သေမျိုးသွေးနယ်ပယ်တွင် ပထမ
Vol. 9 Ch. 123
" ယွင်ရှောင်း " တောက်မျိုးနွယ် အကြီးအကဲများ ထိတ်လန့်သွားကာ တောက်ယွင်ရှောင်းကို ကုသရေးအတွက် တောက်မျိုးနွယ်၏ သမားတော်ကို အမြန်စေလွှတ်လိုက်ကြသည်။
သို့သော် အရိုင်းနယ်မြေ၏ ဆေးပညာက အကန့်အသတ်ရှိနေ၏။ ပြင်းထန်သော ဒဏ်ရာကို ရမ်းကုနေခြင်းသည် ဒေါသထွက်ခြင်းနှင့် သွေးဆုံးရှုံးရခြင်းအပြင် မည်သည့်အရာများ ရှိပါဦးမည်နည်း။
၎င်းတို့က ဆေးပင်ကောင်းများကို ဖျော်စပ်၍သာ အသုံးပြုကြရသည်။ နှစ်တစ်ရာဂျင်ဆင်း သို့မဟုတ် လင်ဇီးမှိုတို့က အဆင့်နိမ့် စစ်သည်များအတွက် အလွန်ကောင်းမွန်သော်လည်း သေမျိုးသွေးနယ်ပယ် အဆင့် ၅ စစ်သည်များအတွက်မူ အလွန်ပင် အာနိသင်ကျဆင်းသွားပေ၏။
လျှိုင်မျိုးနွယ် တပ်သားလေ့ကျင့်ရေးစခန်းမှ လူများသည် ဖျော့တော့နေသော တောက်ယွင်ရှောင်းနှင့် အလုပ်များနေသည့် အကြီးအကဲများကို ကြည့်ကာ သနားမိနေကြသည်။
ပြန်တွေးကြည့်လျှင် သခင်လေးလျှိုင် ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ရန် ကျရှုံးခဲ့စဥ်ကလည်း သွေးအန်ခဲ့ချေသည်။ ထိုမြင်ကွင်းက သူတို့၏စိတ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်ပြီး လက်ရှိ တောက်ယွင်ရှောင်း သွေးအန်နေသည့် မြင်ကွင်းနှင့် ဆင်တူလေသည်။
သို့သော် လက်ရှိတွင်မူ သူတို့၏ သခင်လေးလျှိုင်က ပိုမိုဆိုးရွားနေသည်။ သူက ယမန်နေ့ကတည်းကပင် စကားတစ်လုံးမျှ မဆိုတော့ပေ။ သူက ဒုက္ခိတဖြစ်သွားဖို့ရာသာ များနေသည်။
တပ်သားလေ့ကျင့်ရေးစခန်းမှ လူများက ယီယွင်ကို ကြောက်လန့်စွာ ကြည့်လိုက်ကြသည်။ ၁၂ နှစ်အရွယ် ထိုကလေးက ကြောက်မက်ဖွယ်ရာ နတ်ဆိုးတစ်ကောင် ဖြစ်ချေသည်။ သူက အခြားသူများကို သတ်နိုင်သည်အထိ သန်မာခြင်းမရှိသေးလျှင်ပင် သူက အခြားသူများကို တစ်ချက်ပင်မထိဘဲ သေသွားစေခြင်း သို့မဟုတ် ရူးသွားစေခြင်းများ ဖြစ်လာအောင် စွမ်းဆောင်နိုင်သည်။
