နောင်မှတသော နောင်တ
Vol. 87 Ch. 1209
အတိတ်က ဓားချက်သည် ပစ္စုပ္ပန်တွင်လည်း ထိုနည်းတူ အသက်အန္တရာယ်ရှိ၏။ ယခုလို အချိန်ပြောင်းလဲမှော်သိုင်းကွက်တစ်ကွက်သည် မန်ဟို့တွင် ပိုင်ဆိုင်ထားပြီးသားဖြစ်သည့် အချိန်မှော်အစွမ်းနှင့် တူညီသည့်တိုင် များစွာကွဲပြားလေ၏။
တစ်ခုက ကြာ၏အမြစ်ဖြစ်လျှင်၊ တစ်ခုက ကြာ၏အရွက်ဖြစ်သည်။
ကျီတုံယမ်း ပျောက်ကွယ်သွားစဉ် မန်ဟို၏ခန္ဓာကိုယ်သည် ရိပ်ခနဲ နေရာရွှေ့ပြောင်းခြင်းမုခ်ဝနောက်တစ်ခုထံသို့ ရွေ့လျားသွား၏။ ကျီတုံယမ်းနှင့် သူ မန်ဟို့လမ်းကို ပိတ်ခဲ့မှုကြောင့် ယခုတော့ မန်ဟို့မှာ ခွန်လွန်အစည်းအရုံးဆီသို့ ဦးတည်သည့် နေရာရွှေ့ပြောင်းခြင်းမုခ်ဝနောက်တစ်ခုအားရှာဖို့ အချိန်ထပ်ကုန်သွားလေသည်။
ထိုနေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ခွန်လွန်အစည်းအရုံးကို သူ မြင်လိုက်ရသည်။
၎င်းသည် ငှက်တေးသီသံများ၊ ပန်းရနံ့များဖြင့် ထုံမွှေးသင်းပျံ့နေပြီး အဆုံးမဲ့ကြီးကျယ်ခမ်းနားသော တိမ်များရစ်သိုင်းလျက်ရှိသည့် အင်မော်တယ်တောင်တစ်လုံးဖြစ်၏။ ၎င်းက နတ်ဘုံနတ်နန်းနှင့်တူပြီး စစချင်းကြည့်လျှင် မထူးခြားပေ။ သို့သော် တောင်၏အမြင့်ဆုံးထိပ်တစ်ခုတွင် မိုးကြိုးလျှပ်စီးများ ထစ်ချုန်းနေသည်။ အပေါ်ထက်တွင် တိမ်တိုက်များသည် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်သည့်အလား တဖွေးဖွေး လှုပ်နေ၏။
တောင်ထိပ်ကို မြင်သည်နှင့် မန်ဟိုသည် ထိုနေရာတွင် ပူဇော်နေဟန်တူသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်၏။ ထိုလူ အင်္ကျီလက်တစ်ချက်ခါလိုက်တိုင်း အရောင်အဝါများ ပြိုးပြက်သွားပြီး ထစ်ချုန်းသံများ ပဲ့တင်ထပ်လာသည်။
သူသည် မန်ဟို မရင်းနှီးသောအဘိုးအိုတစ်ဦး ဖြစ်၏။ သို့သော် ထိုလူ၏ဘေးတွင် မန်ဟို သိသောလူတစ်ယောက်တော့ ရှိသည်။ ၎င်းက .... ဆေးလုံးမိစ္ဆာပင်။
မန်ဟို့နှလုံးသားသည် တဒိန်းဒိန်းခုန်လာပြီး သူက ထိုတောင်ထိပ်ရှိရာသို့ ကရောသောပါး ပျံသန်းလိုက်သည်။ သူ၏ရောက်ရှိလာမှုက ခွန်လွန်အစည်းအရုံးတပည့်များ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်၏။ ထိုမျှသာမက သူ တဟုန်ထိုးဝင်လာခြင်းကြောင့် တပည့်များစွာက သူ့ကို တားရန် ပျံတက်လာကြပြီး နတ်ဘုရားအာရုံစီးကြောင်းများစွာ သူ့အပေါ် စုဆုံလာကြသည်။
