ဒါကိုလည်း ရွှေအမြုတေလို့ ခေါ်လို့ရတာလား
Vol. 19 Ch. 279
အခန်း (၂၇၉) : ဒါကိုလည်း ရွှေအမြုတေလို့ ခေါ်လို့ရတာလား
အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်လေးမှ မိုင်ပေါင်းရာကျော် ကွာဝေးသော စစ်နတ်ဘုရား မျှော်နန်းဆောင် ရှိခဲ့သည့် မြို့ငယ်လေး၌ ကျင့်ကြံသူများ စုဝေးနေကြသည်။ သူတို့က ပြင်းထန်သော ဆွေးနွေးမှုတစ်ခု ပြုလုပ်နေသည့်အတွက် သူတို့၏ မျက်နှာများက အားရဝမ်းသာဖြစ်ခြင်း၊ စိတ်မကောင်း ဖြစ်ခြင်း နှင့် စိုးရိမ်ခြင်းတို့ဖြင့် ပြည့်နှက်နေကြသည်။
“ အစ်ကိုကြီးနဲ့ ဆရာကို စစ်နတ်ဘုရား မျှော်နန်းဆောင်က ဖမ်းထားတယ်”
“ အစ်ကို (၂)နဲ့ ဆရာကို စစ်နတ်ဘုရား မျှော်နန်းဆောင်က ဖမ်းထားတာ”
“ အစ်ကိုကြီး၊ အစ်ကို (၂)နဲ့ ဆရာတွေ အကုန်လုံးကို စစ်နတ်ဘုရား မျှော်နန်းဆောင်က ဖမ်းထားတာ”
“ ညီမလေး ငါတို့က အချင်းချင်း စေ့စပ်ထားတာလေ။ အခု ဘာလို့ စွန့်ပစ်သွားရတာလဲ”
“ ဟား…ဟား…ဟား… လူယုတ်မာ…ငါ့ ကောင်မလေးကို ငါ့ဆီကနေ လုသွားရဲတယ်။ မင်း စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲမှာ သေသွားဖို့အတွက် မျှော်လင့်တယ်”
………….
လွန်ခဲ့သော နာရီပေါင်းများစွာက…
စစ်နတ်ဘုရား မျှော်နန်းဆောင် မြို့က တည်ငြိမ်ပြီး အေးချမ်းနေခဲ့သည်။ အားလုံးက ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြသည်။
သို့သော် ရုတ်တရက် စစ်နတ်ဘုရား မျှော်နန်းဆောင် ပျံတက်သွားကာ အာကာပြင်ထဲရှိ အပေါက်တစ်ခုထဲ၌ ပျောက်ကွယ်သွားသည်။ မျှော်နန်းဆောင် ဘယ်နေရာကို သွားလဲဆိုတာ မည်သူမှ မသိပေ။
ရုတ်တရက် မြို့ငယ်လေးက ပြင်းထန်စွာ ဆန္ဒပြနေကြသည်။
အားလုံးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ တပည့်များနှင့် အကြီးအကဲများ၏ ရှင်းပြချက်ကို ကြားရဖို့အတွက် ဆက်သွယ်နိုင်ဖို့ ကြိုးစားနေသည်။
လူအများ၏ မိသားစု၊ ဆရာများ၊ မိတ်ဆွေများနှင့် ရန်သူများသည် မျှော်နန်းဆောင်အထဲမှာသာ ရှိသေးသည်။ စစ်နတ်ဘုရား အသွင်ပြောင်းခြင်း၏ ရုတ်တရက် လှုပ်ရှားမှုက သူတို့အပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ဖြစ်ပေါ်သွားစေသည်။
ကံကောင်းစွာဖြင့် သူတို့အချိန်အကြာကြီး စိတ်ပူစရာ မလိုလိုက်ပေ။
သိပ်မကြာခင်မှာပဲ အာကာပြင်တွင် နောက်ထပ် အပေါက်တစ်ခု ပေါ်လာကာ အားလုံး၏ မျက်စိရှေ့သို့ စစ်နတ်ဘုရား မျှော်နန်းဆောင် ပြန်လည် ရောက်ရှိလာသည်။
စွမ်းအားကြီးသော ကောင်းကင်အသျှင်များနှင့် ဝိဇ္ဇာများလည်း အတူတူ ပါလာသည်။
ဒုန်း….
