အမိဖမ်းခြင်း
Vol. 020 Ch. 2006
ရီဖူရှင်း၏ အထက်တွင် နတ်အရောင်အဝါတို့ တောက်ပနေသော လင်းရှောင်စေတီက အောက်သို့ ကျဆင်းလာပြီး လေဟာနယ်က အော်မြည်နေကာ ရီဖူရှင်း ရှိနေသည့် နေရာအား ဖိနှိပ်ထားသည်။ နတ်စေတီပုံရိပ်များက အဆက်မပြတ် ကျဆင်းလာနေပြီး ရီဖူရှင်းအား ထိုအတွင်း ကာရံထားသည်။ လင်းရှောင်စေတီထံ တိုးဝင်သွားနေသည့် ထိုအကိုင်းအခက်၊ အရွက်နှင့် နွယ်များက ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။
နတ်ရောင်ဝါတို့က ဖြန့်ကျက်လာပြီး လင်းရှောင်စေတီက ပို၍ နီးကပ်လာကာ ရီဖူရှင်း၏ အထက်သို့ ကြီးမားလှသော နန်းဆောင်ကြီးတစ်ခုသဖွယ် ကျဆင်းလာပေသည်။ ရီဖူရှင်းက နတ်သစ်ပင်အဖြစ် ပြောင်းလဲကာ ၎င်း၏ အကိုင်းအခက်နှင့် အရွက်များက လျင်မြန်စွာ လှည့်ပတ်နေသည်။ ပြင်းထန်သော ဓားစွမ်းအားကလည်း တစ်ချိန်တည်းတွင် စုစည်းလာနေ၏။ အနန္တနတ်ဓားများက ပေါင်းစည်းလာပြီး သူ့ရှေ့၌ ကြီးမားလှသော နတ်ဓားကြီး ပေါ်ပေါက်လာသည်။
အဆုံးမဲ့ ဓားစွမ်းအားများက နတ်ဓားအဖြစ် ပေါင်းစပ်နေဆဲဖြစ်သည်။ ထိုဓားအလင်းတို့က တောက်ပဖြာလင်း၍ အပြစ်အနာအဆာ ကင်းမဲ့ပေသည်။
ရီဖူရှင်းက သူ့လက်ညှိုးကို ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ ရုတ်တရက် နတ်ဓားက အထက်သို့ ထိုးဖောက်ကာ လင်းရှောင်စေတီနှင့် တိုက်ရိုက်ထိခတ်သွားသည်။ ဓားမြစ်တစ်စင်းက ရီဖူရှင်းနှင့် စေတီကြားတွင် ပေါ်ပေါက်လာသည်။ ဓားမြစ်ထဲမှ အနန္တဓားစွမ်းအားများက နတ်ဓားအတွင်းသို့ ပေါင်းစပ်သွား၏။ ခမ်းနားထည်ဝါ၍ တောက်ပသော ဓားအလင်းလွှာက ထိခိုက်မှုဖြစ်ပေါ်ရာ နေရာ၌ ပတ်ဝန်းကျင်တစ်ခွင်လုံးကို ရောင်စဥ်ဖြာထွက်လာသည်။
လေဟာနယ်အတွင်း လမ်းလျှောက်လာသော လင်းဟယ်က တစ်ချက်လှမ်းကြည့်လိုက်သည်။ အတွေးတစ်ချက်နှင့်ပင် သူက မဟာလမ်းစဥ် နတ်ဝင်ရိုးကိုထိန်းချုပ်ကာ လင်းရှောင်စေတီက ဆက်လက် လည်ပတ်နေပြီး စေတီ၏ နတ်အလင်းရောင်က အထက်မှ ဖြာလင်းနေသည်။ အသံတစ်ခုကို ကြားလိုက်ရပြီး လေဟာနယ်က ပြင်းထန်စွာ တုန်ခါနေသည်။ စေတီ၏ ပုံရိပ်များက