← Chapters

ပြည်ထောင်မြင်းစစ်သည် အပ်နှင်းခြင်း

Vol. 9 Ch. 125

ပြည်ထောင်မြင်းစစ်သည် အပ်နှင်းခြင်း

Vol. 9 Ch. 125

" သားရဲကြီး စီးလာတဲ့ ကောင်လေးက... လျှိုင်မျိုးနွယ်က ယီယွင်မလား " တောက်မျိုးနွယ်မှ လူများသည် ယီယွင်ကို မြင်တွေ့သွားကာ အံ့ဩတကြီး ဖြစ်နေကြ၏။ သူတို့က ယီယွင်ကို ရွေးချယ်ပွဲတွင် တစ်ခါမက တွေ့ဖူးကြသည်။

သူ၏မျက်နှာသွင်ပြင်နှင့် ကိုယ်လုံးကိုယ်ပေါက်က မှန်ကန်သော်လည်း ပြောင်းလဲမှုများက အလွန်ကြီးမားနေသည်။

ဦးချိုသားရဲကို စီးနင်နိုင်ခြင်းကပင် အရိုင်းနယ်မြေထဲမှ လူများအတွက် အထင်ကြီးစရာတစ်ခု ဖြစ်လေသည်။ လှပတောက်ပသော ငါးပျံဝတ်စုံနှင့် ယီယွင်က ပိုမို၍ပင် အံ့ဩဖွယ်ကောင်းနေသည်။

ထို့အပြင် ယီယွင်တွင် လွှမ်းမိုးနိုင်သော သူရဲကောင်းစိတ်ဝိညာဥ်တစ်ခု ရှိနေလေပြီး သူ၏အရှိန်အဝါက လူအားလုံးနှင့် ကွဲထွက်နေသည်။ ယင်းသည် လူအများကြားမှ နဂါးတစ်ကောင်အလားပင်။

တောက်မျိုးနွယ်မှ လူများသည်လည်း လျှိုင်မျိုးနွယ်မှ လူများကဲ့သို့ပင် ချည်ကြမ်းကိုသာ ဝတ်ဆင်ကြသည်။ ယီယွင်၏ ထည်ဝါသော အဝတ်များကြောင့် သူတို့ ရှက်ရွံ့မိသွားရသည်။

ကွာခြားချက်က ကြီးမားလွန်းနေလေသောကြောင့် တောက်မျိုးနွယ်မှ လူငယ်များသည် ယီယွင်ကို မနာလိုခြင်း မဖြစ်ကြတော့ပေ။ သူတို့၏ စွမ်းအားနှင့်ပါရမီတို့က နိမ့်ကျလေပြီး သူတို့၏ ရုပ်ရည်သွင်ပြင်နှင့် ပင်ကိုယ်စရိုက်များကလည်း နိမ့်ကျလေသည်။

မနာလိုနေလျှင်ပင် မည်သည့်အရာကို ရနိုင်ပါမည်နည်း။ သူတို့က လုံးဝပင် အဆင့်မတူကြချေ။

ယီယွင်က သားရဲကြီးကို စီးနင်းကာ သွားနေသည်ဖြစ်ပြီး လူအများ လမ်းပေးထားကာ ယီယွင်ကို အံ့ဩတကြီး ကြည့်နေသည်။ ယင်းသည် ထူးချွန်သူများကို ပေးရသည့် ရိုသေလေးစားမှုတစ်ရပ် ဖြစ်လေ၏။

လူတစ်ဦး၏ အရှိန်အဝါက အလွန်ပင် အရေးကြီးသည်။ လူများသည် လူတစ်ဦး၏ အရှိန်အဝါက ထူးခြားသည်လားကို တစ်ချက်ကြည့်ရုံနှင့်ပင် သိနိုင်ကြ၏။ ယီယွင်က ထိုပုံစံမျိုးပင်။

တောက်မျိုးနွယ်မှ ဆယ်ကျော်သက် မိန်းကလေးများသည် ယီယွင်ကို တောက်ပစွာကြည့်ကာ ရှက်သွေးဖြာနေလေ၏။ အရိုင်းနယ်မြေထဲမှ ဆယ်ကျော်သက် မိန်းကလေးများသည် တောက်ပသောအနာဂတ်ရှိသည့် သန်မာချောမောသော လူငယ်တစ်ဦးကို တွန်းလှန်နိုင်ခြင်း မရှိကြဘဲ ထိုသူ၏အစေခံအဖြစ်ပင် လုပ်ဆောင်လိုကြသည်။

