← Chapters

အပေါင်းအဖော်အဖြစ် မိန်းမလှတစ်ဦး

Vol. 9 Ch. 126

အပေါင်းအဖော်အဖြစ် မိန်းမလှတစ်ဦး

Vol. 9 Ch. 126

အဖိုးအိုစု ထွက်သွားခဲ့လေပြီး ယီယွင်နှင့် လင်ရှင်းထုံတို့ မတ်တက်ရပ်၍ ကျန်ရစ်ခဲ့ကြသည်။

လရောင်အောက်တွင် အဖြူရောင်ဝတ်ဆင်ထားသည့် လင်ရှင်းထုံက နတ်သမီးတစ်ပါးအလားပင်။ ယီယွင်က ငါးပျံဝတ်စုံ ဝတ်ဆင်ထားပြီး ကောင်းမွန်သော ဗီဇသွင်ပြင် ရှိလေသည်။

အရိုင်းနယ်မြေထဲတွင် ရပ်နေကြသည့် လုလင်ပျိုနှင့် လုံမပျို နှစ်ဦးစလုံးက နတ်ဒေဝါဆန်နေလေ၏။

လင်ရှင်းထုံက ငြိမ်သက်တတ်သူဖြစ်ပြီး ယီယွင်ကလည်း စကားများများ မဆိုတတ်လေသောကြောင့် လေထုသည် တိတ်ဆိတ်နေလေ၏။

" အဖိုးအိုစု... အဖိုးအိုစု ထွက်သွားခဲ့ပြီ။ မိန်းကလေးလင်က နောက်ရက်တွေမှာ ဘာလုပ်ဖို့စီစဥ်ထားလဲ " ယီယွင်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

ယီယွင်က စုကျဲအား နာမ်စားသုံးခဲ့ပုံကြောင့် လင်ရှင်းထုံ ရယ်လိုက်သည်။

" များများစားစား မရှိပါဘူး။ ဆရာက ငါ့ကို ဝေးတဲ့နေရာတွေမသွားဖို့ မှာခဲ့တာကြောင့် ငါ ဒီနားဝန်းကျင်မှာပဲ ရှိနေမှာပါ။ တိမ်ရိုင်းနယ်မြေရဲ့ အနက်ပိုင်းထဲမှာ ငါ အနိုင်မယူနိုင်တဲ့ ပျက်စီးခြင်းသားရဲတွေ ရှိနေသေးတယ် "

" နားလည်ပြီ "

ယီယွင် တွေးကာဆိုသည်..." မနက်ဖြန်ကျရင် ငါက လျှိုင်မိသားစုကို ပြန်မယ်။ မိန်းကလေးလင်မှာ တကယ်ပဲ ဘာမှလုပ်စရာမရှိ...."

လင်ရှင်းထုံနှင့် လေ့ကျင့်ရသည့် ညတိုင်းက သူ့အတွက် အလွန်တရာပင် အကျိုးအမြတ်ရှိလေသည်။

" ကောင်းပြီ " လင်ရှင်းထုံက လိုတိုရှင်း ဖြေလိုက်သည်။

သူမက သဘောတူမည်မဟုတ်ဟု ထင်ထားမိခဲ့သည့် ယီယွင်မှာ လင်ရှင်းထုံက ချက်ချင်းပင် သဘောတူခဲ့လေသောကြောင့် အံ့အားသင့်သွားရ၏။ သူ စကားကိုပင် ဆုံးအောင်မပြောလိုက်ရချေ။

" မင်းက ငါနဲ့အတူ လျှိုင်မျိုးနွယ်ကို သွားမှာလား " ယီယွင်က အတည်ပြုမေးမြန်းလိုက်၏။

" ငါ အဲ့ဒီလိုစီစဥ်ထားတာ ရှိတယ်။ ပြီးတော့ ငါက တစ်ခုခုကို စစ်ဆေးကြည့်ဖို့လည်း လိုသေးတယ် " လင်ရှင်းထုံက ဆိုလိုက်သည်။

" ကောင်းပြီ " ယီယွင် ပျော်ရွှင်သွားသည်။ လင်ရှင်းထုံနှင့်ဆိုလျှင် သူ၏စွမ်းအားများ သိသိသာသာပင် မြန်မြန်ဆန်ဆန် တိုးတက်လေသည်။ သူ၏အစ်မဖြစ်သူကို ပြန်ခေါ်ဖို့ရာခရီးတွင် အဆင့်ချိုးဖျက်မှုအချို့ လုပ်ဆောင်ရမည်ဟု သူ မူလက တွေးထားခဲ့သည်။ ယခုတွင်မူ ထိုအရာများကို စိုးရိမ်နေရန် မလိုတော့ပေ။

.......................

