← Chapters

တောက်ယွင်ရှောင်လည်း သွေးအန်ရပြီ

Vol. 9 Ch. 122

တောက်ယွင်ရှောင်လည်း သွေးအန်ရပြီ

Vol. 9 Ch. 122

ပေပေါင်းရာချီအမြင့်မှ ပြုတ်ကျလျှင် ချီစုဆောင်းမှုနယ်ပယ် အထွတ်အထိပ်အဆင့် စစ်သည်တစ်ဦးပင် သေရပေလိမ့်မည်။ ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးအဖို့ မသေသည့်တိုင်အောင် အလွန်အရှက်ရဖွယ်ရာ ရလဒ်တစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော် ထိုမိန်းကလေးကမူ ဖြည်းညှင်းစွာ လမ်းလျှောက်လာနေလျက်ရှိပြီး မမြင်ရသော လက်တစ်စုံက သူမကို ဖေးမပေးထားသည့်အလားပင်။

" ဒါ...ဒါ... သူ ပျံနိုင်တာလား " အရိုင်းနယ်မြေမှ လူများ အံ့အားသင့်နေကြသည်။ သူတို့သည် လူများ သိမ်းငှက်များစီးကာ ကောင်းကင်ထက်တွင် ပျံသန်းသည်ကို မြင်ဖူးကြသည်။ ယနေ့တွင်မူ အသွေးအသားနှင့် လူတစ်ဦး ပျံသန်းနေသည်ကို သူတို့ မြင်ခဲ့ရလေ၏။

မည်ကဲ့သို့ နည်းလမ်းမျိုးပေနည်း။ ယင်းအရာကို မကြားဖူးပေ။

သာမန်လူများ မျက်လုံးအပြူးသား ဖြစ်နေကြသည်။ တောက်မျိုးနွယ်၏ ဘိုးဘေးနှင့် အကြီးအကဲများကမူ ထိုသည်က မည်သည့်နယ်ပယ်ဖြစ်ကြောင်း ဝိုးတဝါးသိကြသည်။

ဤလောကကြီးတွင် စစ်သည်တစ်ဦးက သေချာသောအဆင့်တစ်ခုသို့ ရောက်ရှိသွားလျှင် ကောင်းကင်၌ ပျံသန်းနိုင်သည်။ ထိုနယ်ပယ်က သူတို့ နားလည်နိုင်သည်ထက် ကျော်လွန်နေသည်။ အနည်းဆုံးအနေဖြင့် ခရမ်းသွေးနယ်ပယ် စစ်သည်များ အောင်မြင်နိုင်သည့် အရာမျိုး မဟုတ်ချေ။

ထိုကောင်မလေးက ခရမ်းသွေးနယ်ပယ်ထက် ကျော်လွန်နေလေသလော။ သို့သော် သူမ၏အသက်က ဆယ်ကျော်သက်အရွယ်သာ ရှိနေသေးချေသည်။ ဆယ်ကျော်သက်အရွယ်နှင့်ပင် ခရမ်းသွေးနယ်ပယ်ထက် ကျော်လွန်နေသည်တဲ့လား။ ထိုအရာက ဖြစ်နိုင်ပါ၏လော။

တောက်မျိုးနွယ် အကြီးအကဲများ တစ်ဦးပြီးတစ်ဦး မတ်တက်ရပ်လာကြသည်။ တောက်မျိုးနွယ်သို့ လူချမ်းသာနှစ်ဦး ရောက်လာကြသည်ကို သူတို့ သိထားကြသော်လည်း ၎င်းတို့၏ သရုပ်မှန်ကိုမူ မသိကြရပေ။ ယနေ့တွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက ကောင်းကင်ထက်တွင် ပျံသန်းနေသည်ကို သူတို့ မြင်လိုက်ကြရသည်။

ထိုမိန်းကလေးက မည်သူပေနည်း။

တောက်မျိုးနွယ်မှ အကြီးအကဲများမှာ ဆန်းကြယ်သော မိန်းကလေးကို ကြည့်နေရင်းဖြင့် ကြီးမားသောဖိအားတစ်ခု ခံစားလာရသည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးအတွက် တောက်မျိုးနွယ်က သေးနုပ်လွန်းသည်။