ယီယွင် သားရဲကြီးကို ဆယ့်ငါးမိနစ်စီးနင်းကာ ဆယ်မိုင်ခန့် ဖြတ်ကျော်ပြီးနောက် အခမ်းအနားကွင်းပြင်သို့ ရောက်သွားခဲ့သည်။

တောက်မျိုးနွယ်မှ အပ်နှင်းပွဲအခမ်းအနားကို သောင်းသောင်းဖျဖျ ကျင်းပပေးထားသည်။ တောက်မျိုးနွယ်က အခမ်းအနားအတွက် နွားတစ်ကောင် ၊ ဆိတ်နှစ်ကောင် ၊ ဝက်သုံးကောင် ၊ အမဲလိုက်ခွေးငါးကောင် ၊ ကြက်ဆယ်ကောင်ကို သတ်ခဲ့ကြသည်။ ထိုတိရိစ္ဆာန်ငါးမျိုးက ရိုးရာအခမ်းအနားများတွင် အရေးကြီးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ထင်ရှားလေသည်။

တောက်မျိုးနွယ်မှ နတ်ဆရာများနှင့် စုန်းမများက စီတန်းကာရှိနေပြီး ယဇ်ပလ္လင်တွင် တောင်းဆုပြုနေကြသည်။

ဤရိုးရာပူဇော်မှု အများစုက ဟူရာအတွက် ဖြစ်သည်။ ထို့အပြင် ပြည်ထောင်ရွေးချယ်ပွဲကို အောင်မြင်ခဲ့ကြသည့် တောက်မျိုးနွယ်မှ ပျိုးထောင်ပေးခဲ့သော လက်ရွေးစင်များနှင့် မျိုးနွယ်ငယ်များ၏ ဆက်ခံသူများအပြင် ကျင်းလုံဝေ့၏ အဖွဲ့ဝင်များအတွက်လည်း ပါဝင်လေသည်။

ဒုက္ခိတဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေသည့် လျှိုင်ချမ်းယုကမူ ရောက်မလာခဲ့ပေ။ သူက ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ကာ အရည်အသွေးမမီခဲ့ပေ။

ဟူရာ ပါဝင်နေလေခြင်းကြောင့် တောက်မျိုးနွယ်က အကောင်းဆုံးကျင်းပခဲ့သည်။ ယင်းသည် တောက်မျိုးနွယ်က အရိုင်းနယ်မြေကို နှုတ်ဆက်သည့် အခမ်းအနားတစ်မျိုးဖြစ်ပြီး ဗဟိုဒေသဆီသို့ ပထမဆုံးခြေလှမ်း ဖြစ်လေသည်။ ထို့ကြောင့် သူတို့က အခမ်းအနားကို ပေါ့လျော့စွာမပြုလုပ်ကြပေ။

တောက်မျိုးနွယ်တွင် လူပေါင်းတစ်သိန်းခန့် ရှိလေသောကြောင့် အခမ်းအနားပွဲသည် စည်ကားပြွတ်သိပ်နေလေ၏။ ထိုသူများ အပ်နှင်းပွဲအခမ်းအနားကို အာရုံစိုက်ထားကြသည်။ စင်မြင့်များပေါ်တွင် ရပ်နေနိုင်ကြသည့် လုလင်ပျိုများနှင့် လုံမပျိုများကမူ မနာလိုဖြစ်ဖွယ်ရာပင်။

အဝေးဆုံးတွင်ရှိကြသည့် လူများက မည်သည့်အရာမျှ မြင်ရခြင်းမရှိသည့်တိုင်အောင် ထွက်မသွားလိုကြပေ။ သူတို့က စိတ်အားတက်ကြွဖွယ်ရာ အခိုက်အတန့်ကို မျက်မြင်တွေ့လိုသည့်အတွက် သည်အတိုင်းပင် ရပ်နေကြသည်။

အောင်မြင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များထဲတွင် ယီယွင်ကသာ ဦးချိုသားရဲကို စီးနင်းခွင့်ရရန် အရည်အသွေးပြည့်မီသည်။