သူတို့အနီးတွင် ပေါ်ပေါက်လာပြီး တစ်ချိန်တည်းတွင် အောက်သို့ ကျဆင်းလာကာ သူတို့ကို ဖိနှိပ်နေ၏။ ကျယ်ပြောသော လောကကြီးသည် ယခု နတ်စေတီ၏ လောကတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရပေသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က တုန်ယင်လာပုံရသည်။ နတ်ဓားက တုန်ခါသွားပြီး ဓားမျက်နှာပြင်က လှိုင်းထလာသော်လည်း ပျက်စီးမသွားခဲ့ပေ။ လူအုပ်ကြီးသည် လင်းရှောင်စေတီက အဆက်မပြတ် လှည့်ပတ်ရင်း တုန်ခါလာနေပြီး ကောင်းကင်နှင့်မြေကြီးကြား အံ့သြဖွယ် စည်းချက်ကို ဖြစ်ပေါ်စေကာ အနီးဝန်းကျင်ရှိ လေဟာနယ်အား ဖိနှိပ်ကာ ကွဲထွက်လာစေသည်ကို မြင်တွေ့လိုက်ကြရပေသည်။ လုံလောက်အောင် အားမကောင်းသာ တန်ခိုးရှင်များအတွက် ထိုသို့သော လေထုအခြေအနေက သူတို့အား ချက်ချင်းပင် သတ်ပစ်လိုက်နိုင်ပြီး သူတို့၏ နတ်ဝင်ရိုးနှင့် အတွင်းကလီစာများကို ဖျက်ဆီးပစ်လိုက်နိုင်ပေသည်။
နတ်သစ်ပင်၏ အကိုင်းအခက်နှင့် အရွက်များက အရူးအမူး လျင်မြန်လှသော အရှိန်နှင့် လှုပ်ရှားနေသည်။ နှစ်သောင်းချီ နွယ်များကဲ့သို့ အလွန်ထူထဲလှသော အကိုင်းအခက်နှင့် အရွက်များက ဓားမျက်နှာပြင်အနီး၌ ရစ်ဝဲနေသည်။ ၎င်းတို့ ကျူးကျော်လာသော နေရာက ကျယ်ပြန့်၍လာပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ဖုံးလွှမ်းထားလိုက်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့က ကောင်းကင်နှင့် မြေကြီးကြားရှိ စေတီများထံ အဆက်မပြတ် တိုးဝင်သွားသည်။
ထိုအချိန်၌ ရီဖူရှင်းသည် နှစ်ရာစုပေါင်းများစွာ ရှင်သန်လာခဲ့သော သက်ရှိ သစ်ပင်နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။
"ဘယ်သူ့ မဟာလမ်းစဥ်က ပိုအားကောင်းလဲ။" ပိုပိုပြီး များပြားလှသော လူများက သူတို့နှစ်ယောက်၏ တိုက်ပွဲကို သတိပြုမိကြပေသည်။ သူတို့နှစ်ယောက်က အလွန် အားကောင်းလှပြီး အဆင့်တူများကြားတွင် သာလွန်သော စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ အထူးသဖြင့် ရီဖူရှင်းက လူအများကို အံ့အားသင့်စေသည်။.
