ဝိညာဉ်ကို ခြေရာခံဖို့ ကံကြွေးအား အသုံးပြုခြင်း
Vol. 87 Ch. 1210
အုန်း
၀မ်တန်ဖေးသည် မျက်လုံးများ နီရဲနေလျက် အားကုန်တိုက်ခိုက်လိုက်၏။ တိုက်ကွက်က မန်ဟို့ကို ရိုက်ခတ်၍ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ ၀မ်တန်ဖေးလည်း တန်ပြန်ရိုက်ခတ်ခံလိုက်ရသည့်တိုင် ဂရုစိုက်ပုံမရပေ။ သူက ဟိန်းဟောက်ရင်း ထပ်မံတိုက်ခိုက်ပြန်သည်။
"နှင်းတွေဖုံးလာမှ တောင်တွေဟာ စိုးရိမ်တတ်သလို လေပြင်းတွေတိုက်မှ ရေပြင်တွေလည်း လှိုင်းထန်တတ်တယ်ဆိုတဲ့စကားကို မင်း သိသေးတယ်ပေါ့လေ" ၀မ်တန်ဖေး၏နှလုံးသားထဲတွင် ခံစားနေရသည့် နာကျင်မှုမှာ မန်ဟို့၏နာကျင်မှုထက် နည်းနည်းမှမလျော့ပေ။
သူသည် အစကတည်းက ချူယွီယန်ကို ချစ်မြတ်နိုးခဲ့ပြီး ထိုအချက်က ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။ သို့သော် ..... သူ့မှာ မာနကိုသာ ရှေ့တန်းတင်ခဲ့မိသည်။ ထိုနေ့ရက်တွေတုန်းက သူ၏မာနက သူမကို မျက်ကွယ်ပြုစေခဲ့သည်။ မန်ဟို့ကို အနိုင်ယူမည်ဆိုလျှင် ... အစွမ်းထက်သထက် အစွမ်းထက်လာမည်ဆိုလျှင် ... ချူယွီယန်အပါအ၀င် အရာအားလုံးကို စွန့်လွှတ်ရလည်း တန်သည်ဟု ဝမ်တန်ဖေး တွေးခဲ့မိသည်။
သို့သော် အရာအားလုံးကို အမှန်တကယ် ဆုံးရှုံးလိုက်ရသောအခါမှ သူ့တွင် ဘာဆိုဘာမှမရှိတော့ကြောင်း ခါးသီးစွာဖြင့် သဘောပေါက်ခဲ့ရသည်။ ထိုအခိုက်အတန့်မှစ၍ သူသည် ချူယွီယန် ပျော်ရွှင်၍ အပြုံးပန်းဝေနေသည့် ဘ၀လေးတစ်ခုကို ပိုင်ဆိုင်ပါစေဟုသာ ဆုတောင်းနေခဲ့၏။
နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၍ သူသည် အတိတ်တုန်းက သူ၏အချစ်ကို မေ့နိုင်ခဲ့ပြီဟု ယုံကြည်ခဲ့၏။ သို့သော် တစ်နေ့ သူ တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာသောအခါ သူ၏မျိုးနွယ်ဝင်များ ချူယွီယန်အကြောင်း ပြောနေသည်ကို ကြားခဲ့ရလေသည်။ သူ့မှာ ဤနေရာသို့လာဖို့ အစွမ်းအစရှိသမျှအကုန် လုပ်ခဲ့သည်။ သူ ရောက်လာခဲ့သောအခိုက်အတန့်တွင် မန်ဟို့ကို မြင်လိုက်ရသည့်အခါ သူ့မှာ ဒေါသမထိန်းနိုင်တော့ဘဲ ပေါက်ကွဲမိခြင်းဖြစ်သည်။