ဟူရာနှင့် အခြားသူများ ကျင်းလုံဝေ့၏ ခန့်အပ်လွှာများ လက်ခံရရှိပြီးနောက်တွင် ယီယွင်သည်လည်း ပြည်ထောင်မြင်းစစ်သည် သင်္ကေတပါသည့် ပိုးထည်စာလွှာတစ်ခု ရရှိခဲ့သည်။

ထိုပိုးထည်စာလွှာက တစ်ပေခန့်ရှည်သော စာလိပ်တစ်ခု ဖြစ်သည်။ ထိုစာလိပ်ကို ပိုးထည်ဖြင့် ပြုလုပ်ထားသည်။ စာလိပ်တွင် ပိုးချည်မျှင်မှင်များ ပါရှိလေပြီး အစွန်းနှစ်ဖက်တွင် စန္ဒကူးသားဖြင့် ပိတ်ထားသည်။ ပိုးချည်စာလုံးများသည် ကျင်းလုံဝေ့၏အတွင်းမှ သူ၏ မြင့်မားသော အဆင့်အတန်းလည်း ဖြစ်လေ၏။ ထို့အပြင် ယီယွင်က ကျင်းလုံဝေ့၏ လက်ရွေးစင်တစ်ဦးအဖြစ် ကျောက်စိမ်းပြားတစ်ခုလည်း ရရှိခဲ့သည်။

ထိုကျောက်စိမ်းပြားတွင် ငါးပျံတစ်ကောင်ပုံ ထွင်းထုထားသည်။ ကျင်းလုံဝေ့၏ လက်ရွေးစင်များကိုသာ ထိုကျောက်စိမ်းပြား ပေးအပ်လေသည်။ ကျောက်စိမ်းပြားသည် စိမ်းဖြူရောင်ဖြစ်ပြီး ငါးနဂါးမှာလည်း အသက်ဝင်နေသည့်အလားပင်။ ကျောင်စိမ်းပြားကို ခါးတွင်ချိတ်ဆွဲထားလျှင် ပြီးမြောက်သောအသွင်အပြင် ဖြစ်စေသည်။

ရုတ်ခြည်းမှာပင် ယီယွင်က လက်ရာမြောက်စွာ ထုဆစ်ထားသည့် ကျောက်စိမ်းပန်းပုရုပ်နှင့် ဆင်တူသွားလေပြီး စွဲမက်ဖွယ်ကောင်းစွာ တောက်ပနေသည်။ သူသည် သူရဲကောင်းစိတ်ဝိညာဥ်ကို ပြသနေသည်သာမက မင်းမျိုးနွယ်၏ ကြီးမြတ်မှုကိုလည်း ပြသနေချေသည်။

လက်ထဲတွင် ပိုးထည်စာလွှာရှိနေပြီး ခါးတွင် ငါးပျံကျောက်စိမ်းပြား ချိတ်ဆွဲထားသည့် ယီယွင်က ကွင်းပြင်အလယ်တွင် ရပ်နေသည်။ ရာထောင်ချီသော လူများက သူ့အား လေးစားမြတ်နိုးစွာ ကြည့်နေခြင်းကြောင့် ယီယွင် ခံစားချက်များ ရောပြွန်းနေရလေ၏။

အရိုင်းနယ်မြေထဲရှိ စစ်သည်ပေါင်းများစွာတို့က ပြည်ထောင်မြင်းစစ်သည် အဆင့်အတန်းကို ရရှိရန်အတွက် အိပ်မက်မက်နေကြသည်မှာ အံ့ဩစရာမရှိတော့ပေ။ ဤကဲ့သို့ ဂုဏ်သရေမျိုးက သူတို့၏ ဘဝအထွတ်အထိပ် ဖြစ်ပေလိမ့်မည်။

သို့သော် ယီယွင်ကမူ ဤသည်က သူ၏အထွတ်အထိပ် မဟုတ်လေဘဲ အစပျိုးမျှသာဖြစ်သည်ဟု ခံစားမိသည်။

