သားရဲရိုင်းမျာနှင့် တိုက်ခိုက်ခြင်း
Vol. 9 Ch. 135
အရိုင်းနယ်မြေထဲတွင် လူသားများနှင့် သားရဲများက ဆန့်ကျင်ဘက်၌ ရှိကြသည်။ သို့သော် ယီယွင်က ယနေ့အချိန်အထိ သားရဲအစစ်များနှင့် တိုက်ခိုက်ဖူးခြင်း မရှိပေ။
တိမ်ရိုင်းနယ်မြေထဲတွင် ပျက်စီးခြင်းသားရဲများနှင့် သားရဲရိုင်းများ မနည်းလှပေ။ သူ့အဖို့ မည်သည့်သားရဲနှင့်မျှ တိုက်ခိုက်ရခြင်းမရှိဘဲ တိမ်ရိုင်းနယ်မြေထဲမှ ထွက်ခွာရလျှင် နောင်တရမိနေလိမ့်မည်။
" နင် သတ်ပစ်တဲ့ သားရဲတွေကို ငါက သားရဲရိုင်းအမတေအဖြစ် သန့်စင်ပေးမယ်။ သားရဲရိုင်းအမတေကို စားပြီးတဲ့နောက် အစိမ်းရောင်ဆေးရဲ့ ဆေးအဆီအနှစ်တွေနဲ့ ပေါင်းဖက်လိုက်မယ်ဆိုရင် နင် ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်ဖို့အတွက် အထောက်အကူရမှာပါ "
လင်ရှင်းထုံက ယီယွင်ကို မခိုမကပ်ဘဲ ကူညီပေးနေ၏။ ယခင်ကလည်း သူမက အစိမ်းရောင်ဆေးကိုပင် ပေးခဲ့သည်ဖြစ်ပြီး ထိုကြင်နာမှုများကြောင့် ယီယွင်ပင် စိတ်မကောင်းဖြစ်ရသည်။
" မိန်းကလေးလင်က ငါ့ကို ဘာကြောင့် ကူညီပေးနေရတာလဲ "
လင်ရှင်းထုံ အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် ဆိုလေသည်..." နင်က သိချင်နေတယ်ဆိုမှတော့ နင့်ကိုပြောပြလည်း ဘာမှမဖြစ်ပါဘူး။ ငါ မွေးလာတုန်း ငါဟာ ယင်သွေးကြောနဲ့ မွေးဖွားလာတယ်လို့ မိသားစုက ပြောခဲ့တယ်။ ငါရဲ့ကျင့်ကြံမှုက တဖြည်းဖြည်းချင်း အတားအဆီးနဲ့ နီးကပ်လာနေပြီ။ ယင်သွေးကြောကြောင့် ငါက အဲ့ဒီအတားအဆီးကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး "
" ဟင် " ယီယွင် ထိတ်လန့်သွားလေ၏။ သူက ယင်သွေးကြောကို တစ်ခါမျှပင် မကြားဖူးပေ။
" ယင်သွေးကြောကို အဆုံးသတ်သွေးကြောလို့လဲ ခေါ်ကြတယ်။ အဲ့ဒီသွေးကြောတွေက ပြန်ဆက်လို့ မရနိုင်လုနီးပါးပဲ။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ ငါ နင်ရဲ့ခန္ဓာကိုယ်နဲ့ ထိမိတဲ့အချိန်မှာ ငါ့ရဲ့သွေးကြောတွေ နိုးထလာတာကို တစ်ခါတစ်လေမှာ ခံစားမိတယ်။ ငါ့ရဲ့ အဆုံးသတ်သွေးကြောတွေအတွက် မျှော်လင့်ချက်မှိန်မှိန်လေးကို နင့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရှာတွေ့ခဲ့တယ်။ အခွင့်အရေးက သေးငယ်တယ်ဆိုပေမဲ့ မရှိတာထက်စာရင် ပိုကောင်းပါတယ်။ နင် ပိုပြီးသန်မာလာချိန်ကျရင် ဒီမျှော်လင့်ချက်လည်း ပိုကြီးလာနိုင်လောက်တယ် "
