မိုးကောင်းကင်မှာ အမြင်ရှိတယ်
Vol. 9 Ch. 128
ကျင်းလုံဝေ့ကို ဦးဆောင်လာသူက စွန်းကျင်းရွေ့ဟု အမည်ရသည်။ သူသည်လည်း ကျင်းလုံဝေ့၏ လက်ရွေးစင်တစ်ဦး ဖြစ်လေ၏။ သူက ၂၃ နှစ်အရွယ် တောင့်တင်းသော အမျိုးသားတစ်ဦး ဖြစ်လေသည်။ သူက အလွန်အစွမ်းထက်မည့်ဟန် ရှိလေသည်။
သူ ထိုင်နေသည့် ဦးချိုသားရဲကလည်း အစွမ်းထက်ချေသည်။ သူ၏သားရဲကြီး လူကြားထဲသို့ ဝင်သွားချိန်တွင် လူအများမှာ မသိစိတ်ဖြင့်ပင် နောက်ဆုတ်ပေးကြရသည်။ ထိုသားရဲက ကြီးမားသောဖိနှိမ်မှု ခံစားတစ်ရပ် ပေးစွမ်းနေသည်။
" နုံချာတဲ့ ဒီအဖိုးကြီးက သံတမန်အရှင်တို့ကို ကြိုဆိုပါတယ်။ သံတမန်အရှင်တို့ ခရီးပန်းလာကြပြီထင်ပါတယ် " လျှိုင်မျိုးနွယ်ခေါင်းဆောင်နှင့် အကြီးအကဲများ ၊ ကျန်းတာ့လီ အပါအဝင် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများက လူအုပ်ကြားမှ အမြန်ထွက်လာကာ ထိုသူကို ဂါရဝပြုလိုက်လေသည်။
စွန်းကျင်းရွေ့က မျိုးနွယ်ခေါင်းဆောင်ကို ရင်းနှီးဖော်ရွေစွာ ကြည့်လိုက်လေ၏။
လမ်းခရီးတွင် ယီယွင်က လျှိုင်မျိုးနွယ်၏ အုပ်ချုပ်ပုံအကြောင်းကို ပြောမပြခဲ့ပေ။ စွန်းကျင်းရွေ့သည် ယီယွင်က လျှိုင်ချမ်းယုနှင့် ရန်ငြိုးအချို့ရှိနေသည်ကိုသာ သိထားလေပြီး သူ့အား ဂါရဝပြုနေကြသူများက လျှိုင်ချမ်းယုကို ထောက်ခံအားပေးသူများနှင့် လက်ပါးစေများ ဖြစ်ကြကြောင်းကိုမူ မသိခဲ့ပေ။ ထိုသို့သာမဟုတ်လျှင် သူ ဤပုံစံမျိုး ဆက်ဆံနေမည်မဟုတ်ပေ။
မျိုးနွယ်ခေါင်းဆောင်က စွန်းကျင်းရွေ့၏နောက်မှ သားရဲငါးကောင်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူက လျှိုင်ချမ်းယုကို မြင်တွေ့ရရန် မျှော်လင့်မိနေလေ၏။
ယီယွင်က လေးကောင်မြောက် ဦးချိုသားရဲပေါ်တွင် ရှိနေသည်။ ယီယွင်က ငါးပျံဝတ်စုံ ဝတ်ဆင်ထားပြီး ခါးတွင် ရန်ချီဓားမောက်ကို ချိတ်ဆွဲထားလေသည်။ သူက ချောမောလှပကာ နတ်ဒေဝါဆန်နေ၏။ ဝတ်စားဆင်ပုံ ပြောင်းလဲပြီးချိန်တွင် ယီယွင်ကို လူကိုယ်တိုင်မြင်ဖူးသည့် ကျန်းတန်သည်ပင် မှင်တက်မိခဲ့ရသည်။
လူမှာ အဝတ်ဟူသည့် ဆိုရိုးအတိုင်းပင် ဝတ်စားဆင်ယင်ပုံ ပြောင်းလဲလိုက်သည်နှင့် ဗီဇသွင်ပြင်များလည်း လုံးဝပြောင်းလဲသွားချေသည်။
