← Chapters

သခင်လေးလျှိုင် ပြန်လာပြီလား

Vol. 9 Ch. 127

သခင်လေးလျှိုင် ပြန်လာပြီလား

Vol. 9 Ch. 127

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ်ခန့် ကုန်လွန်သွားခဲ့သည်။ ယီယွင်နှင့် အပေါင်းအပါများ ခရီးနှင်နေကြချိန်တွင် လျှိုင်မျိုးနွယ်မှ လူများမှာမူ အကျပ်ရိုက်နေကြလေ၏။ လက်ရှိတွင် လျှိုင်မျိုးနွယ်က အမှန်တကယ်ပင် ဆင်းရဲသွားချေပြီ။

လျှိုင်မျိုးနွယ်ထဲတွင် အုပ်ချုပ်သူအတန်းအစားဖြစ်သည့် အကြီးအကဲများသည်ပင် သူတို့၏အိမ်များတွင် ဆန်မရှိကြတော့ပေ။

ပြီးခဲ့သည့် နှစ်များအတွင်း၌ လျှိုင်ချမ်းယုက လျှိုင်မျိုးနွယ်ကို အခွံသာကျန်အောင် လုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် ပြီးခဲ့သည့် လအနည်းငယ်အတွင်း၌ လျှိုင်ချမ်းယုက ပိုမို၍ပင် လွန်ကဲလာခဲ့သည်။ လက်ရှိတွင် လျှိုင်မျိုးနွယ်က အိမ်မွေးတိရိစ္ဆာန်အားလုံးကို သတ်ဖြတ်ခဲ့ပြီးဖြစ်သလို ဆန်စပါးများအားလုံးလည်း ကုန်ခမ်းသွားချေပြီ။

သို့သော် မျိုးနွယ်တစ်ခုလုံး ဆာလောင်နေကြသည့်တိုင်အောင် သူတို့တွင် မျှော်လင့်ချက်ရှိနေသည်။

သူတို့က လျှိုင်ချမ်းယု ပြန်လာမည်ကို လိုလားတောင့်တစွာ စောင့်ဆိုင်းနေကြ၏။ လျှိုင်ချမ်းယုက စိတ်လှုပ်ရှားစရာ သတင်းနှင့်အတူ ပြန်လာမည်ကို သူတို့ စောင့်နေခဲ့ကြသည်။

လက်ရှိတွင် လျှိုင်မျိုးနွယ်၏ စိုက်ပျိုးရေးမြေအနည်းငယ်တွင် လူအချို့ လယ်လုပ်နေကြသည်။ ကျွဲနွားများ မရှိလေသောကြောင့် လယ်ယာလုပ်ငန်းက ပိုမိုခက်ခဲလာခဲ့သည်။ သစ်ပင်ကြီးများ၏အောက်တွင်မူ အမျိုးသမီးများက မြားများပြုလုပ်နေကြလေ၏။ ဤရက်များတွင် လျှိုင်မျိုးနွယ် ပြုလုပ်ထားသည့် မြားများနှင့် လက်နက်များကို တောက်မျိုးနွယ်ကသာ ဝယ်ယူခဲ့သည်။

တောက်မျိုးနွယ်က လျှိုင်မျိုးနွယ်နှင့် မနီးလေသောကြောင့် တောက်မျိုးနွယ်ကသာ ပစ္စည်များ လာရောက်ယူဆောင်ခြင်းမပြုလျှင် သူတို့အဖို့ စားစရာများ ကြိုတင်လဲလှယ်၍ မရပေ။

နံနက်ခင်းအချိန် ၊ လျှိုင်မျိုးနွယ်မှ လူများ မနက်စာစားရန် ပြင်ဆင်နေကြချိန်...။

သူတို့က ဆာလောင်နေကြသည်ဖြစ်ပြီး ဆန်ပြုတ်တစ်ပန်းကန်သာ စားရသည်မှာ သူတို့ မလုံလောက်ပေ။ လက်ရှိတွင် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများသည်လည်း အရေးပေးဆက်ဆံခံရခြင်း မရှိတော့ပေ။ သူတို့သည်လည်း သာမန်လူများကဲ့သို့ပင် တစ်ရက်လျှင်နှစ်နပ်သာ စားကြရသည်။

