သူရဲကောင်းစိတ်ဝိညာဥ် လွှမ်းမိုးခြင်း
Vol. 9 Ch. 124
ပြည်ထောင်ရွေးချယ်ပွဲ ပြီးဆုံးသည့်နေ့ရက်၏ နောက်တစ်ရက်တွင် ယီယွင်အား ဘွဲ့အပ်နှင်းမည့်အခမ်းအနား ဖြစ်လေ၏။
ကျန်းတန်က ယီယွင်ကို ရှာဖွေခဲ့သည်။ သို့သော် ယီယွင်အား မျက်စိဖမ်းစားသွားသည့် ပထမဆုံးအရာမှာ ခန့်အပ်လွှာမဟုတ်လေဘဲ ကျင်းလုံဝေ့ သီးသန့်အသုံးပြုသည့် သတ္တဝါကိုသာ ဖြစ်သည်။ ထိုသတ္တဝါကို ယီယွင်အတွက် အထူးပြင်ဆင်ပေးထားသည်ဟု ကျင်းလုံဝေ့က ဆိုခဲ့သည်။
" ဒီသတ္တဝါက ကျွန်တော့်အတွက်လား " ယီယွင်သည် ရှစ်မီတာခန့်မြင့်သည့် သားရဲကြီးကိုကြည့်ကာ အံ့ဩတကြီး ဖြစ်နေလေ၏။
ယီယွင် လွန်ခဲ့သည့်သုံးလခန့်က ဤလောကထဲသို့ ရောက်လာခဲ့သည်ဖြစ်ပြီး အရိုင်းနယ်မြေကို ဤကဲ့သိုသားရဲကြီးတစ်ကောင်၏ ကျောပေါ်တွင် စီးနင်းကာဖြတ်သန်းနေချိန်တွင် ကျန့်ယွီရှန်းက သူ၏နောက်ကျောအား ဓားနှင့်ထိုးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ သုံးလအကြာတွင်မူ သူက ထိုကဲ့သို့ သားရဲကြီးတစ်ကောင် ပိုင်လာခဲ့ချေပြီ။
" ဟုတ်တယ် အဲ့ဒါက မင်းရဲ့ဟာပဲ။ ဟားဟား "
ကျန်းတန် ရယ်မောကာ..." သာမန်ပြိုင်ပွဲဝင်တစ်ဦးက ကျင်းလုံဝေ့ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့မယ်ဆိုရင်တောင် သူတို့တွေ ဦးချိုသားရဲတစ်ကောင် ပိုင်ဆိုင်လာနိုင်ဖို့အတွက် တစ်နှစ် ၊ နှစ်နှစ်လောက် ကြာလိမ့်မယ် "
" ဒီဦးချိုသားရဲက တစ်ရက်ကို မိုင်သုံးထောင် ခရီးနှင်နိုင်တယ်။ ဒီသားရဲကို လေးတယ်လို့မထင်နဲ့။ ဒီသားရဲက တောင်တွေ ၊ချောက်ကမ်းပါးတွေ ဘယ်နေရာကိုမဆို ခရီးနှင်နိုင်တယ်။ ပြီးတော့ ဒီသားရဲမှာ ကြီးမားတဲ့ အားသာချက်တစ်ခု ရှိတယ်။ အဲ့ဒီအကြောင်းအရင်းကြောင့်ပဲ ဒီသားရဲက ကျင်းလုံဝေ့ရဲ့ စံပြသားရဲတစ်ကောင် ဖြစ်နေတာပဲ။ အဲ့ဒီအားသာချက်က ဘာဖြစ်မလဲဆိုတာကို မင်း ခန့်မှန်းနိုင်လား "
ယီယွင်က စိတ်ဝင်စားစွာဆိုသည်..." အများကြီး သယ်နိုင်တာလား။ သက်လုံကောင်းတာလား "