​ထောင်သောင်းချီသော မျက်ဝန်းများက ထိုမိန်းကလေးကို အာရုံစိုက်နေကြသည်။ သူတို့အားလုံး အံ့အားသင့်တုန်လှုပ်နေကြ၏။ ဤရက်အနည်းငယ်အတွင်း သူတို့ အကြိမ်ပေါင်းမနည်း အံ့အားသင့်ခဲ့ရသည်။ ပထမဆုံးအနေဖြင့် ယီယွင် ထွန်းတောက်လာခဲ့ကာ တောက်မျိုးနွယ်၏ ပါရမီရှင်အားလုံးကို လွှမ်းမိုးသွားခဲ့သည်။ ထို့နောက်တွင်မူ ဤမိန်းကလေး ဆယ်ကျော်သက်အရွယ်သာ ဖြစ်သော်လည်း ပျံသန်းနိုင်နေချေသည်။

သေးသွယ်သော မိန်းကလေးက တင့်တယ်စွာရပ်နေလျက်ရှိပြီး နတ်သမီးတစ်ပါး ကောင်းကင်မှ ဆင်းသက်လာသည့်ပမာ ဖြစ်နေသည်။ သူမ၏မျက်နှာတွင် ပဝါတစ်ထည် အုပ်ထားပြီး ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်ထားသည်။ သို့တိုင်အောင်ပင် ပဝါအောက်၌ မှင်တက်မိဖွယ်ရာ အလှတရားတစ်ခု ရှိနေလိမ့်မည်ကို လူအများ ခန့်မှန်းမိကြသည်။

အမှန်တကယ်တွင် လင်ရှင်းထုံက မျက်နှာဖုံး တပ်လေ့မရှိပေ။ သို့သော် သူမက လူပေါင်းများစွာ၏ရှေ့တွင် မျက်နှာပြသလိုခြင်း မရှိချေ။

သူမ ကောင်းကင်မှ ဆင်းလာချိန်တွင် ယီယွင်ကို တစ်ချက်ပင်မကြည့်ခဲ့ပေ။ သူမက ယီယွင်ကို မသိသည့်အလားပင်။ ယီယွင်က နှာခေါင်းပွတ်နေပြီး အဘယ့်ကြောင့်ဖြစ်သည်ကို သိချင်နေသည်။ လင်ရှင်းထုံက အဘယ့်ကြောင့် ဆင်းလာရလေသနည်း။ ယီယွင်၏အမြင်အရ လင်ရှင်းထုံကဲ့သို့ ထူးခြားသော မိန်းကလေးတစ်ဦးက လူအများရှေ့တွင် မျက်နှာမပြလိုပေ။ ထို့အပြင် ဤနေရာက တိမ်ရိုင်းနယ်မြေထဲရှိ အလတ်တန်းစား မျိုးနွယ်တစ်ခုသာဖြစ်ပြီး မသိနားမလည်သူများ ပေါများလေသည်။ ဤကဲ့သို့ လုပ်ရပ်မျိုးက သူမအတွက် အဆင့်နိမ့်ကျစေသည်။

ဒဏ်ရာအပြင်းအထန် ရရှိထားသည့် တောက်ယွင်ရှောင်းကလည်း လင်ရှင်းထုံကို မမှိတ်မသုန် ကြည့်နေလေ၏။ သူက ဒဏ်ရာပြင်းထန်သော်လည်း သတိမလစ်ခဲ့ပေ။ ယီယွင် လုပ်ဆောင်ခဲ့သည့် စိတ်ထိခိုက်ရမှုက သူ့အတွက် ကြီးမားလွန်းနေခြင်းကြောင့် စိတ်ဓာတ်ကျနေရသဖြင့် သတိလစ်သည့်ပမာ လှုပ်ရှားမှုကင်းမဲ့နေခြင်း ဖြစ်လေ၏။

ယခုတွင် လင်ရှင်းထုံက လေသင်္ဘောပေါ်မှ ဆင်းလာခဲ့လေသောကြောင့် သူ ရုတ်တရက်ပင် နိုးထလာခဲ့သည်။ သူ သွေးအန်ခြင်းရပ်သွားကာ လန်းဆန်းလာသည်။ သူ ခေါင်းထောင်လာကာ လူးလဲ၍ပင် ထလာလေ၏။