တပ်သားလေ့ကျင့်ရေးစခန်းမှ တောင်ပေါ်တွင် စောင့်ကြပ်နေကြသည့် အဖွဲ့ဝင်အချို့သည် စားသောက်ရန်အတွက် ဆင်းလာကြလေ၏။ သူတို့၏နေရာတွင် အစားထိုးမည့် အဖွဲ့သစ်က တောင်ပေါ်သို့ တက်သွားခဲ့ကြသည်။

အဘယ့်ကြောင့် သူတို့က တောင်ပေါ်တွင် စောင့်ကြပ်နေကြရလေသနည်း။ အဓိကအကြောင်းအရင်းမှာ လျှိုင်မျိုးနွယ် အကြီးအကဲများသည် ​တစ်ရက်ရက်တွင် ပြည်ထောင်ရွေးချယ်ပွဲ၏ရလဒ် ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့လေသောကြောင့်ပင်။

ထို့ကြောင့် အကြီးအကဲများက မနက်တိုင်းတွင် တောင်ပေါ်သို လူများစေလွှတ်ကာ စောင့်ကြည့်ခိုင်းရခြင်း ဖြစ်လေသည်။ သူတို့သည် လျှိုင်ချမ်းယု မျိုးနွယ်ဆီသို့ပြန်လာမည့် မျှော်လင့်ချက်ကို မြင်တွေ့လိုကြ၏။

အခက်အခဲများအောက်တွင် လူအများ စိတ်လှုပ်ရှားစေမည့် သတင်းမျိုးကို လိုအပ်လေသည်။ သူတို့က ရက်များစွာကြာအောင် စောင့်ခဲ့ကြသော်လည်း အရိုင်းနယ်မြေထဲတွင် အရိပ်တစ်ခုကိုပင် မတွေ့ခဲ့ရပေ။

ယနေ့တွင် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများ လူစားလဲကြချိန်တွင် ကျန်းတာ့လီ အံ့အားသင့်သွားပြီး အဝေးသို့လှမ်းကြည့်ကာ ဆိုလိုက်သည်..." မင်းတို့တွေ ကြည့်လိုက်ကြစမ်း... အဲ့ဒါက ဘာလဲ "

ကျန်းတာ့လီက အဝေးသို့ လက်ညှိုးထိုးပြလိုက်သည်။ လူအများ လှမ်းကြည့်လိုက်ပြီး အံ့အားသင့်သွားကြ၏။

အဝေးရှိ ကောင်းကင်ယံတွင် တိမ်များ လွင့်ပြယ်သွား​​နေလေ၏။ သူတို့ သေချာကြည့်လိုက်ကြရာ ထိုတိမ်စိုင်များထဲတွင် သားရဲတစ်အုပ် ပြေးနေသည်ကို မြင်လိုက်ကြရသည်။ သူတို့က ထိုသားရဲများကို မြင်ဖူးလေသည်။ ၎င်းတို့က ကျင်းလုံဝေ့၏ သားရဲများ ဖြစ်လေ၏။

" သခင်လေးလျှိုင်.... သခင်လေးလျှိုင် ပြန်လာတာများလား " လူတစ်ဦးက မရေမရာဆိုသည်။

" အဲ့ဒါပဲ ဖြစ်မယ်။ သားရဲကြီးတွေ ဦးတည်နေတာကို ကြည့်ရသလောက်အရ သူတို့က ငါတို့လျှိုင်မျိိုးနွယ်ဆီကို လာနေတာပဲ။ မမှားနိုင်ဘူး " ကျန်းတာ့လီ ပေါင်ကိုပုတ်လိုက်သည်။