နောက်တစ်နေ့ နေ့လည်ခင်းတွင် ကျင်းလုံဝေ့၏ စစ်သည်ငါးဦးသည် လျှိုင်မျိုးနွယ်ဆီသို့ ပို့ဆောင်ရန်အတွက် ဆန်များ ၊ အသားများ ၊ အသီးအရွက်များ ၊ အဝတ်များ ပြင်ဆင်ခဲ့သည်။ ဤသူများ ယီယွင်ကို အိမ်ပြန်လိုက်ပို့ပေးကြမည်။ အရိုင်းမြေထဲတွင် ခရီးသွားရန် ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦး လိုအပ်သည်ဖြစ်ပြီး ခရမ်းသွေးနယ်ပယ် အလယ်အဆင့် သို့မဟုတ် နောက်ပိုင်းအဆင့်ဆိုလျှင် ပိုကောင်းလေသည်။

ယီယွင်က သန်မာသော်လည်း သူတစ်ဦးတည်း အရိုင်းမြေထဲတွင် ခရီးသွားရန်အတွက်ကိုမူ ကျန်းတန်က စိုးရိမ်လေသည်။

ယီယွင်က ကိုယ်ပိုင်ဦးချိုသားရဲကို စီးနင်းမည်။ အခြားသော စစ်သည်ငါးဦးကိုပါ ပေါင်းလိုက်ပါက ဦးချိုသားရဲ ​ခြောက်ကောင်အဖွဲ့က အင်အားကြီးမားလေ၏။

ယီယွင် ပစ္စည်းများထုပ်ပိုးနေချိန်တွင် လျှိုင်မျိုးနွယ် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများ ခိုးကြောင်ခိုးဝှက် ရောက်ရှိလာကာ အနီးနားတွင် ရပ်နေခဲ့ကြသည်။ သူတို့သည် ဦးချိုသားရဲခြောက်ကောင်ကို ကြည့်ကာ ဝမ်းနည်းပူဆွေးနေကြ၏။ တောက်မျိုးနွယ်က သူတို့ကို အလကားကျွေးထားမည် မဟုတ်လေသောကြောင့် လျှိုင်မျိုးနွယ်ဆီသို့ မဖြစ်မနေပင် ပြန်ကြရမည်။

ကျင်းလုံဝေ့သည် မအောင်မြင်ခဲ့သည့် ပြိုင်ပွဲဝင်များကို ပြန်ပို့ပေးမည်ဖြစ်သော်လည်း တစ်ခေါက်တည်းသာဖြစ်ပြီး ကြိမ်ဖန်များစွာ ပြန်ပို့ပေးမည်မဟုတ်ပေ။

တပ်သားလေ့ကျင့်ရေးစခန်းမှ လူများအဖို့ လူစုမထားပါက အိမ်ပြန်ခရီးကို မေ့ပစ်လိုက်ကြရပေလိမ့်မည်။ တပ်သားလေ့ကျင့်ရေးစခန်းမှ လူများသည် တစ်ဦးနှင့်တစ်ဦး ခါးသက်သက် ကြည့်နေကြလေ၏။ သူတို့ လျှိုင်မျိုးနွယ်သို့ ပြန်ရောက်လျှင် မည်သို့ရှင်းပြရမည်နည်း။ သူတို့က အရှက်ကွဲရရန် ပြန်ရပေတော့မည်။

လမ်းကြုံလိုက်ရန်အတွက်လည်း ခေါင်းဆောင်ဖြစ်သည့် ယီယွင်ထံတွင် ခွင့်ပန်ရပေဦးမည်။ ယခင်က သူတို့သည် လျှိုင်ချမ်းယု၏ ဦးဆောင်မှုနောက်တွင် လိုက်ပါခဲ့ကာ ယီယွင်ကို စော်ကားပြောဆိုခဲ့ကြလေ၏။ ယခုတွင်မူ သူတို့က ယီယွင်ထံတွင် တောင်းဆိုရတော့မည်။

