တူညီသောစွမ်းအားရှိသည့် အကန့်အသတ်မဲ့ သရဲများ၏ ဝန်းရံခံရခြင်း
Vol. 19 Ch. 273
အခန်း (၂၇၃) : တူညီသောစွမ်းအားရှိသည့် အကန့်အသတ်မဲ့ သရဲများ၏ ဝန်းရံခံရခြင်း
“ လောဘကြီးဝံပုလွေ ကောင်းကင်ကို ဝါးမျိုခြင်း”
လောဘကြီး ဝံပုလွေဝိဇ္ဇာက သိပ်သည်းသော အနက်ရောင်အငွေ့ကို ထုတ်လွှတ်ပြီးနောက် ကြီးမားသော ဝံပုလွေအဖြစ်သို့ အသွင်ပြောင်းသွားကာ ကြာပြာ ကောင်းကင်အသျှင်ဆီ ခုန်အုပ်လိုက်သည်။
သို့သော် ကြာပြာကောင်းကင်အသျှင်၏ လက်ထဲမှ တုတ်က ပေ ထောင်ပေါင်းများစွာ ရှည်လျားသွားကာ ဝံပုလွေ၏ သိပ်သည်းသော အငွေ့အသက်များကို ချက်ချင်း ရှင်းထုတ်ပစ်လိုက်သည်။
လောဘကြီး ဝံပုလွေဝိဇ္ဇာက နောက်ပြန်ဆုတ်ကာ ခုနစ်သွယ် သတ်ဖြတ်ရေးဝိဇ္ဇာနှင့် ဖိုကျွင့်ထန်း ဝိဇ္ဇာတို့နှင့် ပူးပေါင်းကာ ကြာပြာ ကောင်းကင်အသျှင်ကို တိုက်ခိုက်ဖို့ စဉ်းစားမိလိုက်ကြ၏။
သို့သော်ငြား ကြာပြာ ကောင်းကင်အသျှင်ကလည်း တစ်ယောက်တည်းမှ မဟုတ်တာ
စုပေါင်းနယ်ပယ် တစ်စစီဖြစ်သွားပြီးနောက် မြေအောက်ကမ္ဘာ စမ်းချောင်းဝါ ပိုင်နက်ထဲတွင် များပြားသော ပုံရိပ်များ ပေါ်ထွက်လာသည်။ ကောင်းကင်အသျှင် ၉ ယောက်နှင့် အထွတ်အထိပ်ရှင် ၁၀၈ ယောက်တို့ ရောက်ရှိလာပြီး စွမ်းအားကြီးသော အစီအရင်ကို ဖွဲ့စည်းလိုက်ကြသည်။
ထိုအစီအရင်များက ကနဦးဝိညာဉ်အဆင့် အထွတ်အထိပ်ရှင်များ၏ စွမ်းအားကို စုစည်းနိုင်ပြီး ကောင်းကင်အသျှင် တစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်နိုင်ပေသည်။ ထိုအရာက ကျင့်ကြံရေးဂိုဏ်းများ ပိုင်ဆိုင်သော ပင်မအမွေအနှစ်ပညာရပ် တစ်ခု ဖြစ်၏။
အစီအရင်ထဲတွင် လူအလုံအလောက်ရှိပါက ထိပ်သီးအဆင့် ကောင်းကင်အသျှင် သို့မဟုတ် ဝိဇ္ဇာတစ်ပိုင်းကို တိုက်ခိုက်ဖို့ ဖြစ်နိုင်သည်။
ထိုအခိုက်အတန့်တွင် ကျင့်ကြံရေးဂိုဏ်း၏ အဓိကအင်အားစုက ဂိုဏ်းချုပ်၏ သတင်းစကားကို ရရှိပြီးနောက် အပြေးအလွှား လာခဲ့ကြသည့်အတွက် သူတို့က ရန်သူကို လုံးဝ ဝိုင်းထားနိုင်လိုက်သည်။
ထိုကဲ့သို့သော ကြီးမားသည့် အင်အားစုနှင့် ကြာနီ ကောင်းကင်အသျှင်၊ ရဲရဲနီကကြိုးတို့ကိုပါ ထည့်ပေါင်းလိုက်ပါက ခုနစ်သွယ် သတ်ဖြတ်ရေးဝိဇ္ဇာနှင့် ဖိုကျွင့်ထန်းဝိဇ္ဇာတို့ကို ဖိနှိပ်ဖို့အတွက် လုံလောက်သည်။
“ သေစမ်း…ဒါက သမာသမတ် ကျင့်ကြံရေးဂိုဏ်းသားတွေ ပြုမူတတ်တဲ့အရာလား။ မင်းတို့ အရမ်းတော်နေတယ်ဆိုရင် တစ်ယောက်ချင်းစီ တိုက်ခိုက်သင့်တယ်”
ကောင်းကင်အသျှင် ငါးယောက်နှင့် အထွတ်အထိပ်ရှင် ၅၄ ယောက်က ခုနစ်သွယ် သတ်ဖြတ်ရေးဝိဇ္ဇာကို ဝိုင်းထားသည်။ ပိုပြီးစွမ်းအားကြီးသော ဖိုကျွင့်ထန်း ဝိဇ္ဇာကိုတော့ ကောင်းကင်အသျှင် ခြောက်ယောက်နှင့် အထွတ်အထိပ်ရှင် ၅၄ယောက်တို့က ဝိုင်းထားကြသည်။
အင်အားစုက ဝိဇ္ဇာနှစ်ယောက်၏ တိုက်ခိုက်မှုများကို လုံးဝ ပယ်ဖျက်လိုက်သည်။ ထိုအရာက အာတာပူစီကို ရိုက်နှက်ရသလိုမျိုး စိတ်အနှောင့်အယှက် ဖြစ်ဖို့ ကောင်းလှပေသည်။
သူတို့အားလုံးထဲတွင် စိတ်ဓာတ်အကျဆုံးသူက လောဘကြီးဝံပုလွေ ဝိဇ္ဇာ ဖြစ်၏။
ခုနစ်သွယ် သတ်ဖြတ်ရေးဝိဇ္ဇာနှင့် ဖိုကျွင့်ထန်း ဝိဇ္ဇာတို့ ဝန်းရံခံလိုက်ရပြီးနောက် သူက ကောင်းကင်အသျှင်တစ်ယောက်၏ အပြင်းအထန် ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။
သူက ဝိဇ္ဇာတစ်ယောက်အနေဖြင့် ဂုဏ်သိက္ခာအားလုံးကို ဆုံးရှုံးလိုက်ရသည်။
“ အထွတ်အထိပ်ပင်လယ် တုတ်ချောင်း - ခွေးရိုက်တုတ်”
ရွေတုတ်ကို လျှပ်စီးအမြန်နှုန်းလို ဝေ့ယမ်းကာ လောဘကြီးဝံပုလွေကို ရိုက်နှက်လိုက်သည့်အတွက် ပေတစ်သောင်းကျော် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျလာသည်။
သူ့ မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်ကာ ပြောလိုက်သည်
“ မင်းက ငါ့ကို ဒီလိုအပြုအမူမျိုးနဲ့ ဆက်ဆံရဲတယ်ပေါ့လေ။ မင်းကို အစိတ်စိတ်အမြွာမြွာ ဖြစ်အောင် ဆွဲဖြဲပစ်မယ်”