မျိုးနွယ်ခေါင်းဆောင်က ယီယွင်ကို မမှတ်မိပေ။ သူက ယီယွင်ကို ကျင်းလုံဝေ့မှ အဆင့်မြင့်သူတစ်ဦးဟုသာ ထင်နေမိသည်။ ထိုသူက ငယ်ရွယ်ကာ စွမ်းဆောင်နိုင်လေသောကြောင့် သူ မနာလိုရှုစိမ့် ဖြစ်မိရသည်။
ထို့နောက်တွင်မူ သူသည် ဦးချိုသားရဲများ၏ ကျောပေါ်တွင် သယ်ဆောင်လာသော ခြင်းကြီးများကို သတိပြုမိသွားလေ၏။ သူ၏အတွေ့အကြုံအရ လျှိုင်မျိုးနွယ်မှ ပြိုင်ပွဲဝင်များသည် ဦးချိုသားရဲများကို စီးနင်းခွင့်ရရန် အရည်အသွေးမမီပေ။ ထို့ကြောင့် သူတို့ ခြင်းကြီးများထဲတွင် နေကြရပေလိမ့်မည်။ အောက်မှကြည့်နေရသည့် သူ့အဖို့ ခြင်းကြီးများထဲတွင် မည်သည့်အရာပါကြောင်း မမြင်ရပေ။
ခြင်းကြီးထဲတွင်ရှိနေသည့် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများကမူ တစ်ဦးနှင့်တစ်ဦးကြည့်ကာ မည်သို့လုပ်ရမှန်းမသိ ဖြစ်နေကြသည်။ သူတို့က အကြိုစစ်ဆေးမှုတွင်ပင် ထုတ်ပယ်ခံခဲ့ရပြီး လျှိုင်ချမ်းယုက ဤအခြေအနေသို့ ရောက်သွားခဲ့ချေသည်။ သူတို့က ဆိုးရွားစွာပင် ရှုံးခဲ့ရလေသောကြောင့် ရွာတွင် မျက်နှာမပြဝံ့ကြပေ။
သူတို့သာ ယီယွင်၏အောင်မြင်မှုကို ထုတ်ကြွားမည်ဆိုပါက သူတို့အား ယီယွင်၏လက်ပါးစေများအဖြစ် အထင်ကြီးကြပေလိမ့်မည်။ သို့သော် ယီယွင်က သူတို့အား မြင်လိုခြင်းပင်မရှိပေ။ သူတို့၏ လက်ရှိအခြေအနေက အလွန်ပင် ကို့ရို့ကားယားနိုင်နေသည်။
မျိုးနွယ်ခေါင်းဆောင်က ယီယွင်ကို မမှတ်မိသော်လည်း ကျိုးရှောင်ကဲ့ ကဲ့သို့ လူအချို့ကမူ ယီယွင်ကို မြင်ကြလေသည်။ ကျိုးရှောင်ကဲ့က ယီယွင်ကို ရှာနေခဲ့သည်ဖြစ်ရာ ယီယွင်က အတန်ပင်ဝေးသည့်တိုင်အောင် သူမက ချက်ချင်းပင် မြင်မိသွားလေသည်။
ငါးပျံဝတ်စုံ ဝတ်ဆင်ထားသည့် ယီယွင်ကို ကြည့်နေရင်းဖြင့် သူမ ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ ထိုသည်က အစ်ကိုယီယွင်ပေလော။ ကျိုးရှောင်ကဲ့က အဒေါ်ဝမ်၏လက်ကို ဆုက်ကိုင်ထားပြီး ယုံရဲခြင်းမရှိပေ။
ထိုစဥ် စွန်းကျင်းရွေ့က လက်ဝှေ့ယမ်းလိုက်ပြီး ဦးချိုသားရဲ သယ်ဆောင်လာသည် ခြင်းကြီးနှစ်လုံးကို ဖြုတ်ချလိုက်သည်။ ခြင်းများ မြေပြင်ပေါ်သို့ ပြင်းစွာပြုတ်ကျသွားခဲ့သည်။
ခြင်းများထဲမှ ဆီစိမ်အိတ်များနှင့် ထုပ်ထိုးထားသည့် ဆန်များနှင့်အသားများ ထွက်ကျလာသည်။
မျိုးနွယ်ခေါင်းဆောင်သည် စားစရာများမြင်တွေ့ကာ မှင်တက်မိသွားလေ၏။ ဘေးပတ်လည်မှ လူအများလည်း စူးစိုက်ကာ ကြည့်နေလေသည်။ သူတို့ လုံးလုံးလျားလျားပင် မှင်တက်မိနေကြသည်။