ကျန်းတန် ခေါင်းယမ်းကာ..." မဟုတ်ဘူး။ ဒီဦးချိုသားရဲက အများကြီးသယ်နိုင်ပြီး ကြီးမားတဲ့သက်လုံ ရှိတယ်။ ဒီသားရဲက သုံးရက်တိုင်တိုင် မိုင်ပေါင်းသောင်းချီအထိ ပြေးလွှားဖို့တောင် ပြဿနာမရှိဘူး။ ဒါပေမဲ့ အဲ့ဒါတွေက ဦးချိုသားရဲရဲ့ အကြီးဆုံးအားသာချက် မဟုတ်ဘူး။ အကြီးဆုံးအားသာချက်က အစားနည်းတာပဲ။ ဦးချိုသားရဲတစ်ကောင် တကယ်စားချင်လာရင် မိုးမြင့်သစ်ပင်ကြီးတစ်ပင်ကိုတောင် စားပစ်နိုင်တယ်။ အစာမရှိရင် ဦးချိုသားရဲက မိုးနဲ့မြေ ယွမ်ချီတွေကို စွမ်းအင်အရင်းအမြစ်အဖြစ် စုပ်ယူနိုင်ကြတယ်။ စစ်တပ်တစ်ခု စစ်ချီရင် အစာအထောက်အပံ့က ပြဿနာကြီးတစ်ခုပဲ။ ပုံမှန်ဆိုရင် ဒီလိုသားရဲကြီးတစ်ကောင် အဆာပြေစေဖို့အတွက် အစာလှည်းအနည်ငယ်လောက် လိုအပ်တယ်။ ဒါပေမဲ့ ဦးချိုသားရဲကတော့ နှစ်ချီပြီး အဆာခံနိုင်တယ်။ အဲ့ဒါက အဓိကအချက်ပဲ "
" မိုးနဲ့မြေ ယွမ်ချီတွေကို တိုက်ရိုက်စုပ်ယူတာလား " ယီယွင် မှင်တက်မိသွားသော်လည်း လျင်မြန်စွာ နားလည်သွားခဲ့သည်။ ဤလောကကြီးထဲတွင် ရတနာမျိုးစုံ ရှိလေသည်။ ပျက်စီးခြင်းသားရဲများလည်း ရှိလေ၏။ ယင်းသားရဲများက ဘေးပတ်ဝန်းကျင်ရှိ မိုးနှင့်မြေတို့မှ ယွမ်ချီများကို စုပ်ယူရင်းဖြင့် မွေးဖွားလာကြသည်။ လူသားများ ထိုအဆင့်သို့ ရောက်ရှိရန်အတွက် ကျင့်ကြံကြရသည်။
လူသားများနှင့် သားရဲများတွင် ကိုယ်ပိုင်အားသာချက်များ ရှိလေသည်။
အစာမလိုအပ်သည့် သားရဲကြီးတစ်ကောင်က အရိုင်းနယ်မြေထဲတွင် ခရီးသွားရာတွင် အလွန်ပင် အကူအညီဖြစ်စေလိမ့်မည်။ ယီယွင် သူ၏သားရဲကို အလွန်သဘောတွေ့နေသည်။ သူ ခုန်တက်သွားပြီး သားရဲ၏ ကျယ်ဝန်းသော ကျောပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သားရဲက အသိဥာဏ်ရှိဟန်ရပြီး ပိုင်ရှင်အသစ်ဖြစ်သည့် ယီယွင်ကို ခုခံခြင်းမပြုပေ။
" ကျေးဇူးတင်ပါတယ် ထောင်စုမှူးကျန်း " ယီယွင် သားရဲပေါ်မှ ဆင်းလာကာ ဂါရဂပြုလိုက်သည်။
" ဟားဟား... အခုကစပြီး ညီလေးယီက ငါ့ကို အစ်ကိုကြီးကျန်းလို့ပဲ ခေါ်ပါ။ ကျင်းလုံဝေ့က တောက်မျိုးနွယ်ထဲမှာ အချိန်တစ်ခုလောက်အထိ နေရဦးမယ်။ ရက်အနည်းငယ်လောက် ဆက်နေပြီး ကျင့်ကြံနေပါ "
