← Chapters

ခမ်းနားထည်ဝါသော အိမ်ပြန်ခရီး

Vol. 9 Ch. 129

ခမ်းနားထည်ဝါသော အိမ်ပြန်ခရီး

Vol. 9 Ch. 129

ယီယွင်က ရန်ချီဓားမောက်ကိုကိုင်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လျှောက်လာပြီး မျိုးနွယ်ခေါင်းဆောင်၏ရှေ့တွင် ရပ်လိုက်သည်။

ယီယွင်နှင့် မျက်နှာချင်းဆိုင်ရချိန်တွင် မျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ် တုန်ယင်လာသည်။ ကျင်းလုံဝေ့က ပြည်ထောင်မြင်းစစ်သည်ဘွဲ့ ပေးအပ်လာရန် အလွန်ခက်ခဲသည်ကို သူ သိသည်။ ယီယွင်က ထိုဘွဲ့ကို ခန့်အပ်ခံထားရသည်ဖြစ်လေရာ ယီယွင်၏စွမ်းအားက အလွန်ပင်ကြောက်မက်ဖွယ်ကောင်းပြီး သူ မှန်းဆနိုင်သည်ထက် များစွာကျော်နေပေလိမ့်မည်။

ယီယွင် စီးနင်းခဲ့သည့် ဦးချိုသားရဲကလည်း ကောင်းစွာလေ့ကျင့်ပေးထားသည့် ဦးချိုသားရဲတစ်ကောင်ဖြစ်ပြီး တန်ဖိုးသည် မျိုးနွယ်ခေါင်းဆောင် တွေးဆဝံ့သည့်အရာမျိုး မဟုတ်ပေ။

အရိုင်းနယ်မြေမှ လူများက ကျွမ်းကျင်သူများကို ကြောက်လန့်ရိုကျိုးကြသည်။ အတိတ်တွင် အဆင့်အတန်း ကွာခြားခဲ့ရခြင်းကြောင့်သာ မဟုတ်ခဲ့ပါက မျိုးနွယ်ခေါင်းဆောင်သည် ယီယွင်၏ရှေ့တွင် ဒူးထောက်မိပေလိမ့်မည်။ ယခုတွင် သူက ယီယွင်၏ရှေ့၌ သိက္ခာထိန်းနိုင်ရုံမျှသာ ရှိနေလေ၏။

" လျှိုင်ချမ်းယုက ကျုပ်ကြောင့် ဒုက္ခိတဖြစ်သွားခဲ့တာပဲ " ယီယွင်က ရိုးရိုးပင် ဆိုလိုက်သည်။

မျိုးနွယ်ခေါင်းဆောင် မူးဝေသွားရသည်။ သူ၏မသိစိတ်က ယီယွင်ကို ခုန်အုပ်ကာ တိုက်ခိုက်ပစ်ချင်နေသည်။ သို့သော် သူ မဆင်မခြင်မလုပ်မိခင်တွင် တစ်စုံတစ်ခုကို နားလည်သွားကာ ရပ်လိုက်လေ၏။

မျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ် တုန်ယင်နေသည်။ နောက်တွင်ရှိနေသည့် အကြီးအကဲများက ယီယွင်ကို မယုံကြည်ခြင်း ၊ အထင်သေးခြင်းများနှင့် ကြည့်နေကြလေ၏။

သာမန်လူများကမူ အားလုံး မှင်တက်မိနေကြသည်။

လျှိုင်ချမ်းယုက ယီယွင်ကြောင့် ဒုက္ခိတဖြစ်သွားပြီတဲ့လား။

လျှိုင်ချမ်းယုက ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ခဲ့ပြီး မဟုတ်ပေလော။ အဘယ်သို့ဖြစ်၍ ယီယွင်ကို ရှုံးခဲ့ရလေသနည်း။ ယီယွင်က ရက်အနည်းငယ်ခန့်သာ ကျင့်ကြံခဲ့သည်ဖြစ်ရာ အဘယ်သို့ ဖြစ်သွားလေသနည်း။

" မင်းက အတော်ကို နှလုံးသားမဲ့တာပဲ။ ငါတို့ လျှိုင်မျိုးနွယ်က မင်းကို စောင့်ရှောက်ပေးထားကိုမှ မထောက်ဘဲ မင်းက ကြမ်းကြုတ်တဲ့လုပ်ရပ်ကို လုပ်ခဲ့တယ် " အကြီးအကဲတစ်ဦးက ယီယွင်ကို ဒေါသတကြီး စွပ်စွဲပြောဆိုသည်။