သူသည် ပြည်ထောင်မြင်းစစ်သည်တစ်ဦးအဖြစ် ခန့်အပ်ခံရသည့် ဂုဏ်သရေကို ယစ်မူးခြင်းမရှိပေ။ လက်ရှိအောင်မြင်မှုက ဘာမျှမဟုတ်သည်ကို သူ သိသည်။ တိုင်အာနတ်ပြည်ထောင်က တစ်လောကလုံး မဟုတ်ချေ။ ထို့အပြင် သူက တိုင်အာနတ်ပြည်ထောင်ထဲတွင်ပင် အဆင့်အနိမ့်ဆုံး မင်းမျိုးနွယ်တစ်ဦးသာ ဖြစ်ချေ၏။ ဤလောကထဲတွင် ကြီးမားသည့်အရာများ စောင့်မျှော်နေသေးသည်။

သူ စူးစမ်းရှာဖွေကာ အမြင့်သို့တက်ပြီး သိမ်းပိုက်အောင်မြင်လို၏။

အခမ်းအနားက ခြောက်နာရီ ကြာမြင့်ခဲ့သည်။ ယီယွင်သည် တောက်မျိုးနွယ်မှ လူများ၏ မနာလိုသော မျက်ဝန်းများအောက်မှာပင် ကျင်းလုံဝေ့၏ စခန်းဆီသို့ ပြန်သွားခဲ့လေ၏။

အခမ်းအနားကျင်းပသည့် ညတွင် အဖိုးအိုစုက ပစ္စည်းများ ထုပ်ပိုးနေသည်။ သူက တောက်မျိုးနွယ်မှ ထွက်ခွာရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ယီယွင်က ထိုသတင်းကို ရရှိခဲ့လေပြီး ထိုအဖိုးကြီးကို နှုတ်ဆက်ရမည်ဟု ခံစားမိသည်။ ယီယွင်သည် ကျန်းတန်ထံမှ အဖိုးအိုစု နေထိုင်သည့်နေရာကို စုံစမ်းပြီးနောက်တွင် တံခါးကို ညှင်သာစွာခေါက်ခဲ့လေ၏။

လှပသောခြံဝန်းနှင့် ခြံဝန်း၏နောက်တွင် မျှော်စင်တစ်ခုရှိသည့် ထိုနေရာက တောက်မျိုးနွယ်ထဲတွင် တားမြစ်နေရာတစ်ခုဖြစ်ပြီး ကျင်းလုံဝေ့၏ ခွင့်ပြုချက်မရှိပါက ဝင်ခွင့်မရပေ။

" ဝင်ခဲ့ပါ "

တစ်ဖက်မှ အဖိုးအိုစု၏ ပျင်းရိသောအသံ ထွက်လာသည်။ ယီယွင် တံခါးဖွင့်လိုက်ရာ ခြံဝန်းငယ်ထဲတွင် အဖိုးအိုစုနှင့် လင်ရှင်းထုံ ထိုင်နေသည်ကို မြင်လိုက်ရသည်။

ယီယွင်က ငါးပျံဝတ်စုံ ဝတ်ဆင်ထားသည်ဖြစ်ပြီး လရောင်အောက်တွင် မင်းသားတစ်ပါးပမာ ဖြစ်နေလေသည်။

အဖိုးအိုစုက အပ်နှင်းပွဲအခမ်းအနားကို တက်ရောက်ခြင်းမရှိခဲ့ပေ။ ငါးပျံဝတ်စုံက ယီယွင်နှင့် ထိုမျှအထိ ပနံသင့်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။

လင်ရှင်းထုံလည်း အံ့အားသင့်နေ၏။ လင်ရှင်းထုံက သခင်လေးများစွာနှင့် လူငယ်လက်ရွေးစင်များစွာကို မြင်တွေ့ဖူးသည်။ ၎င်းတို့အားလုံးက တင့်တယ်ချောမောကြပြီး မင်းသားဆန်သော သခင်လေးများဟုပင် ခေါ်ဆိုထိုက်ကြသည်။

သို့သော် ထိုသခင်လေးများက ယီယွင်တွင်ရှိနေသည့် သာဝဆန်သော ဗီဇအသွင်များ ချို့ယွင်းနေ၏။ ၎င်းတို့က သဘာဝပစ္စည်းများဖြင့် အရောင်တင်ထားခြင်းမျှသာ ဖြစ်ချေသည်။ တောင်အတုသည် လှပသော်လည်း သဘာဝ တောင်တစ်လုံးကဲ့သို့ လှနိုင်မည်မဟုတ်ပေ။