ဆန်...။ အသား...။
မိုးနတ်မင်းရေ...ဒါက အိပ်မက်တစ်ခုလား။
ဤသူများက ရက်များစွာ ဆာလောင်ခဲ့ကြသည်ဖြစ်ပြီး မည်သည့်အချိန်တွင် အဆာလွန်ကာ သေကြရမည်ကို မသိခဲ့ချေ။ ရုတ်တရက်အတွင်း ဆန်နှင့်အသားများကို မြင်လိုက်ရခြင်းသည် သူတို့အား ကြီးစွာပင် ဆွဲဆောင်သွားနိုင်ခဲ့လေ၏။
ဆာလောင်နေသည့် လူများက အစာတစ်လုတ်အတွက် မည်သည့်အရာကိုမဆို လုပ်နိုင်ကြသည်။
မျိုးနွယ်ခေါင်းဆောင်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေလျက်ဖြင့်..." အ...အရှင်သံတမန် ၊ ဒီ...ဒီစားစရာတွေက ကျုပ်တို့အတွက်လား "
စွန်းကျင်းရွေ့က ဆိုသည်..." ဟုတ်တယ်။ ဒါက လျှိုင်မျိုးနွယ် လူတွေအတွက်ပဲ။ လျှိုင်မျိုးနွယ်က ပါရမီရှင်တစ်ဦး ပျိုးထောင်ပေးပြီး ပြည်ထောင်အတွက် အကျိုးဆောင်နိုင်ခဲ့တယ်။ အဲ့ဒီပါရမီရှင်က ပြည်ထောင်မြင်းစစ်သည်အဖြစ် ခန့်အပ်ခံရရုံတင်မကဘူး အနာဂတ်မှာလည်း အဆင့်ပိုမြင့်လာပြီး အမြင့်ဆုံးမင်းမျိုးနွယ်တွေထဲက တစ်ခုဖြစ်တဲ့ လူသားအရှင်သခင်တောင် ဖြစ်လာနိုင်တယ်။ ဒါဟာ လျှိုင်မျိုးနွယ်ရဲ့ ကံကောင်းမှုလို့ ပြောလို့ရတယ်။ ခင်ဗျားတို့ရဲ့ ချီးကျူးဖို့ကောင်းတဲ့ စွမ်းဆောင်မှုတွေနဲ့အတူ ခင်ဗျားတို့က ဆာလောင်နေကြတာကိုလည်း ထောင်စုမှူးကျန်းက သိသွားခဲ့တာကြောင့် ခင်ဗျားတို့တွေကို ဆုလာဘ်ချီးမြင့်ပေးလိုက်တာပဲ "
မျိုးနွယ်ခေါင်းဆောင် အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။
" ပြည်ထောင်မြင်းစစ်သည်ဘွဲ့ အပ်နှင်းတယ်... ငါ နားကြားမှားတာပဲ ဖြစ်ရမယ် " မျိုးနွယ်ခေါင်းဆောင်က အမှန်တကယ်ပင် အော်ဟစ်ပစ်ချင်နေမိသည်။
" ချမ်းယုက ပြည်ထောင်မြင်းစစ်သည် ဖြစ်သွားခဲ့ပြီ "
နောက်တွင်ရှိနေသည့် မျိုးနွယ်အကြီးအကဲများသည် နှစ်ပေါင်းလေးဆယ်ခန့် ငယ်ရွယ်သွားသည့်ပမာ စိတ်လှုပ်ရှားနေသည်။ သူတို့ ငယ်ရွယ်စဥ်က မင်္ဂလာဦးညသို့ ပြန်ရောက်သွားသည့်ပမာ ဖြစ်နေလေသည်။
ပြည်ထောင်မြင်းစစ်သည်က မင်းမျိုးနွယ် ဖြစ်လေ၏။ သူတို့က အရိုင်းနယ်မြေမှ ဖြစ်သော်လည်း မင်းမျိုးနွယ်၏ ဆိုလိုရင်းကို သိကြသည်။ လျှိုင်ချမ်းယုက ပြည်ထောင်မြင်းစစ်သည်အဖြစ်သည် ခန့်အပ်ခံရသည်သာမက လူသားအရှင်တစ်ဦးပင် ဖြစ်လာနိုင်သည်ဟု ကျင်းလုံဝေ့၏ သံတမန်က ဆိုခဲ့သည်။ မင်းမျိုးများထဲတွင် နယ်စားနှင့် မင်းသားတို့ကိုသာ လူသားအရှင်များဟု ခေါ်ဆိုနိုင်ချေသည်။
