← Chapters

အင်မော်တယ်ရှေးဟောင်းမှ နဝမတောင်အထွက်တံတားကို တည်ဆောက်ပြီ

Vol. 87 Ch. 1211

အင်မော်တယ်ရှေးဟောင်းမှ နဝမတောင်အထွက်တံတားကို တည်ဆောက်ပြီ

Vol. 87 Ch. 1211

အမှန်တော့ ဝဲသည် ပါရာဂွန်ပင်လယ်အိပ်မက်မှ ဖန်တီးခဲ့သည့်အရာမဟုတ်ပေ။ ၎င်းသည် တောင်ပင်လယ်လောကအတွင်း၌ ဟိုးအရင်က တည်ရှိခဲ့သော .... တာအိုနယ်ပယ်အဆင့်မည်သူမဆို ဖွင့်နိုင်သည်ဟု ဆို၍ရသော နေရာရွှေ့ပြောင်းခြင်းမုခ်ဝတစ်ခု ဖြစ်၏။ သို့သော် ၎င်းကို ဖွင့်ဖို့ အဖိုးအခကား ... မတန်မဆ ကြီးမားသည်။

တကယ်တမ်း ပါရာဂွန်များသာလျှင် ထိုအဖိုးအခကို မျက်စိမှိတ်ပေးနိုင်လိမ့်မည်။ သာမန်တာအိုနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အလွန်အကျူး ထုတ်လွှတ်လျှင်တောင်မှ ထိုရှေးဟောင်းနေရာရွှေ့ပြောင်းမုခ်ဝကို ဖွင့်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် များသောအားဖြင့် ထိုလမ်းသည် အန္တရာယ်ကင်း၏။ ဥပမာ - မန်ဟိုနှင့် အခြားသူများ ၎င်းကို အသုံးပြုခဲ့စဉ်က မည်သည့်အရာမှ မဖြစ်ပွားခဲ့ပေ။ သို့သော် လမ်းက ပါရာဂွန်ပင်လယ်အိပ်မက်၏ မှော်အတတ်များထဲမှ တစ်ခု၏ အကာအကွယ်အောက်တွင် မရှိသော နေရာရွှေ့ပြောင်းခြင်းလမ်းလေးတစ်လမ်းသာ ဖြစ်လေသည်။ သို့ဖြစ်၍ ... မတော်တဆများ ဖြစ်ပွားနိုင်သည်။

တကယ်လည်း ပါရာဂွန်ပင်လယ်အိပ်မက်ပင် သတိမထားမိခဲ့သော မတော်တဆတစ်ခု ဖြစ်ပွားခဲ့သည်။

ပုံမှန်အတိုင်းဆို ချူယွီယန်သည် ဘာမှမဖြစ်သင့်ပေ။ သူမ၏ဝိညာဉ်မှာ အချိန်မရွေးကွဲထွက်သွားနိုင်သော အခြေအနေတွင် ဖြစ်သော်လည်း နဝမတောင်ပင်လယ်သို့ ပြန်၍ အချိန်တစ်ခုအထိ အနားယူလျှင် သက်သာလာလိမ့်မည်။

ကံဆိုးစွာနှင့် ... သူမ နေရာရွှေ့ပြောင်းနေသည့်အတောအတွင်း တစ်စုံတစ်ယောက်က ဝိညာဉ်စုဆောင်းမှော်အတတ်ကို ထုတ်လွှတ်ခဲ့၏။

ထိုကဲ့သို့အတတ်ပညာများကို ကျင့်ကြံသူများစွာ အသုံးပြုနိုင်သော်လည်း အတတ်အားလုံးသည် မတူကွဲပြားသောရလဒ်များသို့ ဦးတည်နေ၏။ တချို့က မီတာ သုံးထောင် အကျယ်အဝန်းကိုသာ သက်ရောက်နိုင်သည်။ တချို့ကမူ ... တစ်လောကလုံးကိုပင် လွှမ်းမိုးနိုင်သည်။

၎င်း၏ရည်ရွယ်ချက်က ခန္ဓာနှင့်ကွဲကွာသွားသော ဝိညာဉ်များကို ရှာ၍ စုဆောင်းဖို့ဖြစ်သည် ... ထို့နောက်တွင် တချို့သောကျင့်ကြံသူများက ၎င်းတို့ကို မှော်ပစ္စည်းများ သွန်းလုပ်ရာတွင် အသုံးချလိမ့်မည်။