လျှိုင်ချမ်းယုနှင့် လျှိုင်မျိုးနွယ်၏ လက်ရွေးစင်များ ထွက်သွားကြစဥ်က ထိုကဲ့သို့ သားရဲကြီးတစ်ကောင်ပေါ်တွင် ထိုင်နေခဲ့ကြသည်။ ထိုသားရဲကို ကျင်းလုံဝေ့က စေလွှတ်ပေးခဲ့ခြင်း ဖြစ်လေသည်။ ယခု ထိုသားရဲများကို မြင်ရသည်မှာ သခင်လေးလျှိုင် ပြန်လာနေသည်သာ ဖြစ်ဖို့များလေသည်။

" ဘာကြောင့် အရမ်းများနေရတာလဲ " လူတစ်ဦးက ပဟေဠိဖြစ်စွာ ဆိုလေသည်။

သူတို့ ထွက်ခွာသွားကြချိန်တွင် သားရဲကြီးတစ်ကောင်နှင့်သာဖြစ်ပြီး သူတို့ ပြန်လာချိန်တွင် သားရဲခြောက်ကောင်နှင့်လား။

ကျန်းတာ့လီ တွေးလိုက်လေပြီး အကြောင်းအရင်းကို နားလည်သွားကာ ဝင့်ကြွားစွာဆိုလေသည်..." နားလည်ဖို့ မခက်ပါဘူးကွာ။ မူလက သခင်လေးလျှိုင်က သာမန်ပြိုင်ပွဲဝင်တစ်ဦးပဲဆိုတော့ အရေးပေးဆက်ဆံတာ မခံရဘူးလေ။ သခင်လေးလျှိုင်က ပြည်ထောင်ရွေးချယ်ပွဲမှာ တောက်ပခဲ့ပြီး ကျင်းလုံဝေ့ရဲ့ တရားဝင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာတာပဲ ဖြစ်ရမယ်။ အခု သခင်လေးလျှိုင်က ကြီးကြီးမားမား အသိအမှတ်ပြုခံနေရတာကြောင့် ဟိတ်ဟန်ကြီးကြီး ပြန်လာတာပဲ ဖြစ်ရမယ်။ သခင်လေးလျှိုင်ကို အခြားသူတွေနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဥ်နိုင်မှာလဲ "

" ညီနောင်ကျန်းက ထက်မြက်တာပဲ။ သူက ဒါကို ချက်ချင်းသဘောပေါက်တယ် "

" သွားကြစို့... သတင်းကောင်းကို အကြောင်းကြားကြမယ် " ကျန်းတာ့လီက လူစုကို လက်ပြလိုက်ပြီး ရွာဆီသို့ ပျော်ရွှင်စွာသွားခဲ့လေသည်။

သူတို့သည် မူလက ဆာလောင်နေကြသော်လည်း လျှိုင်ချမ်းယု ပြန်ရောက်လာလေသောကြောင့် ဆာလောင်မှုများ မရှိတော့ဘဲ လျင်မြန်စွာ ပြေးသွားကြသည်။

လျှိုင်မျိုးနွယ်ခေါင်းဆောင်၏ ခြံဝန်းအနောက်ဘက်တွင် မျိုးနွယ်ခေါင်းဆောင်သည် ဆေးတံသောက်နေလေ၏။ အမှန်တကယ်၌ ထိုဆေးတံတွင် ဆေးရွက်မရှိတော့ပေ။ အရိုင်းနယ်မြေထဲတွင် ဆေးရွက်က ဈေးကြီးသည်ဖြစ်ပြီး မျိုးနွယ်ခေါင်းဆောင် သိမ်းဆည်းထားသည့် ဆေးရွက်များလည်း ကုန်လုနီးပါး ဖြစ်နေချေပြီ။

" ညီလေးနှစ်ရေ... ဆယ်ရက်ကျော်သွားပြီကွာ။ ချမ်းယုဆီက သတင်းအချို့ ရောက်လာသင့်ပြီ..." မျိိုးနွယ်ခေါင်းဆောင်က မလှမ်းမကမ်းတွင်ရှိနေသည့် အဖိုးအိုတစ်ဦးကို ပြောလိုက်သည်။ ကျန်ခဲ့သည့်ရက်များတွင် မျိုးနွယ်ခေါင်းဆောင်က ထိုစကားလုံးများကို အဖန်တလဲလဲ ပြောနေခဲ့သည်။

