မိမိစိုက်ပျိုးတာကို ကိုယ်တိုင်ရိတ်သိမ်းရတယ်
Vol. 9 Ch. 133
နေဝင်သွားချိန်တွင်မူ လျှိုင်မျိုးနွယ်မှ လူများ ဗိုက်ပြည့်သွားခဲ့ကြ၏။ သူတို့ အားပါးတရ စားခဲ့သည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်လေသည်။ ထို့အပြင် အချိန်ကြာမြင့်စွာ ဆာလောင်ခဲ့ရလေသောကြောင့် ဗိုက်ပြည့်ခြင်းသည် သူတို့အတွက် ကြီးမားသော ကျေနပ်စရာတစ်ခု ဖြစ်လေ၏။
သူတို့ စားသောက်ပြီးသည့်နောက် အစာချေရန် အချိန်ကျလာချေပြီ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် အစာချေရာတွင် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်လေ၏။
လျှိုင်မျိုးနွယ်မှ လူများက မည်သည့်လေ့ကျင့်ခန်းကို လုပ်ကြမည်နည်း။ လျှိုင်ချမ်းယုက ဤလူများကို ဂုတ်သွေးစုပ်ထားခဲ့ချေသည်။ သူ လုပ်ဆောင်ခဲ့သမျှ အစီအစဥ်အားလုံးက သူ၏ရှေ့ရေးအတွက်သာ ဖြစ်လေ၏။ လူအများ ဆာလောင်ခဲ့ရသည်မှာ လျှိုင်ချမ်းယုကြောင့် ဖြစ်လေ၏။
ရယ်စရာကောင်းသည်မှာ သူတို့က ထိုကောင့်ပေါ်တွင် မျှော်လင့်ချက်များ ပုံအောမိခဲ့ပြီး ချီးကျူးပြောဆိုမှုများ လုပ်ခဲ့ကြခြင်းပင်။
ယခုတွင် ယီယွင်ကို မှီခိုအားကိုးလိုက်ချိန်၌ သူတို့အဖို့ စားစရာကောင်းများ စားသောက်ခဲ့ရသည်။ လျှိုင်ချမ်းယုက သူတို့၏ရန်သူ ဖြစ်သည်သာမက သူတို့၏ကျေးဇူးရှင်ဖြစ်သည့် ယီယွင်၏ရန်သူလည်း ဖြစ်ချေသည်။
လျှိုင်ချမ်းယုက ဒုက္ခိတဖြစ်ခဲ့သည်တိုင်အောင် သူတို့၏ လက်စားချေလိုစိတ်များ အာသာမပြေသေးပေ။ သူတို့ကိုယ်တိုင် လက်စားမချေဘဲ ရန်သူကို အသေခံခိုင်းလိုက်ခြင်းမျိုးကို မည်သူကများ လိုချင်ပါမည်နည်း။ လျှိုင်ချမ်းယု၏ လက်ပါးစေများကပင် လျှိုင်ချမ်းယုကို မုန်းတီးနေကြသည်။ လျှိုင်ချမ်းယုကြောင့်သာ မဟုတ်ခဲ့ပါက သူတို့ကိုယ်သူတို့အား ယီယွင်နှင့် ရန်သူဖြစ်စေခဲ့မည် မဟုတ်ပေ။
သူတို့သာ ယီယွင်နှင် ရန်သူမဖြစ်ခဲ့လျှင် ယနေ့တွင် စားစရာမရဘဲ ရှိပါဦးမည်လော။
အရိုင်းနယ်မြေမှ လူများက တွေးခေါ်ပုံ ထူးခြားကြသည်။ သူတို့အား ယီယွင်က စားစရာမပေးခဲ့သည့်တိုင်အောင် ယီယွင်က သန်မာလေသောကြောင့် သူတို့က ယီယွင်ကို မုန်းတီးစိတ်မဖြစ်ကြပေ။ သန်မာသူများက အားနည်းသူများ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်သူသည်ဟု အရိုင်းနယ်မြေမှ လူများ၏ မသိစိတ်တွင် လက်ခံထားကြလေ၏။ ထို့ကြောင့် သူတို့က မုန်းသည့်အဆင့်အထိပင် ရောက်ဝံ့ခြင်းမရှိကြပေ။