လင်ရှင်းထုံသည် တောက်ယွင်ရှောင်း ချစ်ခင်မြတ်နိုးရသည့် နတ်ဘုရားမတစ်ပါး ဖြစ်လေသည်။ နတ်ဘုရားမ ဆင်းသက်လာသည်ဖြစ်ရာ လက်ရှိ သူ၏အခြေအနေက သူမ၏ရှေ့တွင် ရှက်ဖွယ်ကောင်းလွန်းနေသည်။

လင်ရှင်းထုံ အဘယ့်ကြောင့် ရောက်လာသည်ကို တောက်ယွင်ရှောင်း သေချာမသိပေ။ သူမက သိုလှောင်ခါးပတ်အား ပွတ်ကာ အဖြူရောင်ပုလင်းတစ်လုံး ထုတ်ယူလိုက်သည်ကို သူ မြင်လိုက်ရသည်။

လင်ရှင်းထုံက ယီယွင်ကို မကြည့်သလို တောက်ယွင်ရှောင်းကိုလည်း များစွာမကြည့်ပေ။ ထိုကောင်က သူမကို ဖားတစ်ကောင်ပမာ တပ်မက်နေလေသောကြောင့် သူမက တောက်ယွင်ရှောင်းအား အမြင်မကြည်ပေ။

သူမက လက်ချောင်းအား အသာယမ်းလိုက်ရာ အဖြူရောင်ပုလင်းသည် ကျန်းတန်ဆီသို့ ပျံသန်းသွားလေ၏။ ကျန်းတန်က အဖြူရောင်ပုလင်းအား ဖမ်းယူလိုက်သည့်တိုင် ဇဝေဇဝါဖြစ်နေဆဲပင်။

လင်ရှင်းထုံက နှုတ်ခမ်းအား အသာလှုပ်ကာ စကားလုံးအချို့ ပို့လွှတ်လိုက်သည်။ ထို့နောက်တွင် သူမ လေသင်္ဘောဆီသို့ ပြန်လည်ပျံသန်းသွားခဲ့လေ၏။

အနီရောင်ကောင်းကင်တွင် သူမ၏အဖြူရောင်အဝတ်များကြောင့် မြင်ကွင်းအား ပိုမိုလှပသွားစေလေသည်။

လူအများ တုန်လှုပ်ဟန်များဖြင့် ရှိနေကြသည်။ သူမက လူသားတစ်ဦးပေလော ၊ နတ်သမီးတစ်ပါးပေလော။

ကျန်းတန် ပုလင်းအားကိုင်ကာ ငေးငိုင်နေဆဲပင်။ သူ အဖုံးကို တွန့်ဆုတ်စွာ ဖွင့်လိုက်သည်။ အစိမ်းရောင်ဆေးနှစ်လုံး ထွက်ကျလာခဲ့ပြီး သင်းရနံ့များက သူ၏နှာခေါင်းဝတွင် ရစ်ဝဲသွားခဲ့သည်။

ကျန်းတန် တံတွေးမျိုချလိုက်၏။

သူမက ဆရာသခင်ဆုကျဲ၏တပည့် ဖြစ်ထိုက်လေသည်။ သူမက လင်မိသားစု၏ ပုလဲတစ်လုံး ဖြစ်လေ၏။ တစ်ရက်တွင် သူမက တိုင်အာနတ်ပြည်ထောင်၏ အိမ်ရှေ့စံကြင်ရာတော် ဖြစ်လာမည့် ထူးခြားသောမိန်းကလေးတစ်ဦး ဖြစ်လေသည်။

သူမက အစိမ်းရောင်ဆေးနှစ်လုံးကို ထုတ်ပေးခဲ့လေ၏။ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ကုသရေးအတွက် ထိုမျှတန်ဖိုးကြီးသော ဆေးများ အသုံးပြုသည်မှာ ဖြုန်းတီးခြင်းသာ ဖြစ်လေသည်။

မိန်းကလေး လေသင်္ဘောပေါ်သို့ ပြန်ရောက်သွားပြီးနောက်တွင် လူအများ၏ အာရုံများက ထိုမိန်းကလေး ချန်ထားခဲ့သည့် အဖြူရောင်ပုလင်းထံသို့ ရောက်ရှိသွားခဲ့သည်။ ပုလင်းထဲတွင် ဆေးအချို့ ရှိနေလိမ့်မည်ကို သူတို့ မှန်းဆထားခဲ့ပြီး ဖြစ်သည်။ ထိုဆေးက အလွန်ပင် တန်ဖိုးကြီးရပေမည်။