ထိုအဖိုးအိုက အခါးရည်သောက်နေရင်း များစွာမတွေးဘဲ ဆိုလိုက်သည်..." ဒီရက်ပိုင်းအတွင်း ကြားရလောက်မှာပါ "

သူတို့နှစ်ဦး စကားပြောနေစဥ်တွင် မျိုးနွယ်ခေါင်းဆောင်၏ ခြံဝန်းတံခါး တွန်းဖွင့်ခံလိုက်ရသည်။ သူတို့ ဒေါသထွက်တော့မည့်အချိန်တွင် ကျန်းတာ့လီနှင့် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများကို မြင်လိုက်ရသည်။ ထိုသူများက သူတို့ စေလွှတ်ထားသည့် တောင်စောင့်များ ဖြစ်လေသည်။

အခါးရည်သောက်နေသည့် အဖိုးအိုက စကားမဆိုဘဲ ကျန်းတာ့လီ အသက်ပြင်းပြင်းရှုနေသည်ကိုသာ ကြည့်နေလေသည်။ သူ့အတွက် စိတ်လှုပ်ရှားစေမည့် အခွင့်အရေးတစ်ခု ရောက်လာပြီဟု ဝိုးတဝါးခံစားမိနေသည်။

" သူပြန်လာပြီ...သူပြန်လာပြီ " ကျန်းတာ့လီက အမောတကောဆိုသည်..." ခြောက်...ခြောက် "

ကျန်းတာ့လီက လက်ခြောက်ချောင်း ထောင်ပြလိုက်ရာ အဖိုးအိုနှစ်ဦး အံ့အားသင့်သွား၏။ မည်သည့် သောက်ကျိုးနည်းပေနည်း။

" သားရဲကြီးခြောက်ကောင်။ ကျင်းလုံဝေ့ စီးနင်းတဲ့ သားရဲအမျိုးအစားမျိုး "

ကျန်းတာ့လီ၏နောက်မှ လူတစ်ဦးက အမောတကော ရှင်းပြလိုက်လေသည်။

" ဟုတ်တယ်... အဲ့ဒါကို ကျုပ် အရင်ဆုံးမြင်ခဲ့တာ " ကျန်းတာ့လီက အသက်ရှုမဝသည့်တိုင်အောင် မျက်နှာကောင်းယူရန် မမေ့ခဲ့ပေ။

" ကျုပ်တို့ရွာကို သားရဲတွေ လာနေကြတယ်။ အဲ့ဒါ...အဲ့ဒါက သခင်လေးလျှိုင်ဆိုတာ သေချာတယ် " ကျန်းတာ့လီက အမောတကောဆိုသည်။ သူ အဖိုးအို၏လက်ထဲမှာ အခါးရည်ခွက်ကို ဆွဲယူကာ အကုန်မော့သောက်ပစ်လိုက်သည်။ သူ အလွန်စိတ်လှုပ်ရှားနေလေ၏။ ပုံမှန်ဆိုလျှင် သူ ထိုသို့လုပ်ရန် သတ္တိမရှိပေ။

" သခင်လေးလျှိုင်က ကျင်းလုံဝေ့ရဲ့ အ​ဖွဲ့ဝင်တစ်ဦး ဖြစ်လာတာပဲ ဖြစ်ရမယ်။ လက်ရွေးစင်တစ်ဦးတောင် ဖြစ်လောက်တယ်။ ကျင်းလုံဝေ့က သူ့ကို ပြန်ပို့ပေးဖို့အတွက် သားရဲတွေအများကြီး ဘာကြောင့်သုံးနေမလဲ " ကျန်းတာ့လီက ကိုယ်ပိုင်အတွေးကို ရှင်းပြလိုက်သည်။

