ဒါကပီတိပဲ
Vol. 9 Ch. 131
" မင်း...မင်း..." ယီယွင်၏ မောက်မာသော စကားများကြောင့် ကောင်လေးက ဒေါသထွက်စွာ ဆိုလိုက်သည်..." ဒါက ကျင်းလုံဝေ့က ပေးထားတဲ့ စားစရာတွေပဲ။ မင်းက...မင်းက..."
ထိုကောင်လေး စကားမဆုံးသေးမီတွင် ယီယွင်က ရယ်မောလိုက်လေသည်။ သူနှင့်အတူ စွန်းကျင်းရွေ့က လိုက်ရယ်လေ၏။ ကျင်းလုံဝေ့၏ စစ်သည်ခုနစ်ဦးကလည်း လိုက်ရယ်ကြလေသည်။ ယင်းက အကြင်နာမဲ့စွာ လှောင်ရယ်နေခြင်းပင်။
" ဒီကောင်လေး ရူးရူးကြောင်ကြောင်နိုင်တာက အကောင်းဆုံးပဲ " စွန်းကျင်းရွေ့က ပြုံးကာဆိုသည်။
ကောင်လေး ငိုင်တွေသွားပြီးနောက် သူ၏စကားက ရယ်စရာကောင်းကြောင်း နားလည်သွားလေသည်။
ယီယွင် အရယ်ရပ်ကာ အေးစက်စက်ဆိုလိုက်သည်..." မင်းတို့က စားစရာ လိုချင်တယ်မလား။ ငါ့အစ်မရဲ့အိမ်ကို ပစ်ခဲ့တဲ့ နွားချေးတွေကို ကောက်စားပြ။ ဒါဆိုရင် ငါက မင်းကို စားစရာနည်းနည်း ပေးမယ် "
ထိုကောင်လေးနှင့်အတူ နွားချေးများ ပစ်ခဲ့ကြသည့် ကလေးသည် မျက်နှာပျက်သွားလေ၏။
" မင်းတို့အိမ်က မီးလောင်သွားပြီလေ။ နွားချေး...နွားချေးတွေအားလုံးလည်း မီးလောင်သွားပြီ " ထိုကောင်လေးက ဆိုသည်။
ယီယွင်က ထိုကောင်လေးကို စိတ်မရှည်စွာကြည့်ကာ..." ရွာထဲမှာ ချေးတွေ အများကြီးရှိတယ်။ မင်း အလွယ်လေး ရှာလို့ရတယ် "
" မင်း...မင်း..." ထိုကောင်လေး အံကျိတ်လိုက်သည်။ ယနေ့တွင် သူ့အား ယီယွင်က အလျော့ပေးမည်မဟုတ်ကြောင်း နားလည်သွားခဲ့သည်။ သူ့အား ယီယွင် စားစရာပေးရန် စီစဥ်မထားလေဘဲ လူသိရှင်ကြား ရယ်စရာလုပ်နေခြင်းသာ ဖြစ်ချေသည်။
သူ မကျေနပ်ခြင်းအပြည့် ဖြစ်နေလေပြီး ယီယွင်အားကြည့်နေသည့် သူ၏မျက်ဝန်းများတွင် ခါးသီးမှုများ ပြည့်နေသည်။ သူက ယီယွင်ကို မယှဥ်နိုင်ကြောင်း သိလေသောကြောင့် ယီယွင်နှင့် ယီယွင်၏မိသားစုကို ကျိန်ဆဲလိုက်သည်။
ယီယွင် မျက်မှောင်ကုတ်ကာ ငြိမ်နေခဲ့သော်လည်း လျိုထျယ်က ရှေ့သို့ ခုန်ထွက်လာသည်။
" ခွေးမသားလေး...မင်းက ဘာကြည့်နေတာလဲ။ ငါ မင်းရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ် " လျိုထျယ်က ထိုကလေး၏ မျက်နှာကို ဖူးယောင်လာသည်အထိ ထိုးပစ်ခဲ့သည်။ ထို့နောက် လျိုထျယ်က ထိုကောင်လေး၏ ဆံပင်ကိုကိုင်ကာ ထိုးလိုက်လေရာ ထိုကောင်လေး နှာခေါင်းသွေး ယိုသွားရလေ၏။