မိန်းကလေး၏စွမ်းအားနှင့် အဆင့်အတန်းတို့အရဆိုလျှင် သူက ထုတ်ပေးလာသည့်အရာက သာမန်မဖြစ်လောက်ပေ။ ကျင်းလုံဝေ့၏ ထောင်စုမှူးတစ်ဦးဖြစ်သည့် ကျန်းတန်၏ အမူအရာကိုပင် ပျက်ယွင်းသွားစေသည့် ဆေးတစ်လုံးက တန်ဖိုးနဂ္ဃထိုက်လောက်သည်။

တောက်မျိုးနွယ် အကြီးအကဲများ မနာလိုဖြစ်သွားရသည်။ လင်ရှင်းထုံ လေသင်္ဘောပေါ်မှ ဆင်းသက်လာပြီး ပေးလာခဲ့သည့် ဆေးများက ဒဏ်ရာများအတွက်ဖြစ်ကြောင်း သံသယရှိရန်မလိုပေ။

အဘယ့်ကြောင့် လင်ရှင်းထုံက ထိုသို့လုပ်ခဲ့သည်ကို သူတို့ မသိပေ။ သို့သော် ဆေး၏တန်ကြေးကမူ သံသယဖြစ်စရာမရှိပေ။ ဆေးနှစ်လုံးထဲမှ တစ်လုံးအား တောက်ယွင်ရှောင်းကို ပေးခဲ့မည်ဆိုလျှင် သူ၏ဒဏ်ရာများ ပိုမိုလျင်မြန်စွာ သက်သာလာပေလိမ့်မည်။ သွေးများ ဆုံးရှုံးထားရလျှင်ပင် လျင်မြန်စွာ ပြန်လည်တိုးပွားလာပေလိမ့်မည်။ ထို့နောက်တွင် ဒဏ်ရာများက အသေးဆုံးသက်ရောက်မှု ဖြစ်သွားပေလိမ့်မည်။

ဘိုးဘေးနှင့် မဟာအကြီးအကဲတို့ မျှော်လင့်တကြီး ဖြစ်နေကြလေ၏။ ဆေးများအား ခွဲဝေမည်လားကို သူတို့ မသိကြသော်လည်း တစ်ဦးလျှင် တစ်လုံးကျ ဖြစ်ဟန်ရှိသည်။

အဖြူဝတ်မိန်းကလေးက သူတို့ကို အဘယ့်ကြောင့် ကယ်တင်ခဲ့လေသနည်း။ ယုတ္တိရှိစွာဆိုရလျှင် တောက်ယွင်ရှောင်းက ထိုမိန်းကလေးနှင့် မရင်းနှီးပေသောကြောင့် သူမက သူ့ကို ကယ်တင်ပေးစရာအကြောင်း မရှိပေ။

ထို့အပြင် ယီယွင်၏နောက်ခံကလည်း ဆိုးရွားလေသည်။ သူက မျိုးနွယ်ငယ်တစ်ခုမှ သူရဲဆင်းတစ်ဦးသာ ဖြစ်လေသောကြောင့် ထူးခြားလှ​သော ထိုမိန်းကလေးနှင့် သိကျွမ်းနိုင်မည့်ပုံ ရှိမနေပေ။ ထို့ကြောင့် ထိုမိန်းကလေးက ဆေးများကို ယီယွင်အတွက် ချန်ထားပေးခဲ့ခြင်းလည်း ဖြစ်ဟန်မရပေ။

အဖြူဝတ်မိန်းကလေးက ကြင်နာတတ်၍သာ ဖြစ်ရပေမည်။ သူမက ၎င်းတို့ ထိခိုက်သွားခဲ့သည်ကို မြင်တွေ့သွားကာ ၎င်းတို့ကို ကုသပေးရန်အတွက် တန်ဖိုးကြီးဆေးများ ချန်ထားပေးရန် ဆုံးဖြတ်ခဲ့သည်သာ ဖြစ်ရပေမည်။

