← Chapters

စာရင်းရှင်းခြင်း

Vol. 9 Ch. 130

စာရင်းရှင်းခြင်း

Vol. 9 Ch. 130

ဤအခြေအနေမျိုး၌ ယီယွင်က လျှိုင်မျိုးနွယ်မှ လူပေါင်းများစွာ၏ ရှေ့မှောက်တွင် သူမကို လှမ်းခေါ်လိုက်လေသောကြောင့် ကျိုးရှောင်ကဲ့ အလွန်စိုးရိမ်သွားရသည်။

ယီယွင် ရယ်မောကာ..." လာခဲ့ပါ ရှောင်ကဲ့ရာ။ ငါ့မှာ မင်းအတွက် တစ်စုံတစ်ခု ပါလာတယ် "

ကျိုးရှောင်ကဲ့က ယီယွင်၏မျက်နှာကို ငေးငိုင်ကာ ကြည့်နေသည်။ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သည့် ရင်းနှီးလှသော အပြစ်ကင်းစင်သည့်အပြုံးကို ကျိုးရှောင်ကဲ့ မြင်လိုက်ရသည်။

ထိုအပြုံးကြောင့် အစ်ကိုယီယွင်က မပြောင်းလဲသေးဟု ကျိုးရှောင်ကဲ့ နားလည်သွားခဲ့သည်။ သူက ဘယ်သောအခါမျှ မပြောင်းလဲပေ။ သူက ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာခဲ့သည့်တိုင်အောင် သူမကိုမူ အစ်ကိုယီယွင်အဖြစ် မျက်နှာသာပေးနေဆဲပင်။

ဟီး...။

ကျိုးရှောင်ကဲ့ ရယ်လိုက်လေရာ ပါးချိုင့်များ ပေါ်လာခဲ့သည်။ သူမ ခေါင်းညိတ်ကာ အပြေးသွားခဲ့လေပြီး ယီယွင်၏လက်ကို ကိုင်လိုက်သည်။

" အစ်ကိုယီယွင် "

ကျိုးရှောင်ကဲ့က စိုးရိမ်ခြင်းမရှိတော့ပေ။ ယီယွင်၏လက်က ချောမွေ့သော်လည်း သန်မာလှသည်။ ယီယွင် ရှိနေလျှင် အေးစက်ဆာလောင်မှု မရှိတော့သည့်အလားပင် နွေးထွေးမှုတစ်ရပ်ကို ကျိုးရှောင်ကဲ့ ခံစားရသည်။

" ရှောင်ကဲ့... ဒါ မင်းအတွက် " ယီယွင် အပူငွေ့များ ထွက်နေသည့် အဝတ်အိတ်တစ်ခု ထုတ်ပေးလိုက်သည်။

ကျိုးရှောင်ကဲ့ မှင်တက်မိသွားပြီး အဝတ်အိတ်ကို နှေးကွေးစွာ ယူလိုက်သည်။ သူမက အဝတ်အိတ်ကို ဖြည်မကြည့်သော်လည်း အထဲမှ စားစရာ၏ သင်းရနံ့ကို အနံ့ခံမိနေသည်။

" ဒါ..." ကျိုးရှောင်ကဲ့ မှင်တက်မိသွားသည်။

" ဖွင့်လိုက် " ယီယွင် ပြုံးလိုက်သည်။ ရွာသို့မရောက်တွင် သူ ကျိုးရှောင်ကဲ့အတွက် အထူးကင်ပေးထားခဲ့ခြင်း ဖြစ်လေ၏။ သူသည် အဒေါ်ဝမ်တို့မိသားစု ဆာလောင်နေမည်ကို ခန့်မှန်းမိပြီး စားစရာများ သယ်လာခဲ့သော်လည်း စားစရာကို ဦးစွာချက်ပြုတ်ပေးထားသည်က ပိုကောင်းလေသည်။

