ယီယွင် အစာခွဲဝေပေးခြင်း
Vol. 9 Ch. 132
ကျန်းရှောင်ယုနှင့် ယီယွင်တို့ အတန်ကြာအောင် ပွေ့ဖက်ထားပြီးနောက် လူချင်းခွာလိုက်ကြသည်။
" ယွင်အာ... ပြည်ထောင်ရွေးချယ်ပွဲမှာ ဘာတွေလုပ်ခဲ့လဲ " ကျန်းရှောင်ယုက ယီယွင်၏ ရွေးချယ်ပွဲရလဒ်အတွက် စိုးရိမ်မိသည်။ သူသာ မအောင်မြင်ခဲ့ပါက အနာဂတ်တွင် လျှိုင်ချမ်းယုက ပြဿနာရှာလာနိုင်သည် မဟုတ်ပေလော။
ထို့အပြင် ကျန်းရှောင်ယု၏အမြင်တွင် ယီယွင် သိုင်းပညာလေ့ကျင့်သည်မှာ အချိန်နည်းသေးလေကြောင့် ယီယွင်အဖို့ ရွေးချယ်ပွဲကို အောင်မြင်ရန်မှာ ခက်ခဲလေသည်။ သို့သော် သူမ ရုတ်တရက်ပင် တစ်စုံတစ်ခုကို တွေးမိသွားလေ၏။ သူမ ယီယွင်၏ပခုံးကို ကိုင်ကာ အဝတ်အစားများကို သေချာကြည့်လိုက်သည်။
" ငါးပျံဝတ်စုံ " သူမက ထိုအဝတ်အစားမျိုးကို အမှန်တကယ်ပင် သိနေချေသည်။
တိုင်အာနတ်ပြည်ထောင်တွင် မင်းမျိုးများ၏ အဝတ်များက အလွန်ပင် သီးခြားဆန်သည်။
ငါးပျံပုံစံ ချည်ပန်းထိုးထားပါက ငါးပျံဝတ်စုံဟု ခေါ်လေသည်။ ပျံသန်းနေသည့် ငါးများက အရွယ်မရောက်သေးသည့် နဂါးများ ဖြစ်လေ၏။ ခက်ခဲသော အခြေအနေများအောက်တွင် သူတို့က နဂါးတစ်ကောင် ဖြစ်လာနိုင်သည်။
ငါးပျံဝတ်စုံ၏အထက်တွင် စပါးအုံဝတ်စုံ ၊ ချိုးနျိုပုံစံ ( နဂါးမင်း၏ ပထမသားတော် ) ပါရှိသည်ကို ချိုးနျိုဝတ်စုံ ၊ နတ်ကြိုးကြာပုံစံ ပါရှိသည်ကို ကြိုးကြာဝတ်စုံဟု ခေါ်သည်။ တော်ဝင်မိသားစုထဲသို့ ရောက်မှသာ ချီလင်ပုံ ၊ နဂါးပျံပုံ ၊ လက်သည်းငါးခု နဂါးပုံ စသည်တို့ကို ဝတ်ဆင်ရသည်။
ကွဲပြားသော အဝတ်များက မတူသော အဆင့်များကို ဆိုလိုလေသည်။
" ယွင်အာ... အဝတ်တွေကို ကြုံသလိုယူဝတ်လို့ မရဘူးလေ။ တစ်ယောက်ယောက်ကသာ ဒါကို သတိပြုမိသွားရင် နင် အပြစ်ပေးခံရလိမ့်မယ်။ ဒီအဝတ်တွေကို မင်းမျိုးတွေပဲ ဝတ်လို့ရတယ်။ အမြန်ချွတ်လိုက် " ကျန်းရှောင်ယုက စကားဆိုရင်းဖြင့် ယီယွင်၏ အဝတ်လည်ပင်းကို ကိုင်လိုက်သည်။
ကျန်းရှောင်ယု၏အတွေးတွင် မင်းမျိုးနွယ်များနှင့် သာမန်လူများ၏ ကွာခြားချက်က အလွန်ကြီးမားလှသည်။ သာမန်လူများ မင်းမျိုးနွယ်ဖြစ်လာနိုင်ရန်မှာ အလွန်ခက်ခဲသည်။
မကြာမီတွင် ကျန်းရှောင်ယု နားလည်သွားသည်။ သူမ၏လက် လေထဲတွင်ရပ်သွားကာ ယီယွင်အား မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းအစခြေအဆုံး ကြည့်လိုက်လေ၏။ ယီယွင်က ငါးပျံဝတ်စုံ ဝတ်ဆင်ထားသည်သာမက ရန်ချီဓားမောက်တစ်လက်လည်း ရှိနေသည်ကို ကျန်းရှောင်ယု သိလိုက်ရသည်။ ထို့အပြင် ယီယွင်က သူမကို လာတွေ့ရန်အတွက် ဦးချိုသားရဲကို စီးလာခဲ့သေးချေသည်။