“သူ့ကို လာခွင့်ပေးလိုက်” ခွန်လွန်အစည်းအရုံး၏ မရေမတွက်နိုင်သော မန္တန်ဝင်္ကပါများ အသက်ဝင်လာတော့မည့်အချိန် ရှေးဆန်သောအသံတစ်သံက စကားပြောလိုက်သည်။ ၎င်းက လောလောဆယ်တွင် ခေါင်းအထက်ရှိ အင်အားကြီးမားသောဝဲကြီးကို ပြန်တိုက်ခိုက်နေသော အဘိုးအိုထံမှ လာခြင်းဖြစ်သည်။ သူ့ဘေးရှိ ဆေးလုံးမိစ္ဆာက မန်ဟို့ကို ရှုပ်ထွေးသောခံစားချက်များဖြင့် လှမ်းကြည့်ပြီး သက်ပြင်းချနေသည်။
မန်ဟိုက တတ်နိုင်သမျှမြန်မြန် ပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူကား တောင်ထိပ်ပေါ်ရှိ ဆေးလုံးမိစ္ဆာနှင့် အဘိုးအို၏အရှေ့တည့်တည့်တွင် ပေါ်လာခဲ့လေပြီ။
သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် .... တောင်ပေါ်တွင် မြင်လိုက်ရသောအရာကြောင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည် ... ကျောက်စိမ်းခေါင်းတလား။
မရေမတွက်နိုင်သော ခွန်လွန်အစည်းအရုံးတပည့်များသည် ပူဆွေးနေသောအမူအရာများဖြင့် ခေါင်းတလား၏ပတ်ပတ်လည်တွင် စုရုံးနေကြ၏။ သူတို့က ခေါင်းတလားထဲရှိ လူကို အသက်ပြန်သွင်းဖို့ ကြိုးစားနေကြသည့်အလား ... တင်ပျဉ်ခွေထိုင်နေကြလေသည်။
“မင်း နောက်ကျသွားပြီ... “ ဆေးလုံးမိစ္ဆာက တိုးညှင်းပြီး ကြေကွဲနေသောအသံဖြင့် ပြောသည်။ “မနေ့က မိုးသောက်ချိန်မှာ ... သူ့ရဲ့ရုပ်ဝိညာဉ် ပြိုကွဲသွားခဲ့တယ်
“ချူယွီယန်နဲ့ဝိညာဉ်အပိုင်းအစတွေကို ပြန်စုစည်းဖို့ ခေါင်းဆောင်ကြီးကို အကူအညီတောင်းခဲ့ပေမယ့် ... ကံဆိုးစွာနဲ့ပဲ သူလည်း ပြိုကွဲသွားခဲ့ပြီးသားအရာကို ပြန်မစုစည်းပေးနိုင်ခဲ့ဘူး”
မန်ဟိုမှာ တဆတ်ဆတ် တုန်ရီနေပြီး ချာချာလည်နေသည်။ သူက ဆေးလုံးမိစ္ဆာပြောနေသည်ကို မကြားသကဲ့သို့ ခေါင်းတလားနှင့် အထဲရှိ ချူယွီယန်ကို တွေတွေကြီး ကြည့်နေလေသည်။ ချူယွီယန်ကား အိပ်မောကျနေသည့်အလားပင်။