လျိုထျယ်က ရက်စက်သည်။ ထိုကောင်လေးက တောက်ယွင်ရှောင်းထက် အနည်းငယ်ခန့် အသက်ပိုကြီးလေရာ လျိုထျယ် သက်ညှာမည်မဟုတ်ပေ။ ရွာသားများက စောစီးစွာ အိမ်ထောင်ပြုကြသည်ဖြစ်ပြီး ထိုကောင်လေးကဲ့သို့ ၁၅ နှစ်အရွယ်သည် နောင်တစ်နှစ် ၊ နှစ်နှစ်ခန့် အကြာတွင် လက်ထပ်ကြပေလိမ့်မည်။
လျိုထျယ်က ရက်စက်စွာ ရိုက်နှက်နေလျက်ရှိပြီး ကောင်လေးမှာ မိဘများကို မြည်တမ်းကာ အော်ဟစ်နေရသည်။ ထိုကောင်လေး၏ အဖိုးဖြစ်သူ မျိုးနွယ်အကြီးအကဲက သုန်မှုန်သော အမူအရာအဖြင့် ကြည့်နေလျက်ရှိပြီး လျိုထျယ်ကို တားဝံ့ခြင်းမရှိပေ။
ရမ်းကားလိုသူများလည်း နောက်ဆုံးတွင် အရိုက်ခံရတတ်သည်။ အတိတ်တွင် ထိုကောင်လေးက အနိုင်ကျင့်ခဲ့သည်။ သူက လက်ပါးစေတစ်သိုက်ကို ဦးဆောင်ကာ မြောက်ကြွမြောက်ကြွ ဖြစ်ခဲ့၏။ သူ့အား ဆန့်ကျင်သူများကို ဝိုင်းကာရိုက်နှက်ခဲ့သည်။ သူတို့က မိန်းကလေးများစွာကို ပြင်းထန်သော အတိုင်းအတာအထိ အသားယူခဲ့ကြသော်လည်း ထိုမိန်းကလေးများအဖို့ လက်စားချေနိုင်ခြင်း မရှိခဲ့ပေ။
ယီယွင်က ကိစ္စအားလုံးကို လျစ်လျူရှုထားသည်။ လက်ပါးစေများ ရှိနေသည်မှာ မဆိုးလှကြောင်းကို ယခုအခါတွင် သူ နားလည်သွားခဲ့သည်။ ယီယွင် ဦးချိုသားရဲပေါ်သို့ ခုန်တက်သွားခဲ့ပြီး လျိုထျယ်အား ပြောလိုက်လေသည်..." စားစရာတွေကို စောင့်ကြည့်ထားလိုက်ပါ။ တစ်နာရီလောက်နေရင် စားစရာတွေ ခွဲပေးဖို့အတွက် ကျုက် ပြန်လာခဲ့မယ် "
လျိုထျယ် ဝမ်းသာသွားလေ၏။ ဤသည်ကား သခင်လေးယီက သူ့အား ပထမဆုံး အမိန့်ပေးခဲ့ခြင်း ဖြစ်လေ၏။
တစ်ခါတစ်ရံတွင် လူများက ဈေးပေါလှပြီး အစေခံဖြစ်ရရေးအတွက်ပင် ယှဥ်ပြိုင်တတ်ကြ၏။ လျိုထျယ်က ထိုကဲ့သို့လူစားမျိုး ဖြစ်လေပြီး သူက တာဝန်ကို ပြီးမြောက်လုပ်ဆောင်မည်ဟု ရင်ဘက်ကိုပုတ်ကာ အာမခံလိုက်သည်။
ယီယွင် စွန်းကျင်းရွေ့ကို နှုတ်ဆက်ပြီး ဦးချိုသားရဲကို စီးနင်းကာ အဝေးသို့ထွက်သွားခဲ့သည်။ သူက တောင်အနောက်ဘက်သို့ ဦးတည်နေသည်။ သူက ကျန်းရှောင်ယုကို သွားရှာတော့မည်။