စစ်နတ်ဘုရား မျှော်နန်းဆောင် မြေပြင်ပေါ်သို့ ဆင်းသက်သွားသည့်အခါ မြို့ငယ်လေးတစ်ခုလုံးကို အားပြင်းစွာ လှုပ်ခါသွားစေသည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲမှ ပုံရိပ်များစွာ ထွက်လာပြီးမြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ဘယ်သူမှ မထိခိုက်ကြပေ။
ထိုအထဲတွင် ဖန်ချန်းနှင့် လီခန်းလန်တို့လည်း ပါဝင်သည်။ သူတို့နှစ်ယောက်လုံး ဗျာများနေပုံပေါ်ပြီး အထူးသဖြင့် လီခန်းလန်က ပိုပြီး ဗျာများနေပုံပေါ်သည်။ သူက စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲမှ ထွက်လာပြီး ရှန်ထျန်းကို မြင်လိုက်ရသည့်အခါ တုန်လှုပ်သွားသည်။
ရွေးချယ်စရာ မရှိဘူး။ သူ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲမှာ ဘာတွေကြုံတွေ့လာရလဲဆိုတာကို ကောင်းကင်ဘုံကပဲ သိလိမ့်မယ်
စစ်နတ်ဘုရား မျှော်နန်းဆောင်အနားတွင် ရပ်နေသော သူများဆီမှ စိုးရိမ်ကြောင့်ကြသော အပြောများကို ကြားလိုက်ရသည့်အတွက် ရှန်ထျန်း ချွေးစေးပင် ပျံလာမိသည်။
ဒီအဖိုးယဲ့က စစ်နတ်ဘုရား မျှော်နန်းဆောင်ကို တိုက်ပွဲဆီခေါ်လာဖို့ မေ့နေတာနဲ့တင် အထဲသူတွေကို အရင်လွှတ်ပေးဖို့ မေ့နေခဲ့တာ။ ဒါကတော့ အရမ်းလွန်တယ်။
“ စစ်နတ်ဘုရား မျှော်နန်းဆောင် လူတွေကို အထဲမှာ ထည့်ပြီး ပျောက်ဆုံးသွားခြင်း” ဆိုတဲ့ ကိစ္စကို လေးလေးနက်နက် ပြောကြလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုံခြုံမှုက ပထမလေ။ စစ်နတ်ဘုရား မျှော်နန်းဆောင်အနေနဲ့ သူတို့ရဲ့ လုံခြုံမှုကို အာမခံပေးနိုင်မှ ဖောက်သည်တွေ တိုးလာမှာပေါ့
သို့သော် ရှန်ထျန်းက ထိုကဲ့သို့သော အရာမျိုးကို စိုးရိမ်စရာမလိုပေ။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အထွတ်အမြတ်မြေ အကြီးအကဲများကို တရားဝင် ရှင်းလင်းချက်တစ်ခု လုပ်ခိုင်းဖို့အတွက် စီစဉ်ထားပြီးပြီ ဖြစ်၏။
စစ်နတ်ဘုရား မျှော်နန်းဆောင်က လူအများကို အထဲထည့်ပြီး ထပ်မပျောက်ကွယ်တော့ကြောင်း သူတို့ အားလုံးကို အာမခံပေးလိုက်သည်။ ထိခိုက်သွားသော သူများအတွက်လည်း “ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးလွန်မှု” အတွက် သင့်တော်သော လျော်ကြေး ပေးအပ်ခဲ့သေးသည်။
ထိုအရာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက် ဖြေရှင်းရခက်ခဲသော ပြဿနာတစ်ရပ် မဟုတ်ပေ။
ကိစ္စများကို ဖြေရှင်းပြီးသွားသည့်အခါ ရှန်ထျန်းက သူ၏ ကိုယ်ပိုင် သူတော်စင်တောင်ဆီသို့ ပျံသန်းသွားသည်။
ထိုတိုက်ပွဲတွင် စစ်မှန်သော ဝိဇ္ဇာအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲစွမ်းရည်ကို မြင်တွေ့လိုက်ရသည့်အတွက် သူ ဘယ်လောက်ထိ အားနည်းနေသေးကြောင်း သတိထားမိသွားသည်။
အရည်အချင်းရှိပြီး အလားအလာရှိတာက ကောင်းသော်လည်း မလုံလောက်သေးပေ။ ကျင့်ကြံရေးလောကတွင် သန်မာသောသူက အားနည်းသူကို အမြဲတမ်း လွှမ်းမိုးသည်။
တစ်စုံတစ်ယောက်သာ မိစ္ဆာဝိညာဉ် ဂိုဏ်းသားများနှင့် ကြုံတွေ့နေရသည်ဖြစ်စေ၊ ရန်သူများ၏ ချုံခိုတိုက်ခိုက်မှုကို ခံရသည်ဖြစ်စေ ဘယ်သူမှ သူ၏ ကျင့်ကြံဆင့်ကို ဂရုစိုက်မည် မဟုတ်ပေ။
သူက အားနည်းသော ရွှေရောင်ကိုယ်ထည်အဆင့် ကျင့်ကြံသူ ဖြစ်နေပါစေ ထိုဝိဇ္ဇာအဆင့် ကျင့်ကြံသူများကို သူတို့၏ လက်ဖြင့် သေတဲ့အထိ ချေမွသွားဦးမည် ဖြစ်သည်။
ထို့ကြောင့် တတ်နိုင်သမျှ မြန်မြန် သန်မာလာဖို့ အရေးကြီးသည်။
ကံကောင်းစွာဖြင့် ရှန်ထျန်းက မိစ္ဆာဝိညာဉ်ဂိုဏ်းကို ချုံခိုတိုက်ခိုက်ရာတွင် နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုကို ရရှိခဲ့သည်။
သူက အသက်မဲ့ဘုရင်ဆီမှ ပြန့်ဟွားပန်းကို ရရှိခဲ့သည်။ စောစောက သူ့အတွက် သန့်စင်ပြီး စုပ်ယူဖို့ အချိန် မရှိခဲ့ပေ။
ယခု သူတော်စင်တောင်ကို ပြန်ရောက်ပြီးနောက်မှ ရှန်ထျန်းက ယဲ့ချန်းခန်၏ လမ်းညွှန်ချက်ဖြင့် ပြန့်ဟွားပန်းဘုရင်ကို သန့်စင်ပြီး စွမ်းအားများအားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ စုပ်ယူလိုက်နိုင်သည်။
သူတော်စင်တောင်၏ ကာကွယ်ရေး အစီအရင်ကိုလည်း အမြင့်ဆုံးအဆင့်အထိ မြှင့်တင်လိုက်ပြီး တောင်တစ်ခုလုံးကို အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ထားလိုက်သည်။
ရှန်ထျန်းက သူတော်စင်တောင်၏ ဉာဏ်အလင်းပွင့် ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျမ်းကို တိတ်တဆိတ် ရွတ်ဆိုကာ စိတ်နစ်မြောနေသည်။