ဤနေရာသို့ ရောက်လာသည့်တိုင်အောင် မန်ဟိုမှာ အရာအားလုံးက ရုတ်တရက်ဆန်လွန်းသည်ဟု ခံစားနေရဆဲဖြစ်သည်။ ရုတ်တရက်ဆန်လွန်း၍ သူ လက်မခံနိုင်ပေ။ မဖြစ်လည်း မဖြစ်နိုင်သလို သူ ခံစားရသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..." သူက တိုးညှင်းစွာ ရေရွတ်ရင်း နှလုံးသားတစ်ခုလုံး ဓားနှင့်မွှန်းခံနေရသကဲ့သို့ နာကျင်နေလျက် ခေါင်းတလားအနား လျှောက်သွားသည်။ ချက်ချင်းပင် ပတ်ပတ်လည်ရှိ ခွန်လွန်အစည်းအရုံးတပည့်များ၏မျက်လုံးများသည် ဒေါသတို့ဖြင့် ပြူးကျယ်လာ၏။
“ထွက်သွားစမ်း မင်းလိုကောင်က ဒီနေရာကို လာဖို့တောင် မထိုက်တန်ဘူးကွ”
“နင်က မန်ဟိုလား။ ငါတို့ညီမလေးချူ တစ်ရက်လေးမှ မေ့မရခဲ့တဲ့ လူက နင်ပေါ့လေ။ နင်က ဘယ်လိုမျက်နှာနဲ့ ဒီနေရာမှာ ရပ်နေရဲတာလဲ ဟမ်”
“နင့်လို နှလုံးသားမရှိတဲ့ကောင်၊ နင့်လို မသိတတ်တဲ့ကောင်က အစ်မချူရဲ့အလောင်းကို ထိခွင့်မရှိဘူး”
ဤခွန်လွန်အစည်းအရုံးတပည့်များသည် ချူယွီယန် ခွန်လွန်အစည်းအရုံးတွင် ရှိနေခဲ့စဉ်အတွင်း ရင်းနှီးခဲ့သည့် မိတ်ဆွေများ ဖြစ်ကြ၏။ တချို့က သူမ၏ညီအစ်မများ၊ တချို့ကတော့ သူမကို လေးစားကြသူများ ဖြစ်လေသည်။ သူတို့ ပူဆွေးကြေကွဲနေကြစဉ် မန်ဟို ဤနေရာတွင် ပေါ်လာသည်ကို မြင်လိုက်ခြင်း သူတို့အား သူ့အပေါ် ဒေါသအကုန်လုံး ပုံချမိလိုက်စေကြသည်။
စကားလုံးများ သူ၏နားထဲဝင်ရောက်လာလျှင် မန်ဟို့နှလုံးသားသည် သွေးစိမ်းရှင်ရှင်ကျနေသကဲ့သို့ နာကျင်လာ၏။ သူ တိတ်ဆိတ်စွာ ဆက်လျှောက်သွားစဉ် လူငယ်လေးတစ်ယောက်က မျက်ထောင့်နီကြီးများဖြင့် လူအုပ်ထဲမှ ဒေါသတကြီးထွက်လာပြီး အော်ဟစ်ပြောဆိုသည်။ “မင်းက ယောက်ျားမဟုတ်လား၊ ချူယွီယန် မင်းအပေါ် ဘယ်လိုခံစားရလဲ သိတယ်မလား။ သိသိကြီးနဲ့ မင်းက သူ့ကို ရက်ရက်စက်စက် ငြင်းခဲ့တယ်။ အခုကျမှ ဘာလာလုပ်တာလဲ။ ထွက်သွားစမ်း ခွေးကောင်”
လူငယ်က ညာလက်ကို ဆန့်ထုတ်၍ မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ မန်ဟို့အား လက်ညှိုးထိုးလိုက်သည်။ မှော်သိုင်းတစ်ကွက် ချက်ချင်းဖြစ်တည်လာပြီး မန်ဟို့ဆီ ပြေးဝင်သွား၏။
သူ၏အပြုအမူက ကျန်တပည့်များကိုလည်း လှုပ်ရှားလိုက်ကြစေသည်။ မန်ဟိုက တုံ့လည်း မတုံ့ပြန်သလို၊ သူတို့၏တိုက်ကွက်များကိုလည်း မရှောင်ပေ။ သူသည် တဝုန်းဝုန်းပေါက်ကွဲသံများအကြားမှ ရှေ့သို့သာ ဆက်လျှောက်နေ၏။ နောက်ဆုံးတော့ ဆေးလုံးမိစ္ဆာက အော်လိုက်သည်။ “အကုန်လုံး ဖယ်ကြ။ သူ့ကို ဖြတ်သွားခွင့်ပေးလိုက်။ ယန်အာကို တွေ့ပိုင်ခွင့် ရှိတဲ့သူက သူ့အပြင် တခြားမရှိနိုင်ဘူး”