ယီယွင်သည် တောင်အနောက်ဘက်သို့ သွားနေချိန်တွင် အကြောင်းအရင်းအချို့ကြောင့် မသက်မသာခံစားနေရ၏။ ထိုခံစားချက်ကြောင့် ယီယွင် မျက်မှောင်ကုတ်မိသည်။ သူ ဇက်ကြိုးထိန်းကာ အမြန်နှုန်း မြင့်တင်လိုက်သည်။
လူအများသည် ယီယွင် ထွက်ခွာသွားသည်ကို ကြည့်နေရင်းဖြင့် ခံစားချက်များ ပြည့်နှက်နေသည်။ ယီယွင်ကို လှောင်ပြောင်ခဲ့ပြီး ကျန်းရှောင်ယုကို အနိုင်ကျင့်ခဲ့ကြသည့် လူများ၏ မျက်နှာများထက်တွင် စိုးရိမ်မှုများ ပေါ်ထွက်နေသည်။
သူတို့သည် ယီယွင်က ထိုကိစ္စများကို မမှတ်မိပါစေနှင့် မျှော်လင့်ခဲ့ကြသော်လည်း ယီယွင်က ကိစ္စတိုင်းကို မှတ်မိနေကြောင်း ထင်ရှားလှသည်။
ကျင်းလုံဝေ့ သယ်ဆောင်လာသည့် စားစရာပစ္စည်းများက လျှိုင်မျိုးနွယ်ကို ကယ်တင်ပေးနိုင်သည်သာမက ယီယွင်အတွက် ကျေးဇူးတရားနှင့် ရန်ငြိုးများကိုလည်း စာရင်းရှင်းပေးနိုင်သည်။
...............................
လျှိုင်မျိုးနွယ် တောင်အနောက်ဘက်တွင်...။
တောင်အနောက်ဘက်မှ ရာသီဥတုက ရွာထဲကထက် ပိုအေးလေသည်။ သစ်ရွက်ကြွေများအကြားတွင် မိုးထိမြင့်မားသော သက်တမ်းရင့် သစ်ပင်ကြီးများ ရှင်သန်ပေါက်ရောက်နေကြသည်။
ချောင်ကျသော သစ်ပင်ကြီးတစ်ပင်ပေါ်တွင် သစ်ပင်အိမ်တစ်လုံး ရှိနေသည်။ အပြင်ဘက်တွင် အေးစက်သောလေများ တိုက်ခတ်နေသော်လည်း သစ်ပင်အိမ် အတွင်းပိုင်းတွင်မူ အလွန်နွေးထွေးလှသည်။ ထိုသို့ဖြစ်ရသည်မှာ ချီလင်ပျက်စီးခြင်းအရိုးက နွေးထွေးသော မီးဓာတ်စွမ်းအင်တစ်ခု အဆက်မပြတ် ထုတ်လွှတ်ပေးနေလေသောကြောင့်ပင်။
သစ်ပင်အိမ်ထဲတွင် ဆယ့်ငါးနှစ်အရွယ် ခြေဗလာနှင့် မိန်းကလေးတစ်ဦးက ပြတင်းပေါက်နံဘေးတွင် ထိုင်နေလေ၏။ သူမ၏ သေးသွယ်သော လက်နှစ်ဖက် မေးစေ့ကို ထောက်ထားရင်းဖြင့် အပြင်ဘက်သို့ ငေးကြည့်နေသည်။
ယီယွင် ထွက်သွားသည်မှာ ၁၆ ရက် ရှိခဲ့ချေပြီ။ ကျန်းရှောင်ယုက နေ့ရက်တိုင်းကို ရေတွက်နေခဲ့သည်ဖြစ်ပြီး ယီယွင် မည်သည့်အရာများ လုပ်ဆောင်နေသည်ကို သူ မသိရပေ။
ဤရက်များတွင် ကျန်းရှောင်ယု လုပ်စရာမရှိပေ။ ယီယွင်က သူမကို ဘယ်မှမသွားရန် မှာကြားခဲ့လေသောကြောင့် သူမက အချိန်အများစုကို သစ်ပင်အိမ်ထဲတွင်သာ နေခဲ့သည်။