လျှိုင်ချမ်းယုက ကြီးကျယ်သောရလဒ် ရခဲ့သည်သာ ဖြစ်ရမည်။ သူသာ မအောင်မြင်ခဲ့လျှင် ကျင်းလုံဝေ့က သူ့အား တစ်ဦးတည်းသာ ပြန်လွှတ်ပေလိမ့်မည်။ လက်ရှိအချိန်၌ လျှိုင်ချမ်းယုက တောက်မျိုးနွယ်ထဲတွင်သာ ရှိနေရလိမ့်မည်။ တောက်မျိုးနွယ်မှ ခရမ်းသွေးနယ်ပယ် စစ်သည်များက လျှိုင်မျိုးနွယ်တွင် ကုန်ပစ္စည်းလဲလှယ်ရန် ထွက်လာချိန်မှသာ လျှိုင်ချမ်းယုက အတူလိုက်လာရပေလိမ့်မည်။

မျိုးနွယ်ခေါင်းဆောင်၏ မုတ်ဆိတ်များ စိတ်လှုပ်ရှားမှုကြောင့် ခါယမ်းလာကာ..." ကောင်းတယ် သိပ်ကောင်းတယ်။ နောက်ဆုံးတော့ ငါတို့တွေ ဖြတ်ကျော်နိုင်ခဲ့ပြီ "

" ချမ်းယုကို ပြန်ပို့ပေးတယ်။ ချမ်းယုကို ပြန်ပို့ပေးတယ် " အခါးရည်ခွက်နှင့် အဖိုးအိုသည်လည်း ပျော်ရွှင်သွားသည်။ အဖိုးအို ရယ်ရင်းချောင်းဆိုးသွားကာ သေလုနီးပါး ဖြစ်သွားရ၏။

" ငါတို့လျှိုင်မျိုးနွယ် တိုးတက်လာတော့မယ်။ ငါတို့တွေ အရိုင်းနယ်မြေထဲက ထွက်ခွာပြီး ဗဟိုဒေသထဲ ခြေချနိုင်တော့မယ် " မျိုးနွယ်ခေါင်းဆောင်၏ အရေးအကြောင်းပြည့်နေသော မျက်နှာသည် ဆောင်းဦးရာသီမှ ဒေစီပန်းများပမာ လန်းရွှင်နေလေ၏။

" အမြန်လုပ်ကြ။ မျိုးနွယ်ကို ပြင်ဆင်ကြဖို့ အမိန့်ပေးလိုက်။ ငါတို့က ကျင်းလုံဝေ့ရဲ့ သံတမာန်တွေကို ကြိုဆိုကြမယ်။ ငါတို့ရဲ့ ကျေးရွာလေးက လောကဝတ်မရှိဘူးဆိုပြီး သံတမာန်တွေက ထင်မိသွားကြမှာမျိုး မဖြစ်စေကြနဲ့ " ထို့နောက်တွင် မျိုးနွယ်ခေါင်းဆောင်က အရေးကြီးသည့်အရာကို သတိရသွားပြီး ပေါင်ကိုရိုက်လိုက်ပြီးနောက် ကျန်းတာ့လီကို အမိန့်ပေးလိုက်သည်။

" ကောင်းပါပြီ " ကျန်းတာ့လီက တပ်သားလေ့ကျင့်ရေးစခန်းမှ လူများကို အတူခေါ်သွားပြီး ခြံဝန်းထဲမှ အပြေးထွက်သွားခဲ့သည်။ ၎င်းတို့ကိုယ်တိုင် အပြေးကြေညာသည်က ရိုးရှင်းထိရောက်သည်။

" ရွာသားတွေ ထွက်ခဲ့ကြ "

" သခင်လေးလျှိုင်က ရွေးချယ်ပွဲ အောင်မြင်သွားပြီ။ သခင်လေးက ကျင်းလုံဝေ့ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်သွားပြီ "

" ကျင်းလုံဝေ့ရဲ့ သံတမာန်တွေက သခင်လေးလျှိုင်ကို ပြန်လိုက်ပို့ပေးလာတယ်။ သူတို့က ရွာဝင်ပေါက်နားကို ရောက်ခါနီးနေပြီ။ သူတို့တွေကို ကြိုဆိုဖို့ အမြန်ပြင်ဆင်ကြပါ "