မီးစာကျမ်း၏ စွမ်းအား မြင့်တက်လာကာ သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ခတ်သွားကာ ပြင်းပြသော လိုအင်ဆန္ဒကို ထုတ်လွှတ်နေသည်။
ဟုတ်တယ်…မီးစာကျမ်းက ပြန့်ဟွားပန်းဘုရင်ကို လိုချင်နေတာ။ အဲဒီပန်းက ပြန်လည်ဝင်စားခြင်းနယ်မြေမှာ မွေးဖွားခဲ့လို့ မီးစာကျမ်းအတွက် အရမ်းအသုံးဝင်တယ်
ရှန်ထျန်းက ထိုအရာနှင့် ပတ်သက်ပြီး အရမ်းကျေနပ်နေမိသည်။ သူ့ကျင့်ကြံရေးက မီးစာကျမ်းအပေါ် အခြေခံထားသည်။ ထိုကျမ်းက အရမ်းအံ့ဩဖို့ ကောင်းလှသည်။
ထို မီးစာကျမ်းကြောင့်သာ မဟုတ်ပါက သူ့ခန္ဓာကိုယ်ကို မြှင့်တင်ဖို့အတွက် ထူးခြားအံ့ဖွယ်ပစ္စည်းများစွာကို ဘယ်တော့မှ အလွယ်တကူ သန့်စင်နိုင်မည် မဟုတ်ပေ။
မီးစာကျမ်းကို ကျင့်ကြံသော တခြားပါရမီရှင်များက ယဲ့ချန်းခန်၏ လမ်းညွှန်ကြားမှုကို ရထားသော ရှန်ထျန်းလောက် မသန်မာလာကြပေ။
ဤကျမ်းက ရှန်ထျန်းအတွက် သီးသန့်ပြုလုပ်ထားသလို ဖြစ်နေသည်။
ထို့ကြောင့် ထိုကျမ်းကို ကျင့်ကြံခြင်းက သူ့ကံကြမ္မာကို ကျဆင်းစေသော်လည်း ရှန်ထျန်း တစ်ခါမှ စွန့်ပစ်ဖို့ မတွေးခဲ့ခြင်း ဖြစ်သည်။
သူ့ဆီမှာရှိသော မီးစာကျမ်း၏ စွမ်းအားက ပိုမိုသန်မာလာသည်။ ရှန်ထျန်းက ပြန့်ဟွားပြန်း၏ ပွင့်ဖတ်များကို ဖြည်းဖြည်းချင်း ခြွေချနေသည်။
ရုတ်တရက် အနီနှင့်အဖြူ အပြောင်းအလဲဖြစ်နေသော ပြန့်ဟွားပန်းက အလင်းတန်းလေးများအဖြစ် ပြောင်းလဲသွားကာ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ရှန်ထျန်းက သူ့အသည်းဆီသို့ ဝင်ရောက်သွားပြီး အံ့ဖွယ်ဝါးမျိုနွယ်ပင်နှင့် ပေါင်းစပ်နေသော တစ်ခါမှ မခံစားဖူးသည့် ဆန်းကြယ်သော စွမ်းအင်ကို ခံစားနေရသည်။
သူက မျက်လုံးကို မှိတ်ထားကာ နှစ်သက်ပျော်ရွှင်စရာကောင်းသော အခြေအနေမှာ နစ်မြောနေရင်း အရာအားလုံးကို မေ့ထားသည်။
သူ့ခန္ဓာကိုယ်ထဲမှ ကျောက်စိမ်းရောင် နွယ်ပင်များ ထွက်လာကာ ရှန်ထျန်း၏ ခန္ဓာကိုယ်ကို အမြန်ရစ်ပတ်လိုက်သည်။
အံ့အားသင့်စရာကောင်းသည့်အရာက ထိုနွယ်ပင်များ၏ ပြန့်ဟွားပန်းအညှောင့်များ ထွက်နေသည်။ တချို့က သွေးကဲ့သို့ နီရဲနေပြီး တချို့က နှင်းကဲ့သို့ ဖြူနေသည်။