"မင်း သူ့ကို ဂရုမစိုက်ဘူးဆိုရင် ဘာလို့ ငါ့ဆီက လုခဲ့ရတာလဲ မန်ဟို" ၀မ်တန်ဖေးက ဟိန်းဟောက်ရင်း ထပ်မံတိုက်ခိုက်ပြန်သည်။ မန်ဟိုက မတုံ့ပြန်ပေ။ သူသည် နှလုံးသားတို့ တစ်စစီကွဲကြေနေလျက် တုန်ရီစွာ ရပ်နေ၏။ ၀မ်တန်ဖေး၏စကားတို့က သူ့အား မိုးကြိုးတန်းများကဲ့သို့ ထိမှန်နေသည်။
သူက ပြန်တိုက်ခိုက်ဖို့ လက်ပင်မမြှောက်ပေ။ ၀မ်တန်ဖေးက သူ့အား လက်သီးတစ်လုံးပြီးတစ်လုံးဖြင့် ဒေါသတကြီး ထိုးနှက်နေသည်။ မန်ဟို့စိတ်ထဲတွင် ဤအရာအားလုံးက သူ့အမှားသာဖြစ်သည်။ သူ တင်နေသောအကြွေးသည် အင်မတန်နက်ရှိုင်းလွန်းသဖြင့် သူ့မှာ နောင်တအကြီးအကျယ်ရနေတော့သည် .... အတိတ်မှ အရာအားလုံးကို သူ နောင်တရသလို၊ သူလုပ်ခဲ့သော အမှားများကိုလည်း သိလိုက်ရလေပြီ။ သူ၏လုပ်ရပ်များက အခြားသူများအပေါ် မည်မျှဆိုးဆိုးရွားရွား၊ မည်မျှနက်နက်ရှိုင်းရှိုင်း ထိခိုက်စေခဲ့ကြောင်း သူ တစ်ခါမှ သဘောမပေါက်ခဲ့ပေ။
"ငါ တောင်းပန်ပါတယ်ကွာ ..." သူက ခါးသီးစွာ ရေရွတ်လိုက်သည်။ တိုးညင်းစွာသာ ပြောလိုက်သော်လည်း ၀မ်တန်ဖေးသည် ထိုစကားကိုကြားလျှင် တုံ့ခနဲ ရပ်သွား၏။ သူ၏လက်သီးနှစ်ခုလုံး ဘေးတစ်ဖက်စီသို့ ကျသွားပြီး သူ့မှာ ငိုကြွေးတော့သည်။
မန်ဟိုက အခေါင်းဆီ ပြန်လျှောက်သွားပြီး ထိုနေရာတွင် အိပ်ပျော်နေသကဲ့သို့ လဲလျောင်းနေသော ချူယွီယန်ကို ငုံ့ကြည့်လိုက်သည်။ သူက မျက်ရည်ဖြိုင်ဖြိုင်စီးကျနေလျက် ညာလက်ဖြင့် သူမ၏နဖူးလေးကို အသာအယာလေး လှမ်းထိလိုက်သည်။
မျက်ရည်များသည် သူ့ပါးထက်မှ လိမ့်ဆင်း၍ ချူယွီယန်၏မျက်နှာလေးထက်သို့ ကျသွား၏။
တခဏကြာသော် သူက လေလယ်တွင် ပျံဝဲနေသော ဆေးလုံးမိစ္ဆာနှင့် သူ့ဘေးရှိ ရှေးဆန်ဆန်အဘိုးအိုကို မော့ကြည့်လိုက်သည်။
"ချူယွီယန် သေဆုံးမှုနဲ့ပက်သက်ပြီး တစ်ခုခု မူမမှန်ဘူး။ ဘာလဲ ပြောပြပါ အခုချက်ချင်း" သူက စကားကိုတစ်လုံးချင်း ပြောလိုက်သော်လည်း နောက်ဆုံးစကားလုံး ပြောလိုက်သောအခါ သူ့အသံသည် ကောင်းကင်ထက်တွင် အရောင်အဝါများ ပြိုးပြိုးပျက်ပျက်လက်သွားစေပြီး လေပြင်းများအား တဝေါဝေါ တိုက်ခတ်လာစေရင်း နားကွဲလုအောင် ဟိန်းထွက်သွား၏။ ခွန်လွန်အစည်းအရုံးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာတော့သည်။
