ယောက်ျားတစ်ယောက်က မြန်ဆန်ဖို့ လိုအပ်တယ်
Vol. 19 Ch. 274
အခန်း (၂၇၄) : ယောက်ျားတစ်ယောက်က မြန်ဆန်ဖို့ လိုအပ်တယ်
ပုံမှန်အခြေအနေတွင် အထွတ်အမြတ်မြေများ၊ ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများမှ ကျင့်ကြံသူများ၏ တိုက်ခိုက်စွမ်းရည်က ထိုအငြိုးကြီးသော သရဲများထက် အများကြီး ကျော်လွန်သည်။
လက်နက်များ၊ အဆောင်များနှင့် ဆေးလုံးများ၏ အကူအညီဖြင့် ကျင့်ကြံသူတစ်ယောက် အနည်းဆုံး သာမန်အငြိုးကြီး သရဲငါးကောင်လောက်ကို ကိုင်တွယ်နိုင်သည်။ အရည်အချင်းရှိ ကျင့်ကြံသူ တစ်ယောက်အနေဖြင့် အဆင့်တူ သရဲဆယ်ကောင်ကျော်ကို သတ်ဖြတ်နိုင်ကြသည်။
သို့သော် အားလုံးရှေ့တွင် ရှိနေသော အရာများက သာမန်ရွှေအမြုတေအဆင့် အငြိုးကြီးသရဲများ မဟုတ်ပေ။ သူတို့က သန့်စင်ခြင်းကို ခံယူထားသော ထူးခြားသည့် သရဲများ ဖြစ်ကြသည်။
တချို့က အဆုံးမဲ့ရှေးဟောင်းနယ်မြေရှိ အမျိုးမျိုးသော အဆိပ်ဖြစ်တည်မှုများမှ သန့်စင်ထားသော သေစေနိုင်သည့် အဆိပ်များကို ပိုင်ဆိုင်ထားပြီး တချို့က မိစ္ဆာမီးတောက်များမှ သန့်စင်ထားသည့် ငရဲမီးတောက်ကို ပိုင်ဆိုင်ထားကြသည်။
သူတို့ တစ်ကောင်ချင်းစီတွင် သာမန်အငြိုးကြီး သရဲထက် ပိုသော စွမ်းအားနှင့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
ဒီထက် ပိုပြီးအရေးကြီးသည်က ဤသရဲအုပ်စုက အရမ်းများလွန်းသည်။ သူတို့၏ အရေအတွက်က သောင်းကျော်ရှိမည်ဟု အလွယ်တကူ ရေတွက်နိုင်သည်။
သောင်းကျော်နေသော သရဲအင်အားစုကြီး ချီတက်လာသည်က စကားဖြင့်ပင် ဖော်ပြလို့ မရနိုင်တော့ပေ။ ထိုအရာက ကောင်းကင်အသျှင် တစ်ယောက်ကိုပင် ကြောက်လန့်သွားအောင် လုပ်လို့ရသည်။
ထို များပြားသော သရဲများ သူတို့ကို လုံးဝ ဝန်းရံပြီးသွားပါက ရာဂဏန်းသာ ရှိသော ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုအနေဖြင့် ငါးစာအဖြစ် အဆုံးသတ်သွားနိုင်သည်။ ပုရွက်တွေအများကြီး၏ ကိုက်တာကို ခံရပါက ဆင်တစ်ကောင်ကိုပင် သတ်နိုင်သည်။ ထိုသောင်းကျော် အဆင့်တူ အငြိုးကြီးသရဲများကို အနိုင်ရဖို့အတွက် ဘယ်ကျင့်ကြံသူဆီမှာမှ မျှော်လင့်ချက်မရှိပေ။
“ ကာကွယ်ရေး အစီအရင်ကို ချက်ချင်းဖန်တီးလိုက်ကြ။ အားလုံးပဲ သရဲတွေကို သတ်ဖို့အတွက် အကောင်းဆုံးကြိုးစားကြပါ”
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ အကြည့်တို့ မှေးမှိန်သွားသည်။ သူမနောက်ရှိ လခြမ်းသဏ္ဌာန် အံ့ဖွယ်အသုံးအဆောင် ပစ္စည်းက လေထဲတွင် မြောနေသည်။
သိပ်မကြာခင်မှာပဲ ကျင့်ကြံသူများအားလုံးကို ငွေရောင်အလင်းတန်းဖြင့် လွှမ်းခြုံသွားသည်။ ထိုသရဲများနှင့် ဆန့်ကျင်ကာ ဒိုင်းကာတစ်ခု ဖန်တီးလိုက်ပြီး ဖျော့တော့စွာ တောက်ပနေသည်။
ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေမှ လူများက သူတို့၏ ဂိုဏ်းချုပ်အပေါ် သစ္စာရှိပြီး ယုံကြည်ကြသည်။
သူမ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေမှ ကျန် ကောင်းကင်အသျှင် သုံးယောက်သည်လည်း စတင် လှုပ်ရှားတော့သည်။
“ အားလုံးပဲ မကြောက်ကြနဲ့နော်။ ဒီမှာ အငြိုးကြီးသရဲတွေ အများကြီး ရှိနေတယ်ဆိုပေမဲ့လည်း နေရာကျဉ်းတော့ သူတို့အုပ်စုရဲ့ ရှေ့ဆုံးအတန်းကပဲ ငါတို့ကို တိုက်ခိုက်နိုင်လိမ့်မယ်”
ရဲရဲနီကကြိုး ကောင်းကင်အသျှင်၏ ကျောက်စိမ်းကြေးမုံကလည်း လေထဲသို့ မြောက်တက်သွားကာ ခုခံမှုကို ပိုမိုအားကောင်းစေရန်အတွက် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ အံ့ဖွယ်အသုံးအဆောင်ပစ္စည်းနှင့် သွားရောက်ပူးပေါင်းသည်။
ထို့အပြင် နှင်းပွင့်ကကြိုး ကောင်းကင်အသျှင်နှင့် ဝိညာဉ်ကကြိုး ကောင်းကင်အသျှင်တို့ကလည်း အစီအရင်ကို အားကောင်းစေဖို့အတွက် သူတို့၏ ကိုယ်ပိုင်စွမ်းအားများကို အံ့ဖွယ်အသုံးအဆောင်ပစ္စည်းထဲသို့ ထည့်သွင်းနေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ အနည်းငယ် လှုပ်ခတ်သွားကာ ပြောလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် တပည့်တို့ မိုးကြိုးကို ဆင့်ခေါ်လိုက်”
မိုးကြိုးက ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ကြောင်း အားလုံးက သိကြသည်။
မိုးကြိုးပညာရပ်က စွမ်းအားအကြီးဆုံး ကျင့်ကြံရေးပညာရပ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်ပြီး အံ့ဖွယ်မိုးကောင်းကင် အကျွမ်းကျင်ဆုံး အရာလည်း ဖြစ်သည်။
ထိုအရာက အဓိကပျက်စီးမှုကို ဖြစ်ပေါ်စေရုံသာမက နတ်ဆိုးများ၊ မိစ္ဆာမကောင်းဆိုးဝါးများနှင့် အငြိုးကြီးသရဲများကို ရင်ဆိုင်ရသည့်အခါ အကျိုးထူး ရှိ၏။
ထိုအခိုက်အတန့်တွင် အငြိုးကြီး သရဲအုပ်စုလိုက် ချီတက်လာကြသည်။ သို့သော် အံ့ဖွယ်မိုးကောင်းကင် တပည့်များက မားမားမတ်မတ် ရပ်နေကြသည်။