ထူးခြားအံ့ဖွယ် ပစ္စည်းနှစ်မျိုး ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်သွားပြီးနောက် ဆန်းသစ်ပြီး စွမ်းအားကြီးသော ထူးခြားအံ့ဖွယ် ဝိညာဉ်သစ်ပင်ကို ဖန်တီးလိုက်သည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်ပေါ်ရှိ ပြန့်ဟွားပန်းက မီးတောက်ကဲ့သို့ တောက်ပနေပြီး အားပြင်းသော ခုခံစွမ်းအားကို လွှတ်ထုတ်နေသည်။
ထိုအချိန်တွင် နွယ်ပင်ပေါ်ရှိ အဖြူရောင် ပြန့်ဟွားပန်းများက ရေခဲကဲ့သို့ အေးစက်နေသည်။ သူတို့က တခြားကမ္ဘာက ဆင်းသက်လာသကဲ့သို့ အစစ်လို့ ထင်ရသလို ပုံရိပ်ယောင်ဟုလည်း ထင်ရသည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်နိုင်ပြီး၊ ယင်နှင့်ယန်ကို ပြောင်းပြန်လှန်နိုင်ကာ၊ ပုံရိပ်ယောင်နှင့် အစစ်ကို လှည့်ပြောင်းနိုင်တယ်ဆိုတာ ပြန့်ဟွားပန်းဘုရင်ရဲ့ ထူးခြားတဲ့ စွမ်းရည်ပဲ။ ပြီးတော့ ဒီစွမ်းရည်ကို ဝိညာဉ်သစ်ပင် အသစ်ဆီ ပြီးပြည့်စုံစွာ ကူးပြောင်းပေးလိုက်နိုင်ပြီ
အံ့ဖွယ်ဝါးမျိုနွယ်ပင်နှင့် ပြန့်ဟွားပန်းဘုရင်ကို ပေါင်းစပ်ပြီးနောက် ရှန်ထျန်း၏ ဆွဲဆောင်မှုအားကလည်း ပိုမိုအားကောင်းသည်။
သူတော်စင်တောင်ရှိ ဝိညာဉ်ချီအားလုံး ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုသို့ဆိုလျှင်ပင် ထိုအရာက သမုဒ္ဒရာထဲမှ ရေတစ်စက်လောက်သာ ရှိသည်။
သူတော်စင်တောင်၏ ဝိညာဉ်ချီအားလုံးကို စုပ်ယူသွားလျှင်ပင် ရှန်ထျန်းကို စိတ်ကျေနပ်မှု မပေးနိုင်သေးပေ။
“ မင်း တည်ဆောက်ပုံက တကယ်ကို ရယ်စရာ ကောင်းတာပဲ”
ယဲ့ချန်းခန်က ရှန်ထျန်း၏ ရှေ့တွင် ပေါ်လာကာ ပြောလိုက်သည်
“ မင်းသာ နတ်ဘုရားလောကမှာ မွေးလာခဲ့မယ်ဆိုရင် နတ်ဘုရားဘုရင်အဆင့်လောက်နဲ့ တိုက်ခိုက်လို့ ရနိုင်လောက်တယ်”
ယဲ့ချန်းခန်က တောက်ပသော ရွှေရောင်ဓာတ်တော်ကို ကိုင်ဆောင်ထားသည့် ညာဘက်လက်ကို ထုတ်လိုက်သည်။
သူတော်စင်တောင်ရှိ ထိုဓာတ်တော်၏ ပုံစံကြောင့် တောင်တစ်ခွင်လုံးတွင် ရှင်းလင်းသော ဗုဒ္ဓရွတ်ဆိုသံကို ကြားလိုက်ရသည်။
ဗုဒ္ဓ၏ ဖျော့တော့သော ပုံရိပ်ကိုပင် ရှင်းလင်းစွာ မြင်နေရသည်။ သို့သော် ဓာတ်တော်က ကွဲအက်သွားသည့်အတွက် ဗုဒ္ဓပုံရိပ်ကလည်း အက်ကြောင်း ထင်သွားသည်။
ထိုအရာက အသက်မဲ့ဘုရင် ကျင့်ကြံခဲ့သော ဓာတ်တော် ဖြစ်ပြီး မိုးကြိုးလှိုင်း အထွတ်အမြတ်မြေ ပိုင်ဆိုင်ခဲ့သော ရှေးဟောင်းဗုဒ္ဓအမွေအနှစ် ဓာတ်တော်ဖြစ်သည့်အပြင် ပြင်းထန်သော စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။