ထိုစကားများ ဆိုနေချိန်တွင် လင်ရှင်းထုံ၏ အမူအရာက အထီးကျန်နေလေ၏။ သူမသည် အကန့်အသတ်မဲ့သော ကြယ်ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းဖွဖွ ချလိုက်လေ၏။
ယီယွင် မှင်တက်မိနေသည်။ လင်ရှင်းထုံက အဆုံးသတ်သွေးကြောကို ထမ်းပိုးထားရသည်တဲ့လား။ ယီယွင်က အကြောင်းအရာများစွာကို နားမလည်သော်လည်း " အဆုံးသတ် " ဆိုသည်မှာ မည်သည်အား ဆိုလိုကြောင်းကိုမူ နားလည်လေသည်။
သူနှင့် လင်ရှင်းထုံတို့ လက်ဝါးချင်းထိမိသည့် ညနှင့်လည်း ပတ်သတ်နေချေ၏။ လင်ရှင်းထုံက သူမ၏လျှို့ဝှက်ချက်ကို ထုတ်ပြောခဲ့သည်ဖြစ်ပြီး ထိုကိစ္စက အမှန်ဖြစ်ဖို့ရာ များချေသည်။ သူ့အတွက်မူ လင်ရှင်းထုံ၏စွမ်းအားက အလွန်ကြီးမားလေပြီး သူမက အလွန်တရာပင် ပါရမီထူးကာ အကန့်အသတ်မရှိပေ။
သို့သော် သူမက အဆုံးသတ်သွေးကြောနှင့် မွေးဖွားလာခဲ့ရချေသည်။ သူမတွင် ပြောက်မြောက်လှသည့် ပါရမီတစ်ခု ရှိနေသည့်တိုင်အောင် အဆုံးသတ်သွေးကြောပါ ရှိနေခဲ့သည်တဲ့လား။ အဆုံးသတ်သွေးကြောများ ရှိမနေခဲ့လျှင် သူမ၏စွမ်းအားက မည်သည့်အတိုင်းအတာအထိ ရောက်နေလိမ့်မည်နည်း။
ယီယွင် အံ့အားသင့်နေသည်။ ဤလောကကြီးက အမှန်တကယ်ပင် အပြောကျယ်ကာ ကျွမ်းကျင်သူများနှင့် ပြည့်နေချေ၏။ သူ မည်သို့ရလဒ်ပင် ရရှိခဲ့ပါစေ သူက ခရီးအစ၌သာ ရှိနေသေးကြောင်းကို နက်နက်နဲနဲပင် နားလည်သွားခဲ့ရသည်။ သူ၏ရှေ့တွင်ရှိနေသည့် လမ်းကြောင်းက ရှည်လျားလွန်းပေသည်။
" လက်ပေး " လင်ရှင်းထုံက ထပ်မံကာ လက်ကမ်းပေးလိုက်သည်။
" ပျက်စီးခြင်းလူသားတောင်ကြားထဲမှာ အန္တရာယ်ကောင်တွေ အများကြီးပဲ။ အချို့အပင်တွေကတောင် လူသားစားတဲ့ မကောင်းဆိုးရွားတွေပဲ။ နင် ဘာကိုမှ အာရုံခံနိုင်မှာမဟုတ်ဘူး။ နင့်ရဲ့မျက်လုံးတွေကိုပဲ အသုံးပြုရလိမ့်မယ်။ မှောင်မိုက်နေတဲ့ ပျက်စီးခြင်းလူသားတောင်ကြားထဲမှာ အရမ်းကို အန္တရာယ်များတယ်။ ငါ့လက်ကို ကိုင်ထား။ ငါက အန္တရာယ်တွေကို ရှောင်တိမ်းနိုင်တယ်။ နင်သာ ငါနဲ့လူချင်းခွာပြီး ခြေတစ်လှမ်း မှားသွားခဲ့မယ်ဆိုရင် ထောင်ချောက်ထဲကျပြီး သားရဲတွေရဲ့ အစာအိမ်ထဲ ချက်ချင်းရောက်သွားလိမ့်မယ် "
လင်ရှင်းထုံ၏ စကားများက ပေါက်ကရမဟုတ်ပေ။ ပျက်စီးခြင်းလူသားတောင်ကြားတွင် အန္တရာယ်များ ပြည့်နေလေ၏။ အထဲမှ မကောင်းဆိုးဝါးများက လူသတ်ရာတွင် ကျွမ်းကျင်ကြသည်သာမက ချောင်းမြောင်းတိုက်ခိုက်ရာတွင်လည်း ဆရာကျလှသည်။