သူစကားပြောနေစဉ် သူ၏ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားတို့အား ထုတ်ဖော်၍ သူ့အား တာအိုနယ်ပယ်ကျင့်ကြံသူများကို တိုက်ခိုက်နိုင်သောအတိုင်းအတာအထိ တွန်းပို့လိုက်သည်။ ယခုတွင် သူကား အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ပညာရှင်များကို တိုက်ခိုက်နိုင်ပြီး အနှစ်သာရ ၂ ခု ကျင့်ကြံသူများကို တုန်ရီသွားစေနိုင်သည့်အပြင် အနှစ်သာရ ၃ ခု တာအိုသခင်များဖြင့်ပင် ယှဉ်ပြိုင်နိုင်လေပြီ။
ဆေးလုံးမိစ္ဆာမှာ အံ့အားသင့်သွားပြီး သူ့ဘေးရှိ ရှေးဆန်ဆန်အဘိုးအိုကို လှမ်းကြည့်လိုက်သည်။ ထိုအဘိုးကြီးက ချူယွီယန်၏သေဆုံးမှုနှင့်ပက်သက်ပြီး မူမမှန်ကြောင်း မပြောပြခဲ့ပေ။ အင်မော်တယ်အဆင့်သို့ တက်လှမ်းပြီးနောက် ချူယွီယန်၏ကျင့်ကြံခြင်းအခြေခံ၏ မတည်မငြိမ်ဖြစ်မှုက သူမဝိညာဉ်ပြိုကွဲခြင်းသို့ ဦးတည်စေခဲ့သည်ဟု ဆေးလုံးမိစ္ဆာ ထင်ခဲ့မိသည်။
ဆေးလုံးမိစ္ဆာသာ အံအားသင့်သွားခြင်းမဟုတ်။ ၀မ်တန်ဖေး၏မျက်လုံးများလည်း ပြူးကျယ်သွားပြီး ပတ်ပတ်လည်ရှိ ခွန်လွန်အစည်းအရုံးတပည့်အားလုံးလည်း အဘိုးအိုအား တအံ့တဩ မော့ကြည့်လိုက်ကြသည်။
ဤအဘိုးအိုသည် ခွန်လွန်အစည်းအရုံး၏ ခေါင်းဆောင်ကြီးများထဲမှ တစ်ယောက်ဖြစ်၏။ သူက မန်ဟို့ကို ငုံ့ကြည့်ပြီး သက်ပြင်းချလိုက်သည်။ မန်ဟို မည်မျှအစွမ်းထက်ကြောင်း သူ ကြားထားပြီးဖြစ်သော်လည်း ယခုလို ကိုယ်တိုင်မြင်ရသောအခါ မန်ဟိုသည် ချူယွီယန်၏အလောင်းပေါ်ရှိ သဲလွန်စများကိုပင် မြင်နိုင်ကြောင်း သူ သဘောပေါက်လိုက်၏။
"သူ့ရဲ့ နာမ်ဝိညာဉ် ပျောက်ဆုံးသွားတယ် ...
"အရင်တစ်ခေါက် ပြန်လာတုန်းက သူ့ကြည့်ရတာ ပုံမှန်ပဲထင်ရပေမယ့် တကယ်တော့ သူ့မှာ နာမ်ဝိညာဉ်မရှိတော့တာ ကြာခဲ့ပြီ။ ရုပ်ဝိညာဉ်ပဲ ကျန်ခဲ့တာ။ သူ့အနေနဲ့ အဲ့ဒီအခြေအနေမှာ ဘယ်ကြာကြာခံနိုင်ပါ့မလဲ။ နာမ်ဝိညာဉ်ရဲ့ထောက်ပံ့မှု ကင်းမဲ့သွားတော့ အဆုံးသတ်မှာ ….. ရုပ်ဝိညာဉ်လည်း ပြိုကွဲလာခဲ့တယ်
"အဲ့ဒါကြောင့် သူ သေရတာဖြစ်ပြီး အဲ့ဒါကြောင့်ပဲ ငါလည်း အသက်ပြန်သွင်းမပေးနိုင်တာပဲ ...."