ယီယွင်က ပြက်ရယ်ပြုကာ..." ကျုပ်ကို စောင့်ရှောက်ထားတာတဲ့လား။ မှားနေပြီ... ခင်ဗျားတို့ကို စောင့်ရှောက်ပေးထားတာက ကျုပ်တို့ပဲ။ ခင်ဗျားတို့ အကြီးအကဲတွေအားလုံးက လျှိုင်မျိုးနွယ်ရဲ့ ကပ်ပါးကောင်တွေပဲ။ ခင်ဗျားတို့က အခြားသူတွေကို စားစရာကျွေးပြီး ဝတ်စရာပေးတဲ့ ကျွန်တွေလို့ ထင်နေကြတဲ့ ကပ်ပါးကောင်တွေပဲ။ ဒီလောကကြီးဟာ သေမလား ရှင်မလားဆိုပြီး ရုန်းကန်ရတယ်။ လျှိုင်ချမ်းယုက ကျုပ်ကို သတ်ဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ခင်ဗျားတို့က ဒီကောင့်ကို နှလုံးသားမဲ့တယ်လို့ ဘာကြောင့်မပြောခဲ့တာလဲ။ ဒီကောင်ကတော့ ကျုပ်ကို သတ်လို့ရပြီး ကျုပ်က ဒီကောင့်ကို သတ်တဲ့အချိန်ကျမှ ကျုပ်က မှားတယ်တဲ့လား။ တကယ့်ဟာသပဲ "

ယီယွင်၏စကားကြောင့် ထိုအကြီးအကဲ ပါးစပ်ပိတ်သွားရသည်။ ဟုတ်သည်။ ယီယွင်သာ အားနည်းနွမ်းပါးသည့် ကလေးတစ်ဦးဖြစ်နေလျှင် လျှိုင်ချမ်းယုက ယီယွင်ကို တစ်စစီလုပ်ပစ်ခဲ့သည်မှာ ကြာလောက်ချေပြီ။

ရုတ်ခြည်းမှာပင် အကြီးအကဲတစ်ဦး ဒေါသတကြီး ခုန်ထွက်လာကာ..." မင်း... မင်းက ချမ်းယုကို ထောင်ချောက်ဆင်ခဲ့တာပဲ ဖြစ်ရမယ်။ မင်းက ချမ်းယုကို မယှဥ်နိုင်ဘူး။ အဲ့ဒီကိစ္စက မဖြစ်နိုင်ဘူး။ မင်းက မသမာနည်းလမ်းတွေ သုံးခဲ့တာပဲဖြစ်မယ်။ မင်း.... "

အဖိုးအို စကားမဆုံးသေးမီမှာ လျိုထျယ် ရှေ့ထွက်လာကာ အဖိုးအိုကို ကန်ပစ်လိုက်သည်။ လျှိုင်မျိုးနွယ်၏ အကြီးအကဲအများစုက သိုင်းပညာကို မသိလေ​သောကြောင့် လျိုထျယ်ကို ယှဥ်နိုင်ခြင်းမရှိပေ။ အဖိုးအို လဲကျသွားကာ အရိုးများ ကျိုးလုနီးပါး ဖြစ်သွားခဲ့ရသည်။ သူ မြေပြင်ပေါ်တွင် လဲကျနေကာ ညည်းတွားနေရလေ၏။

" ချီးပဲ... ခင်ဗျားရဲ့ ခွေးမျက်လုံးတွေ ကန်းသွားအောင် ကျုပ် လုပ်ပေးမယ်။ သခင်လေးယီက လျှိုင်ချမ်းယုနဲ့ ယှဥ်ပြိုင်ဖို့အတွက် မသမာတဲ့နည်းလမ်းတွေ သုံးခဲ့တယ်လို့တောင် ခင်ဗျားက ပြောလိုက်သေးတယ်။ သခင်လေးယီနဲ့ ယှဥ်မယ်ဆိုရင် လျှိုင်ချမ်းယုက ချီးပုံတစ်ပုံပဲ "