လင်းရှောင်နန်းတော်၏ နန်းတော်သခင်ငယ် လင်းဟယ်သည် အချိန်ကြာမြင့်စွာကပင် နာမည်ကျော်ကြားပြီးသား ဖြစ်၏။ သို့သော် ရီဖူရှင်းတွင် တောက်ပသော တိုက်ပွဲမှတ်တမ်းများ ရှိသော်လည်း ယန်တုန်းရန်နှင့် သူ တိုက်ခိုက်ခဲ့သော တိုက်ပွဲကို မည်သူမှ မျက်မြင်မတွေ့ခဲ့ကြရပေ။ ထို့ကြောင့် လူအများက သူတို့ကိုယ်တိုင် စူးစမ်းလေ့လာကြည့်ချင်ကြသည်။ ယခု ကြည့်ရသည်မှာ သူက အလဟဿ ကျော်ကြားနေခြင်း မဟုတ်ဘဲ သူက အမှန်ပင် အစွမ်းထက်ပေသည်။
ရီဖူရှင်း၏ နတ်သစ်ပင်နှင့် ဓားစွမ်းရည်နတ်ဝင်ရိုးသည် လင်းရှောင်စေတီ၏ ဖိနှိပ်မှုကို ခုခံနိုင်သော်လည်း လင်းရှောင်ကိုယ်တိုင် တိုက်ခိုက်လာမှုကို ရင်ဆိုင်နိုင်မည်လား မသိပေ။
ရီဖူရှင်းက အရေးမသာဘဲ ရှိနေဆဲဖြစ်ပြီး သူက အန္တရာယ်ရှိနေပေသည်။
ရီဖူရှင်းဆီသို့ လျှောက်လာနေသောလင်းဟယ်၏ တိုက်ခိုက်ရေးဝိညာဥ်က အနီးကပ်လာလေ ပို၍ အားကောင်းလာလေဖြစ်ကာ သူ့အနီးရှိ မဟာလမ်းစဥ် စွမ်းအားများက အံ့သြစရာကောင်းလောက်အောင် လှိုင်းထန်နေသည်။ သူက ရွှေရောင်မျက်လုံးများနှင့် ရီဖူရှင်းကို စိုက်ကြည့်နေပြီး ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးအနက်ရှိုင်းဆုံး၌ အေးစက်နေပေသည်။
ရီဖူရှင်းက ဓားရေးကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်သည်။ သူ၏ ဓားက စေတီကို တားဆီးနိုင်သော်လည်း လှံကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
ရွှေရောင်နတ်လှံက လင်းဟယ်၏ လက်ထဲတွင် ကြောက်မက်ဖွယ် နတ်လှံအရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ သူက ရီဖူရှင်းထံ ချဥ်းကပ်လာသည်နှင့် လက်ကို ဆတ်ခနဲမြှောက်လိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ဗဟိုပြုကာ မရေတွက်နိုင်သော လှံအရိပ်များက နေရာအနှံ့၌ ထွက်ပေါ်လာသည်။
လှံကို ပစ်မလွှတ်ခင် အံ့သြစရာကောင်းလောက်သော လှံစွမ်းအားများ ထွက်ပေါ်လာကာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းထံသို့ တည့်မတ်စွာ ပစ်လွှတ်လိုက်သည်။ သိသာစွာပင် လင်းဟယ်က လှံစွမ်းအားတစ်ခုတည်းနှင့် ရီဖူရှင်းကို ထိခိုက်အောင် မလုပ်နိုင်သည်အား သိရှိသော်လည်း သူ၏ တိုက်ခိုက်မှုကို ရီဖူရှင်း တားဆီးရန်လည်း လွယ်ကူလိမ့်မည် မဟုတ်ပေ။
"အစ်ကိုရီ ဂရုစိုက်ပါ။" လင်းဟယ်က ထိုနေရာတွင် ရပ်လိုက်သည်။ သူက ရပ်လိုက်သော်လည်း သူထံမှ ထွက်ပေါ်နေသည့် ရွှေရောင်နတ်အလင်းတို့၏ အရှိန်အဟုန်က အကန့်အသတ်ထိ ထိုးတက်လာသည်။ ထို့အခိုက်အတန့်တွင် သူသည် ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။