ထိုစဥ် ယီယွင်က ဆေးတစ်လုံး သောက်လိုက်သည်။ အစိမ်းရောင်ဆေးသည် ပါးစပ်ထဲတွင် အရည်ပျော်သွားကာ မြစိမ်းရောင်အရည်အဖြစ် ပြောင်းလဲသွားပြီး ယီယွင်၏အစာအိမ်ထဲ ရောက်ရှိသွားလေသည်။ ဆေးလုံး၏ အားကောင်းသော ဆေးရနံ့ကြောင့် လူတစ်ဦး၏စိတ် ကြည်လင်သွားရသည်။ ဆေးအဆီအနှစ်များ ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့သွားကာ ချွေးပေါက်များကို ပွင့်သွားစေသည်ဟု သူ ခံစားလိုက်ရသည်။
" ချွေးပေါက်တွေကို အမြန်ပိတ်ထားလိုက် ညီလေးယီ။ ဒီလိုမှမဟုတ်ရင် ဆေးအဆီအနှစ်တွေ ယိုစိမ့်လာလိမ့်မယ်။ ဒါက ပစ္စည်းကောင်းတစ်ခုပဲ " ကျန်းတန်က အကြံပြုလိုက်သည်။ သူက မနာလိုစွာဖြင့် ကြည့်နေရလေ၏။
ယီယွင် ခေါင်းညိတ်ကာ ကျန်းတန်၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သည်။ သူ ချွေးပေါက်များကို ကျုံ့ပစ်ကာ သွေးကြောများကို ရှင်းလင်းပစ်လိုက်ပြီး ဆေးအဆီအနှစ်များကို ခန္ဓာကိုယ်ထဲတွင် လည်ပတ်စေသည်။
သူ၏သွေးကြောများ လန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ညာလက်သည်လည်း စွမ်းအင်များ လွှမ်းခြုံသွားသည့်အလားပင် နွေးထွေးသွားသည်။ ဒဏ်ရာ ယားယံလာလေပြီး စတင်သက်သာလာကြောင်း ယီယွင် သိသွားသည်။
ယီယွင် လေသင်္ဘောအား ကြည့်လိုက်သည်။ ဒဏ်ရာက ဆေးမပါလျှင်ပင် ပျောက်ကင်းလိမ့်မည်ကို သူ သိလေသောကြောင့် သူမကို ကျေးဇူးတင်မိသည်။ သို့သော် လင်ရှင်းထုံက အစိမ်းရောင်ဆေးလုံး ပေးလာခဲ့သည်ကို သူ အမှတ်ရနေပေမည်။
" ညီလေးယီ... မင်း မာကျောမှုခန္ဓာကိုယ်နဲ့ နဂါးပေါင်းစည်းခြင်း အဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်ဖို့အတွက်က အခြားသူတွေထက် စွမ်းအင်တွေ ပိုလိုအပ်လိမ့်မယ်။ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ အစိမ်းရောင်ဆေးလုံး အရည်ပျော်သွားရင် တဖြည်းဖြည်းချင်း သန့်စင်ပါ။ လအနည်းငယ်လောက် အချိန်ယူပြီး စုပ်ယူပါ။ အဲ့ဒီလိုမှမဟုတ်ရင် သက်ရောက်မှုက ဆိုးရွားသွားလိမ့်မယ် " ကျန်းတန်၏ စကားများက ထိန်ချန်ခြင်းမရှိပေ။ ကျန်းတန်အတွက်မူ ယီယွင်က တပည့်တစ်ဦး မဟုတ်တော့လေဘဲ ထိုက်တန်သည့် ဝါစဥ်တူတစ်ဦးသာ ဖြစ်လေသည်။