မိုးကောင်းကင်က အမြင်ရှိချေ၏။
လူအများ အလွန်စိတ်လှုပ်ရှားနေကြသည်။ လျှိုင်ချမ်းယုက ပြည်ထောင်မြင်းစစ်သည် ဖြစ်လာသည်ကို သူတို့အားလုံး သိကြသည်။ သူက ကိုယ်ပိုင်နယ်မြေအချို့ ချီးမြင့်ခံရပေမည်။ ထို့ကြောင့် သူတို့သည်လည်း မြို့သို့ရောက်ကာ ကောင်းမွန်သောဘဝများ ရရှိလာပေတော့မည်။
" သခင်လေးလျှိုင်က ကြီးမြတ်လွန်းတယ် "
" သေချာတာပေါ့။ ငါတို့ သခင်လေးက ဘယ်လိုလူစားမျိုးလဲဆိုတာ မင်း မသိဘူးလား။ သခင်လေး မွေးဖွားချိန်တုန်းက ကောင်းကင်ကြီး နီရဲတောက်ပနေတာက ထူးခြားတဲ့ဖြစ်ရပ်ပဲ။ သခင်လေးက မြေခလာတဲ့ ကြယ်တစ်ပွင့်ဖြစ်ပြီး အနာဂတ်မှာ ကြီးပွားချမ်းသာလာလိမ့်မယ် " လျှိုင်မျိုးနွယ် အမျိုးသမီးတစ်ဦးက ဆိုလိုက်သည်။ သူမက လျှိုင်ချမ်းယုနှင့် ဆွေးမျိုးနီးစပ်လေရာ သူမက ပျော်ရွှင်နေသည်။
" ချမ်းသာတာတင်မကဘူး... သံတမန်အရှင် ပြောခဲ့တာကို မင်း မကြားလိုက်ဘူးလား။ သခင်လေးက အဆင့်မြင့်တဲ့ မင်းမျိုးနွယ်တစ်ဦး ဖြစ်လာလိမ့်မယ်တဲ့။ သခင်လေးက အသက် ၁၇ နဲ့တင် ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦး ဖြစ်လာတာဆိုတော့ အနာဂတ်မှာ သူ ဘယ်နယ်ပယ်အထိ ရောက်နိုင်မလဲဆိုတာကို ဘယ်သူမှ မတွေးနိုင်ဘူး "
" လျှိုင်မျိုးနွယ်က ကြီးပွားချမ်းသာလာတော့မယ်။ လျှိုင်မျိုးနွယ်ရဲ့ ကြမ်းပြင်မှာ ရွှေဆန်တွေ ပြည့်နေတယ်လို့ ငါ မနေ့ညက အိပ်မက်မက်ခဲ့တယ်။ ဒီမနက် ငါ နိုးလာတော့ ကျီးကန်းတွေ ပြည့်နေတဲ့ အသိုက်တစ်ခု တွေ့ရပြန်တယ်။ ကျီးကန်တွေက လျှိုင်မျိုးနွယ်ခြံဝန်းရဲ့ တံခါးဆီကို ပျံသွားကြပြီး အော်ဟစ်နေကြတယ်။ အဲ့ဒါက မင်္ဂလာနိမိတ်လို့ ငါပြောခဲ့သေးတယ်။ ဒါဟာ ဘိုးဘေးတွေက ကောင်းချီးပေးတာပဲ။ ငါတို့တွေလည်း ဆက်နွယ်ပြီး အကျိုးအမြတ်ရလာပြီ "
လူအများ၏စကားများကြောင့် ဦးချိုသားရဲပေါ်တွင် ထိုင်နေသည့် စွန်းကျင်းရွေ့ မှင်တက်မိနေသည်။ သူ ထိုတုန့်ပြန်မှုကို မျှော်လင့်မထားခဲ့မိပေ။ သူ မေးစေ့အားပွတ်ကာ ယီယွင်ကို လှည့်ကြည့်လိုက်သည်။
ယီယွင်က ငါးပျံဝတ်စုံ ဝတ်ဆင်ထားပြီး ခါးတွင် ရန်ချီဓားမောက်ကို ချိတ်ဆွဲထားကာ ဦးချိုသားရဲကို စီးနင်းထားလေရာ ပြည်ထောင်မြင်းစစ်သည်က မည်သူဖြစ်ကြောင်း အရှင်းသားကြီးပင် မဟုတ်ပေလော။