"အဲဒါက လင်းရှောင်နန်းတော်ရဲ့ လင်းရှီလှံပဲ။ သတိထား။" အသံတစ်ခုက ရီဖူရှင်းကို သတိပေးလာသည်။ ထိုအသံမှာ မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်၏ အသံဖြစ်လေသည်။ ရီဖူရှင်းက အရေးမသာသော အခြေအနေတွင် ရှိနေခဲ့ပြီး လင်းရှီလှံနည်းစနစ်က တုန်းဟွာနယ်မြေတွင် ကျော်ကြားမှုရှိသည်။ လင်းရှောင်နန်းတော်သခင်၏ လင်းရှောင်စေတီနှင့် လင်းရှီလှံကို ယှဥ်နိုင်သူမှာ တုန်းဟွာနယ်မြေအတွင်း အနည်းငယ်သာ ရှိ၏။ ၎င်းတွင် ကြောက်မက်ဖွယ် စွမ်းအားတို့ရှိပြီး ရီဖူရှင်းက ဂရုမစိုက်မိလျှင် ထိုလှံတစ်ချက်က သူ့ကို အဆုံးသတ်သွားစေလိမ့်မည်။
"သတိပေးလို့ ကျေးဇူးပါ စီနီယာ။" ရီဖူရှင်း၏ တုံ့ပြန်မှုက မိုးကြိုးပြစ်ဒဏ်ကောင်းကင်အရှင်ကို ဇဝေဇဝါဖြစ်သွားစေသည်။ သူက ချောင်ပိတ်မိနေပုံရသော ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်းက သူ့အား တုံ့ပြန်ရန် အချိန်ရှိနေသေးပုံရသည်ကို ကြည့်လျှင် သူ့တွင် ခွန်အားတို့ အပိုရှိနေသေးသည်လား။
လူတိုင်းက သူ့ကို လျှော့တွက်နေကြသည် ဖြစ်နိုင်သလား။
သူတို့က စောင့်ကြည့်ရုံသာ တတ်နိုင်သည်။
လူတိုင်းက လင်းဟယ်ကို စိုက်ကြည့်လိုက်ကြသည်။ လင်းရှီလှံက လျင်မြန်ကာ အားကောင်းလှပြီး ပုံမှန်အားဖြင့် တိုက်ပွဲများမှာ ချက်ချင်း အဆုံးသတ်သွားတတ်သည်။ လင်းရှောင်စေတီက ဖိနှိပ်နေစဥ် လင်းရှီလှံနည်းစနစ်က အပြီးသတ် လှုပ်ရှားလာပေလိမ့်မည်။ ထိုနှစ်မြွှာစွမ်းအားက အချင်းချင်း ဖြည့်စွက်နေကာ ၎င်းတို့အား ထုတ်သုံးလိုက်သည့်အခါတိုင်းတွင် အောင်နိုင်စမြဲပင် ဖြစ်လေသည်။
ဤတစ်ကြိမ်၌ ကျော်ကြားသော အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဆက်ဆံသူနှင့် ရင်ဆိုင်ရာတွင်လည်း သံသယဝင်ရန် မလိုပေ။
ထိုအခိုက်တွင် မရေတွက်နိုင်သော လှံ အရိပ်များက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာသည်။ လင်းဟယ်က လှုပ်ရှားမှုပြုလိုက်ပြီ ဖြစ်၏။
လူအုပ်ကြီးသည် လှံအရှိန်အဝါကိုသာ မြင်နိုင်ပြီး ရွှေရောင်လှံတစ်ချောင်းက လင်းဟယ်နှင့် ရီဖူရှင်း၏ ကြားတွင် ပေါ်ပေါက်လာလေသည်။ ၎င်းရှိနေခဲ့သော နေရာ၌ ပုံရိပ်ယောင်များ ချန်ရစ်ခဲ့ပေသည်။
လင်းရှီလှံမှ ရိုက်ချက်တစ်ချက်က နတ်ဘုရားများနှင့် နတ်ဆိုးများကို အနိုင်ယူရန် လုံလောက်ပေသည်။
ဘန်း…
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး လင်းရှီလှံက တစ်စုံတစ်ခုနှင့် ပြင်းပြင်းထန်ထန် ထိခတ်မိခဲ့သည်။ ကြောက်မက်ဖွယ် ရွှေရောင်နတ်ရောင်ဝါတို့က ရီဖူရှင်း ရှေ့တွင် ပေါက်ကွဲထွက်လာပြီး ထိုအချိန်၌ ရီဖူရှင်းသည် အဆုံးမဲ့ ကြီးမားသော နတ်ဆင်တစ်ကောင်၏ လွှမ်းခြုံထားခြင်းကို ခံရပေသည်။ ပြင်းထန်သော နတ်ဆင်အော်မြည်သံက ပဲ့တင်ထပ်လာပြီး ၎င်းက သူ့ထံတိုးဝင်လာနေသော လှံကို လက်နှစ်ဖက်နှင့် တားဆီးလိုက်သည်။