အရိုင်းနယ်မြေထဲတွင် ဟင်းချက်ပစ္စည်းများ နည်းပါးသည်ဖြစ်ပြီး အဒေါ်ဝမ်၏ ဟင်းချက်စွမ်းရည်က သူ့လောက်ကောင်းမည် မဟုတ်သည်မှာ သေချာလေသည်။

ကျိုးရှောင်ကဲ့ တံတွေးမျိုချလိုက်ပြီး အဝတ်အိတ်ကို ဂရုတစိုက် ဖွင့်လိုက်သည်။ အထဲတွင် ကြာရွက်စိမ်းဖြင့် ထုပ်ထားသည့် အရာတစ်ခု ရှိနေသည်။ ကျိုးရှောင်ကဲ့ ကြာရွက်ကို ဖွင့်လိုက်လေရာ နီရဲနေသည့် အသားကင်ကို တွေ့လိုက်ရသည်။ အသားကင်၏ အလေးချိန်က သုံးပေါင် ၊ လေးပေါင်ခန့် ရှိလေသည်။

ယင်းသည် ယီယွင် အထူးရွေးချယ်ထားသည့် ခုနစ်ရောင်ခြယ်သမင်၏ ပေါင် ဖြစ်လေ၏။ ခုနစ်ရောင်ခြယ်သမင်၏ အသားက အရသာရှိသည်။ အသားကင်ပေါ်မှ ဟင်းခပ်အမွေးအကြိုင်များကလည်းက အရည်အသွေးမြင့်မားလေ၏။ အသားကင်က အဆီပိုမပါသော်လည်း ဆူဖြိုးလှပြီး ကင်လိုက်ချိန်တွင် အလွန်​မွှေးကြိုင်လှသည်။

ယီယွင်သည် အသားကို ဟင်းခပ်အမွေးအကြိုင်များနှင့် နှပ်ထားခဲ့သည်။ အသားကို ကင်ချိန်တွင် ပျားရည်သုတ်ပေးခဲ့လေသောကြောင့် အလွန်တရာပင် စားချင်စဖွယ် ဖြစ်သွားခဲ့သည်။

အသားကင်အပြင် အစိမ်းရောင် အသီးအရွက်များ ရစ်သိုင်းနေသည် ထမင်းဆုပ်များလည်း ပါသေးသည်။ သင်းရနံ့က နှာခေါင်းဝကို ရစ်သိုင်းနေလေ၏။

ဘေးပတ်လည်မှ လူများက စူးစိုက်ကြည့်နေကြ၏။ မျိုးနွယ်အကြီးအကဲများပင် ငေးကြည့်နေကြသည်။ သူတို့သည် ကျိုးရှောင်ကဲ့၏လက်ထဲမှ အသားကင်ကို စူးစိုက်ကြည့်ကာ သွားရည်တမြားမြား ဖြစ်နေကြရသည်။

လျှိုင်မျိုးနွယ်မှ လူများက ထိုသို့အသွေးမြင့်သော စားစရာမျိုးကို မမြင်ဖူးကြပေ။ သူတို့ စားခဲ့ဖူးသည့်အသား ၉၀% ခန့်သည် ငန်ကျိသွေ့ခြောက်နေလေ၏။

ရံဖန်ရံခါတွင် လတ်ဆတ်သောအသားများ ရလာတတ်သည်။ သူတို့က သည်အတိုင်းပင် ချက်ပြုတ်ကာ စားသောက်ပစ်ခဲ့ကြသည်။ သူတို့က ထိုသို့ အရည်အသွေးမြင့်သော အသားကင်နည်းလမ်းမျိုးကို မည်သို့များ သိကြပါမည်နည်း။

" အစ်ကိုယီယွင်... ငါ... " ကျိုးရှောင်ကဲ့မှာ အခါခါပင် တံတွေးမျိုချနေသည်။ သူမသည် အသားကင်အချို့ကို မိဘများအား ဝေမျှပေးပြီး အသားကင်အား ကိုက်ချပစ်ချင်စိတ်ကို ထိန်းမရတော့ပေ။