အဘိုးကြီး၏ တိုးညှင်းသော အသံထဲတွင် အလိမ်အညာတစ်ခုမှ မပါပေ။ သူသည် ချူယွီယန်ကို ကုသဖို့ မည်သို့ကြိုးစားခဲ့ကြောင်း ဆက်လက်ရှင်းပြ၏။
မန်ဟိုမှာ တုန်ရီနေသည်။ သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံအဆင့်ကြောင့် လူတစ်ယောက် နာမ်ဝိညာဉ်အား ဆုံးရှုံးလိုက်ရခြင်း၏ အကျိုးဆက်များအား ကောင်းကောင်းသိ၏။ ရုပ်ဝိညာဉ်သာ ရှိတော့လျှင် ထိုလူ့တွင် အခြေခံမရှိတော့၍ မည်သည့်အချိန်မဆို အရှိတရားနှင့် အဆက်အသွယ်ပြတ်ကာ သေဆုံးသွားနိုင်သည်။
ချူယွီယန်သည် ပြန်ရောက်လာခဲ့ကတည်းက အားအင်ချို့တဲ့လာခဲ့၏။ နေ့ရက်တိုင်းနေ့ရက်တိုင်း သူမမှာ သေမင်းကို ပြန်ခုခံခဲ့သော်လည်း ကံဆိုးစွာနှင့် သူမ တတ်နိုင်သည့်အရာမရှိခဲ့ပေ။
သူမအနေဖြင့် ရုပ်ဝိညာဉ် ပြိုကွဲပြီး သေရမည့်နေ့ကိုသာ စောင့်နေနိုင်ခဲ့သည်...
သူမသည် သေရတော့မည်ကို သိ၍ ... မန်ဟို့အား နောက်ဆုံးစာတစ်စောင်အား ပို့ခဲ့ခြင်းဖြစ်၏။
"မန်ဟို .... နင်နဲ့ရှုချင် နှစ်ယောက်အတူတူ ဘဝထက်ဆုံး အေးအေးချမ်းချမ်း လက်တွဲသွားနိုင်ပါစေလို့ ငါ ဆုတောင်းပါတယ် ...."
မန်ဟို့မျက်လုံးများသည် သွေးချင်းနီရဲနေပြီး နှလုံးသားထဲ၌ ဆထက်တိုး၍ပြင်းထန်လာသော နာကျင်မှုကြောင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေလေသည်။ သူ၏ကျင့်ကြံအဆင့်မည်မျှမြင့်မားသလဲအပေါ် အခြေခံ၍ ... ချူယွီယန်၏အလောင်းကို စစ်ဆေး၍ အဘိုးအိုစကားက မုသားမဟုတ်ကြောင်း သူ အလွယ်တကူ အတည်ပြုနိုင်သည်။
“နာမ်ဝိညာဉ် ပျောက်ဆုံးသွားတယ်တဲ့လား ... အဲဒါ ဘယ်သွားတာလဲ...” မန်ဟို့မျက်လုံးများသည် မိမိကိုယ်ကို အပြစ်တင်နေမှုတို့ဖြင့် ပြည့်နေ၏။ ဤအရာအားလုံးက လေဟုန်ခွင်းလောကတွင် ချူယွီယန် သူ့ကို ကူညီခဲ့ရင်း ဒဏ်ရာအပြင်းအထန် ရခဲ့သည့်အတွက်ကြောင့် ဖြစ်ကြောင်း သူ သိသည်။ သို့သော် သူမ၏ဝိညာဉ် အချိန်မရွေး ပြိုကွဲလုအောင် အထိမခံသောအခြေအနေတွင် ဖြစ်ခဲ့သော်လည်း သူမ ဝဲထဲသို့ ဝင်ရောက်သွားစဉ်တုန်းက ရုပ်နှင့်နာမ်ဝိညာဉ်တွဲလျက် ရှိခဲ့သေးသည်။ မန်ဟိုကိုယ်တိုင် သူမထွက်သွားသည်ကို ကြည့်ခဲ့၍ ယင်းက အကြောင်းရင်းဖြစ်မည်ဟု အတည်ပြုနိုင်သည်။
လေဟုန်ခွင်းလောကမှ နဝမတောင်သို ဦးတည်နေသော ဝဲထဲသို့ ချူယွီယန် ဝင်ရောက်သွားပြီးနောက်... ပြဿနာတစ်ခုဖြစ်ခဲ့လိမ့်မည်။ မန်ဟိုလည်း ထိုတဒင်္ဂသာ ကြာသော ခရီးကို ဖြတ်သွားခဲ့သည်။