ဒုတိယမြင်ကွင်းထဲတွင် မန်ဟိုသည် ဧရာမမြေထုကြီးနှင့် ဂိုဏ်းတစ်ဂိုဏ်းကို မြင်လိုက်ရ၏။ ထိုဂိုဏ်းက ဧရာမစာလုံးကြီးသုံးလုံး ရေးထားသော အနက်ရောင်ကျောက်ဆောင်အတွင်းထဲ၌ တည်ဆောက်ထားခြင်း ဖြစ်သည်။

ဝိညာဉ် နက် အဖွဲ့အစည်း

မန်ဟိုသည် ထိုနေရာတွင် မရေမတွက်နိုင်သော ဝိညာဉ်များ မြစ်ကြီးတစ်စင်းအဖြစ် စုဝေးရင်း အနက်ရောင်ကျောက်ဆောင်နှင့် နံ့သာအိုးတစ်အိုးထဲသို့ စီးဆင်းနေကြသည်ကို မြင်လိုက်ရ၏။ အဆိုပါနံ့သာအိုးက ဝိညာဉ်များကို စုပ်ယူနေ၏။

ကျင့်ကြံသူတစ်ယောက်က နံ့သာအိုး၏ဘေးတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူက သက်လတ်ပိုင်းအရွယ်ဟုထင်ရသော်လည်း အတော်လေး ဖျော့တော့နေသော မျက်နှာကို ပိုင်ဆိုင်ထားသည်။ သူ၏အမူအရာက မောက်မာဝင့်ကြွားပုံရှိပြီး သူ့ကျင့်ကြံခြင်းအခြေခံ၏အခိုးအငွေ့များအရ... သူသည် အနှစ်သာရ ၂ ခု တာအိုနယ်ပယ်ပညာရှင်ဖြစ်ကြောင်း မန်ဟို ပြောနိုင်၏။

မန်ဟို ဆက်ကြည့်နေစဉ် ဝိညာဉ်များအကြား၌ ဝိညာဉ်တစ်ခုကို မြင်လိုက်ရသည်... ချူယွီယန်။

အားလုံးအထဲ အဓိကမှာ တာအိုနယ်ပယ်ကျင့်ကြံသူမဟုတ်ဘဲ ထိုနံ့သာအိုးပင်။ ၎င်းကြောင့် ချူယွီယန်၏ဝိညာဉ်မှာ နေရာရွှေ့ပြောင်းခြင်းလမ်းထဲမှ ထုတ်ယူခံခဲ့ရခြင်းဖြစ်သည်။

နံ့သာအိုး၏ပတ်ပတ်လည်တွင် ဤဂိုဏ်း၏ ဂိုဏ်းသားထောင်ချီ တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့ လက်များကို ဝှေ့ယမ်းလိုက်သည့်အခါ သူတို့၏သိုလှောင်အိတ်ထဲမှ အနက်ရောင်ဘူးသီးခြောက်များ ထွက်လာသည်။ ၎င်းတို့က မရေမတွက်နိုင်သော ဝိညာဉ်များကို ထုတ်ပေးလိုက်၏။

မထင်မှတ်ဖွယ်ကောင်းစွာနှင့် .... ထိုဝိညာဉ်အများစုက ... သေမျိုးများနှင့် သက်ဆိုင်လေသည်။

ဝိညာဉ်များမှာ ကျင့်ကြံသူများ၏ သန့်စင်ခြင်းခံနေရသဖြင့် မချိတင်ကဲအော်ဟစ်သံများ ဆူညံပွက်လောရိုက်နေတော့သည်။ သေမျိုးများကို သတ်ဖြတ်ခြင်းသည် တောင်ပင်လယ်လောကအတွင်း၌ တင်းတင်းကြပ်ကြပ် တားမြစ်ပိတ်ပင်ထားသောအရာ၊ လူများစွာ ရှုံ့ချသည့်အရာပင်။

သေမျိုးကမ္ဘာက အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည် မဟုတ်ပါလော။ ကျင့်ကြံသူများသည် အခြေခံအုတ်မြစ်ဖြစ်သည့် သေမျိုးများကို ထင်ရာစိုင်း သတ်ဖြတ်ပိုင်ခွင့် ရှိနေလျှင်တော့ ... နောက်ဆုံးတွင် တောင်ပင်လယ်လောက ပြိုကွဲရလိမ့်မည်။