ယီယွင်ကသာ သူတို့ကို ခက်ခဲအောင်လုပ်ဆောင်ပြီး တမင်ရည်ရွယ်ကာ မလိုက်ခိုင်းခဲ့ပါက သူတို့အဖို့ ကိုယ့်အားကိုယ်ကိုးကာ ပြေးရပေလိမ့်မည်။

" ငါတို့တော့ သေပြီ ၊ ငါတို့တော့ သေပြီ။ ငါတို့ လမ်းပျောက်နေပြီ။ ပြန်ဖို့ကိစ္စကို အသာဘေးဖယ်ထားလိုက်ဦး။ ငါတို့ ပြန်ရောက်သွားခဲ့ရင် သခင်လေးလျှိုင် ခုလိုအခြေအနေအထိ အရိုက်ခံထားရတာကို မျိုးနွယ်ခေါင်းဆောင်ဆီ ဘယ်လိုရှင်းပြကြမလဲ " လူတစ်ဦးက ဆိုလိုက်သည်။

" မင်းက ငတုံးလား " အသက်ပိုကြီးသူတစ်ဦးက ထိုသူကို ရိုက်ကာ ဆိုလေသည်..." အခြေအနေတွေ ပြောင်းလဲသွားတာကို မင်း မသိဘူးလား။ အနာဂတ်မှာ ယီယွင်က ငါတို့ရဲ့ သခင်အသစ်ပဲ။ သခင်လေးယီကို ဦးချကန်တော့ပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုကြမယ်။ သခင်အသစ် တင်မြောက်ဖို့က အရေးအကြီးဆုံးကိစ္စပဲ "

အခြားသူများ ဇဝေဇဝါဖြစ်သွားကြသည်။

" ငါတို့က မသန်မာသလို မလှပဘူးလေကွာ။ ငါတို့က ဦးချကန်တော့ပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုမယ်ဆိုရင်တောင် အသုံးမဝင်ဘူး "

သူတို့က တောက်မျိုးနွယ်ဆီသို့ ရောက်လာခဲ့ကာ ကျွမ်းကျင်သူမျိုးစုံကို မြင်တွေ့ခဲ့ရလေသောကြောင့် ယီယွင်၏စွမ်းအားကို ကောင်းစွာပင်သိသည်။ တပ်သားလေ့ကျင့်ရေးစခန်းမှ လူများ နားလည်ထားကြသည့် စွမ်းအားဆိုသည်မှာ ယီယွင်နှင့် နှိုင်းယှဥ်ကြည့်ပါက ချေးပုံတစ်ခုသာ ဖြစ်ချေသည်။

" ငါတို့က ရပ်တည်မှုတစ်ခုလည်း လုပ်ကြရလိမ့်မယ်။ အနာဂတ်မှာ ငါတို့က အားကိုးရတဲ့သူတွေ ဖြစ်လာရမယ်။ အနည်းဆုံးတော့ ငါတို့အတွက် အသက်ရှင်ရပ်တည်မှုတစ်ခု ရှိလာမှာပါ။ သခင်လေးယီက ငါတို့ကို ပိုးကောင်တွေလို ဖိချေသတ်မပစ်ခဲ့ရင်ပေါ့ကွာ " ဥာဏ်ကောင်းသောလူက သက်ပြင်းချလိုက်သည်။ ကပ်ဖားရပ်ဖားလုပ်ရသည့် နေ့ရက်များ မရှိတော့ကြောင်း သူသိသည်။ သူတို့က ယီယွင်ကို မည်မျှဖားယားနေပါစေ ယီယွင်က အရေးစိုက်မည်မဟုတ်ပေ။

" ဒါ...ဒါဆို သခင်လေးလျှိုင်ကို ဘယ်လိုလုပ်ကြမလဲ "

" ချီးကို သခင်လေးလျှိုင်လား။ အခု သူက အသုံးမကျတဲ့ သခင်လေးပဲ။ လိပ်ရဲ့မြေး လျှိုင်ချမ်းယုကြောင့် ငါ အများကြီး ထိခိုက်နစ်နာခဲ့ရပြီ " ဥာဏ်ကောင်းသောလူ ဒေါသထွက်သွားသည်။ လျှိုင်ချမ်းယုကြောင့်သာ မဟုတ်ခဲ့ပါက သူ့အဖို့ ယီယွင်နှင့် ပဋိပက္ခရှိလာမည် မဟုတ်ချေ။