" ယွင်အာ... နင်...နင် မင်းမျိုးနွယ်တစ်ဦး ဖြစ်သွားပြီလား " ကျန်းရှောင်ယု မှင်တက်မိနေသည်။ ယွင်အာက ပြည်ထောင်ရွေးချယ်ပွဲတွင် ပါဝင်ခဲ့ရုံမျှဖြင့် မင်းမျိုးနွယ်တစ်ဦး ဖြစ်လာသည်တဲ့လား။ ယွင်အာ၏ စွမ်းဆောင်မှုများက ထူးချွန်ပြောင်မြောက်လွန်းသဖြင့် အသက် ၁၂ နှစ်နှင့်ပင် မင်းမျိုးနွယ်အဖြစ် ခန့်အပ်ပေးခဲ့ခြင်း ဖြစ်လေသလော။
" အစ်မရှောင်ယု... ကျွန်တော်က ပြည်ထောင်ရွေးချယ်ပွဲကို အောင်မြင်ခဲ့ပြီးတော့ သေမျိုးသွေးနယ်ပယ်မှာ ပထမရခဲ့တယ်။ ကျွန်တော်က ကျင်းလုံဝေ့ရဲ့ လက်ရွေးစင်တစ်ဦး ဖြစ်နေပြီ။ ကျင်းလုံဝေ့ရဲ့ ထောင်စုမှူးကျန်းက ကျွန်တော့်ကို ပြည်ထောင်မြင်းစစ်သည်အဖြစ် ခန့်အပ်ခဲ့တယ်။ အနာဂတ်မှာ ကျွန်တော်က ဗဟိုဒေသထဲမှာ ကိုယ်ပိုင်နယ်မြေတစ်ခု ရှိလာမှာဆိုတော့ အစ်မရှောင်ယုကို ကောင်းမွန်တဲ့ဘဝမှာ ထားမယ် "
ပီတိဆိုသည်မှာ ရိုးရှင်းသည်။ သင် လိုချင်သည့်အရာကို ရရှိလာချိန်တွင် တစ်စုံတစ်ဦးကို မျှဝေပေးခြင်းသည် ပီတိ ဖြစ်လေ၏။
ယီယွင်၏ အနာဂတ်ရည်မှန်းချက်အတွက်မူ ပြည်ထောင်မြင်းစစ်သည် ဖြစ်လာသည်မှာ ဘာမျှမဟုတ်ပေ။ ယင်းက အစပျိုးသာ ဖြစ်ချေ၏။ ယခုတွင် ယီယွင်က ထိုဘွဲ့အား အလွန်ကျေနပ်နေမိသည်။ အကြောင်းကမူ ထိုဘွဲ့က ကျန်းရှောင်ယုအတွက် အဓိပ္ပါယ်များစွာ ရှိနေလေသောကြောင့်ပင်။ ပြည်ထောင်မြင်းစစ်သည်ဘွဲ့ ဆိုသည်မှာ ဂုဏ်သရေ ဖြစ်လေ၏။
သေမျိုးသွေးနယ်ပယ် ပထမ။ ကျင်းလုံဝေ့ လက်ရွေးစင်။ ပြည်ထောင်မြင်းစစ်သည်။
ယီယွင်က ပြည်ထောင်ရွေးချယ်ပွဲကို အောင်မြင်ခဲ့သည်သာမက ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး တိုင်အာနတ်ပြည်ထောင်၏ ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာသည်တဲ့လား။
ယီယွင်တွင် ကံကောင်းမှုဖြစ်ရပ်အချို့ ရှိနေသည်ကို ကျန်းရှောင်ယု သိသည်။ အဖိုးအိုစုထံမှ အကူအညီရပြီးနောက်တွင် ယီယွင်၏စွမ်းအားများ အလွန်တိုးတက်သွားသည်မှာ အံ့ဩစရာမဟုတ်ပေ။ သို့သော် ယီယွင်က မင်းမျိုးနွယ်တစ်ဦး ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝထင်မထားခဲ့ပေ။
