နွေရာသီ ကျောင်းပိတ်ရက် ဘယ်ရောက်သွားလဲ ~
Vol. 9 Ch. 126
ကျန်းနန် တက္ကသိုလ်.. ကျောင်းအုပ်ရုံးခန်း..
မီးခိုရောင်ဆံပင်နှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဆိုဖာပေါ်တွင် ထိုင်ရင်း ဗီဒီယိုအတို တစ်ပုဒ်ကို ကြည့်နေသည် ။
ထိုသူက ကျန်းနန်တက္ကသိုလ်၏ ကျောင်းအုပ် ထူပင်းချမ် ပင် ။ ရှားနိုင်ငံ မဟာသခင် ခန်းမ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည် ။
ထူပင်းချမ်က အသက် ၄၀ လောက်သာ ထင်ရသော်လည်း အသက် ၁၀၀ ကျော်နေပြီဖြစ်၏ ။ သိုင်းမဟာသခင်များ၏ သက်တန်းက သာမန်လူများထက် ရှည်လျားသဖြင့် လူအိုကြီးဟု ဆိုနိုင်မည် မဟုတ်ချေ ။
ယခုအချိန်တွင် ထူပင်းချမ်က ဗီဒီယိုအတိုကို ကြည့်ရင်း စိတ်ကျေနပ်နေ၏ ။
လင်းမို့ လက်သီးပြင်းအား စမ်းသပ်မှု ပြီးသည့်နေ့က ဆရာမလု အင်တာဗျူးဖြေနေသော ဗီဒီယို အတိုဖြစ်သည် ။ ထိုစဥ်က ဆရာမလု ကြွားလုံးထုတ်ခဲ့ရာတွင် မျက်နှာတစ်ချက်မပျက်ပေ ။
" ဟုတ်ပါတယ် .. လင်းမို့က ကျွန်မကိုယ်တိုင် ကိုယ်ဖိရင်ဖိသင်ပေးခဲ့တဲ့ ကျွန်မတပည့်ပါ.. သူက အတန်းထဲမှာ အကြိုးစားဆုံးပဲ.. သူ....."
.....
" အနာခံမှ အသာစံရမယ်တဲ့.. လင်းမို့ ဒီလိုအောင်မြင်လာတာ သူရဲ့ မဆုတ်မနစ် ကြိုးစားတဲ့ ဇွဲ လုံ့လ ဝီရိယနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကြောင့်ပဲ..."
ထူပင်းချမ်က ဗီဒီယိုကို ကြည့်ရင်း သက်ပြင်းအရှည်ကြီး ချလိုက်၏ ။ သူ၏ ငယ်ဘဝကိုပင် ပြန်၍ အမှတ်ရသွားပြီး နှလုံးသားထဲသို့ပင် ထိမိ ခံစားလိုက်ရသည် ။
' ပြောတာကောင်းတယ်.. အနာခံ မှ အသာစံရမယ်ဆိုတာ သိုင်းလမ်းစဥ်အတွက် အမှတ်ကန်ဆုံး စကားပဲ.. '
ထူပင်းချမ်က သဘောကျသွား၏ ။
' လင်းမို့ ဆရာမ ပြောတဲ့အတိုင်းဆိုရင် လင်းမို့က အရမ်းကြိုးစားတဲ့ စံပြကျောင်းသား တစ်ယောက်ပဲ.. '