သူ၏အသံက အရပ်လေးမျက်နှာတွင် မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားသည်။ ချူယွီယန်၏မိတ်ဆွေများက တိုက်ခိုက်နေသည်ကို ချက်ချင်း ရပ်လိုက်ကြ၏။ သူတို့သည် မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း ဒေါသသောကတို့ဖြင့် မန်ဟို့ဘေးမှ ဖြတ်ကာ သူတို့နေရာသူတို့ ပြန်သွားကြသည်။ သူတို့အားလုံး သူ့ဘေးမှ ဖြတ်သွားစဉ် တစ်ယောက်တစ်ခွန်းစီ ခနဲ့သွားကြ၏။
“ချူယွီယန်က နင့်ကို သေတဲ့အထိ နှစ်နဲ့ချီအောင် စောင့်နေခဲ့ရတာ” အမျိုးသမီးတစ်ယောက်က အေးစက်စက် ပြောသည်။ “နောက်ဆုံးတော့လည်း အလကားဖြစ်သွားရတယ်”
“ညီမလေးချူရဲ့ ဝိညာဉ်က ဘာလို့ရုတ်တရက်ကြီး ပြိုကွဲသွားတာလဲ ငါ မသိပေမယ့် ငါသိတာကတော့ ဟိုတလော ပြန်လာတုန်းက သူ ဒဏ်ရာဆိုးဆိုးရွားရွား ရခဲ့တာကိုပဲ။ အဲဒီဒဏ်ရာတွေကနေ ဘယ်တော့မှ ပြန်သက်သာမလာခဲ့ဘူး။ အဲဒီအကြောင်းရင်းကို နင်မသိဘူးလို့တော့ မပြောစမ်းနဲ့”
“မန်ဟို မန်ဟို ... မင်း နဝမတောင်ပင်လယ်မှာ ဘယ်လောက်ကျော်ကြားပါစေ ဒီမိန်းကလေးအပေါ် မင်းပြန်ပေးဆပ်ရမယ့်ကျေးဇူးတွေ အများကြီးရှိတာ ဘယ်တော့မှ မမေ့ပစ်နဲ့”
ဤစကားလုံးများသည် သူ့အတွက် ချွန်ထက်နေသော မြားများနှင့်တူသည်။ သူ့အပြင်အားကိုယ်မည်မျှ သန်မာပါစေ၊ ၎င်းတို့သည် သူ့နှလုံးသားထဲထိ ထိုးစိုက်သွား၏။
သူ တိတ်ဆိတ်စွာ လျှောက်နေစဉ် သူ၏ကလီစာများပင် စူးအောင့်နာကျင်နေပြီး သူ့မျက်နှာမှာလည်း သွေးမရှိတော့ပေ။ သူက လူတိုင်းအား ပြောချင်ရာပြောခွင့်ပြု၍ ခေါင်းတလားအနားသွားပြီးနောက် အထဲတွင် လဲလျောင်းနေသော ချူယွီယန်ကို ငုံ့ကြည့်လိုက်သည်။
သူမသည် အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ထားပြီး မျက်နှာလေးသည် လွန်စွာလှပနေ၏။ သူမအသားအရေလေးမှာ လေပြေညင်းလေးပင် ၎င်းအား ပွန်းပဲ့သွားစေနိုင်သကဲ့သို့ နူးညံ့လှလေသည်။ သူမမျက်နှာလေး သွေးဆုပ်ဖြူလျော်နေသည့်အတွက်ကြောင့်သာမဟုတ်လျှင် မန်ဟိုသည် သူမ အိပ်ပျော်နေသည်ဟု ထင်မိလိမ့်မည်။