" အစ်မရှောင်ယုက ငါးပျံဝတ်စုံအကြောင်းကိုတောင် သိနေတာပဲ " ကျန်းရှောင်ယု၏ ဗဟုသုတကြောင့် ယီယွင် အံ့အားသင့်ရသည်။ ကျန်းရှောင်ယုက သူမ၏မိသားစုနှင့် ခွဲခွာချိန်တွင် အသက်ခုနစ်နှစ်သာ ရှိသေးသည်ဟု ယီယွင် ထင်မိသည်။ အသက်ခုနစ်နှစ်နှင့်ပင် စာဖတ်နိုင်ပြီး အကြောင်းအရာများစွာအား သိနေခြင်းမျိုးကို သာမန်ကလေးများ မလုပ်နိုင်ပေ။
ကျန်းရှောင်ယု၏ နောက်ခံကို ယီယွင် သိချင်မိသွားခဲ့သည်။
" အစ်မရှောင်ယုကို ကျွန်တော်နဲ့အတူ သိုင်းပညာလေ့ကျင့်ခိုင်းဖို့ စီစဥ်ထားတယ် " ယီယွင် ထိုကိစ္စကို တွေးထားသည်မှာ ကြာခဲ့ပေပြီ။
သေမျိုးတို့၏သက်တမ်းက တိုလွန်းလှသည်။ ယီယွင်သည် ကျန်းရှောင်ယု ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားမည်ကို မလိုလားပေ။ ထို့ကြောင့် သူက ကျန်းရှောင်ယုကိုလည်း သိုင်းပညာ လေ့ကျင့်စေလိုသည်။
အတိတ်တွင် ယီယွင်က စားစရာပင် မရှိလေသောကြောင့် ကျန်းရှောင်ယုကို သိုင်းပညာလေ့ကျင့်ခိုင်းစေနိုင်ခြင်း မရှိပေ။ ယခုတွင် သူက ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာခဲ့၏။ သူ့တွင် အရင်းအမြစ်များ ပိုလာမည်ဖြစ်၍ ကျန်းရှောင်ယုအား သိုင်းပညာ လေ့ကျင့်ခိုင်းသည်မှာ မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။
" အစ်မရှောင်ယုရဲ့ ပါရမီက ဘယ်အဆင့်လောက်လဲဆိုတာ ငါသိချင်မိတယ် " ကျန်းရှောင်ယုတွင် ထူးခြားသောနောက်ခံ ရှိနေကြောင်းကို ယီယွင် သိသည်။ ထို့ကြောင့် သူမက သူ့ထက်ပင် ပါရမီ ပိုကောင်းလောက်လေသလော။
အနာဂတ်တွင် ကျန်းရှောင်ယုသာ သူမကိုယ်သူမ ကာကွယ်နိုင်စွမ်းရှိလာလျှင် ယီယွင် စိတ်အေးရပေလိမ့်မည်။
" ငါ ယွင်အာရဲ့ဆန္ဒအတိုင်း လုပ်မယ် " ကျန်းရှောင်ယု ခေါင်းညိတ်လိုက်သည်။ အတိတ်တွင် ကျန်းရှောင်ယုက ယီယွင်အတွက် ဆုံးဖြတ်ပေးခဲ့ရသည်။ ယခုတွင်မူ ယီယွင်က တဖြည်းဖြည်းချင်း ရင့်ကျက်လာပြီဖြစ်၍ ကျန်းရှောင်ယုက ယီယွင်အား သူမကိုယ်စား ဆုံးဖြတ်ချက်ချခွင့် ပေးအပ်ခဲ့လေသည်။
" ဒါပေမဲ့ နင့်ရဲ့ကျင့်ကြံရေးကို မထိခိုက်စေရအောင် လုပ်ပါ " ကျန်းရှောင်ယုက ပြောလိုက်သည်။ ကျင့်ကြံရာတွင် အရင်းအမြစ်များစွာ လိုအပ်ကြောင်း သူမ သိသည်။ သူမ ကျင့်ကြံလျှင် ယီယွင်၏ အရင်းအမြစ်အချို့ကို သုံးရလိမ့်မည်။
" အဲ့ဒီလိုမဖြစ်ပါဘူး "
ယီယွင် ရယ်မောကာ..." သွားကြစို့ အစ်မရှောင်ယု။ ကျွန်တော် အစ်မကို ရွာပြန်ခေါ်သွားမယ် "
.....................