“ သစ်သားဓာတ် နဂါးပြာ နတ်မိုးကြိုး”
“ မီးဓာတ် မီးငှက် နတ်မိုးကြိုး”
“ မီးဓာတ် မြွေနတ်မိုးကြိုး”
“ သတ္တုဓာတ် ကျားဖြူနတ်မိုးကြိုး”
“ ဓာတ်နှော နတ်မိုးကြိုး”
“ ဓာတ်နှော မိုးကြိုးလက်သီး”
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဘက်မှ မိုးကြိုးများဖြင့် ပစ်လွှတ်နေသည့်အတွက် အငြိုးကြီးသရဲ တစ်ကောင်ပြီးတစ်ကောင် ရှင်းထုတ်နေသည်။
တချို့ အားပြင်းသော မိုးကြိုးက ထို အငြိုးကြီးသရဲများကို အစိတ်စိတ်အမြွာမြွာ ဖြစ်သွားစေသည်။ ထိုအခိုက်အတန့်တွင် ရှန်ထျန်းကလည်း သူ့တိုက်ခိုက်မှုမှာ အားအင်များကို စိုက်ထည့်ထားသည်။ သူက မပင်ပန်းသည့်အတိုင်း မိုးကြိုးလက်သီးများကို အဆက်မပြတ် ပစ်လွှတ်နေသည်။
သူ၏ မိုးကြိုးလက်သီး တစ်ချက်တိုင်းက တစ်ခါတည်းမှာပင် အငြိုးကြီးသရဲများစွာကို ဖျက်စီးနိုင်ပြီး သူတို့၏ အကြွင်းအကျန်များကိုပင် အဝေးသို့ လွင့်စင်သွားစေသည့်အတွက် အရမ်းစွမ်းအားကြီးလှသည်။
သူက လူတော်တော်များများ၏ အာရုံကို ဖမ်းစားထားသည်။
“ သူက တကယ့်ကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ပဲ။ သူ့ရဲ့ စွမ်းအားတွေက ထူးခြားတယ်”
“ သူက ငါတို့တပည့်တွေထက်ပိုပြီးတော့ စွမ်းအားကြီးတယ်။ အထွတ်အမြတ်မြေတွေက တကယ်ကို မတူတဲ့ အဆင့်မှာ ရှိတာပဲ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တောင် လက်မလျှော့တာ ငါတို့က ဘယ်လိုလုပ်ပြီး လက်လျှော့နိုင်မှာလဲ။ သူတို့အားလုံးကို သတ်”
အထွတ်အမြတ်မြေနှစ်ခု၏ ပြန်လည်ခုခံမှုက ချိုင့်ဝှမ်းနှင့် ကောင်းချီးနယ်မြေမှ ကျင့်ကြံသူတို့အတွက် စိတ်ဓာတ်ခွန်အား ဖြစ်သွားစေသည်။ သူတို့၏ တိုက်ခိုက်လိုစိတ်ကလည်း ပြင်းထန်လာသည်။
သူတို့ ဒီမှာ သေသွားမည်ဆိုလျှင်ပင် မိစ္ဆာဝိညာဉ်ဂိုဏ်းကို လွယ်လွယ်ကူကူနှင့် အနိုင်မပေးနိုင်ပေ။ ရလဒ်ဘယ်လိုပဲ ထွက်လာပါစေ သူတို့ ကောင်းမွန်စွာ တိုက်ခိုက်နိုင်ဖို့ လိုအပ်သည်။
“ မင်းတို့က ရွှေအမြုတေအဆင့် ညစ်ပတ်တဲ့ သရဲတွေဖြစ်ပေမဲ့ ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ ဟုတ်လား”
လွှမ်းမိုးသော အော်သံတစ်ခု လူအုပ်ထဲမှ ထွက်လာသည်။ အပြာရောင် မီးတောက်ဖြင့် လွှမ်းခြုံနေသော တာအိုကိုယ်တော်ကြီးက ကာကွယ်ရေးအစီအရင်ဆီသို့ ဦးတည်သွားလိုက်သည်။ သူက ကြောက်လန့်ခြင်း မရှိဘဲ များပြားသော အငြိုးကြီးသရဲအုပ်စုဆီသို့ ဦးတည်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်ကို သိပ်သည်းသော အနက်ရောင်အရှိန်အဝါများ လွှမ်းခြုံထားသည်။
“ အထွတ်အထိပ် ပင်လယ် တုတ်ချောင်း - တိမ်မျောလွင့် မိုးရွာသွန်းခြင်း”
လေထဲတွင် ဒေါသပါသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ စုဝေးနေသော အနက်ရောင်အရှိန်အဝါတွင် အပေါက်တစ်ခု ဖြစ်သွားသည်။
ထောင်ပေါင်းများစွာသော တုတ်၏ ပုံရိပ်များက အနက်ရောင်အရှိန်အဝါဆီသို့ ပစ်လွှတ်နေပြီး တောက်ပနေသော စိမ်းပြာကောင်းကင်မီးတောက်ကိုလည်း တစ်ခါတည်း ယူဆောင်လာသည်။ မရေတွက်နိုင်သော အငြိုးကြီးသရဲများလည်း ချက်ချင်း တစ်စစီ စုတ်ဖြဲခံလိုက်ရသည်။
ထိုအပေါက်ကို ဖြတ်ပြီးနောက် စိမ်းပြာရောင် ပုံရိပ်တစ်ခုက ရန်သူသရဲများကြားတွင် ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို မြင်နိုင်သည်။ ဘယ်အငြိုးကြီးသရဲမှ သူ၏ အားပြင်းသော တိုက်ခိုက်မှုများကို ပြန်လည်ခုခံနိုင်စွမ်း မရှိပေ။
“ သူက တကယ်ကို အစ်ကိုချူးပဲ။ အဲဒီရန်သူအုပ်စုထဲမှာ မြုပ်နေတာတောင် အဲလို လွှမ်းမိုးမှုမျိုး ရှိနေသေးတယ်”
ရဲရဲနီကကြိုး ကောင်းကင်အသျှင်က သူမ၏ ခွန်အား အားလုံးကို ကျောက်စိမ်းကြေးမုံထဲသို့ ထည့်ပြီး အငြိုးကြီးသရဲများကို ခုခံနေသော်လည်း ကြာပြာ ကောင်းကင်အသျှင်၏ လုပ်ဆောင်မှုကိုလည်း လေးစားဖို့ မေ့လျော့ခဲ့ခြင်းမျိုး မရှိပေ။
သူမ၏ အကြည့်တို့က တောက်ပနေသည်။
သို့သော် ကြာပြာ ကောင်းကင်အသျှင်၏ လွှမ်းမိုးသော ပုံရိပ်က ကြာကြာ မခံလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ပေါ်လွင်သော ပုံရိပ်က များပြားသော သရဲများ၏ အာရုံကို ဖမ်းစားလိုက်သောကြောင့် ဖြစ်သည်။
သူတို့၏ အဆုံးမရှိသော မကောင်းသည့် အရှိန်အဝါက ကြာပြာ ကောင်းကင်အသျှင်ကို လုံးဝ စတင်ဝါးမျိုသွားသည်။ လျင်မြန်စွာ ရွေ့လျားနိုင်သည့် အနက်ရောင် လေဆင်နှာမောင်းကဲ့သို့ ရွေ့လျားကာ ကြာပြာ ကောင်းကင်အသျှင်ကို အထဲမှာ ဖမ်းဆီးထားလိုက်သည်။
ထိုအနက်ရောင်အရှိန်အဝါ လေဆင်နှာမောင်းထဲတွင် ပုန်းအောင်းနေသော ရွှေအမြုတေအဆင့် အငြိုးကြီးသရဲများက ကြာပြာ ကောင်းကင်အသျှင်ကို သနားညှာတာမှု ကင်းမဲ့စွာ တိုက်ခိုက်ကြသည်။