"နတ်ဝင်ရိုး…"
လူတိုင်းသည် သူတို့ရှေ့၌ မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။ ရီဖူရှင်း၏ နောက်ထပ် မဟာလမ်းစဥ် နတ်ဝင်ရိုးက ကြီးမားကာ ခမ်းနားထည်ဝါသည့် နတ်ဆင်တစ်ကောင် ဖြစ်လေသည်။
စူးရှကျယ်လောင်သော အသံများ ထွက်ပေါ်လာသည့်အခါ လင်းဟယ်က ရီဖူရှင်းကို လှမ်းကြည့်လိုက်သည်။ လှံက ရှေ့သို့ တိုးဝင်လာသည်နှင့်အမျှ လွှမ်းမိုးနိုင်စွမ်းသော ရွှေရောင်နတ်ရောင်ဝါတို့က သူ့ထံမှ ထွက်ပေါ်လာနေကာ လှ့က နတ်ဆင်ကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေသည်။ အသံက အလွန် စူးရှနေကာ ၎င်းသည် ရီဖူရှင်း၏ မဟာလမ်းစဥ်နတ်ဝင်ရိုးကို ချိုးဖျက်ရန် ရည်ရွယ်လိုက်သည်။
သို့သော်လည်း တစ်ချိန်တည်းတွင် လင်းဟယ်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံကို မြင်တွေ့လိုက်ရသည်။ အလွန် အေးစိမ့်သော စွမ်းအားတစ်ခုက သူ့မျက်လုံးများထဲသို့ ထိုးဖောက်ဝင်ရောက်ခါကာ သူ့စိတ်ဝိညာဥ်ကိုပင် အေးခဲသွားစေလိုနေသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်သည်လည်း အရိုးထဲထိပင် စိမ့်ကာ အေးစက်နေသော အေးစက်မှုတို့အား ခံစားလိုက်ရသည်။
လူတိုင်းသည် နတ်သစ်ပင်၏ မဟာလမ်းစဥ်သီးခြားနယ်မြေက ကမ္ဘာမြေ၏ အစိတ်အပိုင်းတစ်ခုလုံးကို လွှမ်းမိုးထားပြီး ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ အလွန် အေးစိမ့်နေသော စွမ်းအင်လှိုင်းများက ထိုနယ်မြေအတွင်း ရစ်ပတ်လွှမ်းခြုံလာ၏။ အလွန် အေးစက်နေမှုက အပူချိန်အား အကြွင်းမဲ့သုညထိ ရောက်သွားစေကာ အရာအားလုံးကို အေးခဲသွားစေလေသည်။
လင်းဟယ်က သူ့လှံ၊ သူ့ခန္ဓာနှင့် သူ၏ သွေးများသည်ပင် အေးခဲသွားသည်အား ခံစားမိလိုက်ပေသည်။ သူ၏ နှလုံးခုန်သံအပါအဝင် အရာအားလုံးက နှေးကွေးသွားသည်ဟု ထင်မှတ်ရပေသည်။ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
၎င်းက မည်သို့သော စွမ်းရည်မျိုးဖြစ်သနည်း။
ရီဖူရှင်းက သူ ဤနေရာသို့ ရောက်လာရန် တစ်ချိန်လုံး စောင့်နေခဲ့သည်လား။
နတ်ဓားကို လင်းရှောင်စေတီအား ပိတ်ဆို့တားဆီးရန် အသုံးပြုထားပြီး ရီဖူရှင်း လုပ်နေသည့် အရာအားလုံးမှာ သူအနားကပ်လာသည်ကို စောင့်နေခြင်းသာ ဖြစ်သည်လား။