မျိုးစုံဆွေးနွေးပြီးသည့်နောက်တွင်မူ တပ်သားလေ့ကျင့်ရေးစခန်းမှ လူများက ယီယွင်ကို သခင်အသစ်အဖြစ် တင်မြှောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့ သတ္တိမွေးကာ လျှိုင်ချမ်းယုကို သယ်သွားခဲ့ပြီး ယီယွင်ဆီသို့ သွားလိုက်ကြသည်။ တပ်သားလေ့ကျင့်ရေးစခန်းမှ လူရှစ်ဦး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။

" သခင်လေးယီ... စာနာသနားပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ "

" သခင်လေးယီ... နုံချာတဲ့ ကျုပ်က ကြီးမြတ်တဲ့ လူတစ်ဦးကို မမြင်နိုင်ခဲ့ပါဘူး။ နုံချာတဲ့ ကျုပ်က သေသင့်ပါတယ် "

" အနာဂတ်မှာ နုံချာတဲ့ ကျုပ်က သခင်လေးယီရဲ့ အစေခံတစ်ဦး လုပ်ပါ့မယ်။ သခင်လေးယီက နုံချာတဲ့ ကျုပ်ကို အရှေ့ဘက် သွားစေချင်တယ်ဆိုရင် ကျုပ်က အနောက်ဘက်ကို သွားဝံ့မှာမဟုတ်ပါဘူး။ သခင်လေးယီက နုံချာတဲ့ ကျုပ်ကို ခွေးတစ်ကောင် အဖမ်းခိုင်းခဲ့မယ်ဆိုရင် နုံချာတဲ့ ကျုပ်က ကြက်တစ်ကောင်ကို ဖမ်းလာဝံ့မှာ မဟုတ်ပါဘူး "

တပ်သားလေ့ကျင့်ရေးစခန်းမှ လူများက နောင်တရသော မျက်နှာထားများ ရှိနေကြလေပြီး သူတို့၏လက်ကြီးများဖြင့် ကိုယ့်ပါးကိုယ် ပြန်ရိုက်နေကြသည်။

ဖြန်း ဖြန်း ဖြန်း ဖြန်း ဖြန်း...။

ဆန္ဒကောင်းကို ပြသရန်အတွက် ရိုက်သံများ ပိုမိုကျယ်လောင်လာခဲ့လေ၏။

တပ်သားလေ့ကျင့်ရေးစခန်းမှ လူများနှင့် ၎င်းတို့၏ ရိုကျိုးသောအသွင်များကို ယီယွင်က မြင်သော်လည်း အရေးမစိုက်ပေ။ ထိုသူများက သူ့အား ဒေါသထွက်စေခဲ့သည်။

ယီယွင် ပစ္စည်းများ ထုပ်ပိုးပြီးစီးသွားခဲ့ပြီး စကားမဆိုသေးချေ။

ယီယွင်က တုန့်ပြန်မှုမရှိလေသောကြောင့် ကျွန်အချို့သည် ၎င်းတို့ စိတ်ရင်းမှန်ပြသပြီး ကိုယ့်ကိုယ်ကိုယ် ရိုက်နှက်နေသည်မှာ မလုံလောက်သေးဟု တွေးထင်မိသွားကြပြီး မိမိကိုယ်ကို ပိုမိုပြင်းထန်စွာ ရိုက်နှက်ကြလေသည်။

ဖြန်း ဖြန်း ဖြန်း ဖြန်း ဖြန်း...။

အချို့သူများ၏ မျက်နှာများ ဖူးယောင်လာကြသည်။

ယီယွင် ဒေါသထွက်လာကာ..." ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ "

" သခင်လေးက သက်ညှာပေးလို့ရမလား "

" သခင်လေးက ကျုပ်တို့ကို အိမ်ပြန်ခေါ်သွားပေးလို့ ရမလား "

ယီယွင် စိတ်မရှည်စွာဆိုသည်..." သွားတဲ့အချိန်ကျ လိုက်ခဲ့ကြ "

ဤသူများ အနိုင်ကျင့်တတ်သူများ ဖြစ်သော်လည်း မကောင်းသောလုပ်ရပ်များ မလုပ်ဖူးလေသောကြောင့် ယီယွင်က ထိုသူများကို မည်သည့်အရာမျှ လုပ်မည်မဟုတ်ပေ။

" ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးယီ "

ကျွန်အချို့က ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

လူတစ်ဦးက တုန့်ဆိုင်းစွာဖြင့် မေးလိုက်လေ၏..." ဒါ...ဒါနဲ့ အပြစ်သား လျှိုင်ချမ်းယုကို ဘယ်လိုလုပ်လိုက်ရမလဲ "

" သူ့ကိုပါ ခေါ်ခဲ့ " ယီယွင်က ခပ်အေးအေးပင် ဖြေလိုက်သည်။ လျှိုင်ချမ်းယုက ဒုက္ခိတ ဖြစ်နေပေပြီ။ ထိုကောင် ကျူးလွန်ထားသည့် မကောင်းမှုကြီးများက သေသင့်သည်ဖြစ်ပြီး ထိုကောင့်အား လျှိုင်မျိုးနွယ်မှ လူများကိုသာ စီရင်ခိုင်းစေမည်။

" ကောင်းပြီ။ အဲ့ဒီ လိပ်ရဲ့မြေးကို ပြန်သယ်သွားကြမယ်။ မျိုးနွယ်ကို ပြန်ရောက်ရင် သခင်လေးယီက ဒီကောင့်ကို စီရင်လိမ့်မယ် "

တပ်သားလေ့ကျင့်ရေးစခန်းမှ လူများက တစ်ပိုင်းသေနေသည့် လျှိုင်ချမ်းယုကို မြေပြင်တွင် တရွတ်ဆွဲကာ သယ်သွားကြသည်။

လျှိုင်ချမ်းယု၏ မျက်ဝန်းများ မှိုင်းပျနေ၏။ လူများက သူ့အား မြေပြင်တွင် တရွတ်တိုက်ကာ ဆွဲသွားလေသောကြောင့် သူ၏မျက်နှာ ညစ်ပေနေသည်။

ထို့နောက်တွင် လူနှစ်ယောက်က လျှိုင်ချမ်းယုကို ဦးချိုသားရဲ၏ ကျောပေါ်မှ ခြင်းတစ်လုံးထဲသို့ ခွေးသေတစ်ကောင်ပမာ ပစ်ထည့်လိုက်ကြသည်။ သူတို့သည် လျှိုင်ချမ်းယု သက်တောင့်သက်သာ ရှိသည်လားကိုပင် အရေးမစိုက်ကြပေ။

" စောက်ကြက်က ငါ့ကို ထိခိုက်စေခဲ့တာပဲ " လူတစ်ဦးက လျှိုင်ချမ်းယု၏မျက်နှာကို တက်နင်းကာ ဒေါသပုံချလိုက်သည်။

ယီယွင် ထိုအဖြစ်များကို မျက်ဝန်းထောင့်မှ မြင်လိုက်ရကာ ခံစားချက်များ ရောထွေးသွားရသည်။ ယခင်ရက်အနည်းငယ်ခန့်က လျှိုင်ချမ်းယု သခင်တစ်ဦး ဖြစ်ခဲ့သည်။ ယခုရက်တွင်မူ လျှိုင်ချမ်းယုက အကျဥ်းသားတစ်ဦး ဖြစ်နေချေ၏။ အရိုင်းနယ်မြေက ရက်စက်ကြမ်းတမ်းလှသည်။

သားရဲအဖွဲ့ ထွက်ခွာခဲ့ကြသည်။

သားရဲခြောက်ကောင်သည် တောက်မျိုးနွယ်ထဲမှ ပြေးထွက်လာခဲ့၏။ ၎င်းတို့က ကဆုန်စိုင်းကာ ပြေးနေကြလေပြီး လမ်းတလျှောက်တွင် ဖုန်လုံးကြီးများ ကျန်ခဲ့သည်။

ယီယွင် မျှော်လင့်တကြီး နောက်လှည့်ကြည့်လိုက်ရာ အဝေးမှ အဖြူရောင်ဝတ် ပုံရိပ်တစ်ခုရှိနေပြီး သူ့အား ပြုံးနေသည့်ပမာ ရှိနေသည်ကို မြင်ယောင်မိသည်။

လင်ရှင်းထုံက ယီယွင်နှင့်အတူ သွားမည်မဟုတ်ပေ။ အမှန်တကယ်တွင်မူ လင်ရှင်းထုံက ယီယွင်နှင့်အတူ လျှိုင်မျိုးနွယ်သို့ သွားမည့်အကြောင်းကို ကျင်းလုံဝေ့၏ မည်သည့်အဖွဲ့ဝင်ကမျှ သိမထားကြပေ။

All Chapters