" ခင်ဗျားက ဘယ်လောက်အထိ တုံးအလဲဆိုတာကို ခင်ဗျား သိလား။ သခင်လေးယီက မသန်မာဘူးလို့ ခင်ဗျားက တကယ်ကြီးထင်နေတာလား။ လျှိုင်ချမ်းယုက ခွေးတစ်ကောင်လိုမျိုး ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရတယ်​။ ​အဲ့ဒါက တိုက်ပွဲမဟုတ်ဘူး။ သခင်လေးယီက လျှိုင်ချမ်းယုကို ရိုက်တဲ့ပွဲပဲ "

" လျှိုင်ချမ်းယုတင် မကဘူး။ တောက်မျိုးနွယ်ရဲ့ ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်တဲ့ တတိယသခင်လေးက အမွေခံလက်နက်ရဲ့ တားမြစ်စွမ်းအင်ကို အသုံးပြုခဲ့တာတောင် သူ ဆိုးဆိုးဝါးဝါး အရိုက်ခံခဲ့ရတာပဲ။ တောက်မျိုးနွယ်ရဲ့ အမွေခံလက်နက်က ဘာလဲဆိုတာကို ခင်ဗျားသိလား။ ခင်ဗျား မသိဘူးဆိုတာကို ကျုပ် အတပ်သိတယ်။ အဲ့ဒီလိုစွမ်းအားမျိုးက ခင်ဗျား တွေးနိုင်တာထက် အများကြီးပိုတယ် "

လျိုထျယ်က လျှိုင်မျိုးနွယ် အကြီးအကဲများကို အထင်သေးခြင်းများနှင့်ကြည့်ကာ ပြက်ရယ်ပြုလိုက်သည်။ သူ၏အမူအရာသည် ငတုံးတစ်သိုက်က ဘာမျှမသိဘဲ အော်နေကြသည်ဟု ဆိုလိုနေသယောင်ပင်။

" သခင်လေးယီက လျှိုင်ချမ်းယုကို အကွက်ချခဲ့တယ်လို့တောင် ခင်ဗျားက ပြောလိုက်သေးတယ်။ ကျုပ် ရယ်တောင် မရယ်နိုင်တော့ဘူး။ အိပ်မက်ကနိုးထတော့ အသုံးမကျတဲ့ အဖိုးကြီးရေ။ လျှိုင်ချမ်းယုက စစ်ဆေးမှုမှာ အဝါရောင်အဆင့် အဆင့် ၅ ပဲ ရခဲ့တယ်။ အဝါရောင်အဆင့် အဆင့် ၅ က ဘာလဲဆိုတာကို ခင်ဗျားသိလား။ အရိုင်းနယ်မြေထဲမှာ အဲ့ဒါမျိုးအဆင့်တွေ အများကြီးပဲ "

" သခင်လေးယီက စစ်ဆေးမှုမှာ ဆန်းကြယ်မှုအဆင့် အဆင့် ၅ ရခဲ့တယ်။ အဲ့ဒါက တစ်ဆင့်လုံးလုံး မြင့်နေတာပဲ။ ဆန်းကြယ်မှုအဆင့် အဆင့် ၅ က ဘာလဲဆိုတာကို ခင်ဗျား သိရဲ့လား။ ဒီအကဲဖြတ်ချက်ကို ကျင်းလုံဝေ့ရဲ့ ရာထူးမြင့်ပိုင်းတွေ လုပ်ခဲ့တာဖြစ်ပြီးတော့ လုံးဝကို ဩဇာအာဏာကြီးမားတယ်။ ဆန်းကြယ်မှုအဆင့် အဆင့် ၅ က ဘာလဲ။ အဲ့ဒါက လူသားအရှင်တစ်ဦး ဖြစ်လာမယ်လို့ ဆိုလိုတာပဲ။ အဆင့်မြင့် မင်းမျိုးနွယ်တစ်ဦးရဲ့ ကံကြမ္မာပဲ "