တောင်ပင်လယ်လောက၏ ဥပဒေများသည်လည်း ထိုကဲ့သို့လုပ်ရပ်မျိုးအား ရှင်းလင်းမြင်သာစွာ တားမြစ်ထားသည်။ အကယ်၍ အဆိုပါဖြစ်ရပ်မျိုး ဖြစ်လာခဲ့လျှင် ကောင်းကင်ဘုံလာပြစ်ဒဏ် ကျရောက်လာလိမ့်မည်။ သို့သော် ဤဝိညာဉ်နက်အဖွဲ့အစည်းအပေါ်တွင်မူ မည်သည့်ပြစ်ဒဏ်မှ သက်ရောက်မနေပေ။

မြင်ကွင်းသည် ကွဲကြေသွားပြီး အရာအားလုံး ပြီးဆုံးသွား၏။ အသတ်အဖြတ်စိတ်ဆန္ဒက မန်ဟို့မျက်ဝန်းများတွင် တဟုန်းဟုန်း တောက်လောင်လာပြီး သူ ထရပ်လိုက်သည့်အခါ လေမုန်တိုင်းတစ်လုံး တိုက်ခတ်သွားသည်။

“အဋ္ဌမတောင်ပင်လယ်ရဲ့ ဝိညာဉ်နက်အဖွဲ့အစည်း” သူက တွေးသည်။ “တောင်ပင်လယ်လောကရဲ့ဥပဒေတွေက မင်းတို့ဆီကို ကောင်းကင်ဘုံလားပြစ်ဒဏ်ကို မလွှတ်လိုက်ဘူးပေါ့လေ။ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ်.... ငါက မင်းတို့ရဲ့ ကောင်းကင်ဘုံလာပြစ်ဒဏ် ဖြစ်လာပေးမယ်” ဝိညာဉ်နက်အဖွဲ့အစည်းမှ သေမျိုးဝိညာဉ်များအပေါ် လုပ်နေသော အပြုအမူနှင့် ချူယွီယန်နှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သော မတော်တဆမှုကြောင့် သူ့မျက်လုံးများသည် အေးစက်စက် တောက်ပနေတော့၏။ ထိုကဲ့သို့ယုတ်မာရက်စက်မှုမျိုးအား မန်ဟို လက်မခံနိုင်ပေ။

သေဒဏ်ပင်လျှင် ထိုကဲ့သို့ပြစ်မှုများ၏ ယုတ်မာရက်စက်မှုကို မဖယ်ရှားပေးနိုင်။

သူ့ထံမှ ပေါက်ကွဲထွက်လာသော အသတ်အဖြတ်အရှိန်အဝါက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို တုန်ရီလာစေသည်။ ခွန်လွန်အစည်းအရုံးမှ ခေါင်းဆောင်ကြီးများတွင်ပင်လျှင် လေးနက်သောအမူအရာများ ရှိကြသည်။

မည်သည့်အတွက်ကြောင့် မန်ဟို့ထံမှ အသတ်အဖြတ်အရှိန်အဝါတစ်ခု ဗြုန်းစားကြီး ထွက်လာခဲ့သလဲ ဘယ်သူမှ မသိကြပေ။

သူက အသက်ပြင်းပြင်းရှူရင်း အသတ်အဖြတ်အရှိန်အဝါကို လျှော့ချလိုက်ပြီးနောက် ချူယွီယန်ကို ပြန်ငုံ့ကြည့်လိုက်သည်။ သူ သူမကို ကြည့်နေစဉ် ခွန်လွန်တောင်၏ စိတ်ဝိညာဉ်စွမ်းအင်များက ချူယွီယန်၏အပြင်အားကိုယ် မပျက်စီးအောင် ခေါင်းတလားထဲတွင် စုဝေးနေကြောင်း ပြောနိုင်သွားသည်။