နောက်ဆုံးတိုက်ပွဲတွင် တောက်ယွင်ရှောင်းက ရှုံးခဲ့ရသော်လည်း တိုက်ပွဲထဲတွင် အနိုင်ရရှိရေးအတွက် ကိုယ်ပိုင်သွေးများကိုပင် အသုံးပြုကာ ရဲရင့်စွာတိုက်ခိုက်ခဲ့သည်။ ထိုအပြုအမူက အဖြူဝတ်မိန်းကလေး၏ စိတ်နှလုံးကို လှုပ်ခါမိသွားခဲ့ပြီး ဆေးများပေးလာခဲ့သည်လည်း ဖြစ်နိုင်ခြေရှိသည်။

တောက်မျိုးနွယ်မှ အကြီးအကဲများသည် ရှင်းလင်းချက်မျိုးစုံ တွေးနေကြသော်လည်း သူတို့အတွက်မူ ထိုအရာက အရေးမပါပေ။ အရေးကြီးသည်မှာ ဆေးရောက်လာပြီဖြစ်၍ တောက်ယွင်ရှောင်း အန္တရာယ်မရှိတော့ခြင်းပင်။

မြေပြင်တွင် လဲကျနေသည့် တောက်ယွင်ရှောင်းမှာ မျှော်လင့်ချက်များ ရရှိလာသည်။ သူ့အား ကယ်တင်ရန်အတွက် နတ်သမီးတစ်ပါး မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ချေ၏။

" ဒါသိပ်ကောင်းတယ် "

" ဒီဆေးတွေနဲ့ဆိုရင် ငါ မြန်မြန်သက်သာလိမ့်မယ်။ ငါ သက်သာလာရင် ကြိုးစားကျင့်ကြံမယ်။ ငါ လအနည်းငယ်အတွင်းမှာ ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်ပြီးတော့ ဒီမျိုးမစစ်လေးကို အနိုင်ယူပစ်မယ် "

" ဒီကောင် ပြန်ပေးဆပ်ရအောင် ငါလုပ်မယ် "

တောက်ယွင်ရှောင်း စိတ်ထဲတွင် ဟစ်ကြွေးနေသည်။ ထိုစဥ်တွင် ကျန်းတန်က လက်ထဲတွင် ဆေးများကိုင်ထားကာ ပြိုင်ကွင်းထဲသို့ ဝင်လာလေ၏။

ကျန်းတန် ပဟေဠိဖြစ်နေဆဲပင်။ ထိုကောင်လေးနှင့် နတ်မိမယ်လင်တို့က မည်သည့်ပတ်သတ်မှုများ ရှိနေလေသောကြောင့် နတ်မိမယ်လင်က ထိုကောင်လေးကို မျက်နှာသာပေးနေရလေသနည်း။ ထိုကောင်လေးက လက်အား ဓားခုတ်မိခြင်းမျှသာဖြစ်ပြီး ထိုသို့ဒဏ်ရာမျိုးက သာမန်ဆေးဝါးများနှင့်ပင် ရက်အနည်းငယ်အတွင်း သက်သာလာနိုင်သည်။ အလွန်ဆုံးအနေဖြင့် ရက်ပေါင်းများစွာ လေ့ကျင့်ခန်းမလုပ်နိုင်သည်သာ ဖြစ်လာပေလိမ့်မည်။ အစိမ်းရောင်ဆေးကို အသုံးပြုသည်မှာ ပုံကြီးချဲ့နေခြင်းသာ ဖြစ်ချေ၏။

နတ်မိမယ်လင်က ထိုကောင်လေးနှင့် တစ်ခုခုပတ်သတ်နေလေသလော။

ထိုကိစ္စကလည်း ဖြစ်နိုင်ဟန်မရှိပေ။ ယီယွင်က မျိုးနွယ်ငယ်တစ်ခုမှ ဆေးပင်တူး ကလေးတစ်ဦးသာ ဖြစ်လေ၏။ သူ ဆေးပင်တူးရင်း နတ်မိမယ်လင်နှင့် ဆုံမိခဲ့ရလျှင်ပင် ပတ်သတ်မှုများစွာ ရှိနိုင်မည်မဟုတ်ပေ။