ယီယွင် ထွက်သွားသည်မှာ တစ်နာရီကြာခဲ့ပေပြီ။ လျှိုင်မျိုးနွယ်မှ လူများသည် ရွာဝင်ပေါက်တွင်ရပ်ကာ ယီယွင်ကို စောင့်နေကြ၏။
ဦးချိုသားရဲပေါ်တွင် ထိုင်နေသည့် ကျန်းရှောင်ယုသည် လျှိုင်မျိုးနွယ်မှ လူငါးထောင် ၊ ခြောက်ထောင်ခန့် ရောက်နေကြကြောင်းကို သိရှိသွားခဲ့သည်။ ကျန်းရှောင်ယု မှင်တက်မိနေ၏။
အခမ်းအနားပွဲများတွင်ပင် ဤသို့မြင်ကွင်းမျိုးက ရှားပါးလှသည်။ မျိုးနွယ်အကြီးအကဲများ အပါအဝင် မျိုးနွယ်တစ်ခုလုံးမှ လူငါးထောင်ကျော်တို့က ကျန်းရှောင်ယုကို ကြည့်နေကြလေ၏။
မိန်းကလေးများမှာ ကျန်းရှောင်ယုကို မနာလိုဖြစ်နေကြ၏။ သူမတို့၏ မိသားစုတွင် ထိုကဲ့သို့မောင်လေးမျိုး အဘယ့်ကြောင့် ရှိမနေရလေသနည်း။
အနာဂတ်တွင် ကျန်းရှောင်ယုက ယီယွင်၏နောက်သို့ လိုက်ရမည်ဖြစ်ပြီး အဝတ်အစားနှင့် စားစရာအတွက် ပူစရာမလိုတော့ပေ။ သူတို့က အထက်တန်းလွှာ အသိုင်းအဝိုင်းထဲသို့ ဝင်ကြရလိမ့်မည်။ သူမတို့အဖို့မူ ထိုသို့ဘဝမျိုးကို တွေးဝံ့ခြင်းပင် မရှိပေ။
နွားချေးများ ပစ်ခဲ့ကြသည့် ကလေးများက လူအုပ်ထဲတွင် ကုတ်နေကြသည်။ သူတို့က ကျန်းရှောင်ယုကို မကြည့်ဝံ့ကြပေ။
" မိန်းကလေး ပြန်လာပြီပဲ။ မိန်းကလေးအတွက် ခက်ခဲခဲ့ရမှာပဲ " လျိုထျယ်က ပါးနပ်လှပြီး ကျန်းရှောင်ယုကို " မိန်းကလေး " ဟု နှုတ်ဆက်ခဲ့လေသည်။
" အစ်မရှောင်ယု " ကျိုးရှောင်ကဲ့ ပြေးလာကာ ကျန်းရှောင်ယု၏ လက်ကို ကိုင်လိုက်သည်။
ကျန်းရှောင်ယုနှင့် ကျိုးရှောင်ကဲ့တို့၏ ဆက်ဆံရေးက အမြဲကောင်းမွန်သည်။ သူမတို့က နှစ်လတာမျှ ခွဲခွာခဲ့ရသည်ကို တစ်ဘဝစာ ခွဲရသည့်အလား ပြုမူနေသည်။ အိမ်မီးမလောင်မီတွင် ကျန်းရှောင်ယု ထွက်သွားခဲ့စဥ်က ကျိုးရှောင်ကဲ့သည် ကျန်းရှောင်ယု ပြန်မလာတော့ဟု ထင်မိခဲ့ဖူးသည်။
အရိုင်းနယ်မြေထဲတွင် မိန်းကလေးတစ်ဦး လျှောက်သွားနေသည်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် တူညီလှသည်။ ကျန်းရှောင်ယု ကောင်းမွန်စွာရှိနေသည်ကို မြင်လိုက်ရခြင်းကြောင့် ကျိုးရှောင်ကဲ့မှာ မျက်ရည်မဆည်နိုင်တော့ပေ။