ဒီထက်ပိုပြီး အရေးကြီးသည်က အနက်ရောင်အရှိန်အဝါ လေဆင်နှာမောင်းက ဝိညာဉ်ချီအားလုံးကို ဖြတ်တောက်လိုက်သည့်အတွက် ကြာပြာ ကောင်းကင်အသျှင်က သူ့ကိုယ်သူ ပြန်လည်အားဖြည့်ရန်အတွက် အပြင်လောကမှ စွမ်းအင်ကို ယူလို့ မရနိုင်တော့ပေ။
ရလဒ်အနေဖြင့် ကြာပြာ ကောင်းကင်အသျှင်၏ စိမ်းပြာရောင် ကောင်းကင်မီးတောက်က စတင်ပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။ မရေတွက်နိုင်သော အငြိုးကြီးသရဲများ၏ ပြင်းထန်သော အံ့ဖွယ်လေဗွေ တိုက်ကွက်များကြောင့် ကြာပြာ ကောင်းကင်အသျှင်က ယခု စတင်ဗျာများလာသည်။
အနက်ရောင်အရှိန်အဝါ လေဆင်နှာမောင်းထဲမှာ ပိတ်မိပြီးနောက် သူ့ကို တိုက်ခိုက်သော သရဲက ၈ ကောင်၊ ၉ ကောင်လောက် မဟုတ်ဘဲ အကောင်ရေ တစ်ရာမှ တစ်ထောင်အထိ ရှိသည်။
“ ပြီးသွားပြီလား။ မင်းတို့က ဒီတစ်ခေါက် အရမ်းသနားဖို့ ကောင်းနေလို့ ညှာတာပေးလိုက်မယ်။
သေစမ်း…မင်းတို့ကို ထွက်သွားခွင့်ပေးမယ်လို့ ပြောပြီးနေပြီလေ။ မင်းတို့က ဘာလို့ ဆက်ပြီးတော့ ငါ့ကို တိုက်ခိုက်နေရတာလဲ။ ငါ့ကို ထွက်သွားခွင့်ပေး။
ငါက အခု ကောင်းမွန်တဲ့ အနေအထားမှာ မရှိသေးဘူး။ မင်းတို့ သတ္တိရှိရင် ငါ့ကို အပြင်ထွက်ခိုင်းပြီးတော့ အရင်ဆုံး အားဖြည့်ခိုင်းလိုက်။ ငါ မင်းတို့အားလုံးကို သတ်ဖို့ ပြန်လာမယ်။
သေစမ်း…သေစမ်း…သေစမ်း… မင်းက ရွှေအမြုတေအဆင့် အငြိုးကြီးသရဲလေ။ နည်းနည်းလောက် ဂုဏ်သိက္ခာလေး ထိန်းပါဦးလား။ မင်း တိုက်ခိုက်ရမယ်ဆိုရင်လည်း တိုက်ခိုက်လိုက်ပါ။ ဒါပေမ့ ဘာလို့ ငါ့ကို ကိုက်ရတာလဲ။
ငါ့အသက်အဆီအနှစ်ကို စုပ်ယူနေတာလား။ မင်းတို့ပဲ ဒီလိုလုပ်တတ်တယ်လို့ ထင်နေတာလား။ မင်းတို့ အကုန်လုံးကို ဝါးမျိုပစ်မယ်။ သေစမ်း…ဘာလို့ အရသာက ဒီလောက်ထိ ဆိုးရွားရတာလဲ။ ငါ့ကို အဲဒီနေရာ ကိုက်လို့ မရဘူးလေ။ သေစမ်း…လူယုတ်မာတွေ ငါ မင်းတို့ကို အသေသတ်ပစ်မယ်။
ညီလေးရေ ငါ့ကို ကယ်ပါဦး…ကျေးဇူးပြုပြီးတော့… ငါ ထပ်ပြီး တောင့်မခံနိုင်တော့ဘူး”
ကြာပြာ ကောင်းကင်အသျှင်၏ ကျယ်လောင်စူးရှသော အော်သံက လူအုပ်ထဲမှ ထွက်ပေါ်လာသည်။
သူက သေချာပေါက် နောက်ပြန်ဆုတ်လာသော်လည်း ထိုအငြိုးကြီးသရဲများ၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
သူ့ ခန္ဓာကိုယ်တစ်ခုလုံးလည်း သွားရာများ ဖုံးလွှမ်းနေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ အကြည့်တို့ ခက်ထန်လာသည်။ လက်တိုက်ကွက်များကို ထုတ်ပြီးနောက် ရွှေမိုးကြိုးက ရုတ်တရက် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ လွှတ်ထုတ်လိုက်သည်။
ဝုန်း…
အံ့ဖွယ် မိုးကြိုးအလင်းတန်းက အနက်ရောင်အရှိန်အဝါ လေဆင်နှာမောင်းကို လုံးဝ ပျောက်ကွယ်သွားစေသည်။
ထို့နောက် ဓာတ်နှောနတ်မိုးကြိုးက ကြာပြာ ကောင်းကင်အသျှင်၏ ပတ်လည်တွင် ဝိုင်းနေသော အငြိုးကြီး သရဲများအားလုံးကို ဆက်လက် တိုက်ထုတ်လိုက်သည်။
“ ညီလေး မင်းက အရမ်းတော်ပြီး အရမ်းအံ့ဩဖို့ကောင်းတယ်။ ညီလေးအတွက် သုံးခါ ဂုဏ်ပြုပါတယ်”
ယခုလက်ရှိတွင် ကြောက်စိတ်ဖြစ်ပေါ်နေသည့်အတွက် ကြာပြာ ကောင်းကင်အသျှင်က စိမ်းပြာရောင် အံ့ဖွယ်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ မူလနေရာမှ ထွက်ခွာသွားသည်။
သူ၏ မူလအစက ကောင်းမွန်သော တာအိုဝတ်ရုံက ယခု အငြိုးကြီးသရဲများ၏ လက်ချက်ကြောင့် အစိတ်စိတ်အမြွာမြွာ ဖြစ်နေသလို ခန္ဓာကိုယ်တစ်ခုလုံးလည်း ကိုက်ရာများဖြင့် ပြည့်နှက်နေသည်။
ဓာတ်နှောနတ်မိုးကြိုး၏ အကြွင်းအကျန်ကြောင့် ကြာပြာ ကောင်းကင်အသျှင်၏ ဆံပင်များအားလုံး ထောင်နေကာ မီးခိုးပင် ထွက်နေသည်။
သူ့ကြည့်ရတာ အတော်လေး သနားဖို့ ကောင်းနေသည်။
ထိုအချိန်တွင် များပြားသော အငြိုးကြီးသရဲများက ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစု၏ ရှေ့ဆုံးအတန်းကို ဦးတည်လာနေသည်။
ဝုန်း…
ထုထည်ကြီးမားသော လှိုင်းလုံးကြီး ရိုက်ချလိုက်သလိုမျိုး အားပြင်းသော လေထုက ထိုးဖောက်ဝင်ရောက်လာသည်။
ထို ကာကွယ်ရေးအစီအရင်များကြောင့် အငြိုးကြီးသရဲများ၏ ကြီးမားသော တစ်စိတ်တစ်ပိုင်းက အငွေ့ပျံသွားသည်။
အံ့ဖွယ်မိုးကောင်းကင်၏ ကာကွယ်ရေး အစီအရင်ထဲတွင် မိုးကြိုးက နတ်သားရဲများဖြစ်သော နဂါးပြာ၊ ကျားဖြူ၊ ကြက်သွေးရောင်ဇာမဏီ၊ လိပ်နက်၊ မြွေပျံ စသည်တို့အဖြစ် ပြောင်းလဲသွားသည်။ ထိုသားရဲများက အငြိုးကြီးသရဲများနှင့် တိုက်ခိုက်ရင်း ဟစ်ကြွေးနေကြသည်။
ကျောက်စိမ်းရေကန် ကာကွယ်ရေးအစီအရင်ထဲတွင် မရေတွက်နိုင်သော အံ့ဖွယ်အလင်းတန်းများက များပြားသော ရိုးရာဂီတ တူရိယာများအဖြစ်သို့ ပြောင်းလဲသွားကာ အားပြင်းသော အသံလှိုင်းများကို ထုတ်လွှတ်ပြီး တိုက်ခိုက်နေသော သရဲများအားလုံးကို ခွဲခြားဖို့အတွက် ကျယ်ပြန့်သော ချောက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။
ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေများမှ တခြားကျင့်ကြံသူများကလည်း ထိုအငြိုးကြီးသရဲများကို တိုက်ခိုက်ဖို့အတွက် အကောင်းဆုံး အားစိုက်ထုတ်နေကြသည်။
သို့သော် အငြိုးကြီးသရဲများ၏ အရေအတွက်က အရမ်းများပြားသည်။ တစ်ကြိမ်တွင် အငြိုးကြီး သရဲအနည်းငယ်သာ ကာကွယ်ရေးအစီအရင်ကို တိုက်ခိုက်နိုင်သော်လည်း ရှုံးနိမ့်သော တိုက်ပွဲဖြစ်နေဆဲပင် ဖြစ်သည်။
ကျင့်ကြံသူများ အငြိုးကြီးသရဲများ ပထမအသုတ် တိုက်ခိုက်ပြီးနောက် အသက်ပြန်မရှူနိုင်ခင် ဒုတိယအသုတ်က ထပ်မံ နီးကပ်လာသည်။ တိုက်ခိုက်မှုများ ဆက်တိုက် ကြုံတွေ့ရသည့်အတွက် ကာကွယ်ရေးအစီအရင်က ပြိုလဲသွားသည်။ ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုက ကာကွယ်ရေးအစီအရင်အသစ်ကို လျင်မြန်စွာ ပြန်လည်ဖန်တီးသော်လည်း ပထမ ကာကွယ်ရေး အစီအရင်ပျက်စီးမှုက သူတို့ကို အများကြီး ထိခိုက်သွားစေသည်။
ကြာပြာ ကောင်းကင်အသျှင်၏ ဆန်းကြယ်သော ကုစားပညာရပ်နှင့်ပင် အားလုံးကို ကုသပေးဖို့အတွက် ကပျာကယာ ဖြစ်နေသည်။
သူ၏ အဖော်များ တစ်ယောက်ပြီးတစ်ယောက် ကျလာသည့်အတွက် ရှန်ထျန်း၏ မျက်နှာထားလည်း တည်လာသည်။
သူ တစ်စက္ကန့်လောက်ပင် အနားမယူရသေးပေ။ သူက အံ့ဖွယ်ဝါးမျိုနွယ်ပင်ဖြင့် ထိုအငြိုးကြီးသရဲများကို ကာထားကာ နန်မင်လီမီးတောက်ဖြင့် အဆက်မပြတ် တိုက်ခိုက်နေသည်။ သူ၏ နွယ်ပင်နှင့် လာပြီးထိတွေ့သော အငြိုးကြီးသရဲများက ထက်ခြမ်းအပိုင်းခံလိုက်ရပြီး နန်မင်လီမီးတောက်နှင့် တွေ့သော သရဲများကို ပြာဖြစ်သွားအောင် လောင်ကျွမ်းစေသည်။
သို့သော် အငြိုးကြီးသရဲများ၏ အရေအတွက်က အရမ်းများနေသည့်အတွက် ရှန်ထျန်း၏ ကူညီမှုက သမုဒ္ဒရာထဲမှ ရေတစ်စက်စာသာ ဖြစ်နေသည်။
များပြားသော အငြိုးကြီးသရဲများက သူတို့၏ ကျဆုံးသွားသော သရဲများ၏ နေရာတွင် ဝင်ရောက်ရန်အတွက် ရှေ့သို့ တက်လာကြသည်။
သတ်…သတ်…သတ်
ရှန်ထျန်းက ထို အစုလိုက် အပြုံလိုက်သတ်ခြင်းတွင် ထူးခြားသော အခြေအနေထဲသို့ ဝင်ရောက်သွားသည်။
တိုက်ပွဲဗုံသံများ သူ့စိတ်ထဲတွင် ကြားနေရသည့်အတွက် သွေးများ ဆူပွက်လာသည်။
သူ ထုတ်လွှတ်လိုက်သော ဖျော့တော့သည့် ရွှေရောင်အလင်းတန်းက ဖြည်းဖြည်းချင်း ပိုမိုတောက်ပလာသည်။ ထိုအခိုက်အတန့်တွင် ဆန်းကြယ်သော အလွှာဖြစ်သည့် အမြှေးပါးအလွှာနှင့် ထိတွေ့မှုရှိသွားသလို ခံစားလိုက်ရသည်။
ဒါက တတိယမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်ကို ရောက်ရှိမဲ့ အလွှာလေ။ အရင်တစ်ခေါက်က သူ အဲဒါကို ရောက်ရှိဖို့အတွက် ခြေတစ်လှမ်းသာ လိုတော့တယ်
ကာကွယ်ရေး အစီအရင်၏ အပြင်ဘက်ရှိ အနက်ရောင် အရှိန်အဝါများကို ရင်ဆိုင်ရသည့်အခါ ရှန်ထျန်း ထိုနေရမှ အချိန်တိုအတွင်း ထွက်လိုက်သည်။ သူ၏ လုံယွမ်နတ်ချပ်ဝတ်တန်ဆာက လူမသိသူမသိပုံစံအဖြစ် ပြောင်းလဲသွားကာ မူလဂုဏ်ကျက်သရေ ပြန်လည်ထွက်ပေါ်လာသည်။
ရွှေရောင်ချပ်ဝတ် တန်ဆာတောက်ပသွားကာ မျက်နှာပြင်ပေါ်တွင် မိုးကြိုးများ ရစ်ပတ်နေသည်။ သူ့နောက်တွင် နတ်သားရဲငါးကောင်၏ ပုံရိပ်သဏ္ဌာန် ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် ရှန်ထျန်း၏ တုန်လှုပ်နေသော အရှိန်အဝါက တခြားသူများ၏ အာရုံကိုဖမ်းစားလိုက်ပြီး အကြည့်များအားလုံးကလည်း သူ့ဆီသို့ ရောက်ရှိလာသည်။
ရှန်ထျန်းက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက ယခု ကာကွယ်ရေး အစီအရင်၏ အစွန်းနားသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို အငြိုးကြီးသရဲများနှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးတော့သည်။ သူ ခေါင်းကို မော့လိုက်သည့်အချိန်တွင် ထိုးဖောက်ထွက်သော မိစ္ဆာအရှိန်အဝါများကို ခံစားလို့ရသည်။
သူ့နောက်တွင် ရွှေရောင်တောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ တောင်ပံများက အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပနေသည့်အတွက် သူ့ကို ပိုပြီး သူရဲကောင်းဆန်စေသည်။
“ စစ်နတ်ဘုရား အသွင်ပြောင်းခြင်း… လေးလံရေစင် အသွင်ပြောင်းခြင်း”
ရှန်ထျန်း၏ ဆံပင်လည်း ငွေဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားကာ သူ့အရှိန်အဝါသည်လည်း ရုတ်တရက် ကြီးကျယ်သွားသည်။ သူ ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည့်အခါ သူ၏ ဘေးပတ်ပတ်လည်ရှိ လေထုကလည်း ပြင်းထန်စွာ တုန်ခါသွားသည်။
“ ထျန်းကျူဓားတိုက်ကွက်”
သူ့ဓားလွှဲချက်အသံက ကောင်းကင်ကို ဖြတ်သန်းကာ တခြားကျင့်ကြံသူများ၏ လက်ထဲရှိ ဓားများကို တုန်ခါသွားစေသည်။
သူတို့က ကြောက်ရွံ့ပြီး တုန်ခါသလိုမျိုး ဖြစ်နေကြသည်။
ဓားတစ်ချောင်းက ရှန်ထျန်း၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ ဓားသွားက တောက်ပသော ရေစီးကြောင်းဖြင့် လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။