လင်ရှင်းထုံကဲ့သို့ အဆင့်အတန်းမျိုး ရှိနေသူတစ်ဦးအတွက်မူ ယီယွင်ကို ဆိုမထားနှင့် ကျန်းတန်သည်ပင် ပိုးဖလံတစ်ကောင်သာ ဖြစ်ချေသည်။ သူ တိမ်ရိုင်းနယ်မြေထဲတွင် တာဝန်ကျခဲ့ပြီး စုကျဲအား စာပေးရမည့်ကိစ္စမျိုး မရှိခဲ့ပါက လင်ရှင်းထုံနှင့် ပတ်သတ်မိနိုင်မည်ပင် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ လင်ရှင်းထုံက ယီယွင်ကို ဆေးပေးခဲ့သည်ဖြစ်ပြီး ယီယွင်က လင်ရှင်းထုံအတွက် အတော်ပင်အရေးပါသည်ဟု သက်သေပြနေလျက်ရှိသည်။

" ဒီအတိုင်းဆို ငါ ယီယွင်ကို ပိုလေးစားပြရမယ် "

ကျန်းတန် တွေးနေရင်းဖြင့်ပင် ပြိုင်ကွင်းအနီးသို့ ရောက်လာခဲ့သည်။

တောက်ယွင်ရှောင်းက ပြိုင်ကွင်းထောင့်နားတွင် ရှိနေသည်ဖြစ်ပြီး ကျန်းတန် ပြိုင်ကွင်းဆီသို့ ရောက်ရှိရန်အတွက် တောက်ယွင်ရှောင်းကို ဖြတ်သွားရပေမည်။

တောက်ယွင်ရှောင်း မျှော်လင့်မိနေသည်။

ကျန်းတန်က နီးသည်ထက် ပိုနီးလာခဲ့၏။ တောက်ယွင်ရှောင်းက ကျန်းတန်၏လက်ထဲမှ ပုလင်းအား မမှိတ်မသုန် ကြည့်နေသည်။ သူ ရင်ခုန်နှုန်းမြန်ကာ စိတ်လှုပ်ရှားလာ၏။ သူသည် ပုလင်းထဲမှ ဆေးရနံ့များကိုပင် ရနေသည်။ ရနံ့က သူ့အား လန်းဆန်းသွားစေသည့်အလားပင် ခံစားရပိုကောင်းလာခဲ့သည်။ ထိုဆေးမျိုးသည် သူ၏သွေးများကို ပြန်လည်ဖြည့်တင်းပေးစေမည်သာမက ပိုမို၍ပင် ကောင်းမွန်သွားစေနိုင်လောက်သည်။

" မိုးကောင်းကင်က ငါ့ကို ကောင်းကောင်းဆက်ဆံပေးနေပါ့လား။ ဆန်းကြယ်တဲ့ အဲ့ဒီမိန်းကလေး မိုးကောင်းကင်ရဲ့ ကောင်းချီးတစ်ခုပဲ။ ငါ အဲ့ဒါကို မြတ်နိုးတန်ဖိုးထားရမယ်။ ငါက ဒီလိုနတ်မိမယ်တစ်ဦးနဲ့ ဆုံနေမိပြီဆိုမှတော့ ဒီအခွင့်အရေးကို အရယူထားရမယ်။ သူက ငါ့ကို သဘောကျလို့ ကယ်တင်ခဲ့တာ မဟုတ်ရင်တောင် ငါ့ကို အသိအမှတ်ပြုလို့ပဲ။ ဘာပဲဖြစ်ဖြစ် ငါ ဒီကြင်နာမှုကို သတိရနေမယ်။ အနာဂတ်မှာ ငါ စွမ်းအားကြီးလာခဲ့ရင် သူ့ကို ကောင်းကောင်းဆက်ဆံမယ် "

တောက်ယွင်ရှောင်း တွေးနေခဲ့သည်။ ယီယွင်ကြောင့် နာကျင်ရခြင်းများနှင့် စိတ်ဓာတ်ကျရခြင်းများ လွင့်ပါးပျောက်ကွယ်သွားခဲ့ရ၏။