ထူပင်းချမ်က ထိုင်နေရာမှ ထ၍ ပြတင်းပေါက်အနားတွင် ရပ်ပြီး ကျောင်းအတွင်း စည်ကားအသက်ဝင်နေသည်ကို ငေးကြည့်ရင်း ခံစားချက် အပြည့်ဖြင့် သက်ပြင်းချမိလိုက်သည် ။
' ငါ ဒီကျောင်းမှာ ကျောင်းအုပ်လုပ်လာတာ နှစ်တွေ တော်တော်ကြာခဲ့ပြီ.. ငါ ပါရမီရှင်တွေ တော်တော်များများကို တွေ့ဖူးပင်မဲ့ တကယ်အောင်မြင်သွားတဲ့သူတွေက လင်းမို့လို ကြိုးစားတဲ့သူတွေကြည့်ပဲ.. လင်းမို့ တက္ကသိုလ်ရောက်လာရင် ဘယ်လောက်တောင် ကြိုးစားနိုင်မလဲဆိုတာ ငါစောင့်ကြည့်ရမယ်.. '
ထူပင်းချမ်က သူ့ကျောင်းတွင် ရှိသော အရင်းအမြစ်များကို အလွန်ယုံံကြည်ပေသည် ။
' ငါတို့တက္ကသိုလ်က ချင်မူနဲ့ ကျင့်ဒူလောက် မကျော်ကြားပင်မဲ့ စက်ပစ္စည်းနဲ့ အရင်းအမြစ်တွေက ငါတို့ကတောင် ပိုသာချင်သာနေမှာ.. "
' လင်းမို့လို ပါရမီရှင်မျိုး ငါတို့တက္ကသိုလ်ကို ရောက်လာရင် နဂါး ပင်လယ်ထဲ ပြန်ရောက်သလို ကျား တောထဲ ပြန်ရောက်သလိုမျိုး နေရာမှန်ကို ရောက်လာတာပဲ.. '
ထူပင်းချန်က လင်းမို့နှင့် တက္ကသိုလ်၏ အနာဂတ်ကို မျှော်တွေးကြည့်လိုက်၏ ။ မည်မျှအမြင့်အထိ ပျံသန်းနိုင်ပါမည်နည်း ။
" ရှောင်ဟယ်.."
ထူပင်းချမ်က တံခါးဝဆီသို့ကြည့်၍ လှမ်းခေါ်လိုက်သ ည် ။
အပြင်တွင် အသင့်စောင့်နေသော ကိုယ်ရေးလက်ထောက် ဟယ်ရှင်းက ပြေးဝင်လာ၏ ။
" ဆရာ ဘာခိုင်းစရာ ရှိလို့လဲရှင့် .."
" ဒီနေ့ ကျောင်းသားသစ် လက်ခံတဲ့နေ့မှတ်လား.."
ထူပင်းချမ်က မေးလိုက်သည် ။
" ဟုတ်ပါတယ်ရှင့်.."
ဟယ်ရှင်းက ပြန်ဖြေ၏ ။
" အဲ့တာဆို လင်းမို့ရောက်ပြီလား.."
ထူပင်းချမ်က မေးလိုက်ပြန်သည် ။
" လင်းမို့ရဲ့ အချက်အလက်တွေတော့ မရောက်သေးပါဘူးရှင့်.. "
ဟယ်ရှင်းက ကျောင်းအုပ်အလေးထားမှန်းသိသဖြင့် သေချာသတိထား၍ စောင့်ဆိုင်းနေခဲ့သည် ။
" ဒါပင်မဲ့ လီကျားရွှမ်က ကျောင်းပေါက်ဝကနေ သွားကြိုတယ်ဆိုတော့ လင်းမို့လာခံနီးနေပြီထင်တယ်.. "
" အင်း.. "
ထူပင်းချမ်က ခေါင်းညိတ်လိုက်ပြီး...