ကျန်းရှောင်ယုသာ သားရဲများ သို့မဟုတ် လျှိုင်မိသားစုမှ စစ်သည်များနှင့် ဆုံတွေ့မိသွားပါက အန္တရာယ်ကျရောက်ပေလိမ့်မည်။
ထို့ကြောင့် ဤရက်များတွင် ကျန်းရှောင်ယု လုပ်ဆောင်ခဲ့သည်မှာ ကြည့်နေခြင်းသာ ဖြစ်လေ၏။ သူမသည် ပြတင်းပေါက်မှ ကောင်းကင်ငယ်လေးကို ကြည့်နေခဲ့၏။ သူမက အကန့်အသတ်မဲ့ ကျယ်ပြောလှသော သက်တမ်းရင့် သစ်ပင်များကိုလည်း ကြည့်နေခဲ့သည်။
သူမက နေ့ရက်တိုင်းတွင် စိုးရိမ်စွာဖြင့် တစ်ဦးတည်း ထိုင်နေခဲ့ရသည်။ တစ်ခါတစ်ရံတွင် ကျန်းရှောင်ယု အိပ်မက်ဆိုးများမက်ကာ ကြောက်လန့်တကြား နိုးထလာရသည်။
ယခုက နေ့ခင်းအချိန် ဖြစ်သည်။
နွေးထွေးသော နေ့အလင်းရောင်သည် သစ်တောကို ထိုးဖောက်ကာ ကျန်းရှောင်ယု၏ မျက်နှာပေါ်သို့ ကျရောက်နေ၏။ နေရောင်အောက်တွင် ကျန်းရှောင်ယု၏ ပိုးသားကဲ့သို့ ဆံနွယ်များက ရွှေရောင်ဖျော့ဖျော့ တောက်ပနေ၏။
ရုတ်ခြည်းမှာပင် သာယာသောအသံတစ်ခု ထွက်ပေါ်လာ၏။ ရှဥ့်တစ်ကောင်သည် သစ်ပင်အိမ်ထဲသို့ ဝင်လာကာ ပြတင်းပေါက်နားတွင် ရပ်လိုက်သည်။
အမွေးဖွားဖွား ရှဥ့်လေးကို မြင်သောအခါတွင် ကျန်းရှောင်ယု ရှားရှားပါးပါး ပြုံးလိုက်သည်။
ထိုရှဥ့်လေးက သူမ မတော်တဆတွေ့ခဲ့ရသည် အဖော်တစ်ဦး ဖြစ်လေသည်။ မဆင်မခြင် အမဲလိုက်ခြင်းများကြောင့် တောင်အနောက်ဘက်ပိုင်းတွင် တိရိစ္ဆာန်များ နည်းပါးလေ၏။
ထိုရှဥ့်လေးကြောင့် ကျန်းရှောင်ယုက အထီးကျန်ခြင်းများကို ကျော်လွှားနိုင်ခဲ့သည်။ သူမက ထိုကောင်လေးကို ဆန်စေ့များနှင့် ပြောင်းဖူးများ ကျွေးလေသည်။ ထို့ကြောင့် ရှဥ့်လေးက အစာတောင်းရန် မကြာခဏရောက်လာတတ်သည်။
အဖော်ငယ်လေးကြောင့် ကျန်းရှောင်ယု အနည်းငယ်ခန့် စိတ်အေးချမ်းသွားခဲ့ရ၏။
" ယွင်အာရဲ့ ရွေးချယ်ပွဲက ပြီးသင့်နေပြီ "
