားရဲများ၏ ပိုင်နက်နယ်မြေထဲသို့ ပထမဆုံးအကြိမ် ခြေချမိဖူးခြင်း ဖြစ်လေသည်။
" မိုးမြေယွမ်ချီ... ပျက်စီးခြင်းစွမ်းအား..." ယီယွင် တီးတိုးရေရွတ်လိုက်၏။ သူက နှလုံးထဲတွင်ရှိသည့် ခရမ်းရောင်သလင်းကျောက်နှင့် စိတ်ချင်းဆက်သွယ်မှု ရှိလေသည်။ နှလုံးခုန်လျှင် ခရမ်းရောင်သလင်းကျောက်က ကျုံ့လိုက်ဆန့်လိုက်ဖြစ်လာကာ ဝဲကတော့ငယ်တစ်ခု ဖန်တီးလေ၏။ ပျက်စီးခြင်းစွမ်းအင်များသည် ယီယွင်၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရပြီး တဖြည်းဖြည်းခြင်းဖြင့် သန့်စင်သောစွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ထိုစွမ်းအင်များ ယီယွင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် မသက်မသာခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ယီယွင်မှာ ပျက်စီးခြင်းနယ်မြေနှင့် အံ့ဖွယ်နယ်မြေတို့၏ ခြားနားချက်ကို မခံစားရတော့ချေ။
" ခရမ်းရောင်သလင်းကျောက်က အကြွင်းမဲ့ရတနာတစ်ခုပဲ " ယီယွင်က ခရမ်းရောင်သလင်းကျောက်ကို ထပ်မံသိရှိလေ့လာခွင့် ရသွားခဲ့သည်။ ခရမ်းရောင်သလင်းကျောက်က စွမ်းအင်များကို ထိန်းချုပ်ရာတွင် အမြင့်ဆုံးအဆင့်၌ ရှိနေသည်။ ခရမ်းရောင်သလင်းကျောက်၏ လက်ဝါးအောက်မှ မည်သည့်စွမ်းအင်မျှ မလွတ်နိုင်ပုံပင်။
" အမ်...နင်..." လင်ရှင်းထုံက တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် ယီယွင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
" ဘာလဲ " ယီယွင် ခေါင်းကုတ်လိုက်၏။ လင်ရှင်းထုံ၏ ထက်မြက်လှသော အာရုံခံနိုင်စွမ်းကြောင့် သူ တုန်လှုပ်သွားရသည်။ သူ ပျက်စီးခြင်းစွမ်းအင်များ စုပ်ယူချိန်တွင် အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ဟန်ရှိပြီး လင်ရှင်းထုံက ထိုအရာကို အာရုံခံမိသွားခဲ့ပုံပင်။
လင်ရှင်းထုံသည် ယီယွင်၏ခန္ဓာကိုယ် မည်သည့်အရာမျှ လွဲမနေကြောင်း တွေ့ရှိသွားပြီး သူမ မှားယွင်းနေသည်ဟုသာ ထင်မိသွားခဲ့သည်။ သူမက ခေါင်းယမ်းကာ..." ဘာမှမဟုတ်ပါဘူး... ဒီရက်တွေအတွင်း ငါ့မိသားစုဆီကို ပြန်မယ် "
" အမ်..." ယီယွင် အနည်းငယ်ခန့် မှင်တက်မိသွားသည်။ လင်ရှင်းထုံထံမှ ခွဲခွာရမည့်စကားကို ရုတ်တရက် ကြားလိုက်ရခြင်းကြောင့် သူ မလိုလားစွာ ဖြစ်သွားရ၏။
" မင်းရဲ့ဆရာကို စောင့်မယ်လို့ ပြောခဲ့တယ်မလား "
" ငါ စောင့်မရတော့ဘူး "
လင်ရှင်းထုံ ခေါင်းယမ်းကာ... " ငါ့မိသားစုက တစ်နေရာရာကို သွားရမှာဖြစ်လို့ ငါပြန်လာဖို့ လိုအပ်နေတယ်။ ပြီးတော့ ငါ့ရဲ့ဆရာ သွားခဲ့တဲ့ ဆန်းကြယ်နယ်မြေရဲ့အဆင့်က သူ ထင်ထားတာထက် ကျော်လွန်နေပုံရတယ်။ ဆန်းကြယ်နယ်မြေမှာ စူးစမ်းရှာဖွေဖို့အတွက် တစ်နှစ် ဒါမှမဟုတ် အဲ့ဒီထက် အချိန်ပိုယူရလိမ့်မယ်လို့ ငါ့ကို အသိပေးခဲ့တယ် "
ယီယွင် မှင်တက်မိသွား၏။ ဆန်းကြယ်နယ်မြေကို စူးစမ်းရှာဖွေရန် တစ်နှစ် သို့မဟုတ် ထို့ထက်ပို၍ ကြာမည်တဲ့လား။