" သရုပ်ပြချိန်မှာ သခင်လေးယီက မီတာသုံးရာ အကွာလောက်မှာရှိတဲ့ လက်ဖက်ရည်ခွက်တွေကို ကွဲအောင်လုပ်နိုင်ခဲ့တယ်။ သူက အရှေ့အရပ်ကလာတဲ့ ခရမ်းရောင်လေကိုတောင် ဖြစ်ပေါ်စေခဲ့သေးတယ်။ အရှေ့အရပ်က ခရမ်းရောင်လေဆိုတာ ဘာလဲဆိုတာကို ခင်ဗျား သိလား။ ဟဲဟဲ... ခင်ဗျား မသိဘူးဆိုတာကို ကျုပ် ပြောနိုင်ပါတယ်။ အဲ့ဒါက ကောင်းကင်မှာ မိုင်ပေါင်းရာချီအထိ ပြည့်နှက်နေတဲ့ ခရမ်းရောင်မြူခိုးတွေပဲ။ အဲ့ဒါက အရမ်းလှတယ်။ သခင်လေးယီ သရုပ်ဖော်ပြသနေတဲ့အချိန်မှာ မိုးနဲ့မြေကတောင် သူ့ကို အသိအမှတ်ပြုပြီး အဲ့ဒီလိုဖြစ်စဥ်မျိုး ဖော်ဆောင်ပေးခဲ့ရတယ်။ အသုံးမကျတဲ့ ခင်ဗျားတို့တစ်သိုက်က ဘာမှမသိဘဲနဲ့ ချီးကို အော်နေကြတာလား " လျိုထျယ်က မာန်အပြည့် ပြောခဲ့လေသည်။

လျိုထျယ်သည် ယီယွင်၏ဂုဏ်သိက္ခာကို ကာကွယ်ပေးမည်ဟု ကိုယ်တိုင်ပင် ဆုံးဖြတ်ထားခဲ့၏။ သူ ယီယွင်၏နံဘေး၌ ခစားပေးပြီး ယီယွင် သဘောကျလာခဲ့လျှင် သူ့အား အရိုင်းနယ်မြေထဲမှ ခေါ်ထုတ်သွားနိုင်လောက်သည်။

လျိုထျယ်၏နောက်မှ ယီယွင်မှာ ပြောစရာမဲ့နေရ၏။ သူသည် ပေသုံးဆယ်အကွာမှ လက်ဖက်ရည်ခွက်များကို ကွဲစေခဲ့ခြင်းသာ ဖြစ်၏။ အရှေ့အရပ်မှ ခရမ်းရောင်လေကမူ အများဆုံးအနေဖြင့် မိုင်အနည်းငယ်ခန့်သာ ရှိလေသည်။ သို့သော် လျိုထျယ်က ဆယ်ဆခန့် ချဲ့ကားပြောဆိုခဲ့လေသည်။

သို့သော် အရိုင်းနယ်မြေမှ လူများကမူ ထိုအရေအတွက်များကို တွေးခေါ်မိကြခြင်းမရှိဘဲ ကြီးမြတ်လွန်းကာ ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ တွေးထင်မိကြသည်။ ထိုဖြစ်စဥ်များက သာမန်လူတစ်ဦး၏ ခန္ဓာကိုယ်မှ ဖြစ်လာလေသလော။

ယီယွင် ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာခဲ့သည့်အချက်နှင့် ပေါင်းဖက်သွားချိန်တွင် မည်သူကမျှ ယီယွင်၏စွမ်းအားကို သံသယမဖြစ်ကြတော့ပေ။ ယီယွင်က လူအများကြားမှ နဂါးတစ်ကောင်ပင်။ သူက စစ်ဆေးမှုများကို အောင်မြင်ခဲ့ပြီး ကြီးကျယ်သည့်အရာများ လုပ်ဆောင်ခဲ့သည်။ သူတို့က ယီယွင်ကို မော်မကြည့်နိုင်တော့သည့် ပိုးဖလံများသာ ဖြစ်ချေသည်။

ယီယွင်ကို မုန်းတီးကြသည့် အကြီးအကဲများက စကားမဆိုဝံ့ကြတော့ပေ။

လူအများ ငြိမ်သက်နေကြ၏။

ယီယွင်က လူအုပ်ဆီသို့ လျှောက်သွားလိုက်ပြီး လူအများကို ကြည့်လိုက်သည်။

" ခင်ဗျားတို့ရဲ့ သခင်လေးလျှိုင်က ကျုပ်ကိုသတ်ဖို့ အကြိမ်ပေါင်းမနည်း ကြိုးစားခဲ့တယ်။ ဒီကောင်က ရွာသားတွေကို ကျွန်ပြုပြီးတော့ အန္တရာယ်ဖြစ်စေခဲ့တယ်။ ဒီကောင်က အပြစ်သားတစ်ယောက်ပဲ။ ဒါကြောင့် ဒီကောင် ဘယ်လိုပုံစံမျိုးနဲ့ပဲ အဆုံးသတ်သွားခဲ့ပါစေ ဒီကောင်နဲ့ ထိုက်တန်တယ် "