ယီယွင်က ကျိုးရှောင်ကဲ့၏စိတ်ကို ဖတ်မိသွားကာ ပြုံးလိုက်လေပြီး..." မင်း ဆာနေတာဆိုရင် စားပစ်လိုက်။ အဒေါ်ဝမ် ၊ ဦးလေးကျိုး... "

ယီယွင်က ကျိုးရှောင်ကဲ့၏မိဘများကို လှမ်းခေါ်လိုက်သည်။

အဒေါ်ဝမ် မှင်တက်မိနေကာ အိပ်မက်ပမာ ခံစားနေရသည်။ ဤသည်က အဖြစ်မှန်ပေလော။ သူမက လက်ကို ဆိတ်ကြည့်​လိုက်ရာ နာကျင်လေသောကြောင့် အိပ်မက်မဟုတ်ကြောင်း ဖော်ညွှန်းနေချေသည်။

" ကောင်လေးယွင်က တ...တကယ်ကို လုပ်နိုင်ခဲ့ပြီ။ တ...တကယ်လုပ်နိုင်ခဲ့ပြီ " အဒေါ်ဝမ် ရေရွတ်နေသည်။ သူမ၏ဘေးမှ ဦးလေးကျိုးက ပိုမို၍ပင် မှင်တက်မိနေ၏။ အဒေါ်ဝမ်ကာ သူ့အား လက်တို့လိုက်မှသာ တုန့်ပြန်နိုင်ခဲ့သည်။

" သွားကြမယ်။ ကောင်လေးယွင်က ကျွန်မတို့ကို ခေါ်နေတယ် " အဒေါ်ဝမ်က ဆိုလိုက်သည်။

ဦးလေးကျိုးသည် ဤအခြေအနေမျိုးနှင့် အသားမကျလေသောကြောင့် လူပေါင်းများစွာ၏ မျက်လုံးများရှေ့တွင် သူ တောင့်တင်းနေရသည်။

" ဒါက အဒေါ်ဝမ်နဲ့ ဦးလေကျိုးတို့ အတွက် " ယီယွင်က အသားကင်နှစ်ခုနှင့် ထမင်းဆုပ်နှစ်လုံး ပေးလိုက်သည်။

" ဆာနေရင် စားပစ်လိုက်။ ဟန်လုပ်မနေနဲ့ "

" ငါ...ငါ ဘယ်လို..." ဦးလေးကျိုးက သွားရည်သိမ်းရင်းဖြင့် ခေါင်းအား ကုတ်လိုက်သည်။

ကျိုးရှောင်ကဲ့ ရယ်လိုက်သည်။ သူမက အလွန်ဖြူစင်သည့် ကလေးတစ်ဦးသာ ဖြစ်သည်။ အစ်ကိုယီယွင်က စားခိုင်းထားလေသောကြောင့် သူမက စတင်ကာ စားနေလေသည်။

အဒေါ်ဝမ်နှင့် ဦးလေးကျိုးတို့ ဟန်မဆောင်နိုင်တော့ဘဲ စားလိုက်ကြလေ၏။ ထို့အပြင် သူတို့က ဆာလောင်နေကြချေသည်။

ထိုမြင်ကွင်းက ဘေးပတ်လည်မှ လူအများကို နှိပ်စက်နေခဲ့လေသည်။ သူတို့ တံတွေးမျိုချရင်းဖြင့် အူလိပ်နေကြလေ၏။ သူတို့ မနာလိုမှုကြောင့် စိမ်းပုပ်နေကြလေ၏။ ဤသည်က လုံးဝ နှိပ်စက်နေခြင်းပင်။ သို့သော် ယီယွင် ရပ်နေလေသောကြောင့် မည်သူကမျှ လုဝံ့ခြင်းမရှိပေ။