စွန်းကျင်းရွေ့ သဘောပေါက်သွားသည်။ ဤလူများ ယီယွင်ကို မမှတ်မိကြချေ။ စွန်းကျင်းရွေ့ ရယ်ချင်သွားသည်။ ထိုကောင်လေး ယီယွင်က လျှိုင်မျိုးနွယ်ထဲတွင် ကျော်ကြားခြင်းမရှိချေ။
ယီယွင်က စွန်းကျင်းရွေ့၏စိတ်ကို ဖတ်မိသွားကာ စိတ်ပျက်လက်ပျက် လှမ်းကြည့်လိုက်သည်။
လျှိုင်မျိုးနွယ်မှ လူများကို အပြစ်တင်၍မရပေ။ လျှိုင်မျိုးနွယ်က ပြည်ထောင်ရွေးချယ်ပွဲအတွက် စေလွှတ်ခဲ့သည်မှာ လူဆယ်ဦးသာဖြစ်သော်လည်း သူတို့၏စိတ်ထဲတွင် လျှိုင်ချမ်းယု တစ်ဦးတည်းသာ ရှိလေသည်။ အခြားသူများက အိမ်ဖြည့်ပေးခြင်းမျှသာ ဖြစ်လေ၏။
စွန်းကျင်းရွေ့က ပြည်ထောင်မြင်းစစ်သည် ခန့်အပ်ကြောင်းကို ထုတ်ပြောလာခဲ့ချိန်တွင်မူ သူတို့က လျှိုင်ချမ်းယုကိုသာ ပြေးမြင်မိကြသည်။ ဤလူများ၏စိတ်ထဲတွင် လျှိုင်ချမ်းယုက ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦး ဖြစ်လေ၏။ အခြားသူများက လျှိုင်ချမ်းယုကို မည်သို့များ ယှဥ်နိုင်ပါမည်နည်း။
ထို့အပြင် ယီယွင် ဝတ်ဆင်ထားသည့် ငါးပျံဝတ်စုံနှင့် ယူနီကွန်းခါးပတ်တို့က ပြည်ထောင်မြင်းစစ်သည်တစ်ဦး၏ အမှတ်သညာများဖြစ်သည်ကို သူတို့ မသိကြပေ။ သူတို့၏ ဗဟုသုတများအရ ယီယွင်က စွန်းကျင်းရွေ့ကဲ့သို့ပင် ကျင်းလုံဝေ့၏ စစ်သည်တစ်ဦးသာ ဖြစ်သည်။
" သံတမန်အရှင်... လျှိုင်ချမ်းယုက ကျုပ်ရဲ့ မြေးလေးပါ။ သူရော အတူပါလာလားမသိဘူး " မျိုးနွယ်ခေါင်းဆောင်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် သေရည်တစ်အိုးလုံး သောက်ထားသည့်ပမာ နီမြန်းနေလေ၏။
စွန်းကျင်းရွေ့က အဖိုးအိုကို မနှစ်မြိုဟန်ဖြင့်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး..." သူ အနောက်မှာ "
" ဒါနဲ့... သူ ဘယ်နားမှာလဲ မသိဘူး " မျိုးနွယ်ခေါင်းဆောင် မသိုးမသန့် ဖြစ်သွားရ၏။ လျှိုင်ချမ်းယုက နောက်တွင်ရှိနေသည်ဆိုပါက အဘယ်နေရာတွင်နည်း။
" ခင်ဗျားက သူ့ကို တွေ့ချင်တာပေါ့လေ " စွန်းကျင်းရွေ့က အဖိုးအိုကို သနားဟန်ဖြင့် ကြည့်လိုက်သည်။
" ဟုတ်ပါတယ် "