ထိုအချိန်တွင် ရီဖူရှင်း၏ မျက်လုံးများက အေးစက်နေသည်။ ထိုမျက်လုံးတွင် အေးစက်သည့် သတ်ဖြတ်လိုစိတ်များ ရှိနေခဲ့၏။ သူက လင်းဟယ်ကို စိုက်ကြည့်လိုက်ပြီး အော်သံတစ်ခု ထုတ်လွှတ်ကာ မဟာလမ်းစဥ်၏ ဗုဒ္ဓအသံတို့ လိုက်ပါလာသည်။ ထိုလေဟာနယ်ကို နတ်ဆိုးနှိမ်နင်းခြင်းဗုဒ္ဓ၏ အသံလှိုင်းများဖြင့် ဖုံးလွှမ်းထားပြီး ထိုသို့သော အချိန်တိုအတွင်းမှာပင် သူ၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်လာသည်။
လင်းဟယ်သည် ယင်စွမ်းအားကျူးကျော်တိုက်ခိုက်မှုနှင့် မိစ္ဆာနှိမ်နင်းဓမ္မတေးသံ စွမ်းအားတို့ကို တောင့်ခံနေရင်း သူ၏ စိတ်ဝိညာဥ်က တုန်ယင်လာသည်ကို ခံစားမိပေသည်။ သူ့ စိတ်ဝိညာဥ်က ပျက်စီးပြိုကွဲတော့မလို ဖြစ်လာသည်။ သူသည် အသိစိတ်များပင် လွတ်ထွက်သွားတော့မလို ခံစားနေရပေသည်။
တိုက်ခိုက်မှုအလွှာများက ထောက်ချောက်များကဲ့သို့ ဖွဲ့စည်းထားပြီး သူ့ကိုယ်သူ ထောင်ချောက်ထဲ ခုန်ဆင်းလာအောင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ပုံရလေသည်။
အပြင်ဘက်ရှိ လူတိုင်းသည် ထိုရုတ်တရက် ဆန်လှသော မြင်ကွင်းကြောင့် တွေဝေသွားခဲ့ကြသည်။ အချိန်တိုအတွင်း များပြားလှသော စွမ်းရည်များ အဆက်မပြတ် ပေါက်ကွဲထွက်လာမှုက လူတိုင်းကို အံ့သြသွားစေခဲ့သည်။ လူတိုင်းသည် လင်းဟယ်က ရီဖူရှင်းကို ဖိနှိပ်နိုင်လိမ့်မည်ဟု တွေးထင်ထားသော်လည်း စက္ကန့်ပိုင်းအတွင်း၌ အခြေအနေက ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ အံ့အားသင့်ဖွယ်အပြောင်းအလဲပြီးနောက် ရီဖူရှင်းက ထိုသို့ဖြစ်လာရန် လင်းဟယ်ကို စောင့်ဆိုင်းနေခဲ့ပုံရလေသည်။
"သူ့စွမ်းအားက အရမ်းအားကောင်းတာပဲ။ မဟာလမ်းစဥ် စွမ်းရည်အများကြီးကိုလည်း ကျွမ်းကျင်သေးတယ်။" အချို့လူများက အံ့အားသင့်နေရင်း စိတ်ထဲတွင် တုန်လှုပ်နေကြသည်။ ကောလာဟလများအရ ရီဖူရှင်းသည် ယန်တုန်းရန်အား ဓားတစ်ချက်ဖြင့် ရှုံးနိမ့်စေခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် လူအများက ရီဖူရှင်းသည် ဓားရေးကျွမ်းကျင်သူ ဖြစ်မည်ဟု တွေးခဲ့ကြသော်လည်း သူက အခြားသော စွမ်းရည်များစွာကို ပိုင်နိုင်ကျွမ်းကျင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
ရီဖူရှင်းက လင်းဟယ်ကို စိုက်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်တို့အား ဖုံးကွယ်မထားခဲ့ပေ။
ထိုအခိုက်အတန့်၌ ရီဖူရှင်းက သူ့လက်ဝါးကို မြှောက်ကာ ရှေ့သို့ ရိုက်ချလိုက်သည်။ ဆင်များ၏ အသံက ကောင်းကင်တွင် မြည်ဟီးလာ၏။ ကြီးမားသော လက်ဝါးကြီးက ကျဆင်းလာသည်နှင့် လင်းဟယ်သည် အားကောင်းလှသော အန္တရာယ်အား ခံစားမိလိုက်ပေသည်။ များပြားလှသော ရွှေရောင် ရောင်ဝါတို့က သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာကာ မရေတွက်နိုင်သော ပုံရိပ်များက သူ့အနီးတွင် ပေါ်ပေါက်လာသည်။
ဘုန်း....