လူအများသည် အဒေါ်ဝမ်တို့ မိသားစုကို မနာလိုဖြစ်နေကြ၏။ ဤသင်းရနံ့မျိုးရှိသည့် အသားကင်က မည်သည့်အရသာမျိုး ရှိလိမ့်မည်နည်း။

အချို့က လျှာကိုကိုက်ကာ တောင့်ခံနေကြ၏။ သူတို့သည် တဖြည်းဖြည်းချင်း သေးငယ်လာနေသည့် အသားကင်ကို စူးစိုက်ကြည့်နေရင်းဖြင့် ထိုအသားကင်က သူတို့၏အစာအိမ်ထဲသို့ ရောက်လာပါစေဟု ဆုတောင်းနေခဲ့ကြသည်။.

ယီယွင်က လူအုပ်ကြီးကြည့်လိုက်ပြီး ကလေးအချို့ကို လက်ညှိုးထိုးကာ ခေါ်လိုက်လေသည်..." မင်း မင်း မင်း မင်း... ထွက်လာခဲ့ "

ထို့နောက် ယီယွင်က ရှစ်ပေခန့်မြင့်သော သားရဲကြီးပေါ်သို့ ခုန်တက်သွားပြီး ကြီးမားသော စားစရာသေတ္တာအချို့ သယ်ကာ ပြန်ဆင်းလာခဲ့သည်။

သေတ္တာများထဲတွင် အသင့်စား စားစရာများ ပါဝင်လေသည်။ ထိုစားစရာများသည် အဒေါ်ဝမ်တို့အား လုပ်ပေးထားသကဲ့သို့ အရည်အသွေးမြင့် မဟုတ်သည့်တိုင်အောင် လျှိုင်မျိုးနွယ်ထဲမှ ဘာမျှမပါသော ချက်ပြုတ်ပုံထက် များစွာသာလွန်လေသည်။

ယီယွင်က သေတ္တာများကို ဘေးတွင်ချကာ ရွေးချယ်ထားသည် ကလေးများကို ပြောလိုက်လေသည်..." ဒါက မင်းတို့အတွက်ပဲ။ မလုကြနဲ့နော် "

ကလေးများ စိတ်လှုပ်ရှားသွားကြကာ အပြေးသွားကြပြီး သေတ္တာများကို ဖွင့်လိုက်ကြသည်။

ချောင်ကျဆင်းရဲသော ရွာတစ်ရွာက အကျင့်မကောင်သူများ မွေးထုတ်ပေးကြသော်လည်း ကလေးများကမူ ဖြူစင်ရိုးသားကြသည်။ ယီယွင် ရွေးချယ်ခဲ့သည့် ကလေးအများစုက မိန်းကလေးများဖြစ်ပြီး ထိုကလေးများက သူ့အား ကြင်နာကြသည်။

ကလေးများက ပျော်ရွှင်စားသောက်နေကြ၏။

" ယီယွင်... ငါတို့က ဘာကြောင့် မစားရတာလဲ " ၁၅ နှစ်အရွယ် ကောင်လေးတစ်ဦးက မေးခွန်းထုတ်လိုက်သည်။ သူက ရွာ၏ကလေးခေါင်းဆောင် ဖြစ်လေသည်။ သူ၏အဖိုးက မျိုးနွယ်အကြီးအကဲတစ်ဦး ဖြစ်လေ၏။ သူ၏ခွန်အားကိုပါ ထည့်ပေါင်းလိုက်ချိန်တွင် သူ မကျေနပ်သည့် ကလေးတိုင်းကို ရိုက်နှက်နိုင်လေသည်။ ထို့ကြောင့် သူက ကလေးများအကြားတွင် ခေါင်းဆောင်လုပ်ခဲ့ခြင်း ဖြစ်သည်။

အတိတ်တွင် ထိုကောင်လေးက ယီယွင်ကို တစ်ကြိမ်မက အနိုင်ကျင့်ခဲ့ဖူးသည်။ အမှန်တကယ်တွင်မူ ရွာထဲရှိ အရိုးဆုံးကလေးသည်ပင် ထိုကောင်လေး အနိုင်ကျင့်သည်ကို ခံရဖူးလေ၏။