ကြာပြာ ကောင်းကင်အသျှင်က သူ့ပုခုံးပေါ်တွင် ရွှေတုတ်ကို တင်ထားလိုက်ရင်း ပြုံးကာ ပြောလိုက်သည်
“ ငါက မင်းရှေ့တည့်တည့်မှာ ရပ်နေတာပဲလေ။ လာပြီး လုပ်လိုက်တော့လေ”
သူ့အပြုအမူက အင်မတန် ဂုဏ်မောက်လွန်းပြီး စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းလှသည်။ ကြာပြာ ကောင်းကင်အသျှင်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားကာ အလျင်အမြန် နောက်ဆုတ်လိုက်သည်။
ကံမကောင်းစွာဖြင့် သူ အရမ်းနောက်ကျသွားလေပြီ။ လက်ဖဝါးကြီးတစ်ခု ရုတ်တရက် ပေါ်လာကာ ကြာပြာကောင်းကင်အသျှင်ကို ဖမ်းဆုပ်ပြီး ညှစ်ထားသည်။
ထိုလက်ဖဝါးက အရမ်းကြီးမားပြီး တောက်ပသော ရွှေရောင်အလင်းတန်းများကို လွှတ်ထုတ်နေသည်။ လက်ဖဝါး၏ အလယ်တွင် တောက်ပသော ဗုဒ္ဓစင်္ကြာ သင်္ကေတရှိသည့်အတွက် ဗုဒ္ဓ၏ လက်ဖဝါးအစစ်ဟုပင် ခံစားရစေသည်။
သို့သော် ထူးဆန်းသည့် အရာတစ်ခုက လက်ဖဝါး၏ မျက်နှာပြင်တစ်ခုလုံးကို သိပ်သည်းသော အနက်ရောင် ကျိန်စာအက္ခရာစာများဖြင့် ဖုံးလွှမ်းထားပြီး မူမမှန်သော အရှိန်အဝါတမျိုးကို လွှတ်ထုတ်နေသည်။
ထိုအရာက လက်ဖဝါးတစ်ခုလုံးကို အကောင်းနှင့်အဆိုး ရောယှက်ပြီး နတ်ဆိုးတစ်ပါးလိုရော နတ်ဘုရားတစ်ပါးလိုပါ ခံစားရစေသည်။ ထိုအရာက အင်မတန် ကွဲပြားလှသည်။
“ အဆင့်မြင့် ဝိဇ္ဇာက ငါ့ကို ချုံခိုတိုက်ခိုက်ရဲတယ်ပေါ့လေ။ ငါ့ကို လွှတ်ပေးစမ်း…လွှတ်ပေးစမ်း”
ကြာပြာ ကောင်းကင်အသျှင်က ပြင်းထန်စွာ ရုန်းကန်နေပြီး သူ့ ရွှေတုတ်မှလည်း ပြင်းထန်သော အံ့ဖွယ်စွမ်းအားများ ဖြာထွက်နေသည်။
စမ်းသပ်ချက် သုံးခုက စစ်မှန်တဲ့ ဝိဇ္ဇာဖြစ်အောင် လုပ်ပေးနိုင်ပေမဲ့ စမ်းသပ်ချက် ငါးခုက မဟာဝိဇ္ဇာဖြစ်အောင် လုပ်ပေးနိုင်တယ်။ ဒီလက်ဖဝါးပိုင်ရှင်ရဲ့ ကျင့်ကြံဆင့်က ပြိုင်ဘက်ကင်းပြီး အဆင့်မြင့်တယ်
ကြာပြာ ကောင်းကင်အသျှင်လည်း လွတ်မြောက်ဖို့အတွက် အရမ်းအခက်တွေ့နေသည်။
လေထဲတွင် ရွှေရောင်ကြာပန်းများ ပေါ်ထွက်လာကာ ထူးဆန်းသော ရွတ်ဆိုသံကို ကြားနိုင်သည်။ သို့သော် ပန်းပွင့်တစ်ပွင့်ချင်းစီတိုင်းကို အနက်ရောင်ကျိန်စာအက္ခရာစာများဖြင့် ရေးထွင်းထားသည်။
လေထဲတွင် ပုံရိပ်တစ်ခုပေါ်လာကာ ထိုကြာပန်းများအပေါ် နင်းဖြတ်ကာ လျှောက်လှမ်းလာသည်။
သူ၏ ဘယ်ဖက်အခြမ်းက အဖြူရောင် ဘုန်းကြီးဝတ်ရုံကို ဝတ်ဆင်ထားကာ အင်မတန် သန့်စင်မြင့်မြတ်သော ဘုန်းကြီးတစ်ပါးအသွင်ကို ဆောင်နေသည်။
သို့သော် ညာဖက်အခြမ်းက အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့်အတွက် ငရဲမှ တိုက်ခိုက်လိုစိတ်များသော နတ်ဆိုးတစ်ကောင်အသွင်မျိုး ဖြစ်နေသည်။
သူ ထွက်ပေါ်လာမှုက ကွဲပြားသလို ဝတ္ထုဆန်သည်။ သို့သော် သူ့အရှိန်အဝါက ထိတ်လန့်စရာကောင်းသည့်အတွက် ဘယ်သူမှ မပြုံးကြပေ။ ဤသည်မှာ အရမ်းစွမ်းအားကြီးသော နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း သံသယဝင်စရာမရှိပေ။
“ ကျုပ်ရဲ့ နောက်လိုက် ကျင့်ကြံသူများ မင်္ဂလာပါ။ ကျုပ်က အသက်မဲ့ဘုရင်ပါ”
အသက်မဲ့ဘုရင်က ပုတီးကုံးကို ဘယ်ဖက်လက်ထဲတွင် ကိုင်ထားကာ နှုတ်ဆက်လိုက်သည်။
သူ့ကို ကြည့်ရတာ အရမ်းနှိမ့်ချပြီး သတ္တိရှိပုံပေါ်သည်။
သို့သော် “ အသက်မဲ့ဘုရင်ပါ” ဆိုပြီး သူ့ပါးစပ်မှ ထွက်လာသည့်အချိန်တွင် အားလုံး၏ မျက်နှာထားများ ချက်ချင်းပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် ထိုနာမည်က မကောင်းမှုဖြင့် ကျော်ကြားသောကြောင့် ဖြစ်၏။
အသက်မဲ့ဘုရင်က မိစ္ဆာဝိညာဉ်ဂိုဏ်း ဘုရင်လေးယောက်ထဲတွင် တစ်ယောက် အပါအဝင်ဖြစ်ပြီး မိုးကြိုးလှိုင်းအထွတ်အမြတ်မြေမှာ ကြီးပြင်းခဲ့ခြင်း ဖြစ်သည်။ သူက ဟွမ်ရှစ်နှင့် တစ်ခေတ်တည်းသော ပါရမီရှင်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းရှစ်ထောင်တုန်းက သူ့နာမည်ကို မဟာပရဂျန ပါရမီရှင် အဖြစ် သတ်မှတ်ထားခဲ့သည်။