" လင်းမို့ ဝင်ခွင့်ကိစ္စပြီးရင် ငါ့ရုံးခန်းကို လွှတ်လိုက်.. ငါရုံးခန်းထဲကပဲ စောင့်နေမယ်.. "
" ဟုတ်ကဲ့ပါ ဆရာ.. "
ဟယ်ရှင်းက သေချာပြန်ဖြေလိုက်သည် ။ ကျောင်းအုပ်က ကျောင်းသားသစ်တစ်ယောက်ကို ဤမျှအထိ အာရုံစိုက်နေခြင်းကို ယခုမှ မြင်ဖူးခြင်းဖြစ်သည် ။
ကျန်းနန်တက္ကသိုလ်၏ ဂိတ်ဝအပြင်ဘက်တွင် လူများ ပျားပန်းခပ် လှုပ်ရှားအသက်ဝင်လျက်ရှိသည် ။
လူအုပ်အတွင်းရှိ ဖက်တီးတစ်ယောက်နှင့် လူငယ်လေးတစ်ယောက်ကို မည်သူမှ သတိထားမိမည်မဟုတ်ချေ ။
" အကိုမို့.. "
ဟောက်ရန်က ကျန်းနန်တက္ကသိုလ် ဂိတ်တံခါးဝတွင် ရေးထားသော ကျန်းနန်တက္ကသိုလ်ဟူသည့် စကားလုံးများကိုကြည့်၍ သက်ပြင်းချလိုက်မိသည် ။
" ကျောင်းဖွင့်တာကလည်းစောလိုက်တာ.. ဇွန် လ ၁၅ ရက်ပဲရှိသေးတယ် သတင်းပို့နေရပြီ.. "
အနုပညာနှင့် သိပ္ပံဘာသာရပ် ကျောင်းသားများအတွက် နွေရာသီ အားလပ်ရက်ရှိသော်လည်း သိုင်းပညာရှင်များအတွက်မူ အားလပ်ရက် မရှိပေ ။
သိုင်းပညာလေ့ကျင့်သည်က ရပ်နားလို့မရ ။ တစ်လနှစ်လခန့်နားမိပါက နောက်တစ်မိုင်လောက်တွင် ပြတ်ကျန်ခဲ့ပေမည် ။
စာမေးပွဲက ဇွန်လ ၈ ရက်နေ့တွင် စတင်ပြီး ဇွန်လ ၉ ရက်နေ့တွင် ပြီးဆုံးသည် ။ ဇွန်လ ၉ ရက်နေ့တွင်ပင် တက္ကသိုလ်ဝင်ခွင့် ဖောင်တင်ရပြီး ၁၂ ရက်နေ့ နောက်ဆုံးဖြစ်သည် ။ ၁၅ ရက်နေ့တွင် တက္ကသိုလ်အား သတင်းပို့ရမည် ။
" ငါတော့ နောက်ကျနေတယ်လို့တောင် ထင်သေးတယ်.. "
လင်းမို့သည် စာမေးပွဲပြီးကတည်းက တက်ကြွအမှတ်များ မရရှိတော့သဖြင့် ကြောင်ပျောက်နေခဲ့သည် ။ သူပျင်းရိရန် နေရာပင် မရှိတော့ချေ ။
ထို့ကြောင့် အိမ်ပြောင်းရွှေ့ရန်သာ အာရုံစိုက်ခဲ့လေသည် ။ သူ ဟောက်ရန်၏ အဖေ ပေးသော အိမ်သို့ ရောက်မှသာ အံ့သြသွားခဲ့သည် ။ ကောင်းဖန်းပေးသော အိမ်လေးက မြစ်ဗျူးပါသော ယွမ် သန်း ၆၀ တန် ဗီလာတစ်လုံး ဖြစ်နေ၏ ။
စျေးအနည်းငယ် ကြီးသော်လည်း လင်းမို့ လက်ခံလိုက်သည် ။ သူထွက်မလာခင် ကောင်းဖန်းအား ရင်ဘက်ပုတ်ပြ၍ ဟောက်ရန်အား ဂရုစိုက်မည့်အကြောင်း ကတိပေးခဲ့လေသည် ။ သူ တက္ကသိုလ်သို့ မလာမီ ဟိုင်းချန်မြို့၏ သတင်းများကို ကြားခဲ့သေးသည် ။
ဟိုင်းချန်အထက်တန်းကျောင်း၏ ကျောင်းအုပ် ထိပ်ပြောင်ယန် အလုပ်ထုတ်ခံလိုက်ရပြီး လင်းမို့၏ ဆရာမ လုယန်အန်က ကျောင်းအုပ် အသစ်ဖြစ်လာခဲ့သည် ။