ခွန်လွန်အစည်းအရုံး၏ စိတ်ဝိညာဉ်စွမ်းအင်များသည် အခြားနေရာများမှ စိတ်ဝိညာဉ်စွမ်းအင်များနှင့် မတူပေ။ ၎င်းတွင် အသက်ဓာတ်များ ကြွယ်ဝသည့်အပြင် ဤနေရာတွင် တည်ရှိခဲ့သည်မှာလည်း လွန်စွာကြာခဲ့လေပြီ။ ၎င်းက ပင်ကိုယ်အားဖြင့် အသက်ဓာတ်ကို ဖြည့်တင်းပေးနေသည့်အတွက် အသားပုပ်သိုးပျက်စီးနိုင်ခြေကို များစွာလျော့ချပေးလိမ့်မည်။

ခေါင်းတလားကလည်း ခွန်လွန်အစည်းအရုံးနှင့် သဟဇာတဖြစ်နေသော ရတနာတစ်ပါးဖြစ်၍ ပုပ်သိုးမှုကို နှေးကွေးစေလိမ့်မည်။ သို့သော် ခွန်လွန်အစည်းအရုံးမှ ထွက်လျှင်တော့ ချူယွီယန်အတွက် အန္တရာယ်ရှိသည်။

မန်ဟိုသည် သူမ၏အလောင်းအား သူနှင့်အတူ ယူမသွားနိုင်ကြောင်း ကောင်းကောင်းသိ၏။ မယူနိုင်၍ မဟုတ်ဘဲ ... ဤနေရာတွင် နေခြင်းက ချူယွီယန်အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။

စိတ်ပိုင်းဖြတ်ထားမှုတို့ မျက်လုံးများတွင် တောက်ပနေလျက် သူက ညာလက်ကို ဆန့်၍ ခေါင်းတလားပေါ် တင်ကာ ၎င်းကို ကာကွယ်ထားဖို့ မှော်အတတ်များစွာ ထုတ်လွှတ်လိုက်သည်။ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော သင်္ကေတများသည် ... မန်ဟို့အရှိန်အဝါတစ်ခုတည်းဖြင့်မဟုတ်ဘဲ ... တောင်ပင်လယ်လောက၏ အရှင်သခင်အလောင်းလျာ၏စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေလျက် အခေါင်းမျက်နှာပြင်တစ်လျှောက် လွှမ်းခြုံသွားလေသည်။

ယင်းက ချူယွီယန်၏အလောင်း ပျက်စီးမည်မဟုတ်ကြောင်း သေချာစေသည်။

တစ်ချိန်တည်းမှာပင် မန်ဟိုသည် အင်္ကျီလက်စကို ခါလိုက်ကာ အင်မော်တယ်ကျောက်စိမ်းများအား ပျံထွက်သွားစေပြီး ခေါင်းတလားအပေါ်၌ ပုံကာ .... သင်္ချိုင်းမြေပုံပမာ ဖြစ်သွားစေသည်။

အင်မော်တယ်ကျောက်စိမ်းအပုံက ချူယွီယန်ကို နေရာလပ်မကျန် ကာကွယ်ပေးထားလေသည်။ ခွန်လွန်အစည်းအရုံး၏ သူမတူသော အရှိန်အဝါဖြင့် ပေါင်းစည်းသွားသည့်အခါ သူမအနေဖြင့် အချိန်အတန်ကြာအထိ မပုပ်သိုးအောင် ထိန်းသိမ်းခံထားရလိမ့်မည်။

ဤအရာအားလုံးကို လုပ်ပြီးသော် မန်ဟိုက လက်ကို ထပ်မံခါကာ .... ထိုနည်းတူများပြားသော အင်မော်တယ်ကျောက်စိမ်းအပုံအား ပထမအပုံ၏ဘေးတွင် ပုံသွားစေသည်။

သူက လက်နှစ်ဖက်ကို ယှက်ရင်း ခွန်လွန်အစည်းအရုံး၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးဘက်သို့ လှည့်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ "ခွန်လွန်အစည်းအရုံးအနေနဲ့ ချူယွီယန်ရဲ့ခန္ဓာကိုယ်ကို မပုပ်မသိုးအောင် စီမံထားပေးဖို့က အပန်းမကြီးလောက်ဘူးလို့ မျှော်လင့်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ကျေးဇူးတင်မှုအတွက် ဒီအင်မော်တယ်ကျောက်စိမ်းအပုံကို လက်ခံပေးပါ"