အဆုံးမဲ့ရှေးဟောင်း နယ်မြေတိုက်ပွဲတွေထဲက တစ်ခုမှာ အသက်မဲ့ဘုရင်၏ ခန္ဓာကိုယ်ဟောင်း ဖျက်စီးခံလိုက်ရတာ သနားစရာကောင်းလှသည်။ ရလဒ်အနေဖြင့် ဓာတ်တော်လည်း ပျက်စီးသွားကာ အက်ကြောင်း ထပ်သွားသည်။
“ ပြဿနာ မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဓာတ်တော်က မပျက်စီးဘူးဆိုရင်တောင် စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ပြုပြင်လို့ ရမှာ မဟုတ်ဘူး။ အဲဒါကြောင့် မင်း ယူလိုက်လို့ ရတယ်”
ထို့နောက် ယဲ့ချန်းခန်က ထိုရွှေရောင်ဓာတ်တော်ကို ရှန်ထျန်းဆီသို့ ကမ်းပေးလိုက်သည်။
ဝုန်း…
ထိုရွှေရောင် ဓာတ်တော်က လေထဲတွင် အစိတ်စိတ်အမြွာမြွာ ဖြစ်သွားကာ ရွှေရောင်စွမ်းအင်က ကြောက်စရာကောင်းသော လှိုင်းများအဖြစ် ပျံ့နှံ့သွားသည်။
ပျက်စီးသွားလျှင်ပင် ထိုအရာက ရှေးဟောင်းဗုဒ္ဓ ဓာတ်တော် ဖြစ်နေသေးသည့်အတွက် အဆုံးမဲ့ဝိညာဉ် စွမ်းအင်ကို ပိုင်ဆိုင်ထားသေးသည်။
ရှန်ထျန်း၏ ခေါင်းပေါ်တွင် ရွှေရောင်ဓာတ်တော် ပေါက်ကွဲသွားသည့်အတွက် အဆုံးမဲ့ ရွှေရောင်စွမ်းအင်က သန့်စင်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။
ဓာတ်တော်၏ စွမ်းအားက ရှန်ထျန်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ သူ့၏ ရွှေရောင်ကိုယ်ထည်နှင့် ရွှေအမြုတေ ကျင့်ကြံဆင့်ကလည်း အလျင်အမြန် တိုးတက်လာသည်။
သူ့ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင်အလင်းတန်းများ အဆက်မပြတ် ထွက်လာကာ ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။ ထို့နောက် အက်ကြောင်းများ ပေါ်ထွက်လာကာ ခန္ဓာကိုယ်အသစ် ထွက်ပေါ်လာသည်။
စတုတ္ထအဆင့် ရွှေရောင်ကိုယ်ထည် အဆင့်ပဲ
ပဉ္စမအဆင့် ရွှေရောင်ကိုယ်ထည် အဆင့်
တစ်ချိန်တည်းမှာပဲ ရှန်ထျန်း၏ စွမ်းအင်ဗဟိုချက်က ကြီးမားသော ပြောင်းလဲမှုများကို ရင်ဆိုင်နေရသည်။
သူ၏ မိုးကြိုးပုံရိပ်ငါးခုရှိ ဓမ္မအုတ်မြစ်တွင် မူလက နဂါးစိမ်း၊ ကျားဖြူ၊ ကြက်သွေးရောင်ဇာမဏီ၊ လိပ်နက်နှင့် ချီလင်တို့ ရှိကြသည်။
သို့သော် ပြန့်ဟွားပန်း ပွင့်လန်းလာပြီး ယင်နှင့်ယန်ကို ပြောင်းပြန်လှန်လိုက်သည့်အတွက် ဓာတ်ငါးပါးယင်နှင့်ယန်တို့ကြားတွင် ရှင်းလင်းသော စည်းမျဉ်းမရှိတော့ဘဲ ကျယ်ပြန့်သော လမ်းကြောင်းတစ်ခုထဲတွင် အားလုံးပေါင်းစပ်သွားသည်။