သူတို့က ဆာလောင်နေသည်ဖြစ်ပြီး သူတို့၏ဒေါသများ ပုံချရန်အတွက် သဲအိတ်တစ်လုံး လိုအပ်နေသည်။ ထိုသဲအိတ်က အားနည်ရပေမည်။ လက်ရှိတွင် မည်သူက အားနည်းလေသနည်း။ ဒုက္ခိတ သခင်ဟောင်းက သူတို့၏စားစရာများကို ပျက်စီးခြင်းအရိုးနှင့် လဲလှယ်ခဲ့သည့်တိုင်အောင် ဆိုးရွားပင် ကျရှုံးခဲ့သေးချေသည်။ ထိုကောင်၏ ကတိစကားများ ပြည့်ဝလာခြင်းမရှိဘဲ သူတို့အား ဆာလောင်ငတ်မွတ်စေခဲ့သည်။
ထို့ကြောင့် သာမန်လူများပင်ဖြစ်စေ လျှိုင်ချမ်းယု၏ လက်ပါးစေဟောင်းများပင်ဖြစ်စေ သူတို့အားလုံးက လျှိုင်ချမ်းယုဘက်သို့ မြားဦးလှည့်ထားကြလေ၏။ လျှိုင်ချမ်းယုက လူထု၏ နံပါတ်တစ်ရန်သူတော် ဖြစ်လာရ၏။
ထို့ကြောင့် ထိုနေ့ညနေခင်းတွင် ဒေါသထွက်နေသော ရွာသားတစ်ဖွဲ့က လျှိုင်ချမ်းယုကို လက်စားချေရန် မျိုးနွယ်ခေါင်းဆောင်၏ ခြံဝန်းသို့ သွားခဲ့ကြလေသည်။ သူတို့၏ ဒေါသများကို ချေဖျက်သည့်နည်းလမ်းဟောင်းက ရိုးရှင်းထိရောက်သည်။ သူတို့က လျှိုင်ချမ်းယု၏အိမ်ကို နွားချေးများနှင့် ပစ်ပေါက်ကြသည်။
လျှိုင်ချမ်းယုကို လျှိုင်မျိုးနွယ်ဆီသို့ ပြန်ခေါ်လာသည်မှာ ကံဆိုးသည်ဟု သူတို့ ခံစားမိကြသည်။ လျှိုင်ချမ်းယုကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့ ဆာလောင်ရနေပါမည်လော။ နွားချေးများ အသုံးပြုကာ ကံဆိုးမှုများကို ချေဖျက်ပစ်ရမည်။
ရွာထဲတွင် ကျွဲနွားများ မရှိတော့လေသောကြောင့် နွားချေးပမာဏ အကန့်အသတ်ရှိနေ၏။ ဥာဏ်ကောင်းသည့် ရွာသားအချို့က ကျင်းလုံဝေ့ စခန်းချထားသည့်နေရာသို့ သွားကာ ဦးချိုသားရဲ၏ မစင်များကို သယ်ယူလာကြ၏။
ရွာသားခုနစ်ဦးက ဦးချိုသားရဲ၏ မစင်များကို စိတ်အားထက်သန်စွာ သယ်လာကြ၏။ ဦးချိုသားရဲ၏ မစင်များက နွားချေများထက် အာနိသင်ပိုကောင်းသည်ဟု သူတို့က ထင်ကြသည်။ ထို့အပြင် ဦးချိုသားရဲက ကျွဲနွားများထက် အဆပေါင်းရာချီကာ ခမ်းနားထည်ဝါသည်။
ထိုသို့ဖြင့် မျိုးနွယ်ခေါင်းဆောင်၏အိမ်တွင် ဦးချိုသားရဲ၏ မစင်မိုး ရွာသွန်းနေလေ၏။ အကြီးအကဲအဖွဲ့မှာ ထိတ်လန့်ကြောက်ရွံ့နေကြ၏။