ယီယွင်က ထိုကလေးကိုကြည့်ကာ ပြက်ရယ်ပြုလိုက်သည်။ ထိုကောင်က အဘယ်သို့များ မေ့နိုင်ရလေသနည်း။ မကြာသေးမီက ထိုကောင်လေးသည် ကလေးတစ်သိုက်ကို ဦးဆောင်ကာ ကျန်းရှောင်ယုကို ဝိုင်းထားခဲ့ပြီး အိမ်ကို နွားချေးများနှင့် ပစ်ပေါက်ခဲ့လေသည်။

ယီယွင်က မှတ်ဥာဏ်ကောင်းလှပြီး နွားချေးများနှင့် ပစ်ပေါက်ခဲ့ကြသည့် ကောင်လေးတိုင်းကို မှတ်မိလေသည်။ ယီယွင်က ထိုကလေးများ၏ အသက်အရွယ်ကြောင့် မကောင်းမှုများကို ခွင့်လွှတ်ပေးတတ်သူ မဟုတ်ပေ။ မကောင်းမှုလုပ်ခဲ့သည့် လူတိုင်းကို မဖြစ်မနေပင် အပြစ်ပေးရချေမည်။

အစာခွဲဝေပေးရာတွင် ယီယွင်က နွားချေးများနှင့် ပစ်ပေါက်ခဲ့ကြသည့် ကလေးအားလုံးကို ပယ်ထားခဲ့သည်။ ထို့ကြောင့် ယီယွင် ခေါ်ခဲ့သူများထဲတွင် မိန်းကလေးက ၇၀% ခန့်ရှိလေသည်။

ထိုကောင်လေးသည် ယီယွင်က ကျိတ်၍ပြက်ရယ်ပြုသည်ကို မြင်တွေ့သွားကာ စိုးရိမ်သွားလေ၏။ သို့သော် သူက ရွာထဲတွင် အမြဲတမ်းလိုပင် စည်းမဲ့ကမ်းမဲ့ပြုမူတတ်ပြီး ကလေးများက သူ့ကို ကိုးကွယ်လေသည်။ အတိတ်တွင် ယီယွင်က သူ၏ဖိနပ်ကို ကိုင်ပေးရန်ပင် မထိုက်တန်ခဲ့သော်လည်း ယခုတွင်မူ ယီယွင်က ဆရာတစ်ပါး ဖြစ်လာလေသောကြောင့် သူ မကျေမချမ်းဖြစ်နေရသည်။

သို့သော် သူက ယီယွင်ကို မယှဥ်နိုင်ကြောင်း သိလေသောကြောင့် သည်းခံကာ ဆိုလေသည်..." ယီယွင်... ဘာကြောင့် ငါ့တစ်ယောက်တည်း ပယ်ထားရတာလဲ။ အားလုံး စားစရာတွေ ရခဲ့ပေမဲ့ ငါနဲ့ ငါ့ရဲ့ညီနောင်တွေက ဘာကြောင့် မရတာလဲ "

ယီယွင် ရယ်လိုက်သည်။ ကလေးတစ်ဦးနှင့် ဖက်ပြိုင်ရသည်မှာ အဓိပ္ပါယ်မရှိသော်လည်း သူကိုယ်၌က ကလေးတစ်ဦးသာ ဖြစ်လေသောကြောင့် ဖက်ပြိုင်ရလျှင်ပင် ဘာဖြစ်သေးသနည်း။ ကလေးများက စည်းကမ်းဖောက်၍ရသည်ဟု မည်သူက ပြောခဲ့လေသနည်း။ ကလေးတစ်ဦး စည်းကမ်းဖောက်လျှင် ဂယက်ရိုက်ခြင်းမရှိဟု မည်သူက ဆိုခဲ့လေသနည်း။