သို့သော် သူမကိုယ်ပေါ်ရှိ သေခြင်းအခိုးအငွေ့များက ရှင်ခြင်းနှင့်သေခြင်းအား အလွန်ကွဲပြားနေစေသည်။ ၎င်းက ယင်နှင့်ယန်၏ ကွာခြားမှုပမာ အကန့်အသတ်မရှိ အဆုံးမဲ့၏။
သူမကို ငုံကြည့်နေစဉ် သူ၏စိတ်သည် ဗလာကျင်းနေသည်။ ယနေ့လိုနေ့မျိုး ရောက်လာလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ... ကိုးပင်လယ်နတ်လောကမှာတုန်းက ယခုလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးသော်လည်း ချူယွီယန် မသေခဲ့ပေ။
သို့သော် ယခုတော့.... မန်ဟိုသည် တုန်ရီနေသောလက်ကို မြှောက်၍ ချူယွီယန်၏နဖူးအပေါ် တင်လိုက်သည်။ နတ်ဘုရားအာရုံတချို့အား သူမကိုယ်ထဲ စေလွှတ်ပြီးနောက်တွင် သူ့မှာ ပို၍ပင်တုန်ရီလာတော့သည်။
“သေသွားပြီ...” သူက ယူကျုံးမရစွာ ရေရွတ်လိုက်သည်။ သူ့နှလုံးသားမှာ တဆစ်ဆစ်နာကျင်နေပြီး အတိတ်တုန်းက ပုံရိပ်တစ်ခုကို သူ မြင်ယောင်လိုက်မိသည်။ ထိုမြင်ကွင်းတွင် နတ်ဖက်သောဖူးစာမောင်နှံကဲ့သို့ ဝမ်တန်ဖေး၏ဘေးတွင် ချူယွီယန် ရပ်နေလေသည်။
ထို့နောက် မီးတောင်ထဲရှိ ချူယွီယန်နှင့်သူ၊ ဇီယွင်ဂိုဏ်းတုန်းက အဖြစ်အပျက်များ ... သူ မြင်ယောင်နေသည်။ နောက်ပိုင်း တောင်ပိုင်းဒေသတွင် သူနှင့်ရှုချင် လက်ထပ်သောအခါ ချူယွီယန်ကို ပြန်တွေ့ခဲ့ရသည်။ ချူယွီယန်သည် မချင့်မရဲဖြစ်နေသောမျက်ဝန်းများဖြင့် ထိုနေရာတွင် ရှိနေခဲ့၏။ သူမမှာ ပြုံးနေခဲ့သော်လည်း ထိုအပြုံး၏နောက်ကွယ်တွင် တိတ်ဆိတ်စွာ ငိုရှိုက်နေသောသူမ ရှိခဲ့သည်။
ထိုအရာအားလုံးက သူ့စိတ်ထဲတွင် ထာဝရသိမ်းဆည်းထားမည့် အမှတ်တရများ ဖြစ်လေသည်။
မာနကြီးခြင်း .. ယင်းက ချူယွီယန်ပင်။ သူမသည် မန်ဟို သူမကို မရွေးချယ်ခဲ့ကြောင်း သဘောပေါက်သောအခါ ထွက်သွားဖို့ ရွေးချယ်ခဲ့၏။ သူ့ကို မေ့နိုင်မည်ဟု ထင်ခဲ့သော်လည်း နောက်ကြောင်းကို ပြန်လှည့်ကြည့်လိုက်သောအခါ ... အမှန်တရားတစ်ခုကို သူမ မြင်လိုက်သည်။
နင်က ငါ့ကို ပြန်မချစ်ဖို့ ရွေးချယ်ခဲ့တယ် ။ ဒါပေမဲ့ ငါ့မှာတော့ .... ရွေးချယ်စရာနှစ်ခုပဲ ရှိတယ်။ နင့်ကို ချစ်ဖို့ ဒါမှမဟုတ် ဒီထက်ပိုပြီးချစ်ဖို့။