မျိုးနွယ်ခေါင်းဆောင်က နာမကျန်းဖြစ်ကာ အိပ်ယာထဲလဲနေ၏။ မျိုးနွယ်ခေါင်းဆောင်က လျှိုင်ချမ်းယုအပေါ်တွင် မျှော်လင့်ချက်များ ပုံအောထားခဲ့လေသောကြောင့် လျှိုင်ချမ်းယု ဒုက္ခိတဖြစ်သွားချိန်တွင် သူသည်လည်း နာမကျန်းဖြစ်သွားရသည်။
အချို့သူများက အသက်ရှင်နိုင်ရန်အတွက် စိတ်ဝိညာဥ်ထောက်တိုင် လိုအပ်သည်။ စိတ်ဝိညာဥ်ထောက်တိုင် ပြိုလဲသွားလျှင် သူတို့လည်း အသက်ရှင်လိုစိတ် ပျောက်သွားပေလိမ့်မည်။
လူအများက ဒေါသထွက်နေကြလေသောကြောင့် မကြာမီတွင် မျိုးနွယ်ခေါင်းဆောင်၏ ခြံဝန်းထဲတွင် မစင်များ ပြည့်သွားလေ၏။
ထိုအဖြစ်အပျက်မျိုးကို လျိုထျယ်က အဘယ်သို့များ အလွတ်ခံပါမည်နည်း။
အမှန်တကယ်တွင် ထိုဝိုင်းရံထားမှုသည် လျိုထျယ်ထံမှ အစပြုခဲ့ခြင်း ဖြစ်လေ၏။ သူက လူအများအကြားတွင် အထင်ပေါ်ဆုံးသူ ဖြစ်လေ၏။ ဦးချိုသားရဲ၏ မစင်များနှင့် ပစ်ပေါက်ရာတွင် သူက အကြိုးစားဆုံး ဖြစ်လေသည်။ သူက မျိုးနွယ်ခေါင်းဆောင်၏ ခြံဝန်းထဲသို့ မစင်များ တစ်ဂေါ်ပြီးတစ်ဂေါ်ပင် ပစ်ထည့်နေလေ၏။
အိမ်ထဲတွင်ရှိနေသည့် လျှိုင်ချမ်းယုက အသက်ရှင်နေသည်ဆိုရုံမျှသာရှိပြီး မကြာမီတွင် သူ၏မျက်နှာကို မစင်များ ဖုံးအုပ်သွားလေသည်။
ထိုစဥ်တွင် လျှိုင်ချမ်းယုနှင့် ဆွေမျိုးတော်စပ်သည့် အကြီးအကဲတစ်ဦးက သတ္တိမွေးကာ မျိုးနွယ်ခေါင်းဆောင်၏ ခြံဝန်းထဲသို့ တိတ်တဆိတ်ဝင်သွားခဲ့လေ၏။ မစင်မုန်တိုင်းအောက်တွင် သူသည် လျှိုင်ချမ်းယုကို မစင်ပုံထဲမှ ဆွဲထုတ်လာခဲ့လေ၏။
မစင်များနှင့် ပစ်နေသည့် လျိုထျယ်က အားမရနိုင်ဘဲ အော်လိုက်လေသည်..." ကိုယ့်လူတို့... မီးရှို့ကြမယ် "
အရိုင်းနယ်မြေမှ လူများက မျက်ကန်းများပင်။ တစ်စုံတစ်ယောက်က ဦးဆောင်ခဲ့လျှင် သူတို့က လိုက်ပါကြလိမ့်မည် ဖြစ်လေ၏။
မီးတုတ်များကို တစ်ခုပြီးတစ်ခု မီးရှို့လိုက်ကြပြီး မျိုးနွယ်ခေါင်းဆောင်၏ ခြံဝန်းထဲသို့ ပစ်လိုက်ကြလေ၏။ ကောင်းကင်တွင် မီးတောက်များ မြင့်တက်လာ၏။ မီးတောက်များက ယီယွင်၏အိမ်ကို မီးရှို့ခဲ့စဥ်ကထက် ဆယ်ဆပိုပြင်းသည်။
တောင်ပေါ်တွင် ရပ်နေသည့် ယီယွင်က အဝေးမှ မီးတောက်များကို ကြည့်နေခဲ့သည်။ လအနည်းငယ်အတွင်း တူညီသည့်မြင်ကွင်း ဖြစ်လာခဲ့သည်။
ထိုစဥ်က လျှိုင်ချမ်းယုသည် စားစရာများ ဝေမျှပေးသည်ဖြစ်ပြီး ယခုတွင်မူ ယီယွင်က စားစရာများ ဝေမျှပေးနေရသည်။