ယီယွင် အနည်းငယ်တုန့်ဆိုင်းသွားကာ ဆိုလေသည်..." အဲ့ဒီလိုပဲ လုပ်ကြတာပေါ့။ ကျွန်တော် ဒီနေရာမှာ ရက်အနည်းငယ်လောက်နေပြီး ကျင့်ကြံချင်ပေမဲ့ လျှိုင်မျိုးနွယ်ထဲမှာ ကျွန်တော့်ရဲ့အစ်မ ကျန်ခဲ့တယ်။ အကြောင်းအရင်းအချို့ကြောင့် သူက တောင်တန်းထဲမှာ ပုန်းနေရတယ်။ ကျွန်တော် ထွက်လာခဲ့ချိန်မှာ သူ့အတွက် စားစရာတွေ လုံလောက်အောင် ချန်ထားပေးခဲ့ပါတယ်။ ဒါပေမဲ့ သူက အားနွဲ့တဲ့ မိန်းကလေးတစ်ဦးဖြစ်တာကြောင့် တောင်တန်းထဲမှာ အချိန်အကြာကြီး နေနေရမှာကို ကျွန်တော် စိတ်ပူတယ်။ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်အစ်မရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်။ သူ ကျွန်တော့်ကို ရက်အတော်အကြာထိ မတွေ့ခဲ့ရင် ကျွန်တော် ပျောက်သွားတယ်ဆိုပြီး စိုးရိမ်နေလိမ့်မယ် "
" ပြီးတော့ လျှိုင်မျိုးနွယ်ထဲမှာ ကျွန်တော့်ကို ကျေးဇူးပြုခဲ့ဖူးသူတွေ ရှိသေးတယ်။ အစားအစာ ချို့တဲ့တာကြောင့် သူတို့မှာ ကောင်းမွန်တဲ့အချိန်တွေ မရှိဖူးတာဖြစ်လို့ ကျွန်တော်က ပစ်မထားနိုင်ဘူး "
ကျန်းရှောင်ယုအား ခေါ်မလာနိုင်ခဲ့လေသောကြောင့် သူ စိတ်မအေးနိုင်ပေ။ လျှိုင်မျိုးနွယ်၏ တောင်အနောက်ဘက်တွင် သားရဲများ မရှိသည့်တိုင်အောင် သူ မည်သည့်အလွဲကိုမျှ အဖြစ်မခံနိုင်ပေ။
ကျန်းတန် ရယ်မောကာ..." ညီလေးယီက သံယောဇဥ်ကြီးတတ်ပုံပဲ။ မင်း ပြောလာပြီဆိုမှတော့ အဆင်ပြေတယ်။ ရက်နည်းနည်းကြာရင် ငါတို့ရဲ့ ညီနောင်အချို့ တိမ်ရိုင်းနယ်မြေထဲကို တပ်ကူရောက်လာလိမ့်မယ်။ စစ်သူကြီးယန်ကလည်း ဘေးပတ်ဝန်းက မျိုးနွယ်တွေမှာ စခန်းချကြဖို့ အမိန့်ပေးထားတယ်။ အခုလောလောဆယ်မှာ ငါတို့က အားနေတယ်လို့ ပြောလို့ရတယ်။ မင်း လျှိုင်မျိုးနွယ်ကို ပြန်တဲ့အချိန်မှာ ငါ ညီနောင်အချို့ ထည့်ပေးလိုက်မယ်။ မင်းရဲ့အစ်မနဲ့ ပြန်တွေ့လို့ရပြီ။ ပြီးတော့ ငါက မင်းရဲ့ ကျေးဇူးရှင်တွေအတွက် စားစရာအချို့လည်း ပေးလိုက်မယ် "
" ဒါ့အပြင် မင်းရဲ့ ကိုယ်ပိုင်နယ်မြေအတွက် ပန်းလေးအချို့လည်း လိုအပ်တယ်။ ကျင်းလုံဝေ့က မင်းကိုကူညီပြီး သယ်ဆောင်ပေးလိမ့်မယ် " ကျန်းတန်က ဆိုသည်။ သူ လက်ခါပြလိုက်ပြီး ငယ်သားများကို ကြိုတင်ပြင်ဆင်ခိုင်းလိုက်သည်။
ယီယွင် ကျေနပ်သွား၏။ ကျင်းလုံဝေ့က အစာများကို ယူခွင့်ပေးခဲ့ကာ သူ၏အစ်မဖြစ်သူနှင့် ကျေးဇူးရှင်များ၏ အခက်အခဲများကို ပြေလည်သွားစေခဲ့သည်။