ကွဲပြားသော သစ်သားဓာတ်များ၊ သတ္တုဓာတ်များနှင့် မီးဓာတ်များ ပေါင်းစပ်နေကြသည်။
ရှန်ထျန်း၏ ဓမ္မအုတ်မြစ်ပေါ်တွင် အသစ် အသစ်သော နတ်သားရဲများ စတင်ပေါ်ပေါက်လာပြီး သူ့ အုတ်မြစ်ကို ပိုမို ခိုင်ခံ သန့်စင်လာစေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် လေထဲတွင် ရွှေရောင်စွမ်းအင်များ စတင်ခမ်းခြောက်သွားသည်။
ရှန်ထျန်းက သတ္တမမြောက် ရွှေရောင်ကိုယ်ထည်သန့်စင်ခြင်း အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည့်အခါ အာကာပြင်ပင် တုန်လှုပ်သွားသည်။
သူ့ဓမ္မအုတ်မြစ်က အမြင့်ဆုံး သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားသည်။ အနည်းဆုံးတော့ ရှန်ထျန်းအနေဖြင့် နောက်ထပ် တိုးတက်အောင်လုပ်ရန် ဘယ်နေရာမှ မမြင်နိုင်တော့ပေ။ သူ၏ အဆင့်ဖြတ်ကျော်ခြင်းကို ယခုစတင်လို့ ရပြီဖြစ်သည်။
“ အသစ်ထွက်ပေါ်လာတဲ့ ယင်ယန် ဓာတ်ငါးပါး ဓမ္မအုတ်မြစ်က သန့်စင်ထားတဲ့ ရွှေအမြုတေနဲ့ဆိုရင် အဲဒီမှာ မွေးရာပါသင်္ကေတ တချို့ပါ ရှိနေမလားဆိုတာ သိချင်တယ်” ရှန်ထျန်းက ကိုယ့်ကိုယ်ကို ရေရွတ်လိုက်သည်။
၉ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်က နဝမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့်နှင့် မတူပေ။
နဝမမြောက် ရွှေရောင်ကိုယ်ထည် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပထမဆုံးအဆင့်မှ စတင်ပြီး အဆင့်အားလုံးကို ပုံမှန်ဖြတ်ကျော်ရမည် ဖြစ်သည်။
၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ကျင့်ကြံသူအားလုံးကတော့ ပထမအဆင့်မှ စတင်ဖို့ မလိုအပ်ပေ။ ကျင့်ကြံသူတွင် ပိုမိုခိုင်ခံ့သော အုတ်မြစ်ရှိပါက အဆင့်အများကြီးကို တစ်ခါတည်းဖြင့် ကျော်ဖြတ်နိုင်မည် ဖြစ်သည်။
ဥပမာအားဖြင့် ကျန်းယွင်ရှီးက အခြေတည်အဆင့်မှ ရွှေအမြုတေအဆင့်သို့ ရောက်ရှိသွားသည့်အခါ တတိယမြောက် သန့်စင်ခြင်းအဆင့်သို့ ချက်ချင်း ရောက်ရှိသွားသည်။
ရှန်ထျန်း၏ အမြင်အရ သူ့အုတ်မြစ်က နတ်မိုးကြိုးငါးပါး ကျင့်ကြံစဉ်ထဲရှိ မိုးကြိုးပညာရပ် ၁၀ခုကြောင့် သူ့အုတ်မြစ်လည်း ပိုမိုခိုင်မာလာသည်။ သူတို့က သူ၏ ဓမ္မအုတ်မြစ်ပေါ်တွင် ထွင်းထုထားသည်။