ရှေးဆန်ဆန်တောင်အဘိုးအိုက အင်မော်တယ်ကျောက်စိမ်းအပုံကို ကြည့်လိုက်သည်။ သူပင်လျှင် ထိုမျှများပြားသော ကြွယ်၀မှုပမာဏကြောင့် စိတ်နှလုံးတုန်လှုပ်သွား၏။ တကယ်တော့ အဘိုးအို စဉ်းစား‌ရ‌သရွေ့ ချူယွီယန်သည် ခွန်လွန်အစည်းအရုံး၏ ဂိုဏ်းသူတစ်ယောက်ဖြစ်လေရာ သူမခန္ဓာကိုယ် မပုပ်မသိုးအောင် စီမံထားဖို့က ခွန်လွန်အစည်းအရုံး၏စွမ်းအင်များများစားစား လိုအပ်မည်မဟုတ်ပေ။

ယခုတွင် ဤအင်မော်တယ်ကျောက်စိမ်းများကိုလည်း အဖိုးအခအဖြစ် ရရှိလိုက်ရာ....

အဘိုးအိုက မန်ဟို့ကို တည်ကြည်လေးနက်စွာ ပြန်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ပြောသည်။ "မိတ်ဆွေလေးမန်ဟို စိတ်အေးအေးထားပါ။ ကျုပ် ဒီကမ္ဘာမှာ အသက်ရှင်နေသရွေ့ ဒီနေရာက ခွန်လွန်အစည်းအရုံးရဲ့ တားမြစ်နေရာဖြစ်စေရမယ်။ ဆေးလုံးမိစ္ဆာရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဒီထဲမှ ‌ခြေလှမ်းတစ်ဝက်တောင် ချခွင့်မရှိစေရဘူး"

မန်ဟိုက ရှေးဆန်ဆန်လူကို ထပ်မံ၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ ဤကတိအား သူ ခန့်မှန်းထားပြီးဖြစ်လေသည်။

"ကျေးဇူးအများကြီးတင်ပါတယ်" သူက တိုးညင်းစွာ ပြောသည်။ "ခွန်လွန်အစည်းအရုံးအပေါ် ကျွန်တော် ကျေးဇူးအကြွေးတင်သွားပြီ" မန်ဟိုသည် အခြားလူများအပေါ် အကြွေးတင်ခံခဲ၏။ သို့သော် ယခုတွင် ချူယွီယန်၏အလောင်း ဘေးကင်းလုံခြုံဖို့အတွက် သူကား ထိုသို့လုပ်ရန် ဆန္ဒရှိလေသည်။

"ဒါနဲ့ မိတ်ဆွေလေးမန်ဟို ချူယွီယန်ရဲ့ နာမ်ဝိညာဉ်ကို ရှာတွေ့ပြီလား" အဘိုးအိုက မန်ဟို၏စကားကို တုံ့ပြန်သည့်အနေဖြင့် ပြောသည်။ အမှန်တွင် သူ့အတွက် အရေးအကြီးဆုံးမှာ မန်ဟိုနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန်ဖြစ်၏။

"တွေ့တယ်" မန်ဟိုက မျက်လုံးများ အေးစက်စက်‌ တောက်ပနေလျက် ဖြေသည်။

"ဘယ်နေရာမှာလဲ" အဘိုးအိုက မေးသည်။

"အဋ္ဌမတောင်မှာ။ စီနီယာ ကျွန်တော့်မှာ ကိစ္စတချို့ရှိနေလို့ အခုသွားမှဖြစ်တော့မယ်။ ချူယွီယန်ရဲ့ဝိညာဉ်ကို ‌ကျွန်တော် တတ်နိုင်သမျှ မြန်မြန် ပြန်ခေါ်လာနိုင်အောင် အစွမ်းကုန် ကြိုးစားပေးပါ့မယ်" သူက အင်မော်တယ်ကျောက်စိမ်း‌သင်္ချိုင်းမြေပုံကို နောက်တစ်ခေါက် ကြည့်ပြီးနောက် ချာခနဲ လှည့်ထွက်သွားသည်။

ချူယွီယန်အပေါ် အကြွေးများစွာ တင်နေကြောင်း သူ သိသည်။ အလွန်များပြားလွန်းသဖြင့် .... ဘယ်တော့မှလည်း ပြန်ဆပ်နိုင်မည်မဟုတ်ပေ။