ကျန်းတာ့လီ၏အသံက ကျယ်လောင်လှပြီး တစ်ရွာလုံးသို့ ပျံ့နှံ့ရိုက်ခတ်သွားလေသည်။

လူအများ လုပ်လက်စအလုပ်များ ရပ်လိုက်ကြသည်။ စားနေသူများနှင့် ချက်ပြုတ်နေသူများလည်း ရပ်သွားကြလေ၏။ သူတို့အားလုံး တံခါးများမှ ထွက်လာကြကာ ကျန်းတာ့လီကို ကြည့်လိုက်ကြသည်။

" သခင်လေးလျှိုင် တကယ်ပြန်လာပြီလား "

" မဟုတ်ဘဲနေပါ့မလားဟ " ကျန်းတာ့လီက အငေါ်တူးလိုက်သည်။

" ဒါဆို ငါတို့က မြို့ကိုသွားရတော့မှာပေါ့ "

" မြို့ကိုသွားဖို့ကတော့ မရလောက်ဘူး။ မြို့ကိုသွားဖို့အတွက်ဆိုရင် ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာရမယ်လို့ ငါကြားဖူးတယ်။ ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်လာဖို့ဆိုတာ မလွယ်လောက်ပေမဲ့ သခင်လေးလျှိုင်ရဲ့စွမ်းအားနဲ့ဆိုရင်တော့ အချိန်ပဲလိုလိမ့်မယ် " ကျန်းတာ့လီက ဝင့်ကြွားစွာဆိုလိုက်သည်။

ရွာသားများ အလွန်စိတ်လှုပ်ရှားသွားကြလေ၏။ သူတို့ အရိုင်းနယ်မြေထဲမှ ထွက်သွားရန်မှာ အချိန်သာလိုတော့ကြောင်းကို သတိရသွားကြသည်။ သူတို့က အဝတ်ခပ်သန့်သန့်အချို့ ဝတ်ဆင်ကာ အိမ်များထဲမှ ထွက်လာခဲ့ကြသည်။ သူတို့က ရွာဝင်ပေါက်တွင် လူစုနေကြပြီး ကျင်းလုံဝေ့၏ သံတမာန်များ ရွာထဲသို့ရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။

" အမေ... သခင်လေးလျှိုင်က ရွှေးချယ်ပွဲမှာ အရွေးခံလိုက်ရပြီ " လူအုပ်ကြားထဲမှ ကျိုးရှောင်ကဲ့က အဒေါ်ဝမ်၏လက်ကို ကိုင်ထားလေသည်။ သူမသည် စည်ကားနေသော လူအုပ်ကြီးကိုကြည့်ကာ စိတ်ရှုပ်ထွေးနေလေ၏။

" အစ်ကိုယီယွင်က ရွေးချယ်ပွဲမှာ စွမ်းဆောင်နိုင်ခဲ့လားဆိုတာ သမီး သိချင်မိတယ်။ သူရော ပြန်လာမှာလား "

အဒေါ်ဝမ်က ဆိုသည်..." ကောင်လေးယွင်က အတော်ကို တော်တယ်။ သူက ကျောက်ထိုင်ကျူကိုတောင် အနိုင်ယူခဲ့တာဆိုတော့ အရွေးခံရလောက်မှာပါ။ အရွေးမခံခဲ့ရရင်တောင် ကောင်လေးယွင်က အသက် ၁၂ နှစ်ပဲ ရှိသေးတယ်လေ။ သူ့အတွက် ခရီးရှည်ကြီး ရှိပါသေးတယ် "

အဒေါ်ဝမ်က ကျိုးရှောင်ကဲ့၏ခေါင်းကို ကိုင်လိုက်သည်။ သူမက ကျိုးရှောင်ကဲ့အားခေါ်ကာ လမ်းနံဘေးတွင် ရှိနေသည်။ သူမတို့က ရွာဝင်ပေါက်ဆီသို့ လာနေကြသည့် သားရဲကြီးခြောက်ကောင်ကို မြင်နေကြရသည်။ သားရဲခြောက်ကောင်က အရှိန်အဟုန်ကြီးမားလေပြီး မြေပြင်သည်ပင် အနည်းငယ်တုန်ခါနေသည်။

All Chapters