မိန်းကလေးနှစ်ဦးက အတန်ကြာအောင် ဖက်ပြီးသည့်နောက် လူချင်းခွာလိုက်ကြ၏။ ကျန်းရှောင်ယုက လူအုပ်ကိုကြည့်နေရင်း ယီယွင်အား မေးလိုက်သည်..." ယွင်အာ... ဒါက ဘာအတွက်လဲ "
" စားစရာဝေနေတာ " ယီယွင် ပြုံးလိုက်သည်။
ထောက်ပံ့ရေးရိက္ခာ ဦးချိုသားရဲများနှင့် သယ်ယူရသည်မှာ အကန့်အသတ်ရှိသည်။ ယီယွင် သယ်လာခဲ့သည့် စားစရာများက အမှန်တကယ်တွင် မလောက်ငှပေ။
ထို့ကြောင့် ယီယွင်တွင် ရှင်းလင်းသော ဝေစုခွဲနည်းလမ်းတစ်ခု ရှိနေခဲ့သည်။ ဝေစုပမာဏသည် ၎င်းတို့၏ စရိုက်လက္ခဏာများအပေါ် အခြေခံလိမ့်မည်။ လူကောင်းကို ပိုပေးမည်ဖြစ်ပြီး လူဆိုးကိုမူ ဘေးဖယ်ထားပေမည်။
ယီယွင်က ကွင်းပြင်အလယ်တွင်ရပ်နေပြီး နံဘေးတွင် တောင်ပုံရာပုံဖြစ်နေသည့် ဆန်များနှင့်အသားများ ရှိနေသည်ကို မြင်တွေ့နေရသည့် အကြီးအကဲများမှာ မျက်နှာမဲ့ရှုံ့နေကြလေ၏။
ဘဝက အတက်အကျများ ပြည့်နေချေသည်။
အတိတ်တွင် ဝေစုခွဲပေးသည့်အချိန်၌ ယီယွင်သည် ဆန်အိတ်ငယ်တစ်ခုသာ ရခဲ့လေသောကြောင့် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများနှင့် အငြင်းပွားခဲ့ဖူးသည်။ ယီယွင် အရိုက်ခံရလုနီးပါး ဖြစ်ခဲ့ရ၏။ လျှိုင်ချမ်းယု ဝင်ပါလာကာ ယီယွင်ကို တိတ်တဆိတ် အန္တရာယ်ပြုခဲ့သည်။ ခရမ်းရောင်သလင်းကျောက်ကြောင့်သာ မဟုတ်ခဲ့ပါက ယီယွင် သေနှင့်နေချေပြီ။
" အဒေါ်ဝမ် ၊ ဦးလေးကျိုး ၊ ရှောင်ကဲ့ "
ယီယွင်က အဒေါ်ဝမ်နှင့် ကျိုးရှောင်ကဲ့တို့ကို လှမ်းခေါ်ကာ..." ဒါက အဒေါ်ဝမ်တို့အတွက် "
ယီယွင်က ဆန်အိတ်ကြီးငါးအိတ် ၊ အသီးအရွက်နှင့်အသား သုံးအိတ်ကို အဒေါ်ဝမ်အား ပေးခဲ့လေသည်။
များပြားလှသော စားစရာများကြောင့် လူအများ မနာလိုဖြစ်မိသွားသည်။ ဤအရာများနှင့်ဆိုလျှင် အဒေါ်ဝမ်တို့ မိသားစုက ဆန်ပြုတ်စားရန် မလိုတော့ပေ။ သူတို့က သင်းပျံ့ဖြူဖွေးသော ထမင်းကို စားကာ အသီးအရွက်နှင့် အသားများ ချက်ပြုတ်နိုင်ပေတော့မည်။
အဒေါ်ဝမ် ဝမ်းသာနေလေ၏။ ကျိုးရှောင်ကဲ့၏မျက်နှာ ဝင်းပနေပြီး ယီယွင်၏လက်အား ကိုင်ထားလေသည်။