ယခုတွင် သူ၏ န၀မတောင်ပင်လယ်စွန့်စားခန်းက ပြီးဆုံးသွားခဲ့လေပြီ။ သူ့မှာ မည်သည့်နေရာကို သွားရမည်လဲ တွေးနိုင်သည့် အခြေအနေတွင် မဟုတ်သလို တွေးဖို့လည်း မလိုအပ်ပေ။ သူက အဋ္ဌမတောင်၏ ဝိညာဉ်နက်အဖွဲ့အစည်းအား အမြစ်ဖြုတ်သုတ်သင်လိုစိတ်အပြည့်ဖြင့် ချာခနဲ လှည့်၍ ခွန်လွန်အစည်းအရုံးမှ ထွက်သွားသော အလင်းတန်းအသွင် ပြောင်းသွားတော့သည်။

န၀မတောင်ပင်လယ်သို့ ဦးတည်သွားနေစဉ် သူ့နှလုံးသားသည် ကွဲကြေပြီး သူ့စိတ်အခြေအနေလည်း သိပ်မကြည်ပေ။

န၀မတောင်သည် ကျီမျိုးနွယ်စု၏အိမ်ဖြစ်သလို အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့၏ အိမ်လည်းဖြစ်သည်။

မူလက န၀မတောင်ပင်လယ်မှ ထွက်ခွာမည့် သူ၏အစီအစဉ်မှာ ကြယ်တာရာကောင်းကင်ကို ဖြတ်၍ တစ်ယောက်တည်း ပျံသန်းသွားရန် ဖြစ်ခဲ့သည်။ သို့သော် ယခုမူ အချိန်မရပေ။ လောလောဆယ်တွင် ရှုချင်သည် စတုတ္ထတောင်တွင် ကျန်းကျန်းမာမာနှင့် ဘေးကင်းစွာ ရှိနေ၍ သူ့အား စောင့်နိုင်သည်။ ကံဆိုးစွာနှင့်... ချူယွီယန်၏ဝိညာဉ်မှာတော့ ဝိညာဉ်နက်အဖွဲ့အစည်း၏ ကျင့်ကြံသူတစ်ယောက်ယောက် လက်ထဲတွင် အချိန်မရွေး သန့်စင်ခံရနိုင်သည်။

ထိုအကြောင်းကို တွေးမိလျှင် မန်ဟို့နှလုံးသားသည် ပို၍ပင် နာကျင်လာပြီး သူ့မျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒလည်း ပို၍ပင်ပြင်းထန်လာတော့သည်...

နဝမတောင်ထိပ်ကို ကျီမျိုးနွယ်စုမှ သိမ်းပိုက်ထားသည်။ ထို့အောက်တွင်တော့ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ ရှိသည်။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများသည် မန်ဟို လာနေသည်ကိုသာမက ရောက်လာမည့်အချိန်အတိအကျကိုပင် ခန့်မှန်းထားခဲ့ပြီးဟန်တူသည်။ သူ ရောက်လာသည့်အချိန်တွင် အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့၏ ကျင့်ကြံသူအားလုံးသည် ကျမ်းစာများရွတ်ဖတ်ရင်း ရင်ပြင်တစ်ခုတွင် တင်ပျဉ်ခွေထိုင်နေကြ၏။

သူတို့အားလုံး၏အလယ်တည့်တည့်တွင်တော့ ဒယ်အိုးကြီးတစ်လုံး ရှိသည်။ ထိုဒယ်အိုးကား ‘အင်မော်တယ်’ စာလုံးအား ဖော်ဆောင်ထားသည့် တလူလူထနေသော မီးခိုးမျှင်များဖြင့် ပြည့်နေလေသည်။

‘အင်မော်တယ်’ စာလုံးသည် ရှေးခေတ်မှ မျက်မှောက်ခေတ်သို့ ပို့ဆောင်ခံခဲ့ရသည့်အလား ရှေးကျသောခံစားချက်ကို ပေးစွမ်းနေလျက် .... မှိန်ပျပျသာ မြင်ရနိုင်၏။

ဒယ်အိုးနှင့်အနီးဆုံးလူများမှာ တာအိုနယ်ပယ်အဆင့်များ ဖြစ်ကြသော အဘိုးအိုငါးဦးဖြစ်သည်။ ထိုအဖွဲ့၏ အလယ်အကျဆုံးလူမှာ တစ်ခေါင်းလုံး ဆံပင်ဖြူနေပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက နတ်မီးလျှံစမ်းသပ်ပွဲတွင် မန်ဟို့ကို သေသေချာချာ အာရုံစိုက်ခဲ့သော ခေါင်းဆောင်ကြီးဖြစ်လေသည်။