ယီယွင်၏ အနာဂတ်ရည်မှန်းချက်နှင့် လင်ရှင်းထုံက ယီယွင်အား တန်ဖိုးထားခဲ့ခြင်းများက ထိုအနေအထားသို့ ရောက်သွားစေခဲ့ခြင်း ဖြစ်လေသည်။
တောက်မျိုးနွယ်ထဲတွင် ဟူရာ တစ်ဦးတည်းကသာ ကျန်းတန် အနည်းငယ်မျှ အာရုံစိုက်ရန် ထိုက်တန်လေသည်။ ယင်းက အနည်းငယ်မျှသာ ဖြစ်လေ၏။ တောက်ယွင်ရှောင်းကိုမူ ကျန်းတန်က အရေးပင်မစိုက်ပေ။
" ညီလေးယီ... မနက်ဖြန် မင်္ဂလာအချိန်မှာ ငါက မင်းကို ပြည်ထောင်မြင်းစစ်သည်ဘွဲ့ အပ်နှင်းပေးမယ်။ တရားဝင် အပ်နှင်းပွဲအခမ်းအနားကိုတော့ အရိုင်းနယ်မြေ အပြင်ဘက်က ကျင်းလုံဝေ့စခန်းမှာပဲ လုပ်ပေးမယ်။ မနက်ဖြန်ကျရင် ငါက မင်းကို ပြည်ထောင်မြင်းစစ်သည် တံဆိပ်ပြားတစ်ခု ၊ ခန့်အပ်လွှာနဲ့ မင်းကို အပိုင်စားပေးတဲ့ နယ်မြေကို ပေးမယ် "
ကျန်းတန်က ယီယွင်၏ပခုံးကို ပုတ်ကာ..." ကြိုးစားပါ။ အရှေ့အရပ်က ခရမ်းရောင်လေကို ဆွဲဆောင်နိုင်တာအပြင် မိန်းကလေးလင်ကလည်း မင်းကို တန်ဖိုးထားတယ်ဆိုတော့ မင်းမှာ တောက်ပတဲ့အနာဂတ် ရှိနေပြီ။ အဲ့ဒီအချိန်ကျရင် ဒီအစ်ကိုကြီးက ညီလေးယီကို အားကိုးမှီခိုရလောက်တယ် "
ကျန်းတန် အားရပါးရ ရယ်လိုက်သည်။ သူက ယီယွင်ကို နာမ်စားသုံးခဲ့ပုံမှာ သူနှင့်ဂုဏ်ရည်တူသူဟု သတ်မှတ်ထားခဲ့ခြင်း ဖြစ်လေသည်။
ကျန်းတန်က ကျင်းလုံဝေ့၏ ထောင်စုမှူးတစ်ဦးဖြစ်ပြီး ယီယွင်ကမူ ပြည်ထောင်ရွေးချယ်ပွဲကို အောင်မြင်ပြီးခါစသာ ဖြစ်သည့်တိုင်အောင် ဂုဏ်ရည်တူသူအဖြစ် သတ်မှတ်ခံနေရသည်။ သို့သော် ကျန်းတန်က မြင်းစစ်သည်တစ်ဦးဖြစ်ပြီး ယီယွင်ကလည်း ထို့အတူသာ ဖြစ်လေသောကြောင့် ထိုကိစ္စက အံ့ဩစရာမရှိပေ။ သူတို့က တူညီသော မင်းမျိုးအဆင့်၌ ရှိနေကြသည်။
တောက်မျိုးနွယ်မှ အကြီးအကဲများမှာ ထိုအဖြစ်ကိုမြင်ကာ တံတွေးမျိုချလိုက်ကြရသည်။ ကျန်းတန်၏ အဆင့်အတန်းသည် အကြီးအကဲများကပင် အရိုအသေပေးရလေ၏။ ယခုတွင်မူ ကျန်းတန်က ယီယွင်အား ပခုံးပုတ်၍ ညီလေးယီဟု တဖွဖွခေါ်နေလေပြီး သူ့ကိုယ်သူအား အစ်ကိုကြီးဟုပင် အမည်တပ်ပေးနေချေသည်။