လင်ရှင်းထုံက ယီယွင် အံ့အားသက့်နေသည်ကို သတိပြုမိကာ ဆိုလိုက်သည်..." တစ်နှစ်လောက် စူးစမ်းရှာဖွေတာက ကြာတယ်လို့ မဆိုနိုင်ပါဘူး။ ဆန်းကြယ်နယ်မြေအချို့ရင် သီးခြားကမ္ဘာငယ်တွေလေ။ အဲ့ဒါတွေက တိမ်ရိုင်းနယ်မြေထက်တောင် ပိုကြီးကြတယ်။ အဲ့ဒီနယ်မြေတွေမှာ သွားလာဖို့ဆိုရင် အချိန်အကြာကြီး လိုအပ်တယ်လေ။ ဒါ့အပြင် အဲ့ဒီဆန်းကြယ်နယ်မြေကို အစီအရင်တစ်ခုနဲ့ ပိတ်ထားသေးတယ်။ အဲ့ဒီအစီအရင်ကို ပညာရှင်တစ်ဦး ဒါမှမဟုတ် မဟာဧကရာဇ်တစ်ပါးက ချထားခဲ့တာ ဖြစ်လောက်မယ်။ အချိန်လမ်းကြောင်းကဖြတ်ရင် အစီအရင်က အားနည်းသွားနိုင်လောက်ပေမဲ့ အစီအရင်ကို ဖျက်ဆီးဖို့ဆိုရင်တော့ အချိန်တွေ အများကြီးလိုအပ်တယ် "
" ငါ့ရဲ့ဆရာနဲ့ အမတ်ဝမ်ယွင်က ဆန်းကြယ်နယ်မြေထဲမှာ အချိန်တစ်ခုလောက်အထိ ခြေဆန့်မှာဖြစ်တာကြောင့် ကျင်းလုံဝေ့က တိမ်ရိုင်းနယ်မြေထဲမှာ အရှုပ်အထွေးတွေ ချန်ထားချင်နေပုံပဲ။ အဲ့ဒါတွေ ဖြစ်လာရင် နင်က တိုင်အာနတ်ပြည်ထောင်ရဲ့ ဗဟိုဒေသထဲ ဝင်ရလိမ့်မယ် "
ယီယွင့် ပင့်သက်ရှိုက်လိုက်သည်။ နောက်ဆုံးတွင် သူက တိမ်ရိုင်းနယ်မြေထဲမှ ထွက်ခွာကာ အပြောကျယ်လှသော လောကကြီးထဲသို့ ဝင်ရောက်ရပေတော့မည်။
" မိန်းကလေးလင်... ငါက တိုင်အာနတ်ပြည်ထောင်ကို သွားရမယ်။ မင်းကလည်း မင်းရဲ့မိသားစုဆီကို သွားရမယ်။ ငါတို့တွေ ပြန်ဆုံနိုင်လောက်လား "
" ပြန်ဆုံမှာပါ "
လင်ရှင်းထုံ ပြုံးကာ..." ငါက မကြာခင်မှာ ထွက်သွားရတော့မယ်။ အဲ့ဒါမတိုင်ခင်မှာ ငါက နင့်ကို လမ်းညွှန်မှုအချို့ ထပ်ပေးမယ်။ ဒါဆိုရင် နင် ခရမ်းသွေးနယ်ပယ်ကို မချိုးဖျက်ခင်အချိန်အထိ ဆက်တိုးတက်လာမှာပဲ "
" ခရမ်းသွေးနယ်ပယ် " ယီယွင်၏မျက်ဝန်းများ တောက်ပသွားသည်။ သိုင်းပညာ၏ ပထမခြေလှမ်းဟု ခေါ်ကြသည့် ခရမ်းသွေးနယ်ပယ်က အရိုင်းနယ်မြေထဲရှိ စစ်သည်တိုင်း၏ အိပ်မက်တစ်ခု ဖြစ်လေသည်။ ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးသည် တစ်ဦးတည်း ရပ်တည်နိုင်လေပြီး မျိုးနွယ်ငယ်အချို့တွင် ဘုရင်တစ်ပါးပင် ဖြစ်လာနိုင်သည်။
ခရမ်းသွေးနယ်ပယ်တွင် ပိတ်မိနေကြသူများ ဒုနှင့်ဒေးပင်။ အယောက်တစ်သောင်းလျှင် တစ်ယောက်ကသာ ဖြတ်ကျော်နိုင်၏။ ယီယွင်အတွက်မူ ဗဟိုဒေသသို့ ဝင်ရောက်ပြီး ကိုယ်ပိုင်အိမ်တစ်လုံး အခြေချနိုင်ခြင်းသည် စွမ်းအားတိုးလာခြင်းနှင့် ဘာမျှမပတ်သတ်ပေ။
ယီယွင် ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်လိုနေသည်မှာ ကြာခဲ့ပေပြီ။ ယီယွင် အစိမ်းရောင်ဆေးလုံးကို စားပြီးသည့်နောက်တွင် ဆေးအာနိသင်များကို အပြည့်အဝချေဖျက်ခြင်း မပြုရသေးပေ။ သူက ခရမ်းသွေးနယ်ပယ်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ခံစားမိနေသည်။
" ငါက နင့်ကို ပျက်စီးခြင်းလူသားတောင်ကြားဆီ ခေါ်လာပေးခဲ့တာက နင် သားရဲရိုင်းတွေနဲ့ တိုက်ခိုက်နိုင်အောင်လို့ပဲ။ ဒါဟာ နင့်အတွက် တိုက်ပွဲအစစ် အတွေ့အကြုံကို ရစေလိမ့်မယ် " လင်ရှင်းထုံက တောင်ကြားကြီးကိုကြည့်ရင်း ဆိုလိုက်သည်။
လင်ရှင်းထုံ၏ စကားကြောင့် ယီယွင်၏မျက်ဝန်းများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားလေသည်။ သားရဲရိုင်းများနှင့် တိုက်ခိုက်ရမည်တဲ့လား။ မည်ကဲ့သို့ မြင်ကွင်းမျိုး ဖြစ်လာလိမ့်မည်နည်း။
အတွေးနှင့်အတူ ယီယွင် သွေးများဆူပွက်လာရ၏။