ထို့ကြောင့် နဝမပင်လယ်တွင် မန်ဟိုနှင့် ပြန်တွေ့ခဲ့တုန်းက ... သူမ အလွန်ပျော်ခဲ့သည်၊ ဝမ်းသာခဲ့သည်။ အပေါ်ယံတွင် မည်ကဲ့သို့ဟန်ဆောင်ထားပါစေ၊ သူမနှလုံးသားထဲတွင်တော့ မန်ဟိုနှင့်အတူ ရှိခဲ့ရသည့် ထိုနေ့ရက်များသည် ပျော်စရာကောင်းခဲ့၏။ သူမမှာ ထိုအတိုင်းလေး ထပ်ကြာကြာနေနိုင်ပါစေရန် ကြိတ်၍ ဆုတောင်းခဲ့မိလေသည်။ ထာဝရတစ်လျှောက်လုံးတော့ မမျှော်လင့်ရဲသော်လည်း.... ထိုအချိန်လေးအား နည်းနည်းလောက် ဆွဲဆန့်ထားခဲ့ချင်မိသည်။
ထို့ကြောင့် လေဟုန်ခွင်းလောကတွင် မန်ဟို ကြိုးကြိုးစားစား တိုက်ခိုက်နေသည်ကို မြင်သောအခါ၊ သူ၏ အလျှော့မပေးလိုသော ဟိန်းဟောက်သံကို ကြားသောအခါ သူမသည် တွန့်ဆုတ်မနေခဲ့ပေ။ သူမအတွက် အဆင့်တက်ရန် မသင့်တော်သောအခိုက်အတန့်တွင် ... ကျင့်ကြံခြင်းအခြေခံပျက်ပြားရမည်ကိုပင် ထည့်မတွက်ဘဲ မိမိကိုယ်ကို အထိအခိုက်ခံခဲ့၏။
ထိုအချိန်က အကျိုးဆက်များကို သူမ မတွေးခဲ့၊ မန်ဟို့ကို ကူညီပေးဖို့သာ သူမခေါင်းထဲတွင် ရှိခဲ့သည်။
ထို့အပြင် မန်ဟို သူမအား ထိုအချိန်တုန်းက ဒုတိယအကြိမ်လှည့်မကြည့်ခဲ့လျှင်တောင်မှ ... သူမက တတ်နိုင်သည့်အရာကို လုပ်ပေးခဲ့လေသည်။
“ငတုံးကြီး ... ရှုချင်ကို သူ ချစ်ရတဲ့အကြောင်းရင်းက ရှုချင်လည်း ငတုံးမ,မလို့နဲ့ တူတယ်....” ယင်းက လေဟုန်ခွင်းလောကခရီးပြီးနောက် ချူယွီယန် သက်ပြင်းချပြီး ဝဲထဲသို့ ဝင်လိုက်စဉ် တွေးခဲ့သောအရာပင်။
အရာအားလုံးကို ပြန်တွေးနေစဉ် မန်ဟို့မျက်နှာသည် ဖြူဖျော့သထက် ဖြူဖျော့လာခဲ့၏။ ချူယွီယန်အပြုံးလေးက သူမနှင့်ပတ်သက်သည့် သူ၏အမှတ်တရအားလုံးကို စိုးမိုးထားပြီး ရုတ်တရက် မန်ဟိုမှာ .... သူ့နှလုံးသား ကွဲအက်လာသည်ကို ခံစားလိုက်ရသည်။
သူမလုပ်ခဲ့သမျှ အရာအားလုံးက သူ့နှလုံးသားထဲတွင် နက်ရှိုင်းသောနောင်တများ ပြည့်ကြပ်လာစေသည်.... ဤမိန်းကလေးအား သူ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့မရလောက်အောင် နောင်တကား နက်ရှိုင်းလှလေသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ....” သူက သွေးအန်ရင်း ရေရွတ်လိုက်သည်။
ဤအခိုက်အတန့်တွင် ဒေါသထွက်နေသော အေးတိအေးစက် အသံက မိုးခြိမ်းသံကြီးသဖွယ် ခေါင်းအထက်မှ ပဲ့တင်ထပ်လာသည်။
“မန်ဟို သူက မင်းကို ရွေးချယ်ခဲ့လို့ ငါ မင်းလက်ထဲ အပ်ပေးခဲ့တယ် ... သူ ပျော်ပါစေ၊ အဆင်ပြေပါစေလို့ ငါ အမြဲမျှော်လင့်နေခဲ့တာ ....