ထိုစဥ်က ကျန်းရှောင်ယု အဝိုင်းခံခဲ့ရကာ အိမ်အား နွားချေးများ အပစ်ခံရပြီး မီးရှို့ခံခဲ့ရသည်။ ယခုတွင် မျိုးနွယ်ခေါင်းဆောင်၏ ခြံဝန်း အဝိုင်းခံရကာ ဦးချိုသားရဲ၏ မစင်များ အပစ်ခံရပြီး မီးရှို့ခံခဲ့ရသည်။
ယင်းက ဝဋ်လိုက်ခြင်း ဖြစ်လေ၏။ မိမိစိုက်ပျိုးတာကို မိမိကိုယ်တိုင်ရိတ်သိမ်းရမည်။
ယီယွင် သက်ပြင်းချလိုက်သည်။ ဤလောကကြီးတွင် လူကောင်းကို ဆုချပေးရန် မလိုအပ်သော်လည်း လူဆိုးကိုမူ အပြစ်ပေးရန် လိုအပ်သည်။
ဤလောကကြီးက မတရားပေ။ သူအဖို့ ဤလောကကြီး တရားမျှတလာစေရန် လက်လှမ်းမီသလောက်အထိ တတ်စွမ်းနိုင်သမျှ လုပ်ဆောင်ရန်သာ ရှိလေသည်။
ယီယွင်က သူတော်စင်တစ်ပါး မဟုတ်သလို လောကကြီးကို ငြိမ်းချမ်းစေရန် ဦးဆောင်လိုခြင်းလည်း မရှိပေ။ ထိုသို့အတွေးမျိုးက လက်တွေ့မဆန်လှပေ။ သို့သော် သူ အပိုင်စားရလာမည့် နယ်မြေထဲတွင် တရားမမျှတမှုများအား မမြင်ရစေရေးကိုမူ ယီယွင် ဆန္ဒရှိသည်။
ကြင်နာမှုသည် ပီတိသောမနဿ ရသင့်လေပြီး စိတ်အနှောင့်အယှက်ပေးလာလျှင် အပြစ်ပေးရမည်။ ထိုသည်ကား ယီယွင်တွင်ရှိနေသည့် ရိုးရှင်းသော်လည်း လှပသောဆန္ဒတစ်ခု ဖြစ်လေသည်။
......................
မိုးချုပ်သွားလေ၏။ ကောင်းကင် မဲမှောင်နေချိန်တွင် ယီယွင်က အရှေ့ဘက်မြစ်၏ ရေတံခွန်ဆီသို့ သွားခဲ့လေသည်။ မီတာပေါင်းရာချီကာ ကျဆင်းလာနေသည့် ရေများကြောင့် နားစည်များပင် တုန်ဟီးနေရသည်။
လဝက်ခန့်အကြာတွင် ယီယွင်က ရင်းနှီးနေသည့် နေရာဆီသို့ ပြန်ရောက်လာခဲ့၏။ ယခင်က ဤနေရာတွင် ယီယွင် ရေပြင်ကျယ် နဂါးအကကို လေ့ကျင့်ခဲ့စဥ်က လင်ရှင်းထုံနှင့် ဆုံတွေ့ခဲ့ရသည်။
ယီယွင် မျက်လုံးမှိတ်ကာ အာရုံစူးစိုက်လိုက်သည်။ သူ စတင်လေ့ကျင့်လေ၏။ သူက ငါးပျံဝတ်စုံကို ချွတ်ထားလိုက်ပြီး ချည်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူ၏လှုပ်ရှားမှုတိုင်းက ညက်ညောသော်လည်း ပေါက်ကွဲစွမ်းအားများ ပါဝင်နေသည်။
သိုင်းကွက်အားလုံးကို ကစားပြီးသည့်နောက်တွင် ယီယွင် တစ်စုံတစ်ခုကို ခံစားမိကာ လှည့်ကြည့်လိုက်သည်။ ကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်အောက်တွင် အဖြူဝတ်မိန်းကလေးတစ်ဦးသည် ကျောက်တုံးတစ်တုံးပေါ်တွင် နတ်သမီးတစ်ပါးပမာ ရပ်နေလျက်ရှိလေ၏။