လျှိုင်ချမ်းယုက လျှိုင်မျိုးနွယ်၏ အစားအစာများနှင့် အရင်းအမြစ်များကို လွန်ကဲစွာ ထုတ်ယူသုံးစွဲခဲ့လေသဖြင့် လျှိုင်မျိုးနွယ်မှ လူများ ရုန်းကန်ခဲ့ကြရသည်။ အချို့ဆိုလျှင် ဆာလောင်မှုပြေငြိမ်းစေရန် ကွမ်းယင်ရွံ့စေးလုံးများပင် စားခဲ့ကြရသည်။
" ကျေးဇူးတင်ပါတယ် အစ်ကိုကြီးကျန်း " ယီယွင် ဟန်မဆောင်နေတော့ပေ။ ကျန်းတန်က ထိုသို့အခေါ်ခိုင်းနေသည်ဖြစ်ရာ သူသည်လည်း ခေါ်လိုက်လေ၏။
" ဟားဟားဟား "
ကျန်းတန် ရယ်မောကာ ယီယွင်၏ပခုံးကိုပုတ်၍ ဆိုလိုက်သည်..." ညီလေးယီ... စစ်သည်တွေဖြစ်တဲ့ ငါတို့က အနာဂတ်မှာ ရာထူးမြင့်မားလာစေဖို့အတွက် အလုပ်ကြိုးစားရတယ်။ မင်းမှာက တောက်ပတဲ့အနာဂတ်တစ်ခု ရှိနေတယ်။ အနာဂတ်မှာ မင်း ကြီးပွားလာရင် မင်းရဲ့အစ်မလည်း ဘွဲ့ထူးအပ်နှင်းခံရမှာပဲ။ မင်းသမီးလား အခြားတစ်ခုခု ဖြစ်လာမလားပဲ "
" လာခဲ့... ဒီအစ်ကိုကြီးက မင်းအတွက် အဝတ်အစားရွေးပေးမယ် " ယနေ့တွင် ယီယွင်ကို ပြည်ထောင်မြင်းစစ်သည်အဖြစ် ဘွဲ့အပ်နှင်းပေမည်။ ယင်းက အကြိုအခမ်းအနားတစ်ခုသာ ဖြစ်သည့်တိုင်အောင် ကောင်းစွာဝတ်ဆင်ရန် လိုအပ်သည်။
ယီယွင်သည် ကျင်းလုံဝေ့၏ စခန်းထဲသို့ ပြောင်းရွှေ့သွားပြီဖြစ်ပြီး နေထိုင်မှုပတ်ဝန်းကျင်လည်း ကောင်းမွန်လေသည်။ ယီယွင်က ရေပူဖြင့် သက်တောင့်သက်သာ ရေချိုးခဲ့သည်။ သူ ချည်ထည်အဝတ်များကို ချွတ်ကာ ကျင်းလုံဝေ့၏ ဝတ်စုံသစ်များ ပြောင်းလဲဝတ်ဆင်သည်။
အခမ်းအနားပွဲများတွင် ကျင်းလုံဝေ့က အထူးပွဲတက်ဝတ်စုံ ဝတ်ဆင်ရမည်ဖြစ်ပြီး ပြည်ထောင်မြင်းစစ်သည်ကမူ ငါးပျံဝတ်စုံ ဝတ်ဆင်ရသည်။
ငါးပျံဝတ်စုံက အဖြူရောင်အဆင်း ရှိသည်။ ရင်ဘက်တွင် ရွှေရောင်ငါးပျံတစ်ကောင်ပုံ ချည်ထိုးထားလေ၏။ ၎င်းကို ပိုးထည်များနှင့် သီးသန့်ချုပ်လုပ်ထားခြင်း ဖြစ်သည်။ လှပသော အစင်းကြောင်းများက ရွှေရောင်ချည်များနှင့် ယက်လုပ်ထားသည့်အလားပင်။
ယီယွင်က ချည်ကြမ်းအဝတ်ကိုသာ အမြဲဝတ်ဆင်ခဲ့သည်။ လျှိုင်မျိုးနွယ် ခေါင်းဆောင်၏ ဝါချည်တစ်ဝက် ဝတ်စုံကိုပင် အံ့ဩစရာတစ်ခု ဖြစ်ခဲ့ရသည်။ ပိုးထည်ကမူ ဗဟိုဒေသမှ လူများသာ အသုံးပြုကြသည် ဂန္တဝင်ပစ္စည်းတစ်ခု ဖြစ်ချေသည်။ လျှိုင်မျိုးနွယ်ကို ဆိုမထားနှင့် တောက်မျိုးနွယ်ခေါင်းဆောင်ပင် ထိုကဲ့သို့အဝတ်မျိုးကို မမြင်ဖူးပေ။