ယီယွင် နှုတ်ခမ်းသပ်ကာ လင်ရှင်းထုံ၏လက်ကို ကိုင်လိုက်သည်။ သူတို့နှစ်ဦး လက်ချင်းချိတ်ပြီး တောင်ကြားထဲသို့ ဝင်သွားခဲ့သည်။ လင်ရှင်းထုံနှင်အတူ ပျက်စီးခြင်းလူသားတောင်ကြားထဲသို့ ဝင်နေရလေသောကြောင့် ယီယွင် မျှော်လင့်ချက်များ ပြည့်နေလေ၏။
ယီယွင် လင်ရှင်းထုံ၏နောက် ဖြည်းညင်းစွာ လိုက်သွားသည်။ ယီယွင်က လင်ရှင်းထုံကို မြင်ရခြင်းမရှိဘဲ သူမ၏လက်အား ကိုင်ထားရသည်ကိုသာ ခံစားမိသည်။ ပျက်စီးခြင်းလူသားတောင်ကြားက အလွန်တိတ်ဆိတ်လှပြီး အခြားသူတစ်ဦး၏ နှလုံးခုန်သံကိုပင် ကြားရနိုင်သည်။
သူမ၏မျက်လုံးများသည် အလင်းရောင်မမြင်ရသော်လည်း ဘေးပတ်ဝန်းကျင်ကို အာရုံခံနိုင်သည့်အတွက် လင်ရှင်းထုံက ရှေ့မှသွားနေသည်။ အမှန်တကယ်တွင် သူမက ယီယွင်နှင့် အလွန်ပင် ထိတွေ့လိုကြောင်းကို ဝန်ခံရပေမည်။ ယီယွင်၏လက်ကို ကိုင်ထားလျှင် သူမ အလွန်ပင် သက်တောင့်သက်သာရှိလှသည်။
လင်ရှင်းထုံက ယင်သွေးကြောနှင့် မွေးဖွားလာသည်ဖြစ်၍ သူမ၏ခန္ဓာကိုယ်က ရေပမာပင် အေးစက်လေသည်။ ယီယွင်၏ခန္ဓာကိုယ်က ပူလေသည်။ ယီယွင်၏ ခန္ဓာကိုယ်ထဲတွင် အပူစွမ်းအင်တစ်ခု စီးဆင်းနေသည့်အလားပင်။ ယင်းအရာနှစ်ခုက သူတို့၏အရေပြားများတွင် စီးဆင်းနေပြီး လင်ရှင်းထုံ၏ခန္ဓာကိုယ်ကို ပျိုးထောင်ပေးနေသည်။ ယင်းအဖြစ်က သူမကို အလွန်တရာပင် သက်တောင့်သက်သာ ရှိစေလေသည်။ ယီယွင်ကြောင့် လင်ရှင်းထုံ၏ ပိတ်နေသော သွေးကြေားများတွင် သေးငယ်သော ပြောင်းလဲမှုများ ဖြစ်လာရသည်။
သူတို့နှစ်ဦး အနက်ပိုင်းထဲသို့ ပိုရောက်လာခဲ့ပြီး ပတ်ဝန်းကျင်အခြေအနေသည်လည်း ပိုဆိုးလာခဲ့သည်။ ယီယွင်သည် မမြင်ရသော်လည်း မရဏအာရုံတစ်ခု ရရှိနေလေ၏။ သူ၏ ချိုမြန်သာယာနေသော အတွေးများ ပျောက်ကွယ်သွားရ၏။
" ဒီပျက်စီးခြင်းလူသားတောင်ကြားက သေခြင်းနဲ့ ပြည့်နေတယ် "
ဤနေရာတွင် သေခြင်းက အချိန်မရွေးပင် ဆိုက်ရောက်လာနိုင်လေသောကြောင့် သူ သတိကြီးကြီး ထားရမည်။ သူတို့ အောက်သို့နိမ့်ဆင်းလာသည်ဟု ယီယွင် ခံစားမိသည်။ သူတို့က မြေအောက်လိုဏ်ခေါင်းထဲသို့ ဝင်နေရသည့်အလားပင်။
တဖြည်းဖြည်းချင်းဖြင့် ယီယွင် အလင်းရောင် မြင်လာရသည်။ ထိုအလင်းသည် နံရံများထံမှ မီးစုန်းပါသော တွင်းထွက်သတ္တုများထံမှ ဖြစ်လေ၏။ တဖြည်းဖြည်းချင်းဖြင့် ယီယွင် အမြင်အာရုံ ပြန်ရလာသည်။