" ဦးလေးစွန်း... ဒါက ဦးလေးအတွက် "
ယီယွင်သည် မှတ်ဥာဏ်ထဲတွင်ရှိ ကြင်နာတတ်သော မိသားစုများကို စားစရာ ဝေပေးနေခဲ့သည်။ ထိုသူများက စားစရာများ လက်ခံပြီးနောက်တွင် ပျော်ရွှင်နေကြ၏။
ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက်တွင် ယီယွင်ထံ၌ အသက် ၁၂ နှစ် မတိုင်မီက မှတ်ဥာဏ်များ မရှိတော့ပေ။ လျှိုင်မျိုးနွယ်ထဲမှ လူအများစုကို သူ မသိပေ။ သူသည် မည်သူက ကောင်းပြီး ၊ မည်သူက ဆိုးသည်ကို မသိလေသောကြောင့် ကျိုးရှောင်ကဲ့နှင့် ကျန်းရှောင်ယုတို့ထံတွင် မေးမြန်းခဲ့ရသည်။
" အဲ့ဒီလူက ဘယ်လိုရှိလဲ " ယီယွင်က စားစရာယူရန် ရောက်လာသည့် အမျိုးသားတစ်ဦးကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
" အစ်ကိုယီယွင်... သူက လူကောင်းတစ်ယောက်ပဲ " ကျိုးရှောင်ကဲ့က ဆိုလိုက်သည်။
" ဒီလူကရော ဘယ်လိုလဲ " ယီယွင် ထပ်မံကာ မေးလိုက်သည်။ ထိုသူက ပိန်ရှည်သည့်လူတစ်ဦး ဖြစ်၏။ ထိုသူက ကျိုးရှောင်ကဲ့ကို မျက်နှာချိုသွေးကာ ပြုံးပြလိုက်သည်။
သို့သော် ကျိုးရှောင်ကဲ့က ထိုသူကို လျစ်လျူရှုထားပြီး မကျေမချမ်းဟန်ဖြင့် ဆိုလိုက်သည်..." အစ်ကိုယီယွင်... ဒီလူကို ကျိုးချန်လို့ ခေါ်တယ်။ ဒီလူက အရမ်းဆိုးပြီး အခြားသူတွေကို မကြာခဏ အနိုင်ကျင့်တယ်။ သူက အစ်မရှောင်ယုကိုတောင် အနိုင်ကျင့်ဖူးတယ် "
ကျိုးချန်၏မျက်နှာ မဲမှောင်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူ အငြင်းပွားဝံ့ခြင်း မရှိပေ။ သူက ကလေးမတစ်ဦး၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရလိမ့်မည်ဟု တစ်ခါမျှပင် ထင်မထားမိခဲ့ဖူးပေ။
" ချီးပဲ... မင်းက ဒီနေရာကို ဘာအတွက် လာရပ်နေတာလဲ။ မင်းကို တိုက်ခိုက်လာရအောင် မလုပ်နဲ့။ ထွက်သွားတော့ " လျိုထျယ်က မာန်မဲလိုက်သည်။
" သခင်လေးယီ... ကျုပ် နည်းနည်းလေးတောင် မရနိုင်ဘူးလား " ကျိုးချန်က သနားစဖွယ်ပုံဖမ်းကာ မျက်နှာငယ်ဖြင့် ဆိုလိုက်သည်။