ဓားက အနည်းငယ်တုန်ခါသွားကာ ရှင်းလင်းပြတ်သားသော သတ္တုအသံကို ထုတ်လွှတ်လိုက်သည်။ ဓားသွားက အရမ်းချွန်ထက်နေသည့်အတွက် လေကိုပင် ပိုင်းဖြတ်နိုင်လောက်သည်။ ရှန်ထျန်းက သူ၏ ထျန်းကျူဓားကို ကိုင်ဆောင်ကာ ရွှေရောင်တောင်ပံကို ရုတ်တရက် ဖြန့်ကျက်လိုက်သည်။
သူက ရွှေရောင်အလင်းတန်းအဖြစ် အသွင်ပြောင်းကာ အငြိုးကြီးသော သရဲအုပ်စုဆီသို့ ဦးတည်သွားလိုက်သည်။
ကြာပြာ ကောင်းကင်အသျှင်၏ လုပ်ရပ်ကြောင့် ထို အငြိုးကြီးသရဲများကို ရန်စ ပြီးနေပြီဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်သာ ဝင်မပါပါက ကြာပြာ ကောင်းကင်အသျှင်အနေဖြင့် လွတ်မြောက်ဖို့ မလွယ်ကူနိုင်ပေ။
အဲဒါကို ရှန်ထျန်းက အဲလိုအပြုအမူမျိုး ထပ်ပြီးလုပ်ရဲသေးတယ်။ အငြိုးကြီး သရဲတွေ ဒေါသထွက်နေပြီ
အနက်ရောင် အရှိန်အဝါ တိမ်တိုက်ထဲမှ ကျယ်လောင်စူးရှသော အော်သံများ ထွက်ပေါ်လာသည်။
သိပ်သည်းသော အရှိန်အဝါတိမ်တိုက်ထဲမှ ကြောက်စရာကောင်းသော မျက်နှာများ ထွက်ပေါ်လာသည်။
ထို အရှိန်အဝါတိမ်တိုက်ကိုယ်တိုင်က ဓား၊ ဓားရှည်၊ ပုစိန်တို့၏ ပုံသဏ္ဌာန်များအဖြစ် ပြောင်းလဲကာ ကြောက်စရာကောင်းသော အမှောင်ယင်စွမ်းအင်များကို ထုတ်လွှတ်ရင်း ရှန်ထျန်းဆီသို့ ဦးတည်လာနေသည်။
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကြီးမားတဲ့ စွန့်စားမှုကို လုပ်နေတာပဲ”
“ ရွှေအမြုတေအဆင့် အငြိုးကြီးသရဲတွေ အများကြီးပဲလေ။ ဒါ ကိုယ့်သေတွင်းကို တူးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား”
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက နောက်ဆုံးမှာ ကံကြမ္မာသားတော်ကို ရှာတွေ့သွားတယ်ဆိုပေမဲ့ သူ ဒီနေ့သေရတော့မယ်…”
ဝမ်းနည်းစရာကောင်းသော စကားများက လူအုပ်ထဲတွင် ပျံ့နှံ့သွားသည်။ ကြာပြာ ကောင်းကင်အသျှင်၏ နှုတ်ခမ်းတို့ တွန့်ချိုးပြီးနောက် ပြောလိုက်သည်
“ အဲဒီကောင်လေးကတော့…ငါ စောစောက ကြိုးစားပြီးသွားပြီ။ အဲဒီအငြိုးကြီးတဲ့ သရဲတွေက နောက်ကွယ်က ထိန်းချုပ်နေတာမလို့ ဘယ်သူမှ သူတို့ကို ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး။ သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
ကြာဖြူ ကောင်းကင်အသျှင်က အရမ်းစိုးရိမ်စွာဖြင့် ပြောလိုက်သည်
“ ဂိုဏ်းချုပ် ထျန်းအာကို ပြန်ခေါ်လိုက်။ ဒါက အရမ်းအန္တရာယ်များတယ်”
မမျှော်လင့်စွာဖြင့် အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်က စိတ်ပူပုံမပေါ်ပေ။
သူ၏ ကောင်းကင်အရှိန်အဝါက သိမ်မွေ့စွာ တုန်ခါသွားပြီးနောက် ပြောလိုက်သည်
“ စိတ်မပူပါနဲ့ … ထျန်းအာက ကံကြမ္မာသားတော်လေ။ သူ့ကို ကောင်းကင်ဘုံက ကာကွယ်ပေးလိမ့်မယ်။ သူ ဘယ်တော့မှ ထိခိုက်မှာ မဟုတ်ဘူး။
ဒီအကြပ်အတည်းကနေ ရုန်းထွက်ဖို့အတွက် ထျန်းအာက ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်နိုင်တယ်”
ဒီအကြပ်အတည်းကနေ ရုန်းထွက်ဖို့အတွက် ထျန်းအာက ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးတဲ့လား
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ စကားကြောင့် အားလုံးက မျက်မှောင်ကြုတ်လိုက်မိကြသည်။
ရှန်ထျန်းက အခုမှ ရွှေရောင်ကိုယ်ထည်အဆင့် ကျင့်ကြံသူလေ။ သူက ကျန်တဲ့သူတွေ အားလုံးထက်လည်း အများကြီးငယ်တယ်
အခုက ရွှေအမြုတေအဆင့် အငြိုးကြီးသရဲတွေ အများကြီးရှိနေတဲ့ သေရေးရှင်ရေး အခြေအနေလေ။ ဒီအခြေအနေကြီးကို ရှန်ထျန်းက ပြောင်းပြန်လှန်နိုင်လိမ့်မယ်လို့ ဘယ်သူမှ စိတ်ကူးမယဉ်ရဲကြဘူး
“ စောင့်ကြည့်နေလိုက်ပါ။ ကံကြမ္မာသားတော်အတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ လေသံက ပျော့ပျောင်းနေသည်။
ထိုစကားက သံသယဝင်စရာ ကောင်းသော်လည်း သူ့နှုတ်ခမ်းမှ ထွက်လာသော လေသံက အရမ်းသေချာပြီး ယုံကြည်မှု ပြည့်ဝနေသည်။ ထိုအခိုက်အတန့်တွင် အနက်ရောင် တိမ်တိုက်ထဲမှ ဆိုးရွားသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“ အား…”
ပုံရိပ်တစ်ခုအော်ရင်း အနက်ရောင် တိမ်တိုက်ထဲမှ ထွက်ကျလာသည်။
အဲဒါ ရှန်ထျန်းလား
သူတို့က ထိုပုံရိပ်ကို စိုက်ကြည့်ပြီး အကြည့်များ ခက်ထန်လာကြသည်။ သို့သော် ထိုလူက ရှန်ထျန်းမဟုတ်ဘဲ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူတစ်ယောက် ဖြစ်နေသည်။
သူက အက္ခရာစာကြောင်းများ ပါဝင်သော ထူးဆန်းပုံပေါ်သည့် အနက်ရောင်အလံတစ်ခုကို ကိုင်ဆောင်ထားသည်။ သူ့ကို ကြည့်ရတာ မကောင်းဆိုးဝါးနှင့် တူနေသည်။
“ ဒါက မိစ္ဆာဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ပါ။ သူက အငြိုးကြီးသရဲတွေကြားမှာ ပုန်းနေပြီးတော့ သူတို့ကို ထိန်းချုပ်နေတာ”
မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် ကျင့်ကြံရေးဂိုဏ်းများက နှစ်ပေါင်း တစ်သောင်းကြာ တိုက်ခိုက်နေခဲ့ကြသည်။ ကျင့်ကြံရေးဂိုဏ်းများက မိစ္ဆာဝိညာဉ်ဂိုဏ်းများ၏ နည်းလမ်းများကို သိနေပြီ ဖြစ်သည်။
ထိုထဲတွင် အဆုံးမဲ့ဝိညာဉ် ရွက်လှေဟု ခေါ်သော မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အဆိုးရွားဆုံး ဓမ္မအသုံးအဆောင်ပစ္စည်းများ တစ်ခုအနက် အပါအဝင် ဖြစ်သည်။
ထိုကဲ့သို့သော အသုံးအဆောင်ပစ္စည်းမျိုးက ဝိညာဉ်အသွင်ပြောင်းအဆင့်နှင့် အထက် ကောင်းကင်အသျှင်များသာ ပြန်လည်သန့်စင်နိုင်သည်။ အငြိုးကြီးသရဲများစွာကို ထိန်းချုပ်နိုင်ပြီး ကြောက်စရာကောင်းသည့် သရဲအစီအရင်များကို ဖန်တီးကာ ရန်သူများကို တိုက်ခိုက်သတ်ဖြတ်နိုင်သည်။
အဆင့်အမြင့်ဆုံး အဆုံးမဲ့ဝိညာဉ်ရွက်လှေက ထောင်ပေါင်းများစွာသော ကနဦးဝိညာဉ်အဆင့် အငြိုးကြီးသရဲများကိုပင် ထိန်းချုပ်ခိုင်းစေနိုင်သည်။ ဝိဇ္ဇာတစ်ယောက်ပင် ထိုကဲ့သို့သော ကာကွယ်ရေး အစီအရင်မျိုးကို ခုခံဖို့ ခက်ခဲနိုင်သည်။
ထိုကဲ့သို့သော အဆင့်မြင့်အဆုံးမဲ့ ဝိညာဉ်ရွက်လှေက အင်မတန် ရှားပါးသည့်အတွက် မိစ္ဆာဝိညာဉ် ဂိုဏ်းတစ်ခုလုံးတွင် တစ်ခုလောက် ရှာတွေ့ဖို့ပင် ခက်ခဲလှသည်။
ရှန်ထျန်း ဖမ်းမိလာသော မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်က သာမန် အဆုံးမဲ့ဝိညာဉ်ရွက်လှေကိုသာ ကိုင်ဆောင်ထားသည်။
ထိုကောင်းကင်အသျှင်က အတော်လေး ဒဏ်ရာရထားပုံပေါ်သည်။ သူ၏ ဘယ်ဖက်လက်မောင်း ကျိုးသွားသည့်အတွက် သူ့လက်ထဲတွင်ရှိနေသော အဆုံးမဲ့ဝိညာဉ် ရွက်လှေသည်လည်း တစ်ဝက်ခြမ်းပြီးသား ဖြစ်သွားသည်။
“ မောက်မာတဲ့ကောင်။ ငါတို့သာ အားလုံးတန်းတူ ပိုင်နက်ထဲမှာ အတူတူရှိမနေဘူးဆိုရင် မင်းတို့အားလုံးက လက်တစ်ချောင်းတည်းနဲ့ ပုရွက်ဆိတ်သတ်သလို သတ်ပစ်လိုက်လို့ ရတယ်”
လေထဲ ရွှေနီရောင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ရွှေရောင်က လုံယွမ်နတ်ချပ်ဝတ်တန်ဆာနှင့် ငှက်မွေးထာဝရ သတ္တုတောင်ပံမှ ထွက်လာသာ အရောင် ဖြစ်သည်။
အနီရောင်က ထျန်းကျူဓားမှ ဖြစ်သည်။
ချွင်…
ထျန်းကျူဓားက ကြီးမားရှည်လျားသော ဓားတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။
ထို့နောက် သူက မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်ဆီသို့ ဦးတည်သွားကာ သူ့ကို မြေပေါ်သို့ ထိုးနှက်ချလိုက်သည်။ သူ၏ ရုပ်ခန္ဓာက ဘာမှမရှိသည့် အခြေအနေအထိ ပျော်ဝင်သွားသည်။
ထိုမှတဆင့် စွမ်းအင်အဆီအနှစ်လုံး ပေါ်ထွက်လာကာ အနက်ရောင်အရှိန်အဝါ တိမ်တိုက်ဆီ ပြန်ဖို့ ကြိုးစားနေသည်။
ငှက်မွေးထာဝရသတ္တုနဲ့ ယှဉ်လိုက်ရင် အရမ်းကို ဖြည်းဖြည်းလေး သွားနေတာ သနားစရာပဲ
ရှန်ထျန်းက အလျင်အမြန်သွားကာ ထိုစွမ်းအင်အဆီအနှစ်လုံးရှေ့မှာ ပိတ်ရပ်လိုက်သည်။ သူက ခြေထောက်ကို မြှောက်ကာ စွမ်းအင်အဆီအနှစ်လုံးကို ကန်လိုက်ပြီး ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုဆီ ပို့လိုက်သည်။
“ တော်တယ် ထျန်းအာ”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက လှုပ်ခတ်နေသည်။ သူ လက်ဟန်လုပ်လိုက်ပြီးနောက် လက်ထဲတွင် ရွှေရောင်ကျမ်းစာ တစ်ခု ထွက်ပေါ်လာသည်။
စွမ်းအင်အဆီအနှစ်လုံးက ကျမ်းစာအုပ်ထဲသို့ တိုက်ရိုက် စုပ်ယူခံလိုက်ပြီး လုံးဝ ပြန်လည်ခုခံနိုင်ခြင်း မရှိတော့ပေ။
“ သူက ဒီ သောင်းချီနေတဲ့ သရဲတွေထဲကမှ တကယ် ထိန်းချုပ်တဲ့သူက ရှာတွေ့လာတာပဲ”
“ ဒီလူငယ်လေးက အရမ်းထူးဆန်းတယ်။ သူ့ကို ငါတို့အနား ဘယ်တော့မှ အနားလာမခံနိုင်ဘူး”
အနက်ရောင် တိမ်တိုက်ထဲတွင် ပုန်းနေသော မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်များ၏ မျက်နှာများ ဖြူဖပ်ဖြူလျော် ဖြစ်သွားကြသည်။
ထိုအငြိုးကြီးသရဲများ ညီညွတ်စွာ လှုပ်ရှားနေနိုင်ရသည့် အကြောင်းအရင်းက သူတို့က ထိန်းချုပ်မှုအောက်မှာ ရောက်နေသောကြောင့် ဖြစ်သည်။
သူတို့သာ သူတို့၏ အဆုံးမဲ့ဝိညာဉ် ရွက်လှေများကို ဆုံးရှုံးလိုက်ရပါက သူတို့က ထိုကဲ့သို့သော အားကောင်းသည့် စစ်တပ်ကို မဖန်တီးနိုင်ရုံသာမက အငြိုးကြီးသရဲများ လုပ်သော လုပ်ရပ်များကပင် ထိုကောင်းကင်အသျှင်များ ခေါင်းကိုက်ရဖို့အတွက် လုံလောက်ပေသည်။
“ အဲဒီကောင်စုတ်ကို ဖျက်စီးဖို့အတွက် ရှိသမျှအားအင်တွေကို အကုန်အသုံးချလိုက်”
ကောင်းကင်အသျှင်များက ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် အနက်ရောင် တိမ်တိုက်ထဲတွင် မတ်တပ်ရပ်လိုက်ကြသည်။
သရဲအုပ်စုအများစုက ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစု၏ ကာကွယ်ရေး အစီအရင်ဆီသို့ ဦးတည်လာနေကြပြီး အစီအရင်ကို ဖျက်စီးနိုင်ဖို့ မျှော်လင့်နေကြသည်။