သို့သော် ထိုတဒင်္ဂလေးက ... ချူယွီယန်၏နာမ်ဝိညာဉ်ကို ပျောက်ဆုံးစေခဲ့ကြောင်း ထင်ရှားသည်။
“နာမ်ဝိညာဉ်ကြောင့် ရုပ်ဝိညာဉ်က အသက်ရှင်နေတာ။ နာမ်ဝိညာဉ်က ရုပ်ဝိညာဉ်ကို အားဖြည့်ပေးတယ် .... ငါသာ ချူယွီယန်ရဲ့ နာမ်ဝိညာဉ်ကို ရှာနိုင်ရင် ... သူ့ကို အသက်ပြန်သွင်းဖို့က မဖြစ်နိုင်တဲ့အရာ မဟုတ်တော့ဘူး” မန်ဟိုက ချူယွီယန်၏ နာမ်ဝိညာဉ်ကို မုချလိုက်ရှာမည်ဟု ဆုံးဖြတ်လိုက်ရင်း အလျှော့မပေးမည့်မျက်ဝန်းများဖြင့် ချူယွီယန်ကို ပြန်ငုံ့ကြည့်လိုက်သည်။
သူ၏ညာလက်က မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ ကံကြွေးမန္တန်အား ထုတ်လွှတ်လိုက်သည်။ သူသည် ချူယွီယန်၏နဖူးလေးအား အသာလေးဖိလိုက်သည့်တိုင် မည်သည့်ကံကြွေးမှ ပေါ်မလာခဲ့ပေ။ သူ့မျက်လုံးများက ပို၍နီရဲရူးသွပ်လာခဲ့ပြီး ရုတ်တရက် သူက ချူယွီယန်၏အခေါင်းကို ပတ်၍ လမ်းစလျှောက်သည်။ သူ့ခြေလှမ်းများက မြန်သထက်မြန်လာရာ နောက်ဆုံးတွင် သူ၏အရိပ်များ ပေါ်လာသည်။
ပထမဆုံး ... အရိပ်တစ်ခုသာ။ ထို့နောက် နှစ်ခု ၊ သုံးခု၊ လေးခု ....
သူ၏ရွေ့လျားမှုက မြန်လွန်းသဖြင့် လေတစ်ချက်တိုက်ခတ်လာပြီး ပို၍ပင်များပြားသော အရိပ်များ ပေါ်လာသည်။ မကြာမီ .. ဆယ်ခု၊ ဆယ့်ငါးခု ... တစတစများလားသည်။
မန်ဟိုမှာ ... မနေ့ကို ပြန်သွားဖို့ .... ထူးဆန်းသောလမ်းလျှောက်ပညာရပ်ကို တုံ့ဆိုင်းခြင်းမရှိ အသုံးပြုနေလေသည်။
မနေ့က ချူယွီယန်၏ရုပ်ဝိညာဉ်ကား အပြီးတိုင်ပြိုကွဲမသွားခဲ့သေးပေ။
မန်ဟို လျင်မြန်စွာ လျှောက်နေသည်နှင့်အမျှ အချိန်ခရီးသွားစွမ်းအားက စီးမြောထွက်လာသည်။ အရှိန်အဝါပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းက ပတ်ပတ်လည်ရှိကျင့်ကြံသူများ၏အမြင်ကို ဝေဝါးသွားစေသည်။ ဆေးလုံးမိစ္ဆာ၏မျက်ဝန်းများပင် ငေးကြောင်သွား၏။
ခွန်လွန်အစည်းအရုံးခေါင်းဆောင်ကြီး၏မျက်လုံးများသာ တောက်ပလာသည်။ စိတ်ထဲတွင် အံ့ဩခြင်းလှိုင်းတံပိုင်းများက သူ့နှလုံးသားကို တိုးဝှေ့ရိုက်ခတ်နေလေ၏။
“အချိန်ခရီးသွား...တာအို
“မန်ဟိုက ... အချိန်ခရီးသွားတာအိုကို အသုံးပြုနိုင်တာ ယုံတောင်မယုံနိုင်ဘူး”