မျိုးနွယ်ခေါင်းဆောင်က တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။ သို့သော် သူက အကြောင်းအရင်းတစ်ခုကို တွေးမိသွားကာ ဆိုလိုက်သည်..." သံတမန်အရှင်... လျှိုင်ချမ်းယုက သီးသန့်လေ့ကျင့်နေတုန်းလား။ ပြည်ထောင်မြင်းစစ်သည် ဖြစ်နေပြီဆိုတော့ ပြည်ထောင်ရဲ့လစာဖြစ်တဲ့ အရင်းအမြစ်တွေ ရခဲ့တာကြောင့် သူ ကြိုးစားကျင့်ကြံနေတာပဲ ဖြစ်ရမယ်။ သူသာ ကြိုးစားမကျင့်ကြံရင် အရှင်တို့ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်လာမှာမဟုတ်သလို ပြည်ထောင်မြင်းစစ်သည် အမည်ကိုလည်း သိက္ခာကျမိစေလိမ့်မယ်။ ကျင့်ကြံတာက အရေးကြီးတယ်။ ကျုပ် အလျင်မလိုပါဘူး။ ချမ်းယု ကျင့်ကြံတာ ပြီးတဲ့အထိ ကျုပ် စောင့်ပါ့မယ် "
ဘေးနားမှလူများ အံ့ဩတကြီး ဖြစ်နေကြသည်။ သခင်လေးလျှိုင်ချမ်းယုက ကြီးမားစွာ အောင်မြင်ခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။ သူက ပါရမီရှိသည့်အပြင် ကြိုးစားမှုလည်းရှိသည်။ ခရီးသွားနေချိန်တွင်ပင် သူက သီးသန့်လေ့ကျင့်နေခဲ့သည်။
စွန်းကျင်းရွေ့ ခေါင်းယမ်းကာ..." သူ သီးသန့်လေ့ကျင့်မနေပါဘူး။ ခြင်းထဲမှာ ပုန်းနေတဲ့ကောင်တွေ... သူ့ကိုသယ်ပြီး ထွက်မလာကြသေးဘူးလား။ မင်းတို့ ဘာလုပ်နေကြတာလဲ "
တပ်သားလေ့ကျင့်ရေးစခန်းမှ လူများမှာ ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းများ ပြူထွက်လာကြသည်။ သူတို့က လျှိုင်ချမ်းယုကိုလည်း သယ်လာကြလေ၏။
တပ်သားလေ့ကျင့်ရေးစခန်းမှ လူများက တစ်ပိုင်းနေသည့် လူတစ်ဦးအား အဘယ်ကြောင့် သယ်လာရသည်ကို လူအများ သိချင်နေကြသည်။ ထိုသူ၏မျက်ဝန်းများ ထိုင်းမှိုင်းနေကာ ပါးစပ်တွင် အမြုပ်များထွက်နေလေ၏။ သူ၏ခန္ဓာကိုယ်က နွမ်းဖက်ပျော့ခွေနေလေသည်။
ထိုသူက အဘယ့်ကြောင့် လျှိုင်ချမ်းယုနှင့် တူနေရလေသနည်း။
အကြီးအကဲများ မှင်တက်မိနေကြသည်။
တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် မရေမရာအသံတစ်ခု ထွက်လာသည်..." သူ...သူက သခင်လေးလျှိုင်ချမ်းယုလား "
" မဖြစ်နိုင်ဘူး။ သခင်လေးက ဘယ်လိုလုပ်ပြီး ဒီလိုပုံစံ ဖြစ်နေရမှာလဲ " တစ်စုံတစ်ယောက်က မယုံကြည်စွာ ဆိုလိုက်သည်။
လျှိုင်ချမ်းယု၏ အဖိုးဖြစ်သည့် မျိုးနွယ်ခေါင်းဆောင်ကမူ မှတ်မိလေသည်။
" ချမ်းယု ၊ ချမ်းယု " မျိုးနွယ်ခေါင်းဆောင် ထိတ်လန့်သွားသည်။ ယင်းက သာမန်ဒဏ်ရာမဟုတ်ကြောင်း သူ ပြောနိုင်သည်။ လျှိုင်ချမ်းယု၏ စိတ်သည်ပင် ပုံမှန်မဟုတ်ပေ။
" ဘာဖြစ်ခဲ့တာလဲ ချမ်းယု "