ပိုပြီးသေးငယ်သော အုပ်စုက ကြက်သီးထစရာကောင်းသည့် မိစ္ဆာလေဆင်နှာမောင်းကို ဖန်တီးဖို့အတွက် ရှန်ထျန်းဆီ ဦးတည်လာနေကြသည်။
“ သရဲတွေ အများကြီး ရှိတယ်ဆိုပေမဲ့ တစ်ကောင်ချင်းစီက အရမ်းအားနည်းနေတာ ဆိုးတာပဲ။ ကျွန်တော်ရဲ့ တိုးတက်မှုကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး”
ရှန်ထျန်းက ထျန်းကျူဓားကို လက်ထဲတွင် ကိုင်ထားသည်။ သူက အဆင့်မြင့် ဓားပညာရပ်ကို မလေ့ကျင့်ထားသော်လည်း တိုက်ခိုက်ရေး အခြေခံပညာရပ်များက အားလုံး အတူတူသာ ဖြစ်သည်။ မတူညီသောအရာက လက်နက်ပုံစံ ဖြစ်သည်။
ထူးဆန်းသော အနီရောင် ဓားအလင်းတန်းက ရစ်ပတ်နေပြီး ရှန်ထျန်း၏ နောက်တွင် မရေတွက်နိုင်သော အံ့ဖွယ်ဓားသွားများက အထင်ကြီးစရာကောင်းသော စွမ်းအားကြီးသည့် ပုံရိပ်သဏ္ဌာန်အဖြစ် ပေါ်လာသည်။
“ ကျွန်တော် ခင်ဗျားတို့အားလုံးကို ရှာတွေ့သွားပြီ”
ရှန်ထျန်းက ရွှေတောင်ပံကို ခတ်လိုက်ရင်း အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။
သူ့အရှိန်က ရွှေရောင်ကိုယ်ထည် ကျင့်ကြံသူမှာ ရှိသင့်သည့် နှုန်းထက် မြန်ဆန်နေသည်။ သူက အာကာပြင်ကို ဖြတ်သန်းကာ သွားနေသည့်ပုံပေါ်နေသည်။
မရေတွက်နိုင်သော အငြိုးကြီးသရဲများက ရှန်ထျန်းဆီသို့ ဦးတည်သွားကြသော်လည်း ဘယ်သရဲမှ သူ့ကို မထိနိုင်ကြပေ။ မျက်လုံးတစ်မှိတ်အတွင်းမှာပဲ ရှန်ထျန်း ပျောက်သွားသည်။
ယောက်ျားတစ်ယောက်က မြန်ဆန်နေဖို့ လိုတယ်
သူ့လမ်းမှာ ပိတ်နေသော အငြိုးကြီး သရဲများအားလုံးကို ထျန်းကျူဓားဖြင့် ခုတ်လိုက်သည်။
အား…
ဓားအရှိန်အဝါများ မိုးကြိုးမုန်တိုင်းကဲ့သို့ ကျလာကာ အငြိုးကြီး သရဲများကြားထဲတွင် ပုန်းနေသော မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်များထဲမှ တစ်ယောက်ကို တည့်တည့်ထိုးဖောက် ထွက်သွားသည်။ သူ၏ အဆုံးမဲ့ဝိညာဉ် ရွက်လှေလည်း တစ်စစီ ဖြစ်သွားသည်။
သူ၏ အဆုံးမဲ့ဝိညာဉ်ရွက်လှေကို ဆုံးရှုံးလိုက်ရသည့်အတွက် ဘေးပတ်လည်ရှိ အငြိုးကြီးသရဲများက ထိန်းချုပ်မှုမှာ လွတ်သွားကာ သူ့အပေါ်သို့ ခုန်အုပ်နေကြသည်။
သူသာ သူ၏ ပုံမှန် ကျင့်ကြံဆင့်တွင် ရှိနေပါက မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်အနေဖြင့် ထိုကဲ့သို့သော ရွှေအမြုတေ အငြိုးကြီးသရဲများကို ကြောက်ရွံ့နေစရာမလိုပေ။ သရဲတွေ အများကြီးရှိလည်း လွတ်မြောက်နိုင်သေးသည်။
သို့သော် အားလုံးက အားလုံးတန်းတူ ပိုင်နက်ထဲသို့ ရောက်ရှိနေသည့်အတွက် ရွှေအမြုတေအဆင့်သို့ ဖိနှိပ်ခံထားရသည်။ မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်၏ ရုပ်ခန္ဓာ ဖျက်စီးခံရပြီးနောက် စွမ်းအင်အဆီအနှစ်လုံးသာ ကျန်ရှိတော့သည်။ သူက လုံးဝ မခုခံနိုင်တော့ပေ။
အချိန်တိုအတွင်းမှာပဲ ထိုအငြိုးကြီးသရဲများက သူ့ခန္ဓာကိုယ်နှင့် စွမ်းအင်အဆီအနှစ်ကို အများကြီး အသုံးပြုလိုက်ကြသည်။
ထိုသို့ဆိုလျှင်ပင် ရှန်ထျန်းက မရပ်တန့်ပေ။ ယဲ့ချန်းခန်၏ ညွှန်ကြားချက်အတိုင်း သရဲများကြားထဲတွင် ပုန်းအောင်းနေသော တခြားမိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်များကို ဆက်လက် ရှာဖွေနေသည်။
ခန္ဓာကိုယ်ကို လုံယွမ်နတ်ချပ်ဝတ်တန်ဆာဖြင့် ကာကွယ်ထားသည့်အတွက် ရှန်ထျန်း၏ ခုခံမှုများက စွမ်းအားကြီးလှသည်။ ငှက်မွေးထာဝရ သတ္တုတောင်ပံဖြင့် ရှန်ထျန်း၏ အရှိန်က အရမ်းမြန်သည့်အတွက် ဘယ်သူမှ သူ့ကို မဖမ်းနိုင်ပေ။ အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ ပြန်လည်ဖြည့်တင်းခြင်း စွမ်းရည်ကြောင့် ရှန်ထျန်းအနေဖြင့် စွမ်းအင်နှင့် စွမ်းအား ကုန်ခမ်းသွားမည်ကို စိတ်ပူစရာ မလိုပေ။
ထျန်းကျူဓားဖြင့် လွှဲယမ်းလိုက်သည့် အခါတိုင်း လူသားဖြစ်ဖြစ်၊ သရဲဖြစ်ဖြစ် ဓားဖြင့် ပိုင်းဖြတ်နိုင်သည်။
ထိုအခိုက်အတန့်တွင် ရှန်ထျန်းက အာဏာကြီးသော စစ်နတ်ဘုရား တစ်ပါးအသွင် ဖြစ်နေသည်။
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ မျက်နှာထားပင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အဲလိုမျိုး ထူးခြားတဲ့ ကျင့်ကြံသူရှိတာ တကယ်ကို ကောင်းချီးပေးခံထားရတာပဲ
ဝိညာဉ်နတ်မိမယ်လေးက ရှန်ထျန်းနှင့်အတူ သွားခဲ့ရာမှ ဝိညာဉ်အသျှင် နတ်ရေစင်၏ အမွေအနှစ် ရရှိခဲ့ကြောင်း ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကို ပြောခဲ့ဖူးသည်။ ရလဒ်အနေဖြင့် သူက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေနှင့် ဖြတ်မရနိုင်သော နှောင်ကြိုးကို ဖန်တီးမိသွားသည်။
ထိုအချိန်တွင် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က မယုံသင်္ကာ ဖြစ်နေမိသည်။