ကြမ်းတမ်းမညီညာသော တောင်ကြားထဲတွင် ကြီးမားသောအရွယ်အစားရှိသည့် အပင်များကို ယီယွင် မြင်လိုက်ရသည်။ ထိုအပင်များကဘချုံပင်များနှင့်ဆင်တူသော်လည်း ထူးခြားနေလေ၏။ ပန်းပွင့်များ၏ထိပ်ဖူးတွင် လွှသွားကဲ့သို့ မျဥ်းကြောင်းရှိနေပြီး သွေးများစီးကျနေသည်ကို မြင်ခဲ့ရ၏။ ၎င်းက ဧရာမပါးစပ်ကြီးတစ်ခုအလားပင်။
နှစ်ပေသုံးပေခန့် မြင့်မည့်ဟန်ရှိသည့် မှိုတစ်ပွင့်လည်း ရှိနေသည်။ ထိုမှိုက ဧရာမထီးတစ်လက်အလားပင်။ ထိုမှိုက တောက်ပနေပြီး ထူးခြားသော သင်းရနံ့တစ်ခု ထုတ်လွှတ်နေသည်။ မှိုခမောက်၏အောက်တွင် အရိုးစုများကို မြင်နေရသည်။
" အဲ့ဒါက လူသားစားအပင်တွေနဲ့ လူသတ်မှိုပဲ။ လူသားစားအပင်က လူတွေကို စားတယ်။ လူသတ်မှိုရဲ့ အနံ့က အဆိပ်ပါတယ်။ မျိုးမှုံတွေ ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ မှိုပင်အသစ် ပေါက်လာလိမ့်မယ်။ နင် မြင်နေရတဲ့ အရိုးတွေက အဲ့ဒါရဲ့ရလဒ်ပဲ "
လင်ရှင်းထုံ စကားဆိုနေရင်းဖြင့် ခန္ဓာကိုယ်ထံမှ ခရမ်းရောင် လျှပ်စီးလှိုင်းတစ်ခု ထွက်ပေါ်လာ၏။ လင်ရှင်းထုံနှင့် ယီယွင်တို့အနီး ရောက်လာသော မှိုမျိုးမှုံများကို လျှပ်စီးများက လောင်ကျွမ်းပစ်လေသည်။
ယီယွင် ကျိတ်၍ ထိတ်လန့်နေသည်။ ဤသည်ကား အရိုင်းနယ်မြေ၏ တောရိုင်းကမ္ဘာကြီး ဖြစ်လေ၏။ ဤနေရာတွင် သေခြင်းတရားက မသိလိုက်ရဘဲ ရောက်လာနိုင်သည်။
လင်ရှင်းထုံက ဆိုသည်..." အရိုင်းနယ်မြေထဲမှာ လူသူအရောက်အပေါက်မရှိတဲ့ ချောင်ကျတဲ့နေရာတွေ အများကြီးရှိတယ်။ နင် တွေးမကြည့်ဖူးလောက်တဲ့ အန္တရာယ်တွေလည်း အပြည့်ရှိနေတယ်။ အဲ့ဒီနေရာတွေက လူသူမရှိတာရယ် ထူးဆန်းတဲ့ပတ်ဝန်းကျင် ရှိနေတာရယ်ကြောင့် ရတနာတွေ ဖန်တီးနိုင်တယ်။ အချို့ရတနာတွေရဲ့ တန်ဖိုးက တိုင်းတာဖို့တောင်ခက်တယ်။ အရိုင်းနယ်မြေရဲ့ အခြားဒေသတွေထဲကို အဲ့ဒီရတနာတွေ ရောက်သွားခဲ့မယ်ဆိုရင် သွေးမုန်တိုင်းတစ်ခု ဖြစ်လာပြီး ရှေးဟောင်းနိုင်ငံတစ်ခုကိုတောင် ဖျက်ဆီးပစ်နိုင်လောက်တယ် "
ယီယွင် ငြိမ်ကာနားထောင်နေသည်။ သူက ဤလောကကြီးထဲသို့ ပထမဆုံးအကြိမ် ဝင်ဖူးခြင်းဖြစ်လေ၏။