သူတစ်ယောက်တည်းသာ တုန်လှုပ်သွားခြင်းမဟုတ်။ ခွန်လွန်အစည်းအရုံးရှိ ကျန်တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများလည်း တုန်လှုပ်ကုန်ကြသည်။ သူတို့ နတ်ဘုရားအာရုံဖြင့် စောင့်ကြည့်နေကြစဉ် မန်ဟို့ကြောင့် လုံးလုံးလျားလျား မှင်သက်နေကြတော့သည်။
မန်ဟို၏အရိပ်များသည် စည်းဝိုင်းတစ်ခုအဖြစ် ဆက်သွားသည့်တိုင်အောင် များသထက် များလာ၏။
ထိုစည်းဝိုင်း၏အလယ်တွင် ခေါင်းတလားရှိနေပြီး ၎င်း၏ပတ်ပတ်လည်ဧရိယာမှာ အချိန်ကိုဖြတ်သွားနေသယောင် ထင်ရသည်။ မြက်များ ယိမ်းနေပြီး လှိုင်းများ ဖြာထွက်နေသည်။ မရေမတွက်နိုင်သောလူရိပ်များ သွားချည်လာချည်၊ လာချည်သွားချည် ပေါ်လာသည်။
ကြည့်နေသောလူတစ်ယောက်မှ မန်ဟို့မျက်နှာမည်မျှ ဖြူဆုပ်နေကြောင်း သတိမထားမိပေ။ ဤလမ်းလျှောက်ပညာရပ်သည် ဆန်းပြားသော်လည်း မန်ဟို့အတွက် ချူယွီယန်အား မနေ့ကို ပြန်ခေါ်သွားဖို့ မယုံနိုင်လောက်အောင် ခက်လေသည်။
သို့သော် သူ့ခေါင်းထဲတွင် လက်လျှော့ရန် စိတ်ကူးမြူမှုန်မျှပင် မရှိ။ သူသည် မြန်သထက်မြန်မြန် ရွေ့လျားနေ၏။ သူ့ပါးစပ်မှ သွေးမည်မျှစီးကျလာပါစေ၊ သူ့ခန္ဓာကိုယ် မည်မျှအားနည်းလာပါစေ၊ သူ့ကျင့်ကြံခြင်းအခြေခံ မည်မျှတုန်ရီနေပါစေ သူကား ဇွဲမလျှော့ပေ။
သူ ဆက်လျှောက်နေသည်နှင့်အမျှ ချူယွီယန်၏ပတ်ပတ်လည် ဧရိယာတစ်လျှောက် ဖြာဆင်းနေသော လှိုင်းများလည်း မြန်သထက်မြန်လာသည်။ အချိန်များကုန်လွန်သွားခဲ့ပြီး ရုတ်တရက် ချူယွီယန်၏မျက်လုံးလေးများ ပွင့်လာ၏။
ထိုအခိုက်အတန့်ရောက်မှ မန်ဟိုက ရပ်လိုက်သည်။ သူ့မှာ သွေးကိုးလုပ်အန်လိုက်ရပြီး သူ့ဆံပင်တစ်ဆုပ် ဖြူဆွတ်သွားပြီးနောက် ပြာကျသွားခဲ့သည်။ သူ့ခန္ဓာကိုယ်လည်း အသက်များစွာ ပိုကြီးသွားလေသည်။
ချူယွီယန်၏မျက်ဝန်းလေးများသည် မနေ့တုန်းက မသေခင်အချိန်ကအတိုင်း အသက်မဲ့နေ၏။ သူမသည် သူမပတ်ဝန်းကျင်ရှိအရာများကို မသိသလို၊ မန်ဟို သူမကို တွေ့ဖို့ အချိန်တစ်ရက်နောက်ပြန်သွားခဲ့သည်ကိုလည်း မခံစားရစေ။
မန်ဟိုကား တခဏပင် တွန့်ဆုတ်မနေ။ သွေးအန်နေရင်းတန်းလန်း သူက မုဒြာလက်ကွက်တစ်ကွက်ဖော်၍ မိစ္ဆာချုပ်နှောင်မှော်သိုင်းတစ်ကွက်အား ထုတ်လွှတ်ကာ သူ့လက်ချောင်းအား ချူယွီယန်၏နဖူးအပေါ် ဖိချလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ့စိတ်သည် တုန်ရီသွားပြီး ရုတ်တရက် ခပ်မှိန်မှိန်ကံကြွေးမျှင်များသည် ချူယွီယန်၏ပတ်ပတ်လည်တွင် ပေါ်လာ၏။