သူ မွေးဖွားသည့်အချိန်တုန်းက သူ့ကို ထောင်ပေါင်းများစွာသော ဗုဒ္ဓအလင်းတန်းများဖြင့် တောက်ပနေခဲ့သည့်အပြင် စစ်မှန်သော ဗုဒ္ဓတစ်ပါး ပြန်လည် မွေးဖွားလာသလိုမျိုး ဗုဒ္ဓရွတ်ဆိုသံများကိုလည်း ကြားခဲ့ရသည်။
ထိုအဖြစ်အပျက်ကြောင့် အသက်ငယ်ငယ်ဖြင့် ဘုန်းကြီးကျောင်းတော်သို့ ဝင်သွားရပြီး မိုးကြိုးလှိုင်းအထွတ်အမြတ်မြေ၏ ဗောဓိသတ္တဝအဖြစ် ရွေးချယ်ခံလိုက်ရသည်။
ထိုအချိန်တွင် ကျင့်ကြံရေးအတွက် သူ့အရည်အချင်းက သူ့ဂုဏ်သတင်းနှင့် တန်းတူညီတူ ဖြစ်သည်။ သူက ပင်ကိုယ်အရ သာမန် ဗုဒ္ဓကျမ်းစာများကို သိပြီး ဆရာတစ်ဆူ ဖြစ်လာရသည်။ သူက ကျမ်းစာများကို မွမ်းမံပြီးနောက် အသစ်တစ်ခုပင် ဖန်တီးနိုင်သည်။ သိပ်မကြာခင်မှာပဲ ဗုဒ္ဓအတွေးအခေါ်၊ အက္ခရာစာ၊ ပညာရပ်တို့ကို အသက်မဲ့ဘုရင်က အမြင့်ဆုံးအဆင့်အထိ နားလည်သွားနိုင်ပြီး ဗုဒ္ဓအရှင်ကိုပင် ကျော်လွန်သွားနိုင်ခဲ့သည်။
သို့သော် အရည်အချင်းရှိလွန်းကာ အရမ်း လျင်မြန်စွာ အဆင့်တက်သွားသည့်အတွက် တားမြစ်ထားသည့် ပညာရပ်များနှင့် အထိအတွေ့ ရှိခဲ့သည်။ သူက ဗုဒ္ဓ၏ စစ်မှန်သော အဓိပ္ပာယ်ကို စတင်သံသယဝင်လာကာ အထွတ်အမြတ်မြေက နောက်လိုက်များကို လှည့်စားနေသည်ဟု သံသယဝင်လာသည်။
ဗုဒ္ဓက တကယ်ပဲ သဘောထားကြီးသူလားဆိုတာကိုပင် သူ သံသယ ဝင်လာသည်။
“ ကောင်းခြင်းနဲ့ ဆိုးခြင်းက တူညီတဲ့ အကြွေစေ့ရဲ့ မတူညီတဲ့ ဘက်ခြမ်းနှစ်ခုပဲ” ဆိုတဲ့ စကားအတိုင်းပေါ့
အသက်မဲ့ဘုရင်၏ ပြီးပြည့်စုံသော အရည်အချင်းက သူ့ နတ်ဆိုးနှင့်ဆိုင်သော အယူအဆအတွက် အရင်းအမြစ်တစ်ခုလည်း ဖြစ်ခဲ့သည်။ ဗောဓိသတ္တဝက ကူသို့ကဲ့သို့ ငယ်ရွယ်သောသူများက အတွေးမလွန်ကြပေ။ သို့သော် အသက်မဲ့ဘုရင်က သူတို့ မိစ္ဆာဝိညာဉ်များနှင့် တိုက်ခိုက်ရသည့်အချိန် အမှောင်ဘက်ခြမ်းသို့ လေ့လာကြည့်မိသွားသည်။
သူ စွမ်းအားအသစ် ရရှိပြီးတော့ ဆာလောင်နေတာလည်း ဖြစ်နိုင်တယ်။ သူ့ သံသယတွေရဲ့ အဖြေကို မိစ္ဆာဝိညာဉ်တွေဆီကနေ ရသွားတာလည်း ဖြစ်နိုင်တယ် ... ဖြစ်နိုင်တယ်…
သူတို့ မိစ္ဆာဝိညာဉ်များနှင့် တိုက်ခိုက်စဉ်က ဗောဓိသတ္တဝ အသက်မဲ့က သူ့ကျောင်းဆောင်ထဲတွင် သွေးချောင်းစီးသွားစေခဲ့သည်။
ဝိဇ္ဇာအဆင့် ဘုန်းကြီးက အမှောင်ဘက်သို့ ရောက်သွားသည့်အတွက် မိုးကြိုးလှိုင်း အထွတ်အမြတ်မြေအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ရသည်။
ထိုအချိန်တွင် အသက်မဲ့က သူ့ကိုယ်သူ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီး လေစားရဆုံး ဘုရင်လေးယောက်ထဲက တစ်ယောက်ဖြစ်လာဖို့အတွက် တရားဝင် ကတိပေးလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းရှစ်ထောင်တုန်းက အသက်မဲ့ဘုရင်က အရှေ့ပိုင်းလွင်ပြင်တစ်ခွင်တွင် အထူးချွန်ဆုံးသော ဝိဇ္ဇာဘုန်းကြီးထဲမှ တစ်ပါး ဖြစ်ပေသည်။
သူက ဟွမ်ရှစ်နှင့်ပင် တိုက်ခိုက်ခဲ့သေး၏။
ထိုအရာက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖြစ်သည့်အတွက် ဘယ်သူမှ ယခုလက်ရှိ သူ့ကျင့်ကြံရေးအဆင့်ကို မခန့်မှန်းနိုင်ပေ။ အသက်မဲ့ဘုရင်က မိစ္ဆာဝိညာဉ်ဂိုဏ်း ဘုရင်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည့်အတွက် အလယ်ပိုင်းနယ်မြေရှိ အဓိကဂိုဏ်းများကို အုပ်ချုပ်သင့်သည်။
သူက ဂိုဏ်းခွဲလေးဖြစ်တဲ့ ခုနစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းမှာ ဘာလို့ ပေါ်လာရတာလဲ။ ပြီးတော့ သူက ခုနစ်သွယ်သတ်ဖြတ်ရေး ဝိဇ္ဇာနဲ့ ဖိုကျွင့်ထန်း ဝိဇ္ဇာတို့ကိုတောင် စုရုံးလိုက်သေးတယ်
ဒီတစ်ခေါက် မိစ္ဆာဝိညာဉ်ဂိုဏ်းက အဆုံးထိတိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားတာလား
ဒါက ရူးကြောင်ကြောင်နိုင်တဲ့ အယူအဆပဲ။ မာဖီးယားဂိုဏ်းတွေအကုန်လုံး အခု ရူးသွားကြတာလား…
အထွတ်အမြတ်မြေများ၏ စုပေါင်းအင်အားစုများကလည်း ရောက်ရှိလာပြီ ဖြစ်သည်။
ဒီအခွင့်အရေးကို လွတ်မြောက်ဖို့ မကြိုးစားဘဲနဲ့ ပြန်လည် ခုခံမလို့လား