" လျှိုင်ချမ်းယုက ကျုပ်တို့ရဲ့စားစရာတွေကို ယူသွားပြီးတော့ သိုင်းပညာအရင်းအမြစ်တွေနဲ့ လဲလှယ်ခဲ့တယ်။ ဒီကောင်က ကြွယ်ဝမှုတွေကို လောင်းကြေးထပ်ခဲ့ပြီး ခင်ဗျားတို့ကို မြို့ခေါ်သွားမယ်လို့ ကတိတွေပေးခဲ့တယ်။ အဲ့ဒါက အလိမ်အညာတစ်ခုပဲ။ ဒီကောင့်ရဲ့စွမ်းရည်နဲ့ဆိုရင် ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာဖို့က နှစ်ပေါင်းများစွာ လိုအပ်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ခင်ဗျားတို့အားလုံး အစာငတ်ပြီး သေနေလောက်ပြီ "

" လျှိုင်ချမ်းယုက အဆိပ်သင့်နေတဲ့ ပျက်စီးခြင်းအရိုးတွေကို သန့်စင်ဖို့အတွက် အားကောင်းမောင်းသန် ယောက်ျားသားတွေ ခေါ်ယူခဲ့တယ်။ ဒီကောင်က အဲ့ဒီလူတွေကို သေစေခဲ့တယ်။ ဒီကောင်က လူတစ်ဦးရဲ့ အသက်စွမ်းအားတွေကို အလွန်အကျွံ ထုတ်ယူသုံး​စွဲစေတဲ့ ဆေးလုံးတွေ ပေးခဲ့ပြီးတော့ အဲ့ဒီလူတွေကို အသေပိုမြန်အောင် လုပ်ခဲ့တယ် "

" အဲ့ဒီနောက်မှာ ဒီကောင်က ကျုပ်ကို အပြစ်တင်ပြောဆိုခဲ့တယ်။ ကျုပ်က သရဲပူးကပ်ခံနေရပြီး ပလိပ်ရောဂါပြန့်အောင် လုပ်နေတယ်ဆိုပြီးတော့ ဒီကောင်က လိမ်ညာပြောခဲ့တယ်။ ကျုပ်ရဲ့အစ်မကို လူတွေ ဝိုင်းမုန်းလာအောင်လို့ ဒီကောင်က သွေးထိုးပေးခဲ့ပြီးတော့ ကျုပ်ရဲ့အိမ်ကို မီးရှို့ပစ်ခဲ့တယ် " ယီယွင်က ခပ်အေးအေးပင် ဆိုလိုက်သည်။

လွန်ခဲ့သည့် လဝက်ခန့်က လျှိုင်မျိုးနွယ်၏ ရွေးချယ်ပွဲတွင်လည်း ယီယွင်က တူညီသည့်စကားများ ပြောခဲ့သည်ကို လူအများ သတိရသွားကြသည်။ ထိုစဥ်က ယီယွင်ကို ယုံကြည်ခဲ့သူ များစွာမရှိပေ။ ယနေ့တွင် ယီယွင်က ထပ်မံပြောကြားခဲ့လေပြီး အကြောင်းအရာများ ပြောင်းလဲခြင်းမရှိခဲ့ပေ။ သို့သော် ဤတစ်ကြိမ်တွင် ရလဒ်က လုံးဝကွာခြားလေသည်။ ယီယွင်ကို မည်သူကမျှ သံသယမဖြစ်ကြပေ။ ၎င်းက ခွန်အား၏ပြယုဂ် ဖြစ်လေ၏။

လူတစ်ဦး၏စကားများကို သူ ပြောကြားချိန်တွင် မည်မျှခိုင်လုံမှုရှိကြောင်း ဆုံးဖြတ်ကြသည် မဟုတ်လေဘဲ ထိုသူ၏ အဆင့်အတန်း ၊ အနေအထား ၊ ခွန်အားတို့ဖြင့်သာ ဆုံးဖြတ်ကြသည်။ ဘုရင်တစ်ပါး၏ နှုတ်ထွက်စကားတိုင်းက စည်းမျဥ်းဥပဒေများ ဖြစ်လေ၏။