မျိုးနွယ်ခေါင်းဆောင်၏အသံ စတင်တုန်ယင်လာကာ..." ချမ်းယု... မင်းက ပြည်ထောင်မြင်းစစ်သည်ဘွဲ့ အပ်နှင်းခံခဲ့ရတယ်လို့ ငါထင်နေတာလေကွာ။ တစ်ခုခုပြောပါဦး "
" မျိုးနွယ်ခေါင်းဆောင်... လျှိုင်ချမ်းယုက ပြည်ထောင်မြင်းစစ်သည်ဘွဲ့ အပ်နှင်းမခံရဘူး "
လျှိုင်ချမ်းယုကို သယ်လာသည့် လူတစ်ဦးက ဆိုသည်..." တစ်စုံတစ်ယောက်ကြောင့် လျှိုင်ချမ်းယုက ဒုက္ခိတဖြစ်သွားပြီ။ သူ့ရဲ့သွေးကြောတွေ ထိခိုက်သွားပြီးတော့ သိုင်းပညာလမ်းကြောင်း ပျက်စီးသွားပြီ။ သူက ကျင်းလုံဝေ့ရဲ့ ရွေးချယ်ပွဲမှာ ကျရှုံးပြီးသားပါ "
" ဘယ်လို "
မျိုးနွယ်ခေါင်းဆောင် ခေါင်းများချာချာလည်သွားကာ လဲကျလုမတတ် ဖြစ်သွားရပြီး..." လျိုထျယ်... ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ သံတမန်အရှင်က လျှိုင်ချမ်းယုကို ပြည်ထောင်မြင်းစစ်သည်ဘွဲ့ အပ်နှင်းခဲ့တယ်လို့ ပြောခဲ့တယ်လေကွာ "
လျိုထျယ်က ယဥ်ကျေးမနေတော့ဘဲ လျှိုင်ချမ်းယုကို ပစ်ချကာ ဆိုလိုက်သည်..." လျှိုင်ချမ်းယုက ဒုက္ခိတဖြစ်သွားပြီ။ အဖြစ်မှန်ကို လက်ခံလိုက်တော့။ ပြည်ထောင်မြင်းစစ်သည်က ခင်ဗျားရဲ့ ရှေ့တည့်တည့်မှာပဲ ရှိနေတယ်။ ခင်ဗျားက သူ့ကို မမှတ်မိရုံတင်ပဲ "
လျိုထျယ်က ယီယွင်အား ကြည့်လိုက်သည်။
လူအများက ယီယွင်ကို အာရုံစိုက်လိုက်ကြသည်။ တွေ့ခါစတွင် ထိုသူကို ရင်းနှီးသည့်ဟန် ရှိနေသည်။ စေ့စေ့စပ်စပ် ကြည့်ပြီးသည့်နောက်တွင် သူတို့ လုံးဝပင် မှင်တက်မိသွားလေ၏။
" ယီယွင်... အဲ့ဒါ ယီယွင်ပဲ "
" သံတမန်အရှင် ပြောခဲ့တဲ့ ပြည်ထောင်မြင်းစစ်သည်ဆိုတာ သူလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
လူအများ ထိတ်လန့်နေကြသည်။ လျှိုင်ချမ်းယုက ကောင်းကင်ထက်မှ ကြယ်တစ်ပွင့်ဖြစ်သည့်ဟု ပြောကြားခဲ့သည့် အမျိုးသမီးသည်လည်း တုန်လှုပ်နေသည်။ သူမက ခေါင်းယမ်းကာ ဗလုံးဗထွေးပြောလေသည်..." မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး။ သူက အသုံးမကျတဲ့ ရွာသားတစ်ယောက်ပဲ။ သူ့ကို ဘယ်လိုလုပ်ပြီး ပြည်ထောင်မြင်းစစ်သည်ဘွဲ့ အပ်နှင်းခံရမှာလဲ "
" ချီးပဲ... မင်းက ဘယ်သူ့ကို အသုံးမကျတဲ့ ရွာသားတစ်ယောက်လို့ ပြောလိုက်တာလဲ " လျိုထျယ်က ထိုအမျိုးသမီးနှင့် ခြေသုံးလှမ်းအကွာ မြေပြင်ပေါ်သို့ ခုန်ဆင်းသွားပြီး ပါးရိုက်လိုက်လေသည်။