ယင်းသည် ကျန်းတန်က ယီယွင်ကို ညီအစ်ကိုဟု အသိအမှတ်ပြုထားကြောင်း ဆိုလိုနေလေ၏။ ကျန်းတန်၏ညီအစ်ကိုက တူညီသောအဆင့်တွင် ရှိနေရမည်။ တောက်မျိုးနွယ် အကြီးအကဲများအဖို့ ယီယွင်ကို မည်သို့များ မျက်နှာချင်းဆိုင်ရပါတော့မည်နည်း။
အတိတ်တွင် သူတို့က လျှိုင်မျိုးနွယ်ကဲ့သို့ မျိုးနွယ်ငယ်များဆီသို့ မော်ကြွားစွာဖြင့် အလည်အပတ်သွားခဲ့ကြသည်။ မျိုးနွယ်ငယ်များ၏ ခေါင်းဆောင်များက သူတို့ကို လူကိုယ်တိုင် လာရောက်တွေ့ဆုံကာ ရိုသေးလေးစားပြကြရသည်။ သူတို့ ခြေထောက်ဆန့်ပေးလျှင် လူပေါင်းများစွာက ဝိုင်းလျက်ကြပေလိမ့်မယ်။
မျိုးနွယ်ငယ်များမှ သာမန်လူများအတွက်မူ သူတို့ကို ချစ်ခင်လေးစားခွင့်ရရန်ပင် မထိုက်တန်ပေ။ ယခုတွင်မူ ဘာကောင်မျှမဟုတ်သည့် ယီယွင်က ကျန်းတန်နှင့် ဂုဏ်ရည်တူသွားချေပြီ။ သူတို့က ယီယွင်ကိုတွေ့လျှင် ဦးညွတ်ရပေတော့မည်လော။
၁၂ နှစ်အရွယ် ကလေးတစ်ဦးကို ဦးညွတ်ပေးရမည်ဖြစ်ကြောင်း တွေးမိလိုက်ချိန်တွင် အကြီးအကဲများ ကယောင်ကယင်ဖြစ်သွားကြရ၏။
" ငါတို့က အပြစ်ပြုလို့မရရင်တောင် ပုန်းနေလို့တော့ ရတယ်မလား "
အကြီးအကဲများ စိတ်ပိုင်းဖြတ်လိုက်ကြသည်။ အနာဂတ်တွင် သူတို့က ယီယွင်ကို မြင်သည်နှင့် အခြားလမ်းမှ ပြောင်းကာသွားကြမည်။ ယင်းသည် ယီယွင်ကို ရိုးကျိုးစွာဖြင့် စကားပြောနေရသည်ထက် နေသာထိုင်သာ ပိုရှိလေသည်။
လေသင်္ဘောပေါ်မှ အဖိုးအိုစုက ရင်နာနေသည့် အသွင်ဖြင့် မုတ်ဆိတ်အား သပ်နေသည်။ ဟုတ်သည်။ သူက အစိမ်းရောင်ဆေးနှစ်လုံး ထုတ်ပေးခဲ့ရ၍ ရင်နာနေသည်။
စုကျဲ၏နံဘေးတွင် ရပ်နေသည့် လင်ရှင်းထုံမှာ ပြောစရာမဲ့နေရ၏။ ယင်းက ဆေးနှစ်လုံးသာ ဖြစ်ချေ၏။
" ဆရာက အစိမ်းရောင်ဆေး တစ်ဖိုစာလောက်ကို ထမင်းတစ်ခါစားချိန်အတွင်း လုပ်နိုင်တာပဲလေ " အဖိုးအိုစုက ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး ဖြစ်သည့်အပြင် ဆေးပညာရှင်တစ်ဦးလည်း ဖြစ်လေသည်။