ဒါက လုံးဝ နည်းလမ်းမကျတာပဲ
သက်မဲ့ဘုရင်က လူအုပ်၏ တုံ့ပြန်ချက်များနှင့် ပတ်သက်ပြီး အရမ်းကျေနပ်နေပုံပေါ်သည်။ သူက ရှန်ထျန်းကို စိုက်ကြည့်သည်။
ရှန်ထျန်းက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားနှင့် ပြန့်ဟွားပန်းဘုရင်ကို သိမ်းဆည်းပြီးပြီ ဖြစ်သော်လည်း သူတို့၏ အရှိန်အဝါများက သူ့ခန္ဓာကိုယ်ပေါ်တွင် ကျန်ရှိနေဆဲ ဖြစ်သည်။
သက်မဲ့ဘုရင်၏ အကြည့်က လေးနက်သွားကာ ပြုံးရင်း ပြောလိုက်သည်
“ ငါက မင်းတို့နဲ့ ရန်သူဖြစ်ဖို့အတွက် ရည်ရွယ်ချက် မရှိပါဘူး။ ကျေးဇူးပြုပြီးတော့ အထင်မလွဲကြပါနဲ့။
ဒါက ဒီလူငယ်လေးက ငါ နှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့ ပြန့်ဟွားပန်းကို ခိုးသွားလို့ပါ။ ဒါက မဖြစ်သင့်ဘူးလေ။ ကျေးဇူးပြုပြီးတော့ ပန်းကို ပြန်ပေးပါ။
အားလုံးကို လက်စားချေပြီး နှိပ်စက်တာမျိုး မလုပ်ဘူးလို့ ကတိပေးပါတယ်။ မင်းတို့ကို တတ်နိုင်သလောက် နာကျင်မှုကင်းမဲ့အောင် ကြိုးစားပြီးတော့ မြေအောက်ကမ္ဘာကို ပို့ပေးမှာပါ။ ဘယ်လိုလဲ”
သက်မဲ့ဘုရင်က စကားပြောရင်း သူ့ခန္ဓာကိုယ်မှ ဖျော့တော့သော ဗုဒ္ဓအလင်းတန်း ထွက်နေပြီး သူ့အား သနားကြင်နာတတ်သည့်ပုံ ပေါ်စေသည်။
သို့သော် သူ “မြေအောက်ကမ္ဘာ”ဆိုသော စကားကို ပြောလိုက်သည့်အခါ သူ့ညာဘက်အခြမ်းမှ နတ်ဆိုးအရှိန်အဝါက လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
နောက်ထပ် ကျိန်စာအက္ခရာစာများဖြင့် ဖုံးလွှမ်းနေသော ဗုဒ္ဓလက်ဖဝါးကြီးက ရုတ်တရက် ရှန်ထျန်း၏ နောက်တွင် ပေါ်လာသည်။
ကြာပြာ ကောင်းကင်အသျှင် တိုက်ခိုက်ခံရတုန်းကနှင့် အတူတူပင် ဖြစ်သည်။
သက်မဲ့ဘုရင်၏ တိုက်ခိုက်မှုများက ပိုမိုမြန်လာကာ ပိုမိုပြင်းထန်လာသည်။ ဘယ်သူမှ မခုခံနိုင်ကြပေ။
ကြာပြာ ကောင်းကင်အသျှင် အသိစိတ် ပြန်ဝင်လာသည့်အချိန်တွင် သူ့လက်ဖဝါးက ရှန်ထျန်းအနားသို့ အတော်လေး နီးကပ်နေပြီး လွတ်မြောက်ဖို့ လမ်းမရှိပေ။
သို့သော် ထိုအချိန်တွင် ကောင်းကင်မှာ လျှပ်စီးကြောင်းတစ်ခု ပေါ်လာပြီး ပျော့ပျောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်
“ စီနီယာအသက်မဲ့အနေနဲ့ ကျုပ်ရဲ့ တပည့်ကို အနိုင်ကျင့်လို့ မရဘူး”
ထိုလျှပ်စီးကြောင်းက တောက်ပသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး လက်ဖဝါးကြီးကို ခွဲချလိုက်သည်။
မိုးကြိုးအရှိန်အဝါ လွှမ်းခြုံနေသော ပုံရိပ်တစ်ခု အားလုံးရှေ့တွင် ထွက်ပေါ်လာသည်။
ဘယ်သူဖြစ်ရမလဲ … အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဘေးတွင် မြူခိုးအံ့ဖွယ်အလင်းတန်းဖြင့် ဖုံးလွှမ်းနေသော ချစ်စရာကောင်းသည့် အမျိုးသမီး တစ်ယောက်လည်း ရှိနေသည်။ ထိုသူက ကျောက်စိမ်းရေကန်၏ ဂိုဏ်းချုပ် ဖြစ်သော ယောင်ချိုးယွဲ့ဖြစ်သည်။
သက်မဲ့ဘုရင်၏ လက်ဖဝါးကို ဓားဖြင့် လှီးခဲ့သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဖြစ်ပြီး မျက်နှာက လုံးဝ ပြုံးချိုနေသည်။
သက်မဲ့ဘုရင်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ဒီမှာရှိနေသောသူအားလုံးထက် သူက ပိုပြီး ကောင်းကောင်းသိသည်။
ထိုဝိဇ္ဇာနှစ်ယောက်၏ ပုံပန်းသဏ္ဌာန်ကြောင့် ကောင်းကင်အသျှင်အားလုံး၏ စိတ်ဓာတ် ချက်ချင်းမြင့်တက်သွားသည်။
ထိုအချိန်တွင် သက်မဲ့ဘုရင်က အသာပြုံးကာ ပြောလိုက်သည်
“ မျိုးဆက်သစ်က မျိုးဆက်ဟောင်းတွေကို ကျောက်ဆောင်ကို လာရိုက်ခတ်တဲ့ လှိုင်းလုံးတွေလိုမျိုး ကျော်လွန်သွားတာပဲ။
ငါ ကြားထားတာကတော့ ယခုလက်ရှိ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ကျန်းလုံယွမ်က ထူးခြားတဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားပြီး တစ်ယောက်တည်းနဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို အရင်လိုမျိုး ဂုဏ်ရှိအောင် လုပ်ပေးခဲ့တာဆို။ မင်းကို ကြည့်လိုက်တာနဲ့ ထူးခြားတယ်ဆိုတာ မြင်နိုင်ပါတယ်။