ဤလောကတွင် မကောင်းမှုလုပ်ကြသည့် လူအများစုက သူတို့ ငယ်ရွယ်ချိန်တွင် နတ်ဒေဝါများ မဟုတ်ကြပေ။ သူတို့ ငယ်ရွယ်စဥ်က ဂိုဏ်းစတားများလုပ်ကာ အနိုင်ကျင့်ခဲ့ကြပြီး အသက်ကြီးလာချိန်၌ ရာဇဝတ်သားများ ဖြစ်လာရသည်။

သူတို့၏မကောင်းမှုက အရိုးစွဲနေသည်။ ငယ်သူကို ချစ်ခင်ကာ ကြီးသူကို လေးစားရမည်ဖြစ်သော်လည်း ဤကဲ့သို့ လူစားမျိုးများအတွက်မူ ထိုသို့လုပ်နေစရာအကြောင်း မရှိပေ။

ယီယွင်က ငတုံးတစ်ကောင်ကို ကြည့်နေသည့်အလားပင် ကြည့်ကာ ဆိုလိုက်လေသည်..." စားစရာတွေကို ငါ ယူလာတာလေ။ ဘယ်သူ့ကို ပေးမလဲဆိုတာက ငါ့သဘောပဲ။ အရင်က မင်း ဝေစုခွဲပေးတုန်းက ဝေစုအချိုးအစားကို မင်းပဲ ဆုံးဖြတ်ခဲ့တာလေ။ အခု ငါက ဝေစုခွဲပေးနေတာဆိုတော့ ငါ အမြင်ကြည်တဲ့သူကို ပိုပေးလိုက်မယ်။ မကြည်တဲ့သူကိုတော့ ဆန်တစ်စေ့တောင် ပေးမှာမဟုတ်ဘူး "

ယီယွင်၏စကားလုံးများက လျှိုင်မျိုးနွယ်ထဲတွင် သူတစ်ဦးတည်းကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ဖော်ညွှန်းနေလေ၏။ ယီယွင်က သနားညှာတာတတ်သော သူတော်စင်တစ်ပါး မဟုတ်ပေ။ ဤလောကကြီးထဲတွင် သင်က အခြားသူများအပေါ်တွင် မည်မျှပင် ကောင်းပြနေပါစေ အခြားသူများကမူ သင်က အနိုင်ကျင့်ရလွယ်ကူသည်ဟုသာ ထင်ကြပေလိမ့်မည်။ အခွင့်ကြုံလာလျှင် ထိုသူများက သင့်အား အကောက်ကြံရန် တုန့်ဆိုင်းနေကြမည်မဟုတ်ပေ။

ထိုသူများက သင့်အား ရက်စက်နေချိန်တွင် သင်က ထိုသူများကို ကောင်းပြနေမည်ဆိုပါက ငတုံးတစ်ကောင်သာ ဖြစ်သွားပေလိမ့်မည်။ ယီယွင်၏စည်းမျဥ်းက သူ့အပေါ်တွင် ကောင်းပေးသူများကို နှစ်ဆပြန်ကောင်းပေးမည် ဖြစ်သည်။ သူ့အား အန္တရာယ်ပေးလာသူများကိုမူ တစ်ခုမျှ မလွတ်စေဘဲ အကုန်ပြန်ပေးမည် ဖြစ်လေ၏။

ဤကလေးများအတွက်မူ...။

၎င်းတို့က ကလေးများဖြစ်နေလျှင်ပင် ဘာဖြစ်သေးသနည်း။ ၎င်းတို့က အသက် ၁၄ နှစ် ဖြစ်ပြီး ယီယွင်ထက် နှစ်နှစ်ပိုကြီးသည်။ အသက်အရွယ်က လွတ်ငြိမ်းခွင့်တစ်ခု မဟုတ်ပေ။ လူတစ်ဦးက သူ၏အပြုအမူတိုင်းအတွက် တာဝန်ယူရပေမည်။

All Chapters