အဖိုးအိုစုက နှုတ်လှန်ထိုးသည်..." ဘာပြောတယ်။ အစိမ်းရောင်ဆေး တစ်ဖိုစာလောက်တဲ့လား။ ဆေးဖော်ဖို့အတွက် ပါဝင်ပစ္စည်းတွေ လိုအပ်တယ်ကွ။ မီးလည်း လိုအပ်သေးတယ်။ ငါ အသုံးပြုတဲ့မီးက မြေနှလုံးလီမီးတောက်ကွ။ ပြီးတော့ ငါက မီးအစီအရင်နဲ့ ပျက်စီးခြင်းအရိုးစွမ်းအင်တွေလည်း လိုအပ်တယ်။ ကျင့်ကြံဖို့အတွက် အရင်းအမြစ်တွေ အများကြီးလိုအပ်တာကြောင့် ငါတို့က ချွေတာဖို့လိုတယ်။ အဲ့ဒီခွေးကောင်လေးက လက်ကိုပဲ အခုတ်ခံရတာဆိုတော့ ကျင်းလုံဝေ့ရဲ့ ဆေးတွေနဲ့ဆို အဆင်ပြေတယ်လေကွာ။ ဒါကိုတောင် အစိမ်းရောင်ဆေးလုံး အသုံးပြုတာက ဖြုန်းတီးတာပဲ "
အဖိုးအိုစုက စောဒကတက်လိုက်သည်။ သူတို့ တွေ့ဆုံခဲ့ချိန်တွင် အဖိုးအိုစုက ယီယွင်နှင့် စကားများခဲ့သည်။
လင်ရှင်းထုံ ငိုရခက် ရီရခက်ဖြစ်နေပြီး နှုတ်ဆိတ်၍သာ နေခဲ့လေသည်။
" ရှင်းထုံ... အဖိုးကြီး အမတ်ဝမ်ယွင်က အစီအရင်ချပြီးသွားပြီ။ ရှေးဟောင်းအစီအရင်ကို ဖွင့်ဖို့အတွက် အမတ်ဝမ်ယွင်ကို ကူညီပေးဖို့ ငါ မနက်ဖြန်ကျ ထွက်ခွာရမယ်။ ရှေးဟောင်းဆန်းကြယ်နယ်မြေက အန္တရာယ်တွေ ရောပြွန်းနေတယ်။ ငါ မင်းကို ခေါ်မသွားနိုင်ဘူး။ ရက်အနည်းငယ်လောက်တော့ မင်းတစ်ယောက်တည်း ဖြစ်နေလိမ့်မယ်။ မင်း သတိထားရမယ်။ မင်း အန္တရာယ်ကြုံလာရင် ငါ မင်းကိုပေးထားတဲ့ အကာအကွယ်အဆောင်ကို အသုံးပြုလိုက် "
အဖိုးအိုစု၏ အလေးအနက်စကားကြောင့် လင်ရှင်းထုံက ခေါင်းညိတ်ကာ.... " ဟုတ်ကဲ့... ဆရာ စိတ်ချပါ "
...............................
" ပြည်ထောင်ရွေးချယ်ပွဲ သေမျိုးသွေးနယ်ပယ်မှာ ယီယွင်က ပထမရတယ်လို့ ငါ ကြေညာတယ်။ သူက ကျင်းလုံဝေ့ရဲ့ လက်ရွေးစင်တစ်ဦးဖြစ်လာပြီး ပြည်ထောင်မြင်းစစ်သည်ဘွဲ့ အပ်နှင်းခံရမယ် " ကျန်းတန်က ကြေညာပေးလိုက်သည်။
တောက်ယွင်ရှောင်းကို မျိုးနွယ် အကြီးအကဲများက သယ်သွားခဲ့ပေပြီ။
ကြည့်ရှုနေကြသူများ ခံစားနေရသည်ကို ဖော်ညွှန်းမရပေ။ တောက်မျိုးနွယ်မှ လူများက အမြဲတမ်းလိုပင် ဝင့်ကြွားခဲ့ကြသည်။ မိုင်ထောင်ချီပတ်လည် ဒေသတစ်ဝန်းတွင် သူတို့ အကြွင်းမဲ့ဘုရင်များ ဖြစ်ခဲ့ကြသော်လည်း ယခုတွင်မူ ကျန်းတန်၏စကားများကြောင့် သူတို့၏ ဝင့်ကြွားမှုများ ပြိုကွဲခဲ့ရသည်။