မင်းတို့နှစ်ယောက် အကြာကြီးပုန်းနေပြီးမှ ဒီလူငယ်လေးကြောင့် ထွက်လာတာပေါ့။ မင်းတို့နှစ်ယောက်အတွက် ဒီကောင်လေးက အရမ်းအရေးပါတယ် ထင်တယ်နော်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက နူးညံ့စွာ လှုပ်ခတ်သွားကာ ပြောလိုက်သည်
“ ထျန်းအာက ကျုပ်ရဲ့ တပည့်ပါ။ အဲဒါကြောင့် သူက အရမ်းအရေးပါတာပေါ့။
စီနီယာထက် အားနည်းတဲ့ ကျုပ်တပည့်ကို တိုက်ခိုက်ပြီးတော့ အနိုင်ကျင့်နေတာပဲ။ အဲဒါကြောင့် ကျုပ်တို့ ဒီနေ့တိုက်ခိုက်ရမှာကို စိုးရိမ်မိတယ်”
ထို့နောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ လက်ထဲတွင် ရွှေရောင်ကျမ်း တစ်ခုပေါ်လာသည်။
ထိုကျမ်းထဲမှ မရေတွက်နိုင်သော မိုးကြိုးအဆောင်များ ထွက်လာကာ အသက်မဲ့ဘုရင်ကို ခေါင်းမှ ခြေဖျားအထိ ဖုံးအုပ်ထားသည်။ ထိုအဆောင်များက အသက်မဲ့ဘုရင်ကို တိုက်ခိုက်ဖို့အတွက် မိုးကြိုး၏ သဘာဝစွမ်းအားကို ဆင့်ခေါ်လိုက်သည်။
သို့သော် အသက်မဲ့ဘုရင်က နည်းနည်းလေးမှ ကြောက်ရွံ့ပုံ မပေါ်ပေ။ သူက ဗုဒ္ဓတစ်ပါးကဲ့သို့ ပြုံးလိုက်သည်။
“ ကမ္ဘာကြီးက သိပ်ကိုလှပတယ်။ ဒါပေမဲ့ မင်းက ရက်ရက်စက်စက် ပြုမူနေတယ်။ လုံးဝ မကောင်းဘူး…လုံးဝ မကောင်းဘူး”
မိုးကြိုးက အသက်မဲ့ဘုရင်ပေါ်သို့ တည့်တည့်ပစ်ချလိုက်သော်လည်း ဘာအပျက်အစီးမှ ဖြစ်မသွားပေ။
အသက်မဲ့ဘုရင်က ပုံရိပ်ယောင်အရိပ်အဖြစ်သို့ အသွင်ပြောင်းလဲလိုက်ပြီး မိုးကြိုးများ၏ တိုက်ခိုက်မှုအောက်မှ ပျောက်ကွယ်သွားသည်။ အာကာပြင်က ပျက်စီးသွားကာ သူကတော့ အားလုံး၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။
“ ထွက်ပြေးသွားတာလား။ သူ တကယ် ထွက်ပြေးသွားတာလား”
အသက်မဲ့ဘုရင် ပျောက်ကွယ်သွားပြီးနောက် ဗုဒ္ဓ၏ လက်ဖဝါးထဲမှ ကြာပြာကောင်းကင်အသျှင်က စိတ်တိုစွာ ပေါက်ကွဲလိုက်မိသည်။
သူက ဒေါသထွက်ကာ သူ့ရွှေတုတ်ကို ကိုင်ဆွဲထားကာ ပြောလိုက်သည်
“ ညီလေး စောစောက ငါ အဖမ်းခံထားရတာ မမြင်ဘူးလား။ ဒါဆို ဘာလို့ ငါ့ကို ကယ်ဖို့ မဝင်လာရသေးတာလဲ”
အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်က ပြုံးကာ ပြောလိုက်သည်
“ ကျွန်တော် အခုလေးတင် ရောက်လာတာဆိုတော့ ကြားဝင်ဖျန်ဖြေဖို့အချိန် မမှီလိုက်ဘူး။ အစ်ကို ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့နော်”
ကျွန်တော် မလုပ်ဖူးနော်။ ထင်ရာတွေကို မစွပ်စွဲပါနဲ့
ကြာပြာ ကောင်းကင်အသျှင်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
ငါက မင်းလိုမျိုး နားလည်ရခက်ပြီး နှလုံးသားမရှိတဲ့ အလကားလူကို ယုံမှာ မဟုတ်ဘူး
သူက ကြာပြာ ကောင်းကင်အသျှင်၏ မကျေနပ်မှုများကို ခံစားနေရသကဲ့သို့ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ အနည်းငယ် လှုပ်ခတ်သွားသည်။
သူက နူးနူးညံ့ညံ့ အပြုအမူဖြင့် ပြောလိုက်သည်
“ အရှင်းဆုံးပြောရရင် အသက်မဲ့ဘုရင်သာ ထျန်းအာကို မတိုက်ခိုက်ခဲ့ရင် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်နဲ့ ကျွန်တော်က ထွက်လာဖို့အတွက် ရည်ရွယ်ချက် မရှိဘူး”
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို လေ့လာကာ ပြောလိုက်သည်
“ ဒီပိုင်နက်က အရမ်းထူးဆန်းတယ်။ ဒီနေရာကနေ တတ်နိုင်သလောက် မြန်မြန် ထွက်သွားရမယ်။”
အရာအားလုံး ရုတ်တရက် ပြောင်းလဲသွားသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ခုနစ်သွယ် သတ်ဖြတ်ရေး၊ ဖိုကျွင့်ထန်းနှင့် လောဘကြီး ဝံပုလွေတို့က အေးစက်စွာ ရယ်လိုက်ကြသည်။ သူတို့ ကျင့်ကြံရေးဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ထဲတွင် ပိတ်မိသွားကာ မလွတ်မြောက်နိုင်ပေ။
သို့သော် ယခုတော့ ဝိဇ္ဇာသုံးယောက်က သွေးအလင်းတန်းများအဖြစ်သို့ အသွင်ပြောင်းကာ မြေကြီးထဲ သို့မဟုတ် မြေအောက်ကမ္ဘာ စမ်းချောင်းဝါထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