ဘေးပတ်လည်မှ အကြီးအကဲများလည်း မျှော်လင့်တကြီး ဖြစ်နေကြ၏။ ဆေးနှစ်လုံးဆိုလျှင် တစ်ဦးလျှင် တစ်လုံးကျစီဟု တွေးသင့်သည်။ သို့သော် ယီယွင်၏ဒဏ်ရာက ထိုဆေးမျိုး မလိုအပ်ပေ။ သို့သော် တောက်ယွင်ရှောင်း၏ဒဏ်ရာက ပိုမိုပြင်းထန်ကာ သွေးများလည်း ဆုံးရှုံးထားရသည်။ ထိုဆေးနှစ်လုံးက တောက်ယွင်ရှောင်းအတွက် ဖြစ်ပေလိမ့်မည်။ ယီယွင်အတွက်မူ ကျင်းလုံဝေ့၏ သာမန်ဆေးများက အဆင်ပြေသည်။

အကြီးအကဲများ တွေးနေချိန်တွင် ကျန်းတန်သည် တောက်ယွင်ရှောင်းနှင့် ငါးပေခန့်သာ ဝေးတော့လေပြီး ပုံမှန်ပင် နီးကပ်လာနေသည်။ လေးပေ...။ သုံးပေ...။ နှစ်ပေ...။

ဒဏ်ရာများ နာကျင်မှုကြောင့် တောက်ယွင်ရှောင်း၏အမူအရာ မဲ့ရှုံ့နေလေ၏။ သူသည် ကျန်းတန်၏လက်ထဲမှ ပုလင်းကို လက်ခံရယူရန် မျှော်လင့်နေရင်းဖြင့် ကျန်းတန်ကို ကြီးစွာအားထုတ်ကာ ပြုံးပြလိုက်သည်။

သို့သော်...။

ကျန်းတန်သည် ပုလင်းနှင့်အတူ တောက်ယွင်ရှောင်းဆီသို့ ရောက်သွားခဲ့၏။ ကျန်းတန်က တစ်စုံတစ်ခုကို တွေးနေသည့်အလားပင် ခေါင်းငုံကြည့်ခြင်း မရှိသလို အရှိန်နှေးသွားခြင်းလည်း မရှိခဲ့ချေ။ သူက တောက်ယွင်ရှောင်းကို ဖြတ်လျှောက်သွားခဲ့သည်။

တောက်ယွင်ရှောင်း၏လက် လေထဲတွင် အေးခဲနေ၏။ သူ၏ ခက်ခဲစွာလုပ်ယူထားရသည့် အပြုံးများလည်း လုံးဝတောင့်တင်းနေသည်။

တောက်ယွင်ရှောင်း နားအူသွားသည့်ပမာ ခံစားလိုက်ရသည်။ သူ၏မျက်နှာကို ရာပေါင်းများစွာသော ဖိနပ်များဖြင့် ကန်နေသည့်ပမာ ခံစားလိုက်ရသည်။

သူ၏မျက်နှာ သွေးဆုတ်နေလေ၏။ သူက ဒဏ်ရာရထားသည်ဖြစ်ပြီး ဒုက္ခရောက်သည့်အခြေအနေတွင် ရှိနေသည်။ ယခုတွင် ရှက်ဒေါသကြောင့် သူ ပျော့ခွေရလုနီးပါး ဖြစ်သွားရလေ၏။

သို့တိုင်အောင်ပင် တောက်ယွင်ရှောင်းသည် ကျန်းတန်က ယီယွင်ကို ဆေးတစ်လုံး ပေးပြီးသည့်နောက် အပြန်တွင် သူ့အား ဆေးတစ်လုံး ပေးလိမ့်မည်ဟု မျှော်လင့်နေမိဆဲပင်။ သူ ဒေါသများ ချိုးနှိမ်ကာ ကျန်းတန်၏ကျောပြင်ကို ကြည့်နေလေ၏။

တောက်မျိုးနွယ်မှ အကြီးအကဲများလည်း အရုပ်ဆိုးနေကြသည်။ ကျန်းတန်က တောက်ယွင်ရှောင်းကို အရေးမလုပ်ဘဲ ဖြတ်ကျော်သွားချိန်တွင် သူတို့၏မျက်နှာများ ဖြတ်ရိုက်ခံလိုက်ရသည်ဟု ခံစားလိုက်ကြရသည်။

အခြေအနေက သူတို့ တွေးထားသကဲ့သို့ ဖြစ်မလာကြောင်း နားလည်သွားခဲ့သည်။ ထိုဆေးနှစ်လုံးက ယီယွင်အတွက်ပေလော။ ယီယွင်က အပေါ်ယံဒဏ်ရာသာ ရထားသည်ဖြစ်ပြီး ထိုသို့တန်ဖိုးကြီးဆေးများ လိုအပ်ပါ၏လော။