ထိုကဲ့သို့သော ဓမ္မအုတ်မြစ်အတွက် အနည်းဆုံး ပဉ္စမမြောက် သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသင့်သည်။
ရှန်ထျန်းက မျှော်လင့်ချက်များစွာဖြင့် လက်ဟန်ပြုလုပ်ကာ ပြောလိုက်သည်
“ ရွှေအမြုတေ ပေါ်လာစမ်း”
ဉာဏ်အလင်းပွင့် ကျောက်တုံးက အလင်းတန်းဖြင့် တောက်ပလာကာ ရှန်ထျန်း၏ ခေါင်းပေါ်တွင် တောက်ပသော အမြုတေတစ်ခု ထွက်ပေါ်လာသည်။
ထိုအမြုတေ ပေါ်လာသည့်အချိန် ရှန်ထျန်းက ကမ္ဘာကြီးကို မတူညီသော အမြင်ဖြင့် ကြည့်ရသလို ခံစားသွားရသည်။
သူ့ နတ်ဘုရားအသိစိတ် တိုးတက်လာသည်ကို သူ ခံစားကြည့်လို့ ရသည်။ သူက မီတာတစ်ထောင်အဝေးရှိ ပုရွက်ဆိတ်နှစ်ကောင် မိတ်လိုက်နေသည်ကိုပင် မြင်နိုင်သည်။
တစ်ချိန်တည်းမှာပဲ ရုတ်တရက် သူက ရှုပ်ထွေးသော မိုးကြိုးပညာရပ် ကျင့်ကြံစဉ်များကို နားလည်သွားသည်။
သူ ညာဘက်လက်ကို ထုတ်ကာ လက်ဖျောက်တီးလိုက်ပြီးနောက် တောက်ပသော ဓာတ်နှောနတ်မိုးကြိုး ပေါ်လာသည်။
ထိုအရာက ရှန်ထျန်း၏ မျက်ခုံးကြားရှိ ဓာတ်နှောနတ်မိုးကြိုး စွမ်းအားအရင်းအမြစ်မှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ သန့်စင်သော ဝိညာဉ်ချီကို တိုက်ရိုက်အသုံးပြုထားခြင်း ဖြစ်သည်။
သူ့ မျက်ခုံးကြားရှိ ဓာတ်နှော နတ်မိုးကြိုး စွမ်းအားအရင်းအမြစ် လျော့နည်းသွားမည်ကို စိတ်ပူစရာ မလိုတော့ပေ။
သူ၏ အထဲရှိ ဝိညာဉ်ချီက မမောပန်းဘဲ ရှန်ထျန်းကို တစ်နေ့လုံး ဓာတ်နှော နတ်မိုးကြိုး ဖန်တီးနိုင်အောင် ထိန်းထားပေးသည်။
ဒါက ရွှေအမြုတေအဆင့်လား
ငါ့ဗိုက်ထဲမှာ ရွှေအမြုတေတစ်ခု ရှိနေပြီဆိုတော့ အခု ငါက ငါကိုယ်ပိုင် ကံကြမ္မာရဲ့ သခင်ဖြစ်ပြီလား
ရှန်ထျန်းက သူ့ခေါင်းပေါ်ရှိ ရွှေအမြုတေကို ကြည့်ကာ ပြုံးလိုက်ပြီး အကြည့်ထဲမှာလည်း မျှော်လင့်ချက်များစွာဖြင့် ပြည့်နှက်နေသည်။
သူ့ရွှေအမြုတေပေါ်တွင် သင်္ကေတ ဘယ်နှစ်ခု ရှိနေပြီလဲဆိုတာကို သူ အရမ်းသိချင်နေလေပြီ။
သုံးခုလား…ငါးခုလား ဒါမှမဟုတ် ခုနစ်ခုလား
ရှန်ထျန်းက သူ့ရွှေအမြုတေကို မြင်လိုက်ရသည့်အခါ မျက်နှာထား ချက်ချင်း စူပုတ်သွားရသည်။
ဒါကို ….ရွှေအမြုတေလို့ရော ခေါ်နိုင်ရဲ့လား