“ဒါပေမဲ့ မင်းက ဘာလို့ ဒီလောက်တောင်အသည်းမာရတာလဲ ဘာလို့ ဒီလောက်တောင်နှလုံးသားမရှိတာလဲ
“မင်း သူ့ကို မချစ်ရင်လည်း ဘာလို့ရေလာမြောင်းပေးခဲ့တာလဲ။ မင်း သူ့ကို မရွေးချယ်ရင်လည်း ဘာလို့မျှော်လင့်ချက်တွေ ပေးခဲ့တာလဲ ... ဘာလို့ သူ့ကိုမှ ငါ့ဆီက လုခဲ့ရတာလဲကွာ
“မန်ဟို” အသံတွင် ပူဆွေးသောကများ၊ အဆုံးမရှိသောအမျက်ဒေါသများ ပြည့်နှက်နေသည်။ ၎င်း ကောင်းကင်ထက်မှ ဟိန်းထွက်နေစဉ် ဧရာမအရိပ်ကြီးတစ်ခုသည် အပေါ်၌ ပေါ်လာ၏။ သူ့နဖူးပေါ်တွင် ကြယ်များရှိပြီး ထိုအရိပ်ကြီးကား .... နတ်ဘုရားသွေးဆက်ကို နှိုးခဲ့သူ ... ဝမ်တန်ဖေးမှတစ်ပါး အခြားမဟုတ်ပေ။
သူက ဒေါသတကြီး အော်ဟစ်ရင်း ကြယ်တံခွန်ကြီးသဖွယ် မန်ဟို့ဆီ တန်းတန်းမတ်မတ် ထိုးဆင်းလာသဖြင့် ကောင်းကင်တွင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်လာသည်။ ဝမ်တန်ဖေးသည် လက်သီးဆုပ်၍ မန်ဟို့ရင်ဘတ်အား ထိုးချလိုက်၏။ မန်ဟိုက ပြန်မတိုက်ခိုက်ပေ။ ဝမ်တန်ဖေး၏စကားလုံးများက သူ့နားစည်အား ရိုက်ခတ်နေလေသည်။
မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မျက်နှာသည် ပို၍ပင်ဖြူဆုပ်လာ၏။ အမှန်တော့ ချူယွီယန်အပေါ် သူ ခံစားချက်တစ်စုံတရာမှ မရှိခြင်းမဟုတ်ပေ။ သို့သော် သူမနှင့် ရှုချင်အကြားတွင် ရှုချင်အား သူ ဂရုပိုစိုက်သည်။
သို့ရာတွင် ချူယွီယန်အား အေးစက်စက်သာ ဆက်ဆံချင်သည်ဟုလည်း မဆိုလိုပေ။ သူ့နှလုံးသား၏အနက်ရှိုင်းဆုံးထဲတွင် သူမအား သူ ပျော်စေချင်သည်။ သူ့ကို မေ့ပြီး သူမ၏ပျော်ရွှင်မှုကို ရှာတွေ့စေချင်သည်။
ယခင်က သူ တစ်ကိုယ်ကောင်းဆန်နေမိသလား တစ်ခါမှ အချိန်ပေးမစဉ်းစားခဲ့ဖူးပေ။ သို့သော် ချူယွီယန်၏အလောင်းကို ငုံကြည့်ရင်း ဝမ်တန်ဖေး၏ ဒေါသကို ကြားလိုက်ရသည့်အခါ မန်ဟို့နှလုံးသားမှာ စုတ်ဖြဲခံလိုက်ရတော့သည်။ ယခုလိုနာကျင်နေရတော့မှ သူ သဘောပေါက်လိုက်လေပြီ... သူ အမှန်ပင် တစ်ကိုယ်ကောင်းဆန်ခဲ့၏။
သူ့ထံမှ ခပ်တိုးတိုး ရေရွတ်သံ ထွက်လာသည်။ “နှင်းတွေဖုံးလာမှ တောင်တွေဟာ စိုးရိမ်တတ်သလို ... လေပြင်းတွေတိုက်မှ ရေပြင်တွေလည်း လှိုင်းထန်တတ်တယ်တဲ့လေ....”