သူသည် ငါးပျံဝတ်စုံ ဝတ်ဆင်ထားပြီး ခါးတွင် ယူနီကွန်းခါးပတ်နှင့် ခြေထောက်တွင်လည်း လည်တိုဖိနပ် ဝတ်ဆင်ထားသည်။ ငါးပျံဝတ်စုံနှင့် ယူနီကွန်းခါးပတ်တို့ကို မင်းမျိုးများသာ ဝတ်ဆင်ခွင့်ရသည်။ မဟာသူဌေးကြီးများပင် ဝတ်ဆင်ခွင့်မရှိပေ။ ယင်းက မင်းမျိုးသင်္ကေတ ဖြစ်လေ၏။
ကျင်းလုံဝေ့၏ ထူးခြားသော အဆင့်အတန်းနှင့် မင်းမျိုးများ ခံစားခွင့်ရသည့် အထူးအခွင့်အရေးများကို ယီယွင်က ဝတ်ပုံစားပုံမှတစ်ဆင့် အတပ်ပြောနိုင်သည်။ အဆင့်အနိမ့်ဆုံး ပြည်ထောင်မြင်းစစ်သည်တစ်ဦး၏ ဝတ်စုံကို ရောင်းချမည်ဆိုလျှင်ပင် သာမန်လူတစ်ဦး တစ်သက်လုံး စားသောက်ရန် လုံလောက်သည်။
အဝတ်များ ဝတ်ဆင်ပြီးနောက်တွင် ယီယွင်က ရန်ချီဓားကို ခါးတွင်ချိတ်လိုက်သည်။ ထိုသည်က ကျင်းလုံဝေ့၏ စံပြဓားမောက်တစ်လက် ဖြစ်လေသည်။ ဓားအိမ်ကို ရွှေချထားသည်။ ပြည်ထောင်မြင်းစစ်သည်၏ အတုမဲ့အမှတ်အသားဖြစ်သည့် ဘဲဥပုံကျောက်စိမ်းပြားကို ဓားအိမ်အလယ်တွင် မြုပ်နှံထားသည်။
ရန်ချီဓားမောက်ကို အခမ်းအနားများနှင့် ရိုးရာပွဲများတွင် အသုံးများသည်။ ရန်ချီဓားမောက်က သုံးပေထက် ပိုမရှည်ပေ။ ဓားသွားက နှစ်လက်မသာကျယ်ပြီး အလေးအချိန်မှာ ပေါင်တစ်ရာထက် မပိုပေ။ ရန်ချီဓားမောက်ကို ဓားအိမ်မှ ဆွဲထုတ်လိုက်ချိန်တွင် ဓားသွားက အေးစက်တောက်ပသည်။
ရန်ချီဓားမောက်က အလွန်ပင် တန်ဖိုးကြီးမားသည်။ ဓားကို ဘေးတွင်ချိတ်ထားရခြင်းနှင့်ပင် သူ့အား သူရဲကောင်းစိတ်ဝိညာဥ် ဝင်လာစေခဲ့သည်။
သူ အဝတ်တစ်စုံလုံး ဝတ်ဆင်ပြီးနောက်တွင် မှန်ကြည့်ကာ မှင်တက်မိသွားခဲ့သည်။ မှန်ထဲမှ လူငယ်လေးက သူကိုယ်တိုင်ဟုပင် မယုံကြည်နိုင် ဖြစ်နေသည်။
ဤကမ္ဘာကြီးထဲသို့ ရောက်လာပြီးနောက်တွင် ချည်ကြမ်းအဝတ်ကိုသာ ဝတ်ဖူးလေရာ ပိုးထည်အဝတ်ကို မည်သို့များ ဝတ်ကြည့်ဖူးပါမည်နည်း။ လူမှာ အဝတ် ၊ တောင်းမှာ အကွပ် ဆိုရိုးကဲ့သိုပင် ငါးပျံဝတ်စုံက ယီယွင်ကို တောက်ပဝင့်ကြွားသွားစေခဲ့သည်။
လအနည်းငယ်ခန့် လေ့ကျင့်ထားခြင်းကြောင့် ယီယွင်၏ ခန္ဓာကိုယ်က ကောင်းသည်ထက် ပိုကောင်းလာခဲ့သည်။ ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်များကလည်း ကြွက်သားများကို ပြောင်းလဲပေးလေသောကြောင့် ယခုအခါ၌ ယီယွင်တွင် ကျောက်စိမ်းကဲ့သို့သော ချောမွေ့တောက်ပြောင်သော အသားအရေ ရှိနေသည်။