တောက်ပသော အလင်းတို့ ပေါက်ကွဲထွက်လာပြီး သူ့လက်ထဲ၌ လှံရှည်တစ်လက် ထွက်ပေါ်လာ၏။ ထိုမရေတွက်နိုင်သော ပုံရိပ်များက တစ်ချိန်တည်းတွင် ဆက်လက် ထွက်ပေါ်လာနေသည်။
ပြင်းထန်သော ထိခတ်သံနှင့်အတူ လင်းဟယ်က လှုပ်ရှားလိုက်သည်။ လွှမ်းမိုးနိုင်သော တိုက်ပွဲစွမ်းအားတို့က သူ့ကို အေးခဲမှုများမှ ချိုးဖျက်ရန် ကူညီပေးသည်။ အဆုံးမဲ့ လှံပုံရိပ်များက သူ့ထံမှ ထွက်ပေါ်လာပြီး လင်းရှောင်စေတီက အသန်မာဆုံးသော ဖိနှိိပ်ခြင်းစွမ်းအားတို့ကို ထုတ်လွှတ်လာသည်။
သူက လှုပ်ရှားလိုက်ပြီး လှံပုံရိပ်များ ဖြတ်သန်းလာသောအခါ လေဟာနယ်မှ ဆုတ်ခွာရန် ကြိုးစားလိုက်သည်။ သို့သော် အေးခဲမှုက သူ့အရှိန်ကို သက်ရောက်စေသည်။ မရေတွက်နိုင်သော အကိုင်းအခက်နှင့် အရွက်များက သူ့ထံသို့ တိုးဝင်လာကာ မဟာလမ်းစဥ်စွမ်းအားများက လေဟာနယ်ကို ချိပ်ပိတ်ထားလေသည်။ ရီဖူရှင်းက သူ့လက်ချောင်းကို ရှေ့သို့ ညွှန်ပြလိုက်ပြီး မဟာလမ်းစဥ် ဓားစွမ်းအားများက လေဟာနယ်အတွင်း သုတ်သင်သတ်ဖြတ်ရန် ထွက်ပေါ်လာပေသည်။
"ဖွင့်…" လင်းဟယ်က ဟစ်ကြွေးလိုက်သည်။ လင်းရှီလှံက လျှပ်စီးကဲ့သို့ လျင်မြန်လှစွာဖြင့် မဟာလမ်းစဥ် သီးခြားနယ်မြေကို ဖြတ်သန်းထိုးဖောက်သွားရန် ကြိုးစားလိုက်သည်။ နောက်ခဏတွင် သူ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားကာ သွေးများဖြင့် ဖုံးလွှမ်းခံထားရသည်။ သူ၏ ခန္ဓာကိုယ်တွင် ဓားခုတ်ရာများစွာဖြင့် ရှိနေပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများစွာ စီးကျလာပေသည်။
ဘန်း…
ရီဖူရှင်းက သူ့နောက်မှ လိုက်ကာ တိုက်ခိုက်မှုအား ထပ်၍ ဖော်ထုတ်လာ၏။ လင်းဟယ်က လျှပ်စီးအလျင်နှင့် ကောင်းကင်၌ ကြောက်မက်စရာကောင်းသော အလင်းတို့သဖွယ် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ လင်းရှီလှံက အလင်းကဲ့သို့ မြန်သထက်မြန်လာပြီး ရီဖူရှင်း ထုတ်လွှတ်လိုက်သော ဓားနှင့် ထိပ်တိုက်တွေ့မိပေသည်။ နောက်တစ်ခါထပ်ကာ သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားသည်။ သူ လက်ကို ဆန့်ထုတ်လိုက်သည်နှင့် လှံက သူ့လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။