သူက မန်ဟို .... အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ကို ရောက်လာလိမ့်မည်ဟု တွက်ချက်ခဲ့သူလည်း ဖြစ်သည်။ သူသည် အဋ္ဌမတောင်သို့ သွားရာလမ်းကို မန်ဟို ဖွင့်နိုင်အောင် ကူညီပေးဖို့ ... အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ မဟာမန္တန်အစီအရင်ကို ပြင်ဆင်ထားပြီးလေပြီ။

“မင်း ဘာကြောင့်လာတာလဲ ငါ သိတယ်...” သူက ပြောသည်။

“အင်မော်တယ်ရှေးဟောင်းစိတ်ဆန္ဒက ဒီနေရာကနေ အဋ္ဌမတောင်ကို ဆက်သွယ်ပေးထားတဲ့ တံတားကို တည်ဆောက်ပေးလိမ့်မယ်။ အဲဒီတံတားကိုဖြတ်... ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းလိုက်ရင် ... အခြားတစ်ဖက်မှာ အဋ္ဌမတောင် ရှိလိမ့်မယ်

“မင်း အဲဒီကို အဆင်ပြေပြေ ရောက်သွားပါစေလို့ ... ငါ မျှော်လင့်ပါတယ်" စကားပြောပြီးနောက်တွင် သူက ညာလက်ခလယ်ကို ဧရာမဒယ်အိုးကြီးဆီသို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကျန်တာအိုနယ်ပယ်ကျင့်ကြံသူများလည်း မုဒြာလက်ကွက်များ ဖော်၍ ဒယ်အိုးအား လက်ညှိုးထိုးလိုက်သည်။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ ဂိုဏ်းသားများ၏ ကျမ်းစာရွတ်ဖတ်သံများသည် အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေရင်း ပိုမိုကျယ်လောင်လာကာ နဝမတောင်တစ်တောင်လုံးကို လှုပ်ခါသွားစေသော ထူးဆန်းစွမ်းအားတစ်ရပ်အသွင် ပြောင်းသွားသည်။ နဝမတောင်အတွင်းရှိ ဧရာမစွမ်းအားတစ်ရပ်ကား ဒယ်အိုးနှင့်အတူ လိုက်လျောညီထွေဖြစ်ကာ ...

ပေါက်ကွဲ၍

တံတားတစ်စင်းဖြစ်လာသည်။

၎င်းက ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည့် တံတား၊ နဝမတောင်နှင့် အဋ္ဌမတောင်အကြား ပိုင်းခြားထားသည့် အတားအဆီးကိုဖြတ်၍ တောင်နှစ်လုံးကို ဆက်သွယ်ပေးထားသော ဝဲတစ်ဝဲဖြစ်သည်။ တံတားသည် အဆုံးမဲ့အလင်းရောင်များဖြင့် တလက်လက်တောက်နေ၏။

မန်ဟိုက အသက်ဝဝရှူပြီးနောက် အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ရှိ လူတိုင်းအား ခါးကိုင်းအရိုအသေပေးလိုက်သည်။ သူသည် သူတို့လုပ်ပေးနေသောအရာအပေါ် လွန်စွာကျေးဇူးတင်မိပြီး နက်ရှိုင်းသောမေတ္တာကိုပင် ခံစားနေရ၍ အသက်ရှူချိန်အနည်းငယ်ကြာသည်အထိ ခါးကိုကိုင်းထားမိသည်။ ထို့နောက် သူသည် ခါးပြန်မတ်၍ တံတားပေါ် ခြေချလိုက်၏။

သူကား တံတားအတိုင်း လျှောက်သွားရင်း.... သူ့အား အဝေးမှ အဝေးကြီးသို့ ခေါ်သွားသည့် ကြယ်တာရာကောင်းကင်ရှိ ဝဲထဲဝင်ရောက်သွားတော့သည်။

ဤသည်ကား ...

နဝမတောင်ပင်လယ်မှ ထွက်ခွာဖို့

အင်မော်တယ်ရှေးဟောင်းမှ တံတားကို တည်ဆောက်ပေးခြင်းဖြစ်ချေသည်။

All Chapters