ကျန်းရှောင်ယု သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်မှ လှမ်းကြည့်ကာ... " သူ့ရဲ့ရလဒ်က ဘယ်လိုလဲဆိုတာ ငါ သိချင်မိတယ်။ မကြာသေးခင်က ယွင်အာရဲ့စွမ်းအားတွေ ကြီးကြီးမားမား တိုးတက်လာခဲ့ပေမဲ့ ပြည်ထောင်ရွေးချယ်ပွဲမှာက ကျွမ်းကျင်သူတွေ အများကြီးပဲ။ တောက်မျိုးနွယ်ရဲ့ ဘေးပတ်လည်မှာလည်း မျိုးနွယ်တွေ ဒါဇင်အနည်းငယ်လောက် ရှိပြီးတော့ ဘယ်မျိုးနွယ်ကမှ လျှိုင်မျိုးနွယ်ထက် မငယ်ကြဘူး။ ပြီးတော အကောင်ကြီးကြီးဖြစ်တဲ့ တောက်မျိုးနွယ်လည်း ရှိနေသေးတယ် "
ကျန်းရှောင်ယုက ယီယွင်အတွက် စိုးရိမ်နေသည်။ လျှိုင်ချမ်းယုက ကျင်းလုံဝေ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်ရန် ၈၀% ၊ ၉၀% ခန့် အခွင့်အရေးရှိသည်ကို သူမ သိသည်။ ယီယွင်သာ ကျင်းလုံဝေ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်မလာခဲ့လျှင် လျှိုင်ချမ်းယုနှင့် ရင်ဆိုင်တွေ့နေရလောက်သည်။
ကျန်းရှောင်ယုမှ တွေးလေလေ ပိုမိုစိုးရိမ်လာရလေလေပင်။
ကျန်းရှောင်ယုက အရိုင်းနယ်မြေထဲတွင် ကြီးပြင်းလာခဲ့သော်လည်း နတ်ဘုရားကို မယုံကြည်ပေ။ သို့သော် ပြီးခဲ့သည့် ဆယ်ရက်ကျော်အတွင်း၌ သူမကဲ့သို့ ဒိဋ္ဌိတစ်ဦးက ယီယွင်အတွင် ဆုတောင်းပေးနေမိခဲ့သည်။
ကျန်းရှောင်ယု အတွေးနက်နေစဥ်တွင် ရှဥ့်လေး ထရပ်လာကာ ဘေးပတ်လည်အား ကြည့်နေလေ၏။ ရှဥ့်လေး၏ မျက်ဝန်းငယ်ထဲတွင် သတိထားခြင်းများအပြည့်ပင်။
ကျန်းရှောင်ယု နားစိုက်ထောင်ကြည့်လိုက်ရာ သားရဲကြီးတစ်ကောင် တောင်တန်းထဲတွင် ပြေးလွှားနေသကဲ့သို့ မြည်ဟီးသံကို ကြားလိုက်ရသည်။ ရှဥ့်လေး ထိတ်လန့်နေကာ သူမ၏ကျောဘက်တွင် ပုန်းနေလေ၏။
ကျန်းရှောင်ယု ထရပ်လိုက်သည်။ သားရဲကြီးက အနီးနားတွင် ရှိနေသည့်အလားပင် အသံများက ကျယ်လောင်သည်ထက် ကျယ်လောင်လာခဲ့သည်။
" ဖြစ်နေမလား " ကျန်းရှောင်ယု ပြတင်းပေါက်ဆီသို့သွားကာ အပြင်သို့ ကြည့်လိုက်သည်။ တောအုပ်ထဲမှ သစ်ပင်ကြီးများ လှုပ်ယမ်းနေသည်ကို သူမ မြင်လိုက်ရသည်။ အနီးနားတွင် သားရဲကြီးတစ်ကောင် ရှိနေသည်မှာ ထင်ရှားလှသည်။
ကျန်းရှောင်ယု အသက်အောင့်ထား၏။ ဆယ်စက္ကန့်အကြာတွင် သားရဲကြီးတစ်ကောင် တောအုပ်ထဲမှ တိုးထွက်လာပြီး သူမ၏ရှေ့သို့ ရောက်လာသည်ကို မြင်လိုက်ရသည်။