ကံကြွေးမျှင်တစ်ဝက်ကျော်က မန်ဟိုနှင့်ချိတ်ဆက်နေရာ သူ့နှလုံးသားထဲရှိ နာကျင်မှုကို ပို၍ပြင်းထန်သွားစေသည်။ သို့သော် အချိန်သည် ရွှေဖြစ်ကြောင်း သူ သိ၏။
သူက အာရုံအပြည့်အဝစူးစိုက်ထားပြီး သူမ၏နာမ်ဝိညာဉ်တည်နေရာကို ရှာတွေ့ဖို့ မျှော်လင့်ရင်း ကံကြွေးမျှင်များအား လေ့လာနေသည်။
သူသည် မည်သည့်အရာကိုမှ ထိမ်ချန်မထားဘဲ ကျင့်ကြံခြင်းအခြေခံကို အပြည့်အဝလှည့်ပတ်လိုက်ကာ မိုးပြာရောင်အလင်းအား ကွန့်မြူးတောက်ပလာစေ၏။ နောက်ဆုံးတော့ အာကာသထဲသို့ ဆန့်တန်းနေသော ကံကြွေးမျှင်တစ်မျှင်ကို သူ တွေ့လိုက်လေပြီ။ သူက ၎င်း၏လမ်းကြောင်း နတ်ဘုရားအာရုံကို စေစားလိုက်ရာ နောက်ဆုံးတော့ .... ဟင်းလင်းပြင်ထဲ ရောက်သွားသည်။
ထိုနေရာတွင် မန်ဟိုသည် ရင်းနှီးသောဝဲတစ်ဝဲကို မြင်လိုက်၏။ ၎င်းကား ... လေဟုန်ခွင်းလောကထွက်သွားပြီးနောက် လူတိုင်းကို အိမ်ပြန်ပို့ပေးဖို့ ပါရာဂွန်ပင်လယ်အိပ်မက် ဆင့်ခေါ်ခဲ့သော ဝဲမှတစ်ပါး အခြားမဟုတ်ပေ။
ထိုနေရာတွင် ကံကြေးမျှင်သည် ပြတ်တောက်စပြုလာ၏။ ကံကြွေးမျှင် ပျောက်ကွယ်တော့မည်ကို မြင်လျှင် မန်ဟိုက မာန်သွင်းဟိန်းဟောက်လိုက်ကာ အချိန်စွမ်းအားများ ထပ်မံထုတ်လွှတ်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ကံကြွေးမန္တန်နှင့်အတူ သူသည် အချိန်ခရီးသွားတာအိုကို အသုံးပြုရင်း နောက်တစ်ကြိမ်လမ်းလျှောက်၏။
အစွမ်းကုန်ထုတ်နေရင်း နောက်ဆုံးတွင်တော့... မြင်ကွင်းနှစ်ခုကို သူ မြင်လိုက်ရသည်။
ပထမမြင်ကွင်းထဲတွင် မျက်နှာလေး ဖြူဖပ်ဖြူလျော်နှင့် ချူယွီယန် ဝဲတစ်ဝဲထဲသို့ ဝင်လိုက်သည်ကို မန်ဟို မြင်လိုက်ရသည်။ ထိုအခိုက်အတန့်သည် လူတိုင်း ပါရာဂွန်ပင်လယ်အိပ်မက်၏ဝဲမှတစ်ဆင့် ပြန်သွားကြသော အချိန်ဖြစ်၏။
အချိန်ခရီးသွားတာအိုမှတစ်ဆင့် မန်ဟိုသည် အတိတ်တွင် ဖြစ်ခဲ့သောအရာကို မြင်ရဖို့ အချိန်စီးကြောင်းအတိုင်း နောက်ပြန်လာခဲ့၏။
သူမြင်လိုက်ရသည်က .... ချူယွီယန် ဝဲတစ်ဝဲမှတစ်ဆင့် ပြန်နေစဉ် သူမသည် တောင်ပင်လယ်လောက၏ တောင်ကိုးလုံးဘေးမှ ဖြတ်သွားရ၏။ သူမ အဋ္ဌမတောင်ပင်လယ်ဘေးမှ ဖြတ်သွားသောအခါ .... ရုတ်တရက် ဝဲအတွင်းမှ အသံတစ်သံအား ကြားရနိုင်သည်။
“ဝိညာဉ် လာခဲ့စမ်း”