သိပ်မကြာခင်တွင် ရှင်းလင်းပြီး ကို့ရို့ကားရားနိုင်သော ရွတ်ဖတ်သံများ မြေအောက်ကမ္ဘာ စမ်းချောင်းဝါ ပိုင်နက်တစ်ခွင်လုံးတွင် ဟိန်းထွက်လာသည်။ မရေတွက်နိုင်သော ထူးဆန်းသည့် ကျိန်စာအက္ခရာစာများ ကောင်းကင်တွင် မြောနေကာ သွေးရောင်နတ်သင်္ကေတများက မြေပြင်ပေါ်တွင် ကြက်ခြေခတ်ရွေ့လျားနေသည်။
ထင်ယောင်ထင်မှားဖြစ်စေသော ရှေးဟောင်းဗုဒ္ဓပုံရိပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။ သို့သော် တစ်ခုချင်းစီက သိပ်သည်းသော သွေးရောင်နတ်ဆိုးပုံစံဖြင့် လွှမ်းခြုံထားသည်။ သူတို့က ဖျော့တော့သော အလင်းရောင်ကို ထုတ်လွှတ်နေသည့်အတွက် ဗုဒ္ဓများနှင့်တူသလို နတ်ဆိုးများနှင့်လည်း တူနေပြီး အရမ်းကြောက်ဖို့ ကောင်းနေသည်။
ထိုဗုဒ္ဓပုံရိပ်များ ပေါ်လာပြီးနောက် ကောင်းကင်အသျှင်များနှင့် အထွတ်အထိပ်ရှင်များ၏ မျက်နှာထားများအားလုံး ချက်ချင်းပြောင်းလဲသွားသည်။
“ ငါ့ရဲ့ ကျင့်ကြံဆင့်က ရွှေအမြုတေအဆင့်ထိ ဖိနှိပ်ခံလိုက်ရပြီ။ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”
“ ငါလည်းအတူတူပဲ။ ဝိညာဉ်အသွင်ပြောင်းအဆင့်ကို မရောက်နိုင်တော့ဘူး။ ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”
“ နတ်ဆိုးဖျက်စီးခြင်း မီးတောက် အသက်သွင်းခြင်း။ သေစမ်း ငါ့ရဲ့ မီးတောက်ဇာမဏီက အခု ဘာလို့ ကြက်ပေါက်လေးလိုမျိုး ဖြစ်သွားရတာလဲ”
အင်အားစုက ထိတ်လန့်တုန်လှုပ်နေကြသည်။ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ အရှိန်အဝါများလည်း သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဖိအားပေးကာ အတင်းပြန်ထည့်ခံနေရသလိုမျိုး ပြင်းထန်စွာ လှုပ်ခတ်နေသည်။
“ မဖြစ်ဘူး…ရှည်ကြာစွာ ပျောက်ဆုံးခဲ့သော ဗုဒ္ဓပညာရပ်…အားလုံးတန်းတူ ပိုင်နက်”
ကျောက်စိမ်းရေကန်ဂိုဏ်းချုပ် အတော်လေး တင်းမာနေပုံပေါ်သည်။
သူမ အထွတ်အမြတ်မြေ၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် သာမန်ကျင့်ကြံသူများထက် ပိုမိုများပြားသော လျှို့ဝှက်ချက်များကို သိထားသည်။
အားလုံးတန်းတူ ပိုင်နက်ဆိုသည့်အရာက လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်က ထူးခြားသာ ဗုဒ္ဓဝိဇ္ဇာ၏ ပြိုင်ဘက်ကင်း ဖန်တီးမှု ဖြစ်သည်။
ထိုပိုင်နက်က ကမ္ဘာဦးတိုက်ပွဲနယ်မြေနှင့် အတူတူပင်ဖြစ်ပြီး ရန်သူ၏ ကျင့်ကြံဆင့်ကို နိမ့်အောင် လုပ်နိုင်သည်။ သို့သော် တချို့ အရေးမကြီးသော အသေးစိတ် အချက်အလက်များကတော့ ကွဲပြားမှု ရှိသည်။
သဘာဝစွမ်းအားမှ ဖန်တီးထားသော ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ ဖိနှိပ်မှုက လူတိုင်းကို သတ်မှတ်ထားသော အဆင့်သို့ ဖိနှိပ်လိုက်သည်။
ဥပမာအားဖြင့် မီးတိုင်းပြည်အနီးရှိ ကမ္ဘာဦးတိုက်ပွဲနယ်မြေက အားလုံး၏ ကျင့်ကြံဆင့်ကို အခြေတည်အဆင့်သို့ ဖိနှိပ်လိုက်သလိုမျိုး ဖြစ်သည်။ ထိုအချိန်တွင် အားလုံးတန်းတူနယ်ပယ်ထဲတွင် ရှိနေသောသူအားလုံး၏ အဆင့်ကို အနိမ့်ဆုံးအထိ ဖိနှိပ်သည်။
ပြောရလျှင် အားလုံးတန်းတူ ပိုင်နက်ထဲရှိ ကျင့်ကြံသူများအားလုံး၏ စွမ်းအားသည် တူညီသောအဆင့်သို့ ရောက်ရှိသွားသည်။
ကျင့်ကြံသူအများကြီးကို လွှမ်းခြုံနိုင်သည့် ကြီးမားသော ပိုင်နက်တစ်ခုကို တည်ဆောက်ရခြင်းက လွယ်ကူသော အလုပ်မျိုး မဟုတ်ပေ။
အသက်မဲ့ဘုရင်အနေနှင့်လည်း ထိုကဲ့သို့ လုပ်ဖို့အတွက် ကြီးမားသော တန်ကြေးတစ်ခု ပေးရမည်ဖြစ်သလို များပြားသော စွမ်းအင်နှင့်အရင်းအမြစ် ပမာဏကိုလည်း သုံးစွဲရမည် ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ချီစွမ်းအားကိုလည်း ထိခိုက်စေနိုင်သည်။
လက်တွေ့တွင် သူက အမှောင်ယင် စွမ်းအားကို အသုံးပြုပြီး ဤပိုင်နက်ကို မတည်ဆောက်ခင် ကောင်းကင်နတ်ဆိုးရက်မြတ်အထိ ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုများကို နှောင့်နှေးစေရန်အတွက် တခြားနည်းလမ်းများကို အသုံးပြုဖို့ စီစဉ်ထားခဲ့သည်။