ယီယွင်က ထိုအနေအထားသို့ ရောက်နေသည်ဖြစ်ရာ သူတို့ကဲ့သို့ ပုရွက်ဆိတ်တစ်သိုက်ကို လိမ်ညာနေရန် လိုပါဦးမည်လော။ ထို့ကြောင့် ယီယွင်၏စကားကို မည်သူကမျှ သံသယမရှိကြခြင်း ဖြစ်လေသည်။ ယခင်က သူတို့အား လျှိုင်ချမ်းယုက လှည့်စားခဲ့သည်ကို သူတို့အားလုံး သိကြသည်။ သူတို့ကို လျှိုင်ချမ်းယုက အရူးများသဖွယ်သာ ဆက်ဆံခဲ့ပြီး ခြေနင်းတုံးများသဖွယ် အသုံးပြုခဲ့သည်

လျှိုင်ချမ်းယု အမြင့်သို့ရောက်လေလေ လူအများအဖို့ အနင်းခံရကာ နိမ့်ပါးလာလေလေပင်။

လျှိုင်ချမ်းယု မြင့်မားသွားချိန်တွင် လျှိုင်ချမ်းယုနှင့် အမျိုးတော်စပ်သူများအဖို့ အကျိုးအ​မြတ်အချို့ ရနိုင်ကောင်းလောက်သော်လည်း အားနည်းသူများအတွက်မူ စွန့်ပစ်ခံရမည့်ကံကြမ္မာသာ ရှိလေသည်။

ထိုအရာကို နားလည်သွားသည့် လူအများမှာ စိတ်ဆိုးရသည်။ ယီယွင်၏စကားလုံးများက ​ခပ်ပြင်းပြင်း ရိုက်ချက်တစ်ချက်နှင့် ဆင်တူလှပြီး သူတို့ သတိဝင်လာစေရန် ရိုက်ပေးခဲ့သည်။

လက်ရှိတွင် ယီယွင်က ထိုသူများနှင့် စာရင်းရှင်းလိုခြင်း မရှိတော့ပေ။ သူ တစ်စုံတစ်ခုကို တွေးမိသွားကာ လူအများအား စစ်ဆေးကြည့်ရှုလိုက်သည်။ မကြာမီတွင် သူ ရှာနေသည့်အရာကို တွေ့သွားလေသည်။

လူအုပ်၏ထောင့်တစ်နေရာတွင် ရိုးသားဖြူစင်ဟန်ရှိသည့် အမျိုးသမီးတစ်ဦးက ချစ်စဖွယ်ကောင်းသည့် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး၏လက်ကို ကိုင်ထားလေသည်။ သူတို့က အဒေါ်ဝမ်နှင့် ကျိုးရှောင်ကဲ့တို့ ဖြစ်လေသည်။

ကျိုးရှောင်ကဲ့ မျက်နှာနီနေသည်။ သူမက ရှေ့သို့ထွက်ကာ ယီယွင်ကို နှုတ်ဆက်လိုသော်လည်း ကြောက်နေမိသည်။ အကြောင်းကမူ လက်ရှိ ယီယွင်က ကျိုးရှောင်ကဲ့ သိကျွမ်းခဲ့ဖူးသည့် ယီယွင်နှင့် လုံးဝကွဲပြားနေလေသောကြောင့်ပင်။

သူသည် ချည်ကြမ်းအဝတ် ဝတ်ဆင်ထားသည့် အိမ်နီးချင်းအစ်ကို ယီယွင် မဟုတ်တော့ပေ။ လက်ရှိ ယီယွင်က အဆင့်တန်းမြင့်ကာ ဂုဏ်ရည်ထည်ဝါသည်။ ကျိုးရှောင်ကဲ့သည် ယီယွင်နှင့် နှိုင်းယှဥ်ကြည့်ပြီး သူမ၏ ဟောင်းနွမ်းသော အဝတ်များကြောင့် ရှက်ရွံ့နေမိသည်။

ထိုစဥ်က ယီယွင်က ကျိုးရှောင်ကဲ့ကို လှမ်းပြောလိုက်သည်။

" ရှောင်ကဲ့... ဒီကိုလာခဲ့ "

" အမ် " သူမအား ယီယွင်က လက်ပြကာခေါ်နေသည်ကို မြင်လိုက်ရသည့် ကျိုးရှောင်ကဲ့မှာ ထိတ်လန့်နေသည့် ယုန်တစ်ကောင်ပမာ ဖြစ်သွားရသည်။

All Chapters