ယီယွင်က အရပ်ပုနေသေးသည့်တိုင်အောင် ခန္ဓာကိုယ်ကမူ ကျစ်လျစ်သည်။ သူ၏ခြေတံများ သေးသွယ်ရှည်လျားလေသောကြောင့် ငါးပျံဝတ်စုံနှင့် ပြည့်စုံစွာလိုက်ဖက်နေသည်။
ယီယွင် အဝတ်လဲခန်းထဲမှ ထွက်လာချိန်တွင် ကျန်းတန်သည် ယီယွင်အားကြည့်ကာ မျက်ဝန်းများ တောက်ပသွားလေ၏။ သူ၏ငယ်သားများကလည်း ယီယွင်ကို စူးစိုက်ကြည့်နေကြသည်။
" ဟားဟား... မင်းက ငါးပျံဝတ်စုံနဲ့ ပြီးပြည့်စုံအောင် လိုက်ဖက်တာပဲ။ နောက်သုံးနှစ် ဒါမှမဟုတ် ငါးနှစ်လောက်အကြာမှာ ညီလေးယီရဲ့ရုပ်ရည် ရင့်ကျက်လာရင် မင်းကြောင့် မိန်းကလေးတွေ ဘယ်လောက်များ ဒုက္ခရောက်ကြမလဲ မသိတော့ဘူး " ကျန်းတန်က အရွှန်းဖောက်လိုက်သည်။
ယီယွင် ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။ ငါးပျံဝတ်စုံ ဝတ်ဆင်ရခြင်း၏ အကျိုးသက်ရောက်မှုကို သူ ကျေနပ်မိသည်။
" သွားကြစို့... မင်းကို ပြည်ထောင်မြင်းစစ်သည်ဘွဲ့ အပ်နှင်းဖို့ အချိန်ကျပြီ " ကျန်းတန်က ယီယွင်ကို ခေါ်ဆောင်သွားသည်။ ယီယွင်က သူ၏ဦးချိုသားရဲကို စီးနင်းခဲ့လေ၏။ သားရဲကြီးက တောက်မျိုးနွယ်၏ မြို့ထဲမှ လမ်းများအတိုင်း လမ်းလျှောက်သွားခဲ့သည်။
တောက်မျိုးနွယ်၏ အခမ်းအနားကွင်းပြင်တွင် ယီယွင်ကို ဘွဲ့ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်မည်ဖြစ်၍ တောက်မျိုးနွယ်တစ်ခုလုံး စည်းကားနေလျက်ရှိသည်။
တောက်မျိုးနွယ်က အသေးစိတ်ကျကျ စီစဥ်ပေးထားလေ၏။ အကြောင်းကမူ ယီယွင်ကို ပြည်ထောင်မြင်းစစ်သည်အဖြစ် ခန့်အပ်ခြင်းအပြင် ဟူရာသည်လည်း ကျင်းလုံဝေ့၏ အဖွဲ့ဝင်တစ်ဦးအဖြစ် တရားဝင်ခန့်အပ်ခံရပေမည်။
ဟုတ်သည်။ ယနေ့တွင် ယီယွင်က အထွန်းတောက်ဆုံး ကြယ်တစ်ပွင် ဖြစ်ချေသည်။
ယီယွင် ဦးချိုသားရဲကို စီးနင်းကာ တောက်မျိုးနွယ်၏ အခမ်းအနားကွင်းပြင်အနီး၌ ပေါ်လာချိန်တွင် လူပေါင်းများစွာတို့က ယီယွင်ကို ကြည့်နေကြသည်။
ငါးပျံဝတ်စုံ ဝတ်တင်ထားပြီး ခါးတွင် ရန်ချီဓားမောက် ချိတ်ဆွဲထားသည့် ယီယွင်ကို ကြည့်နေရင်းဖြင့် တောက်မျိုးနွယ်မှ လူပေါင်းများစွာတို့ ကြက်သေသေနေမိကြသည်။