တောက်ယွင်ရှောင်း အပါအဝင် တောက်မျိုးနွယ်မှ အကြီးအကဲများသည် ကျန်းတန် ယီယွင်ဆီသို့ ရောက်သွားသည်ကို စိတ်ပျက်လက်ပျက် ကြည့်နေခဲ့ကြ၏။ ထို့နောက် ကျန်းတန်က ယီယွင်အား ဆေးနှစ်လုံးစလုံး ပေးလိုက်သည်။ မျက်နှာထားတင်းကာ အပြုံးမရှိသော ကျန်းတန်က ရင်းနှီးဖော်ရွေစွာ ပြုံးနေလေသည်။

ကျန်းတန်တွင် တစ်ခါမျှမရှိဖူးသော ဖော်ရွေသည့်အမူအရာ ရှိနေလေ၏။ သူက ယီယွင်ကို လေချိုသွေးကာ ဆိုလေသည်..." ညီလေးယီ...ဒါက အစိမ်းရောင်ဆေးတွေပဲ။ တစ်လုံးကိုသောက်ပြီး နောက်တစ်လုံးကို ရေနဲ့သွေးပြီး ဒဏ်ရာပေါ်မှာလိမ်းဖို့ မိန်းကလေးလင်က မှာလိုက်တယ်။ မနက်ဖြန်မရောက်ခင်မှာ မင်းရဲ့ဒဏ်ရာတွေ လုံးဝသက်သာသွားလိမ့်မယ်။ ပြီးတော့ ဆေးအာနိသင်တွေကို ဖြည်းဖြည်းချင်း ချေဖျက်ပါ။ အဲ့ဒါက မင်းရဲ့ကျင့်ကြံမှုအတွက် ကောင်းတယ် "

ကျန်းတန်၏စကားများက ပြိုင်ကွင်းတစ်ခုလုံးတွင် ဆဲရေးဆိုသံတစ်ခုအလား ပဲ့တင်ထပ်သွားလေ၏။ တောက်မျိုးနွယ်၏ အကြီးအကဲများလည်း ကြားကြသည်။

တစ်လုံးကိုသောက်ပြီး နောက်တစ်လုံးကို ရေနဲ့သွေးပြီး ဒဏ်ရာပေါ်မှာလိမ်း။

ထိုကောင်က ဓားဖြင့်ခုတ်မိခြင်းမျှသာ ဖြစ်ချေ၏။ ထိုမျှအထိ သဘာဝမကျရန် လိုပါ၏လော။

ဝေါ့...။

သွေးဆုံးရှုံးထားရခြင်းကြောင့် နှလုံးအားနည်းနေသည့် တောက်ယွင်ရှောင်းမှာ ရုတ်တရက် သွေးအန်လိုက်ရသည်။ သူ မျက်လုံးများ ပျာဝေသွားကာ ဦးခေါင်းချာချာလည်သွားခဲ့သည်။ ထို့နောက် သူ အားနည်းသွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

ဆေးသေတ္တာကြီးနှင့် ဆေးပင်များသည်လည်း တောက်ယွင်ရှောင်းကြောင့် လွင့်စဥ်သွားရသည်။ နှစ်ရာချီသက်တမ်းရှိသည့် ဆေးပင်မျိုးစုံ မြေပြင်တွင် ပြန့်ကျဲသွားလေ၏။

တောက်ယွင်ရှောင်း၏စိတ်ထဲတွင်မူ လင်ရှင်းထုံ၏ လှပသောပုံရိပ်လေးက လေသင်္ဘောပေါ်မှ ဆင်းသက်လာသည်ဟုသာ မြင်ယောင်နေမိသည်။

ဤတစ်ကြိမ်တွင် တောက်ယွင်ရှောင်း အမှန်တကယ်ပင် အားနည်းသွားလေပြီ။ ဒေါသနှင့် အားနည်းမှုတို့ကြောင့် သူ နှလုံးထိခိုက်ခဲ့ရ၏။ ထိုဒဏ်ရာက သွေးများ ဆုံးရှုံးရခြင်းထက်ပင် ပိုဆိုးလေသည်။

All Chapters