" တိမ်ရိုင်းနယ်မြေကို ဥပမာထားကြည့်ရအောင်။ တိမ်ရိုင်းနယ်မြေထဲမှာရှိတဲ့ ပျက်စီးခြင်းနယ်မြေအချို့က မိုင်သိန်းချီ ဒါမှမဟုတ် မိုင်သန်းချီအထိ ကျယ်ဝန်းကြတယ်။ အဲ့ဒီနေရာတွေက အချိန်နဲ့ဟင်းလင်းပြင် ဂုဏ်သတ္တိတွေ မတူညီကြတဲ့ ဆန်းကြယ်နယ်မြေတွေပဲ။ အဲ့ဒီနေရာတွေမှာ ရှေးဦးပျက်စီးခြင်းသားရဲတွေ ပြည့်နေတာကြောင့် လူသားအရှင်သခင်တွေတောင် အရမ်းကာရော မဝင်ဝံ့ကြဘူး "
လင်ရှင်းထုံ ရုတ်တရက်ပင် ရပ်သွားလေ၏။ သူမ ရှေ့ဆီသို့ အေးစက်စက်ကြည့်လိုက်သည်။
ယီယွင် သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားမိကာ..." ရှေ့မှာ တစ်ခုခုရှိနေတယ် "
ယီယွင် ရန်ချီဓားမောက်ကို ဆွဲထုတ်လိုက်သည်။ ယီယွင်က နိုးကြားနေလျက်ရှိကြောင်း မြင်လိုက်ရခြင်းကြောင့် လင်ရှင်းထုံ ကျေနပ်သွားရ၏။ သူမက ယီယွင်နောက်သို့ ဆုတ်သွားခဲ့လေ၏။ သူမက ဤအရာကို ယီယွင်၏တိုက်ပွဲအဖြစ် လုပ်ပေးခဲ့ကြောင်း ရှင်းလင်းလှသည်။
ဂါး...။
ယီယွင်၏ရှေ့ရှိ ကျောက်နံရံထံမှ သားရဲအော်သံတစ်ခု ထွက်ပေါ်လာကာ ကျောက်သားများ စတင်ရွေ့လျားလာသည်။ ကျောက်သားအားလုံး ကွာကျသွားချိန်၌ ယီယွင်၏ရှေ့တွင် ကြီးမားသော မျောက်ဝံတစ်ကောင် ပေါ်ထွက်လာသည်။
မျောက်ဝံကြီး၏ခန္ဓာကိုယ်က မြင့်မားကာ လက်တံများ ရှည်လျားသည်။ ခန္ဓာကိုယ်နှင့်ယှဥ်လျှင် ဦးခေါင်းက များစွာမကြီးလှပေ။ မျောက်ဝံကြီးတွင် သွေးနီရောင်ပါးစပ် ရှိနေလေသည်။
မျောက်ဝံကြီး၏ ခန္ဓာကိုယ်တွင် ကျောက်သားချပ်ဝတ် လွှမ်းခြုံထားပြီး ခန္ဓာကိုယ်အရောင်က ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲနိုင်သည်။ ထိုအကြောင်းအရင်းကြောင့် ယီယွင်က ကြိုမမြင်မိခဲ့ခြင်း ဖြစ်လေ၏။
ယခုအခါ သားကောင်ကို မြင်လိုက်ရချိန်၌ မျောက်ဝံကြီး၏ခန္ဓာကိုယ် နီရဲလာပြီး သွေးနီမျောက်ဝံတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။
" သွေးကျောက်သားရဲ။ သူ့ရဲ့အဆင့်က သားရဲရိုင်းတစ်ကောင်ပဲ။ ဒီသားရဲက လောဘကြီးတယ် ၊ ရက်စက်တယ် ၊ သန်မာတယ်။ ဒီသားရဲက သားကောင်ကို တစ်စစီလုပ်ပစ်ရတာ နှစ်သက်တယ်။ ဒီသားရဲကို သတ်လိုက်။ ငါက သားရဲရိုင်းအမတေ သန့်စင်ပေးမယ်။ နင်လည်း ခရမ်းသွေးနယ်ပယ်ကို တဖြည်းဖြည်းချင်း ချိုးဖျက်သွားနိုင်လိမ့်မယ် " လင်ရှင်းထုံက ဆိုလိုက်သည်။ ကျောက်အပိုင်းအစများနှင့် ဖုန့်မှုန့်များက သူမ၏အနီးသို့ ရောက်မလာကြပေ။ ဝရုန်းသုန်းကားဆန်နေသည့် မြေအောက်ထဲတွင်ပင် လင်ရှင်းထုံ၏ အဝတ်များက အစွန်းအထင်းမရှိပေ။