" ချီးပဲ... သခင်လေးယီက မင်း စကားပြောလို့ရတဲ့ လူတစ်ဦး မဟုတ်ဘူး။ ထွက်သွားတော့။ လူကောင်းတွေအတွက်တောင် စားစရာမလောက်ငှတာကို မင်းလိုမျိုး လူဆိုးတွေကိုပါ ပေးစေချင်နေသေးတာလား။ အိပ်မက်မက်နေလိုက်စမ်း " လျိုထျယ်က ကျိုးချန်ကို ကန်လိုက်သည်။ သူက အထင်သေးခြင်းများ ပြည့်နေ၏။ ယခင်က သူသည်လည်း လူကောင်းတစ်ယောက်ဟု သတ်မှတ်၍မရသည်ကို လုံးဝမေ့လျော့နေခဲ့သည်။
ကျိုးချန်သည် လျိုထျယ်က ရက်စက်စွာကန်သည်ကို ခံလိုက်ရသော်လည်း ယီယွင်ကမူ မည်သို့မျှ မခံစားရပေ။
ရွာသားများက စိုးရိမ်ခြင်းများနှင့် တန်းစီနေကြ၏။ သူတို့သည် ယီယွင်၏နံဘေးမှ မိန်းကလေးနှစ်ဦးအား ယခင်က အပြစ်ပြုမိခဲ့မည်ကို စိုးရိမ်နေကြ၏။
ယခုတွင် ထိုမိန်းကလေးနှစ်ဦးက လူအများ၏ ကံကြမ္မာများကို ထိန်းချုပ်နိုင်သည့်အာဏာ ရှိနေလေ၏။ ထိုမိန်းကလေးနှစ်ဦး ခေါင်းယမ်းလိုက်သည်နှင့် သူတို့အဖို့ လျိုထျယ် အလုပ်မပိုစေရန် ထွက်သွားရပေလိမ့်မည်။
ထိုမိန်းကလေးနှစ်ဦးကို ယီယွင်က နောက်ခံပေးထားလေသောကြောင့် ယခုတွင် ထိုမိန်းကလေးနှစ်ဦးက ရွာသားများ၏ မင်းသမီးလေးများ ဖြစ်နေကြသည်။ လူတိုင်းက ထိုမိန်းကလေးနှစ်ဦးကို ကြောက်လန့်ရိုသေစွာ ကြည့်နေကြ၏။ ရွာထဲတွင် အနိုင်ကျင့်တတ်သူများနှင့် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများတို့မှာ ယခုအခါတွင် နာခံတတ်သော ကြက်ပေါက်လေးများ ဖြစ်နေကြသည်။
ဝေစုများ ခွဲဝေပေးပြီးသည့်နောက်တွင် အချို့က ဝမ်းနည်းစိတ်ပျက်နေကြကာ အချို့က ဝမ်းသာပျော်ရွှင်နေကြသည်။
ထိုနေ့ ညနေခင်းအချိန်၌ အိမ်များစွာတို့တွင် မီးခိုးငွေ့တလူလူ ဖြစ်နေကြသည်။ နေဝင်သွားချိန်တွင်မူ မီးခိုးငွေ့များက ကောင်းကင်ပြာတွင် ရစ်ဝဲနေ၏။
မိသားစုများသည် ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည့် ထမင်းနှင့် အသားကင် အနံ့တို့ကြောင့် အငမ်းမရ စားသောက်နေကြသည်။ ရွာထဲတွင် ရယ်မောပျော်ရွင်နေသည့် အသံများ ပျံ့လွင့်နေ၏။ ယင်းသည် ပျော်ရွှင်ဖွယ်ရာ လယ်သမားမိသားစုဘဝကို ပုံဖော်နေခြင်းပင်။
စားစရာသည် ရှေးအကျဆုံး သာယာမှုဖြစ်ပြီး လူအများကို စိတ်ကျေနပ်ပျော်ရွှင်စေသည်။