" ဟဲဟဲ...ကောင်စုတ်လေး... မင်းက ဒီဝတ်စုံနဲ့ သားနားနေတာပါ့လားကွ " အဖိုးအိုစုက ရှားရှားပါးပါး ချီးမွှမ်းလိုက်သည်။

ယီယွင် မျက်ဖြူလန်ပြလိုက်ပြီး အဖိုးအိုစုနှင့် အငြင်းပွားခြင်း မပြုတော့ပေ။ သူက အဖိုးအိုစုကို နှုတ်ဆက်ရန် ရောက်လာရခြင်းဖြစ်ကြောင်း ရှင်းပြလိုက်လေ၏။

ယီယွင်သည် အဖိုးအိုစုက မည်သည့်အရာအား လုပ်ဆောင်မည်ကို မသိသည့်တိုင်အောင် အန္တရာယ်များသည့် အရာတစ်ခုကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်းကိုမူ ခန့်မှန်းမိသည်။ အကြောင်းကမူ လင်ရှင်းထုံ၏ လှပသောမျက်ဝန်းတွင် စိုးရိမ်ဟန်အချို့ ရှိနေခြင်းကြောင့်ပင်။

သို့သော် အဖိုးအိုစုကမူ ခရီးစဥ်ကို စိတ်မပူသည့်အလားပင် ရယ်မောကာ ဟာသပြောဆိုနေခဲ့သည်။ အဖိုးအိုစုက လင်ရှင်းထုံကို ဂရုစိုက်နေထိုင်ရန် မှာကြားပြီးနောက် ထွက်ခွာသွားခဲ့သည်။ သူက လင်ရှင်းထုံကို နည်းမျိုးစုံဖြင့် ဂရုစိုက်ကြောင်း ပြသခဲ့သည်။

သို့သော် အဖိုးအိုစုက ယီယွင်ကို မျက်နှာသာမပေးခဲ့ချေ။ သူက လင်ရှင်းထုံကို မှာကြားပြီးနောက် ယီယွင်၏ပခုံးကိုပုတ်၍ အားပေးစကားအချို့ ပြောခဲ့သည်။

" ရွေးချယ်ပွဲမှာ ပထမရတာက အတော်ကောင်းတယ်ဆိုပေမဲ့ ဒါက အနှစ်မဲ့တဲ့ အရည်အသွေးအဆင့် ရွေးချယ်ပွဲတစ်ခုသာသာလောက်ပဲ "

" မင်းက တောက်ယွင်ရှောင်းကို အနိုင်ယူဖို့အတွက်တောင် မင်းရဲ့လက်မှာ ဒဏ်ရာရခဲ့သေးတာမလား။ မင်းရဲ့လက်မှာ ဒဏ်ရာရတာကို မမှုဘူးဆိုရင်လည်း ဘာကြောင့်များ ငါ့ရဲ့ အစိမ်းရောင်ဆေးနှစ်လုံးကို ဖြုန်းတီးပစ်ခဲ့ရတာလဲ။ ဒါက ရတနာကို ဖြုန်းတီးပစ်လိုက်တာပဲ "

" မင်းက ပြည်ထောင်မြင်းစစ်သည်အဖြစ် အပ်နှင်းခံရလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ မင်းမျိုးနွယ်တစ်ဦး ဖြစ်လာတာကလည်း မဆိုးလှပါဘူးလေ။ ပြည်ထောင်မြင်းစစ်သည်ဘွဲ့အတွက်ကတော့.... တိုင်အာနတ်ပြည်ထောင်ရဲ့ မြို့တော်မှာဆိုရင် လမ်းမပေါ်ကို ခဲတစ်လုံးလောက် လှမ်းပစ်လိုက်ရင် ပြည်ထောင်မြင်းစစ်သည် တစ်ဒါဇင်လောက်ကို ဝင်မှန်လိမ့်မယ် "

" မင်းက အရည်အသွေးမကောင်းပေမဲ့ အရှေ့အရပ်က ခရမ်းရောင်လေကို ဆွဲခေါ်နိုင်​တယ်ဆိုရုံလောက်လိုမျိုး ကံကောင်းမှုလေးတွေတော့ ရှိတယ် "