ထိုအခါမှ သူလည်း ကျင့်ကြံရေးဂိုဏ်း အင်အားစုများကို တစ်ခါတည်း နှိမ်နင်းနိုင်ပစ်မည် ဖြစ်၏။
သို့သော် ကံမကောင်းစွာဖြင့် ကျင့်ကြံရေး ဂိုဏ်းစုပေါင်းအင်အားစုတွင် သူ့ အစီအစဉ်ကို အကုန်ပျက်စီးအောင်လုပ်သည့် ရှန်ထျန်းလိုလူမျိုး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
နိုက်ဟော်တံတား ပုံရိပ်ယောင်လည်း ခဏအတွင်း ပျက်စီးသွားတယ်
ငရဲမီးတောက်စင်မြင့်လည်း လုံးဝ ပျက်စီးသွားတယ်
အသက်မဲ့ဘုရင် နှစ်ပေါင်းများစွာ ကျင့်ကြံထားတဲ့ ပြန့်ဟွားပန်းဘုရင်လည်း သူ ခိုးယူသွားတာကို ခံလိုက်ရတယ်။
အသက်မဲ့ဘုရင်က ထိုကဲ့သို့သော ကြီးမားသည့် ကြိုးစားအားထုတ်မှုကို ပြင်ဆင်ထားပြီး ထိုပန်းကြောင့် ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုကို သတ်ဖြတ်ဖို့ ပြင်ဆင်ထားခဲ့သည်ဟု ပြောနိုင်သည်။
စုပေါင်းအင်အားစု၏ အသက်စွမ်းအင်က ပြန့်ဟွားပန်းဘုရင်အတွက် အာဟာရဖြစ်စေပြီး ကောင်းကင်နတ်ဆိုးရက်မြတ် ပွင့်လန်းလာဖို့ မျှော်လင့်ခဲ့သည်။ ထိုအခါမှ သူလည်း တရားဝင် သန့်စင်လို့ ရလိမ့်မည်။
ဤနည်းအားဖြင့် ပြန့်ဟွားပန်းဘုရင်၏ စွမ်းအားများဖြစ်သော ယင်နှင့်ယန်၊ သေခြင်းနှင့် ရှင်ခြင်းကို ထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ သူ့မှာ ရပ်တန့်လို့ မရနိုင်သော အင်အားကိုလည်း ပိုင်ဆိုင်သွားမည် ဖြစ်သည်။
အခု သူ့အစီအစဉ် အောင်မြင်ခါနီးကျမှ ရှန်ထျန်းကို ဘယ်လိုလုပ်ပြီးတော့ ဖျက်စီးခွင့်ပေးနိုင်ပါ့မလဲ
သူ့ရဲ့ ကိုယ်ပိုင်ချီကို ထိခိုက်စေရင်လဲ ဘယ်သူဂရုစိုက်မှာလဲ။ သူ ပြန့်ဟွားပန်းဘုရင်ကို ပြန်ပြီးတော့ ဖမ်းရမယ်
“ မဖြစ်ဘူး။ ဒီအားလုံးတန်းတူ ပိုင်နက်က ဝိဇ္ဇာလေးယောက်ရဲ့ စွမ်းအားတွေကို ပေါင်းစပ်ထားတာ။ ဒါက မြေအောက်ကမ္ဘာ စမ်းချောင်းဝါပိုင်နက်န့ တောင်တန်းနှင့် မြစ်များ ပိုင်နက်ထက် ပိုပြီးတော့ စွမ်းအားကြီးတယ်။ ဒါက လုံးဝ ဖျက်စီးလို့မရနိုင်ဘူး”
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ အံ့ဖွယ်အရှိန်အဝါက လုံးဝ ပျောက်ကွယ်သွားသည်။ သူမ၏ မျက်နှာလှလှလေးက အင်မတန် တည်ငြိမ်နေပုံပေါ်သည်။
ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုက အင်မတန် ပေါ့ဆမိသွားသည်။
သူတို့ ချုံခိုတိုက်ခိုက်ခဲ့သော မိစ္ဆာဝိညာဉ်ဂိုဏ်းငယ်များအားလုံးက ကျဆုံးသွားကာ လွတ်မြောက်ဖို့ ကြိုးစားခဲ့ကြသည်။
ရလဒ်အနေဖြင့် အထွတ်အမြတ်မြေ နှစ်ခု၊ ချိုင့်ဝှမ်း ခြောက်ခုနှင့် ကောင်းချီနယ်မြေ ၁၂ခုတို့က ခုနစ်သွယ် သတ်ဖြတ်ရေးဂိုဏ်းအနေဖြင့် သူတို့ကို ဆန့်ကျင်နိုင်လောက်သည်အထိ သတ္တိရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့က ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစု တစ်ခုလုံးကိုပင် သတ်ဖို့ ကြိုးစားနေသည်။
အထွတ်အမြတ်မြေများ၊ ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများမှ စစ်ကူများက အမြန်ပြေးလာပြီးတော့ သူ့ကို သုတ်သင်ရှင်းလင်းလိုက်မှာကို မကြောက်ဖူးလား
ပေါ့ဆတယ်… အရမ်း ပေါ့ဆတယ်
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက အတော်လေး မှေးမှိန်နေပြီ ဖြစ်သော်လည်း လုံးဝ ပျောက်ကွယ်သွားခြင်းမျိုးတော့ မဟုတ်ပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားဆဲဖြစ်ပြီး သိမ်မွေ့စွာ လှုပ်ခတ်နေဆဲ ဖြစ်သည်။
ထိုအရာက အရမ်းလေးနက်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
သူက တည်ငြိမ်စွာ ပြောလိုက်သည်
“ အားလုံး စိတ်အေးအေးထားပါ။ ထိတ်လန့်နေရုံနဲ့ အရာအားလုံး ဖြေရှင်းလို့ ပြီးသွားမှာ မဟုတ်ဘူး”
ထို့နောက် သူက ရှန်ထျန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်