သားရဲကြီး၏ ပခုံးပေါ်တွင် တောက်ပသော လူငယ်တစ်ဦး ထိုင်နေသည်ကို သူမ မြင်နေရသည်။ ထိုလူငယ်က ကြယ်တစ်ပွင့်အလားပင် အလွန်တောက်ပနေ၏။ လူငယ်၏ နုနယ်သော်လည်း ထူးခြားလှသည့် မျက်နှာသွင်ပြင်ကို ကျန်းရှောင်ယု ရင်းနှီးမိနေသည်။
" ယွင်...ယွင်အာလား " ကျန်းရှောင်ယုသည် ထိုလူငယ်က ယီယွင်ဖြစ်သည်ဟု မယုံကြည်နိုင်ဖြစ်နေလေ၏။
" အစ်မရှောင်ယု " ရက်များစွာ ခွဲခွာထားရလေသောကြောင့် ယီယွင်က ကျန်းရှောင်ယုကို မြင်လိုက်ရချိန်တွင် ခံစားချက်များ ပြည့်သွားရသည်။ သူမကို ဘေးကင်းကင်း မြင်လိုက်ရခြင်းကြောင့် ယီယွင် ဝမ်းသာသွားရသည်။ သူမ မတော်တဆတစ်ခုခု ကြုံခဲ့ရမည် သူ စိုးရိမ်မိနေခဲ့သည်။
လူတစ်ဦး အထွတ်အထိပ်အထိ အောင်မြင်လာချိန်တွင် သူ မျှဝေခံစားလိုသည့် လူများ မရှိတော့သည်က ဤလောကတွင် အကြီးမားဆုံး နာကျင်မှုတစ်ခု ဖြစ်လေသည်။
ဤလောကကြီးတွင် ယီယွင်၏ တစ်ဦးတည်းသောဆွေမျိုးက ကျန်းရှောင်ယု ဖြစ်လေသည်။ ကျန်းရှောင်ယု တစ်ဦးတည်းကသာ ယီယွင်၏ အောင်မြင်မှုနှင့် ပျော်ရွှင်မှုများကို မျှဝေခံစားရမည်။
ယီယွင် သားရဲကိုစီးကာ တောင်အနောက်ဘက်သို့ လာနေချိန်တွင် အမျိုးအမည်မသိသော အကြောင်းအရင်းတစ်ခုကြောင့် မသက်မသာခံစားချက်တစ်ရပ် ရလာခဲ့သည်။ သူမ တစ်ခုခုဖြစ်နေသည်လားဟု သူ စိုးရိမ်သွားခဲ့သည်။ သူမကို မြင်လိုက်ရမှာသာ သူ ခံစားနေရသည့် ဖိအားများ ပြေလျော့သွားခဲ့ရ၏။
သို့သော် သူ မရေမရာခံစားနေရဆဲပင်။ သူ သစ်ပင်အိမ်ပေါ်သို့ အလွယ်တကူပင် ခုန်တက်သွားလေ၏။ သူက စကားမဆိုဘဲ ကျန်းရှောင်ယုကို ခပ်တင်းတင်း ဖက်လိုက်လေသည်။
" အစ်မရှောင်ယု... ကျွန်တော် ပြန်လာပြီ " ယီယွင် စို့နင့်နေသည်။ ဤရက်များတွင် ကျန်းရှောင်ယု မည်သို့ခံစားခဲ့ရမည်ကို သူ မသိခဲ့ပေ။ ထိုခံစားချက်က မည်သည်နေရာမှ ထွက်လာသည်ဖြစ်စေ အရေးမကြီးပေ။ သူ၏တစ်သက်တာလုံး ကျန်းရှောင်ယုကို ကာကွယ်ပေးမည်ဟု ယီယွင်က ကျိန်ဆိုထားလေ၏။
ယီယွင်၏ ပွေ့ဖက်မှုအောက်တွင် ကျန်းရှောင်ယုက မျက်ရည်ကျနေခဲ့ပြီး ဖြစ်လေသည်..." ယွင်အာ... နင် ပြန်လာတာ ကောင်းတယ်။ နင် ပြန်လာတာ ကောင်းတယ် "
ယီယွင်က ပွေ့ဖက်ထားလေသောကြောင့် ကျန်းရှောင်ယု၏ နှလုံးသားတွင် စိတ်ကျေနပ်ရခြင်းများ ပြည့်နှက်သွားရလေ၏။