"တော်လောက်ပြီ။" ရီဖူရှင်းက ရှေ့သို့ ဆက်သွားချင်သော်လည်း ရုတ်တရက် သူ့ရှေ့၌ လူအနည်းငယ် ထွက်ပေါ်လာသည်။ သူတို့က ပြောပြီးသည်နှင့် လက်များကို မြှောက်ကာ တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ် စေတီအရိပ်ကြီး ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖိနှိပ်လာ၏။
ကျယ်လောင်သော အသံနှင့်အတူ ရီဖူရှင်း၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားသည်။ သူ့အား တိုက်ခိုက်လာသည့် ရန်ဟောင်များက အဆင့်မြင့်ရန်ဟောင်များ ဖြစ်လေသည်။
ရီဖူရှင်းက ရပ်တန့်လိုက်ပြီး ရှေ့သို့ ဆက်မတိုးတော့ပေ။ လင်းဟယ်က စက်ဆုပ်စရာကောင်းသော လူဖြစ်သော်လည်း သူ၏ ခွန်အားက အားကောင်းလှသည်မှာ ငြင်းဆန်ဖွယ်မရှိပေ။ ထို့ပြင် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များလည်း ရှိနေသေးသည်။ ထို့ကြောင့် လင်းဟယ်ကို သတ်ဖြတ်ရမ် သူ့အတွေးများက လက်တွေ့ကျမနေပေ။ သို့သော် သူ၏ နှလုံးသားထဲ ဒေါသများနှင့် လောင်ကျွမ်းနေဆဲဖြစ်ကာ ငြိမ်းသတ်ရန် မဖြစ်နိုင်ပေ။
"ခင်ဗျားတို့က သိပ်အံ့သြဖို့ကောင်းတာပဲ။" ရီဖူရှင်းက လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များကို လှမ်းကြည့်ကာ ငေါ့တော့တော့ စကားလုံးများဖြင့် အေးစက်စွာ ပြောလိုက်သည်။ လင်းရှောင်နန်းတော်မှ လူများက အလွန်ပင် အရှက်ရသလို ခံစားနေရပြီး လင်းဟယ်၏ မျက်နှာက ပို၍ မည်းမှောင်နေသည်။
ထိုတိုက်ပွဲတွင် မထင်မှတ်ထားစွာဖြင့် သူက ရှုံးနိမ့်ခဲ့၏။ အားလုံးသော လှုပ်ရှားမှုများက အံ့အားသင့်စရာကောင်းလှပြီး ထိုတိုက်ခိုက်မှုက ပြီးပြည့်စုံပေသည်။ သံသယဝင်စရာမလိုလောက်အောင် သူက တစ်ဖက်သတ် တိုက်ခိုက်နေခြင်းသာ ဖြစ်မည်ဟု တွေးထားခဲ့သော်လည်း အဆုံးသတ်တွင် ၎င်းက ဆန့်ကျင်ဘက်ပင် ဖြစ်နေပေသည်။ ထိုအဖြူရောင်ဆံပင်နှင့် ရန်ဟောင်သည် တန်ပြန်တိုက်ခိုက်ခြင်း၌ အကြွင်းမဲ့လွှမ်းမိုးနိုင်စွမ်းရှိပြီး အံ့အားသင့်ဖွယ်ကောင်းစွာ သူ့ကို အမိဖမ်းနိုင်ခဲ့သည်။
သူ လင်းဟယ်သည် သူ့ထက် အဆင့်နိမ့်သော တန်ခိုးရှင်ထံ၌ ရှုံးနိမ့်ခဲ့သည်။ ၎င်းက သူ့အတွက် ကြီးမားသော ရိုက်ချက်တစ်ခုပင် ဖြစ်ပေသည်။
***