အဖိုးအိုစု၏ စကားများကြောင့် ယီယွင် ပြောစရာမဲ့နေရ၏။ အဖိုးကြီးက အလွန်ပင် စိတ်အနှောင့်အယှက် ပေးနိုင်လှသည်။ သူသည် အဖိုးအိုစု၏ စကားများကို သည်ဘက်နားကဝင် ဟိုဘက်နားထွက် နားထောင်နေခဲ့သည်။

လမွန်းတည့်ချိန်တွင် အဖိုးအိုစု ထွက်ခွာသွားခဲ့သည်။ အဖိုးအိုစုက အဖြူဝတ်စုံ ဝတ်ဆင်ထားပြီး အမျိုးအမည်မသိ မြင်းနီလေးတစ်ကောင် စီးနင်းသွားသည်။ အဖိုးအိုစုက ထိုမြင်းနီလေးတွင် ချီလင်သွေးပါသည်ဟု ကျိ​န်ဆိုကာပြော​ခဲ့သော်လည်း ယီယွင်အဖို့ မြင်းနီလေးအား မည်သို့ပင်ကြည့်စေကာမူ ရယ်စရာကောင်းလွန်းနေသည်။ အထူးသဖြင့် အဖိုးအိုစု၏ ဝဖြိုးသော တင်ပါးကြီးက မြင်းနီလေးပေါ်တွင် ထိုင်လိုက်ချိန်၌ အဖိုးအိုစု၏ ဝဖြိုးသော တင်ပါးကြီးက မြင်းနီလေးကို ဝါးမျိုလုနီးပါးပင် ဖြစ်ခဲ့ရချေသည်။

အဖိုးအိုစု၏ ဝိုင်းစက်သောကိုယ်ထည်နှင့် မြင်းနီလေး၏ လည်ပင်းပေါ်တွင် တင်နေသော အဖိုးအိုစု၏ဝမ်းဗိုက်ကြီးအား ကြည့်နေရင်းဖြင့် ယီယွင်မှာ ရှက်ရွံ့မှုနှင့် စိတ်ဓာတ်ကျခြင်းကိုသာ ခံစားရသည်။

" သွား " အဖိုးအိုစုက အော်လိုက်လေရာ မြင်းနီလေး စတင်ပြေးလွှားလေသည်။ မြင်းနီလေးက အဖိုးအိုစု၏ အလေးချိန်အား ခံနိုင်မည်လားကို ယီယွင် သိချင်နေမိသည်။

လမ်းတွင် အဖိုးအိုစုက အဆွေးသီချင်းတစ်ပုဒ် သီဆိုသွားခဲ့သည်။

ငါဟာ မြင်းတစ်ကောင်နဲ့ အဝေးသို့နှင် ၊ ကောင်းကင်မှ မြက်ခြောက်ဝါတွေ ပြည့်နှက်နေ...။

နဂါးသိုက် ဒါမှမဟုတ် နတ်ဘုံကို ဝင်ဖို့အတွက် လောကကြီးကို လေအစားအစာတွေ တိုက်ခိုက်နေ...။

ကုန်းမြေကြီးဟာ ငါ့ကို ဘုရင်တစ်ပါးအဖြစ် အပ်နှင်းဖို့တောင်းဆိုချိန်မှာ မိုးကောင်းကင်ဟာ မြူခိုးထကြွစေကာ ပြုံးနေဆဲ...။

..............

အဖိုးအိုစုက ယီယွင် လုပ်ပေးထားသည့် ကြက်ကင်ဆယ်ကောင်ကို သယ်ဆောင်သွားပြီး သူရဲကောင်းသီချင်းအား သီဆိုရင်းဖြင့် ခရီးနှင်သွားခဲ့လေသည်။

နောက်တွင်ကျန်ခဲ့သည့် ယီယွင်မှာ သီချင်းကိုကြားကာ ပြောစရာမဲ့နေရ၏။ ထိုအဖိုးကြီးက ဤသီချင်းကို မည်သည့်နေရာမှ ကူးချထားခဲ့လေသနည်း။ ဤသီချင်းတွင် စည်းချက်အနည်းငယ်ပင် ပါဝင်မနေချေ။

All Chapters