ဖြန်း...။
အမျိုးသမီး နာကျင်စွာဟစ်အော်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
" မင်းက သခင်လေးယီကို စော်ကားဝံ့နေတယ်ပေါ့လေ။ မင်းက သေချင်နေတာပဲ ဖြစ်ရမယ် " လျိုထျယ်က ခြေတစ်လှမ်းတိုးကာ အမျိုးသမီး၏မျက်နှာကို နင်းလိုက်လေသည်။ ထိုအမျိုးသမီးသည် မျက်နှာတစ်ခုလုံး နီးရဲသွားသည်အထိ အနင်းခံလိုက်ရကာ ထပ်မံအော်ဟစ်လိုက်ရသည်။
လျိုထျယ်က စိတ်ကျေနပ်ဟန်ဖြင့် လက်ခါလိုက်ပြီးနောက် ယီယွင်ကို ကြည့်လိုက်သည်။ သူက ချက်ချင်းပင် ဖားယားသောအသွင်ဖြင့် ဦးညွတ်ဂါရဝပြုကာ..." သခင်လေးယီ... ကျေးဇူးပြု ဆင်းလာပေးပါ "
လျိုထျယ်က ယီယွင်၏ ခြေနင်းတုံးသဖွယ်အလားပင် မြေပြင်နှင့် ထိမိလုနီးပါး ရှိနေသည်။
သူ့အား ယီယွင်က လက်ပါးစေအဖြစ် မလိုချင်လျှင်ပင် သူ လက်မလျော့သင့်ကြောင်းကို သိလေသည်။ သူက လက်ပါးစေတစ်ဦးဖြစ်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြသရပေမည်။
လျိုထျယ်၏ အပြုအမူကြောင့် ယီယွင် ပြောစရာမဲ့နေရ၏။ ယင်းသည် တပ်သားလေ့ကျင့်ရေးစခန်း၏ လုပ်ပုံကိုင်ပုံ ဖြစ်လေ၏။ သူတို့အားလုံးက အသုံးမကျသော်လည်း ကပ်ဖားရာတွင်မူ တော်ကြသည်။ ထိုသူများက ဗီဇပါလာကြခြင်း ဖြစ်လေ၏။ ထိုကဲ့သို့ ကျွန်များက သခင်၏အလိုတော်ကျ ဖြစ်လေ၏။
ယီယွင် ဦးချိုသားရဲပေါ်မှ ခုန်ဆင်းလာသည်။ သူ၏ခန္ဓာကိုယ်က ပေါ့ပါးနေပြီး ဖုန်ထခြင်းပင်မရှိဘဲ မြေပြင်ပေါ်သို့ ခြေချမိသည်။ ရန်ချီဓားမောက်ကသာ သတ္တုသံသဲ့သဲ့ ထွက်ပေါ်နေသည်။ ထိုအသံကြောင့် မျိုးနွယ်ခေါင်းဆောင် အပါအဝင် တစ်မျိုးနွယ်လုံး တောင့်တင်းသွားရလေ၏။
ယီယွင်၏အရှိန်အဝါ ဖိနှိမ်လှသည်။ သူသည် ဓားအိမ်မှ မထုတ်ရသေးသော ဓားတစ်လက်နှင့် ဆင်တူနေလေပြီး မည်သူကမျှ သူ့အား တည့်တည့်ကြည့်ဝံ့ခြင်း မရှိကြပေ။
သူရဲကောင်းစိတ်ဝိညာဥ် ၊ မင်းမျိုးနွယ်အရှိန်အဝါ ၊ သူ၏အဆင့်အတန်း ၊ သူ၏စွမ်းအားတို့က ဖိအားအရှိန်အဝါတစ်ခု ပေးနေလေသည်။ ယင်းတို့ကြောင့် မျိုးနွယ်အကြီးအကဲများ၏ နဖူးများတွင် ချွေးများသီးနေလေ၏။
ယီယွင်က ပြည်ထောင်မြင်းစစ်သည်အဖြစ် ခန့်အပ်ခံခဲ့ရသည်ကို ယခုတွင် သူတို့ အတည်ပြုနိုင်ခဲ့ချေပြီ။ ယခုတွင် ယီယွင်က မင်းမျိုးနွယ်တစ်ဦးဖြစ်ပြီး သူတို့နှင့် ကောင်းကင်နှင့်မြေပြင်ပမာ ကွာခြားလှသည်။