" ညီလေးယီ... ကျင်းလုံဝေ့က တိမ်ရိုင်းနယ်မြေထဲမှာ တာဝန်တစ်ခု လုပ်ရဦးမယ်။ ငါတို့က အတော်ကြာအောင် နေရဦးမှာဆိုတော့ မင်းကို ဗဟိုဒေသမှာရှိတဲ့ ကျင်းလုံဝေ့စခန်းဆီ ခေါ်မသွားနိုင်သေးဘူး။ ဒါကြောင့် မင်းကို အပ်နှင်းပေးထားတဲ့ဘွဲ့က ယာယီပဲရှိသေးတယ်။ မင်းက ကျင်းလုံဝေ့စစ်တပ်နဲ့အတူ အရိုင်းနယ်မြေထဲမှာ အချိန်ခဏလောက် နေလို့ရတယ် "
" ကျွန်တော်က ထောင်စုမှူးကျန်း စီစဥ်ပေးထားသလို နေပါ့မယ် " ယီယွင်က ငြင်းဆိုခြင်းမရှိဘဲ ဆိုသည်။
ကျန်းတန် ခေါင်းညိတ်လိုက်သည်။ အဆုံးတွင်မူ သူသည် ယီယွင်နှင့်လင်ရှင်းထုံ မည်သို့ပတ်သတ်နေကြောင်း မေးမြန်းခြင်းမပြုခဲ့ပေ။
လင်ရှင်းထုံကဲ့သို့ လူတစ်ဦးအား မရှုပ်သင့်သည်ကို ကျန်းတန် သိသည်။ လင်ရှင်းထုံက ယီယွင်အား ဆေးလုံးပေးခဲ့သည့် ကိစ္စကိုပင် သူ တာဝန်ခံပေးရမည်။ လင်ရှင်းထုံက သူ့အား ပြောကြားခဲ့သည့် စကားများကိုပင် ထုတ်ပြောမည်မဟုတ်ပေ။
လင်ရှင်းထုံက ထိုကိစ္စအား လူမသိစေလိုသည်ကို ကျန်းတန် ခပ်ရေးရေး သဘောပေါက်သည်။ လင်ရှင်းထုံက ထိုဆေးများကို သူ့အား ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားမည်ဟု ကျန်းတန်က ဆုံးဖြတ်ထားသည်။ သူကသာ ထိုဆေးများကို ယီယွင်အား ပေးပစ်လိုက်ခြင်းပင်။
လင်ရှင်းထုံ၏ နောက်ကွယ်မှ အင်အားများက ရှုပ်ထွေးလှကြောင်းကို ကျန်းတန် ဝိုးတဝါးသိသည်။ ပြည်ထောင်၏ ရာထူးမြင့်ပိုင်းများပင် စိတ်ပူကြရသည်။ သူကဲ့သို့ ငါးဖားလောင်းတစ်ကောင် ဝင်ပါသင့်သည့် အရာမျိုး မဟုတ်ပေ။
ယခင်ကလည်း လင်ရှင်းထုံက အိမ်ရှေ့စံမင်းသမီး ဖြစ်လာသည်ဟု ကောလဟာလတစ်ခု ထွက်ခဲ့ဖူးသည်။ ကောလဟာလက အမှန်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ပင်ဖြစ်စေ သတိကပ်ထားသည်ကသာ ပိုကောင်းသည်။ ထို့ကြောင့် ကျန်းတန်က လင်ရှင်းထုံ အခြားသူများနှင့် ပတ်သတ်နေသည်ကို အတင်းပြောမည်မဟုတ်ပေ။
ကျန်းတန် ယီယွင်ကို ဆေးလုံးပေးခဲ့စဥ်က လင်ရှင်းထုံသည် သူ့အား ဆေးလုံးများကို ယီယွင်ဆီသို့ တိုက်ရိုက်ပေးရန် အသံပို့လွှတ်ကာ ပြောကြားခဲ့သည်။ ထိုအကြောင်းကို အခြားသူများ မသိစေရန်လည်း ကာကွယ်ရပေမည်။