ပါရမီရှင်တစ်ယောက်က ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေအတွက် အရေးမပါပေ။ သို့သော် ရှန်ထျန်း၏ အကြောင်းများကို သူမ ကြားရလာသည်နှင့်အမျှ သူမ စတင်ပြီး နားလည်လာသည်။
ယခု ရှန်ထျန်း၏ အံ့ဖွယ်ရပ်တည်မှုနှင့် ထူးခြားသော စွမ်းအားကြီးသည့် တိုက်ပွဲစွမ်းရည်များကြောင့် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ် အတော်လေး အားကျနေမိသည်။
ဘာလို့လဲ…ငါတို့ရဲ့ ဘိုးဘေးဘီဘင်တွေက ဘာလို့ အမျိုးသားတပည့် မရှိရဘူးဆိုတဲ့ စည်းမျဉ်းတွေကို သတ်မှတ်ခဲ့ရတာလဲ
အဲလိုစည်းမျဉ်းသာ မရှိခဲ့ဘူးဆိုရင် သူတို့နဲ့ ဖျက်စီးလို့ မရတဲ့ နှောင်ကြိုးကို တည်ဆောက်ပြီးသွားပြီဆိုရင် ရှန်ထျန်းက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေထဲ ဝင်လာမှာ
အဲဒီ ရူးကြောင်ကြောင် စည်းမျဉ်းကြောင့် ငါတို့ အထွတ်အမြတ်မြေက ဟွမ်ရှစ်နဲ့ အရည်အချင်းတူတဲ့ ဒီပါရမီရှင်လို လက်လွှတ်လိုက်ရတာ
“ မဖြစ်ဘူး… ရှန်ထျန်းရဲ့ အရည်အချင်းတွေက ထူးခြားတယ်။ ငါတို့ လက်လွှတ်လို့ မဖြစ်ဘူး”
ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က တိတ်တဆိတ် ကြံစည်နေသည်။
ဂိုဏ်းက တပည့်တွေအားလုံးထဲမှာ လင်းအာနဲ့ ရှန်ထျန်းက တစ်ယောက်နဲ့ တစ်ယောက် အရင်းနှီးဆုံးပဲ
ဒါကြောင့် ငါ ပြန်ရောက်ရင် လင်းအာကို ဒီမျိုးဆက်ရဲ့ ကျောက်စိမ်းရေကန် သူတော်စင်မအဖြစ် ကြေညာမယ်။ ပြီးရင် သူတို့နှစ်ယောက်ကို ပေါင်းစပ်နိုင်ဖို့အတွက် မင်္ဂလာရှိတဲ့နေ့ကို ရှာရမယ်
ဟုတ်တယ်…မင်းကို ငါ့ရဲ့ တပည့်အနေနဲ့ မရနိုင်မှတော့ သားမက်တော်ရမယ်
မင်းကို ဘယ်လိုပဲဖြစ်ဖြစ် အားကိုးလိုက်မယ်
ထိုကဲ့သို့သော ကြံစည်နေသောသူက ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်တစ်ယောက်တည်း မဟုတ်ပေ။
ရှန်ထျန်းကတော့ ထိုကျင့်ကြံသူများ ဘာအကြောင်း စဉ်းစားနေလဲဆိုတာကို မသိပေ။ သူက ထိုမိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်များကိုသာသတ်ဖို့အတွက် အပြည့်အဝ အာရုံစိုက်ထားသည်။
ထိုမိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်များ ဘယ်လောက်ထိ ပုန်းကွယ်ဖို့ ကြိုးစားနေပါစေ သူ သေချာပေါက် လိုက်ရှာပြီး တစ်ယောက်ချင်းစီကို သတ်ပစ်မည်။
သူက ရွှင်လန်းသော စိတ်များဖြင့် ပြည့်နှက်နေသည်။
ဘာလို့လဲ … အဲဒီအကြောင်းအရင်းက လုံလုံလောက်လောက် မသိသာလို့လား
ရှန်ထျန်းက အဆင့်နိမ့်လေး တစ်ယောက်လိုမျိုးသာ ဆက်တိုက် နေခဲ့သည်။
သို့သော် ယခု အသက်မဲ့ဘုရင်က အားလုံး၏ ကျင့်ကြံဆင့်ကို ရွှေအမြုတေအဆင့်သို့ နှိမ့်ချလိုက်ပြီး သတိမထားဘဲ သူ့ကို ကူညီမိသွားသည်။
အားလုံးတန်းတူ ပိုင်နက်ထဲတွင် မိစ္ဆာဝိညာဉ် ဂိုဏ်းဝင်များအတွက်ပင် ခြွင်းချက် မရှိပေ။
ထိုအရာက အားလုံးကို လွှမ်းမိုးထားကြောင်း ရှန်ထျန်း သိလိုက်ရသည်။
တစ်
နှစ်
သုံး
လေး
ခုနစ်
ရှစ်
မကြာခင်မှာပဲ ရှန်ထျန်းက မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင် ရှစ်ယောက်လုံးကို သတ်ပြီးသွားပြီ ဖြစ်၏။
သူတို့သုံးယောက်လုံး၏ စွမ်းအင်အဆီအနှစ်များကို ရှန်ထျန်းက စုပ်ယူလိုက်ပြီး ကျန်ငါးယောက်၏ စွမ်းအင်အဆီအနှစ်များကို အငြိုးကြီးသရဲများက ဝါးမျိုလိုက်သည်။ ထိုအရာက သင့်တော်သော လက်စားချေခြင်း ဖြစ်သည်။
ထို့နောက် သူဆက်လက် တိုက်ခိုက်နေစဉ် ဖျော့တော့သော အလွှာ ချိုးဖောက်သွားသည်ကို ရှန်ထျန်း ခံစားလိုက်ရသည်။
တိုက်ပွဲများက တိုးတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ရှန်ထျန်းက နောက်ဆုံးတော့ တတိယ ရွှေကိုယ်ထည် သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ပြီး သူ့ ခန္ဓာကိုယ်ကလည်း ပိုမိုသန်စွမ်းလာသည်။
ရှန်ထျန်းက ထိုတိုက်ပွဲတွင် အရမ်းပျော်ရွှင်နေသည်။
“ မဆိုးဘူး…မဆိုးဘူး… မင်း အဲဒီကြွက်တွေအားလုံးကို မောင်းထုတ်လိုက်နိုင်ပြီပဲ”
ယဲ့ချန်းခန်က သူနှင့် စိတ်ချင်းဆက်သွယ် စကားပြောလိုက်သည်။
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ ဒါက စီနီယာရဲ့ လမ်းညွှန်ချက်တွေကြောင့်ပါ”
ယဲ့ချန်းခန်က ပြုံးကာ ပြောလိုက်သည်
“ မင်းရဲ့ အခုလက်ရှိ တိုက်ခိုက်စွမ်းရည်က ငါ ငယ်ငယ်တုန်းကနဲ့ ယှဉ်နိုင်နေပြီ။ ဆက်ကြိုးစားနော်”
ရှန်ထျန်းက အနည်းငယ် အံ့အားသင့်သွားကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်
“ ကျွန်တော် ထပ်ပြီးတော့ ကြိုးစားပါမယ်”
ထိုအခိုက်အတန့်တွင် အခြေအနေက ပြောင်းပြန် ပြန်ဖြစ်သွားပြန်သည်။
မိစ္ဆာဝိညာဉ်ဂိုဏ်း ကောင်းကင်အသျှင်များကို ဝါးမျိုထားသည့် ထိန်းချုပ်မှု ကင်းမဲ့နေသော အငြိုးကြီးသရဲများက ပိုပြီးအင်အားကြီးလာပုံပေါ်သည်။
သူတို့က ကျင့်ကြံရေးဂိုဏ်း စုပေါင်းအင်အားစုကို ပြန်လည် စတင်တိုက်ခိုက်ကြတော့သည်။