“ ထျန်းအာ … မင်းကို သူ စောစောက ထိခိုက်အောင် လုပ်သွားသေးလား”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အပြုအမူက လူအများကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ဂိုဏ်းချုပ် ကျွန်တော်တို့က သေရေးရှင်ရေး အခြေအနေကို ရောက်နေပြီလေ။ ဘယ်လိုလုပ်ပြီးတော့ တည်ငြိမ်နေရတာလဲ
ခင်ဗျားရဲ့ တပည့်အတွက် စိတ်ပူတယ်ဆိုရင်လည်း အားလုံး ဘေးကင်ရာကို လွတ်မြောက်ပြီးသွားမှ စိတ်ပူတာကို ထုတ်ပြလို့ မရနိုင်ဘူးလား
ကျွန်တော်တို့အားလုံးက အခု သေရေးရှင်ရေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတာလေ။ ဒီပိုင်နက်ကို ဖျက်စီးဖို့အတွက် အကောင်းဆုံး ကြိုးစားကြည့်သင့်တာ မဟုတ်ဘူးလား … ဒီလို အဖိုးတန်အချိန်တွေကို ခင်ဗျားရဲ့ တပည့်ကို စိတ်ပူဖို့ ဘာလို့ အသုံးပြုနေရတာလဲ။ ခင်ဗျားရဲ့ တပည့်က ကံကြမ္မာသားတော်မလို့ ဒီပိုင်နက်ကို ဖျက်စီးဖို့အတွက် ကံအပေါ် မှီခိုလို့ရမယ်များ ထင်နေတာလား
ထိုအခိုက်အတန့်တွင် အားလုံးက စိတ်ဓာတ်ကျသွားသည်။
သူ့ဆရာ၏ ဂရုတစိုက်ရှိလှသော စကားများကြောင့် ရှန်ထျန်း၏ နှလုံးသား နွေးထွေးသွားရသည်။
သူက အရိုအသေပြုကာ ပြောလိုက်သည်
“ ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် မထိခိုက်ပါဘူး။ ကျွန်တော်ရဲ့ ကျင့်ကြံဆင့်က ဖိနှိပ်မခံလိုက်ရဘူးလေ”
ဘာ…အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ကျင့်ကြံဆင့်က မဖိနှိပ်ခံရဘူးတဲ့လား
ထိုအခိုက်အတန့်တွင် အားလုံး၏ အကြည့်တို့ တောက်ပသွားသည်။
ဒီသူတော်စင်က တကယ်ကို ထူးခြားပြီးတော့ ဒီအားလုံးတန်းတူ ပိုင်နက်ကြောင့် ဘာမှမဖြစ်တာမျိုး ဖြစ်နိုင်ရဲ့လား
ထိုအခိုက်အတန့်တွင် စိတ်ဆိုးသောအသံ ထွက်ပေါ်လာသည်
“ မင်းက ရွှေကိုယ်ထည် ကျင့်ကြံသူပဲဆိုတော့ မင်းရဲ့ ကျင့်ကြံဆင့်က ဖိနှိပ်ခံရမှာ မဟုတ်ဘူးလေ”
တစ်နေရာလုံး တိတ်ဆိတ်သွားသည်။
ဘယ်လောက် နည်းလမ်းကျတဲ့ ရှင်းပြမှုမျိုးလဲ ...
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ မျက်နှာက ချက်ချင်းခက်ထန်သွားကာ ပြောလိုက်သည်
“ အားလုံးပဲ သတိထားပါ။ တစ်ခုခု ချဉ်းကပ်လာပြီ”
အက်ကြောင်းကြီးတစ်ခု မြေကြီးပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်လာကာ အမှောင်ထုထဲမှ မရေတွက်နိုင်သော အနက်ရောင်အရိပ်များ ထွက်လာသည်။
သူတို့က စိမ်းပြာရောင်ရှိပြီး မီးဖြင့် တောက်လောင်နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဆိုးရွားစွာ သေစေနိုင်သော အဆိပ်ကို ပိုင်ဆိုင်ကြောင်း သိနိုင်သည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေ ပင်ပင်ပန်းပန်း ကျင့်ကြံထားတဲ့ အငြိုးကြီးတဲ့ သရဲတွေပဲ
ထိုအငြိုးကြီးသရဲများအားလုံးက ရွှေအမြုတေအဆင့် ဖြစ်ကြောင်း ပြောနိုင်သည်။
သူတို့က အရေအတွက် သောင်းကျော်ရှိပြီး ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုဆီ ဦးတည်လာနေကြသည်။
ထို ရွှေအမြုတေအဆင့် အငြိုးကြီးသရဲများနှင့် နှိုင်းယှဉ်လိုက်ပါက ရွှေအမြုတေအဆင့်သို့ ဖိနှိပ်ခံထားရသော ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုက သမုဒ္ဒရာလှိုင်းလုံးများ၏ ရှင်းထုတ်ခြင်းကို ခံရသော သစ်ရွက်များကဲ့သို့ ဖြစ်နေသည်။
အားလုံး၏ ကျင့်ကြံဆင့်သာ ပုံမှန်အတိုင်းရှိနေပါက ဤအရာကို ကျော်လွှားနိုင်ဖို့က သူတို့အတွက် အင်မတန် လွယ်ကူသည်။ သို့သော် အားလုံးတန်းတူ ပိုင်နက်ထဲတွင် သူတို့၏ ကျင့်ကြံဆင့်များက ဖိနှိပ်ခံထားရသည်။
ရာချီကျော်ပဲ ရှိတဲ့ ကျင့်ကြံသူတွေက သောင်းကျော်ရှိတဲ့ ရန်သူကို ဘယ်လိုလုပ်ပြီးတော့ ကိုင်တွယ်နိုင်ပါ့မလဲ။ ဒါက သူတို့ တိုက်ပွဲမှာ ဘယ်လောက် အတွေ့အကြုံရှိလဲဆိုတာနဲ့ မသက်ဆိုင်တော့ဘူး
စွမ်းအားတူသည့် များပြားသော သရဲများ၏ ဝန်းရံခြင်းကို ခံရပြီ
ဒါက မျှော်လင့်ချက်မဲ့တဲ့ အခြေအနေပဲ