← Chapters

အဋ္ဌမတောင်ပင်လယ်

Vol. 87 Ch. 1212

အဋ္ဌမတောင်ပင်လယ်

Vol. 87 Ch. 1212

အရွယ်အစားအရ အဋ္ဌမတောင်ပင်လယ်သည် နဝမတောင်ပင်လယ်နှင့် တူညီ၏။ ၎င်းတွင် ပင်လယ်တစ်စင်းလည်း ရှိသည်။ အဓိကကွဲပြားမှုမှာတော့ ... ထိုပင်လယ်အား နဝမပင်လယ်မဟုတ်ဘဲ အဋ္ဌမတောင်ပင်လယ်ဟု ခေါ်ခြင်းသာ ဖြစ်ပေသည် ....

အဋ္ဌမတောင်ကို လှည့်ပတ်နေသော ဂြိုဟ်လေးလုံးလည်း ရှိသော်လည်း နာမည်များမှာတော့ နဝမတောင်ရှိ ဂြိုဟ်များနှင့် မတူပေ။ သို့ထိတိုင် ကျင့်ကြံခြင်းစနစ်နှင့် နေရာများတည်ဆောက်ထားပုံတို့သည် လွန်စွာဆင်တူပေ၏။

အဋ္ဌမတောင်ပင်လယ်နှင့် နဝမတောင်ပင်လယ်မှာ တောင်ပင်လယ်လောက၏ အစိတ်အပိုင်းများသာ ဖြစ်သည် မဟုတ်ပါလော။

သို့ရာတွင် တောင်ပင်လယ်တစ်ခုစီ၏အကြား၌ ထိုးဖောက်ရန် အတိုင်းထက်အလွန် ခက်ခဲသော အတားအဆီးတစ်ခုစီ ရှိကြသည်။ ထိုအတားအဆီးက .... စစ်မဖြစ်သရွေ့၊ အိမ်နီးချင်းတောင်ပင်လယ်ကို ဝင်ရောက်ဖို့ မရေမတွက်နိုင်သောကျင့်ကြံသူများ အင်အားများကို စုပေါင်း၍ အတားအဆီးကို မချိုးဖျက်သရွေ့ မတူညီသောတောင်ပင်လယ်တစ်ခုစီမှ ကျင့်ကြံသူများအလွယ်တကူ ဖြတ်သန်းသွားလာခြင်းမပြုနိုင်အောင် ဟန့်တားထားလေသည်။

သွားလာနိုင်မည့် နောက်တစ်နည်းမှာတော့ မယုံနိုင်လောက်အောင် အစွမ်းထက်သော ကျင့်ကြံခြင်းအခြေခံကို အားပြုရင်း လူဝင်၍ရသော အပေါက်ဖောက်ခြင်းပင်။ သို့သော် ထိုကဲ့သို့လုပ်ရန် ကြီးမားသောတန်ဖိုးကို ပေးဆပ်ရမည်ဖြစ်ရာ ... အလွန်အရေးကြီးသည့်အခြေအနေ မဖြစ်ပွားမချင်း မည်သူမျှ ထိုနည်းလမ်းအား အသုံးပြုမည်မဟုတ်ပေ။ ထို့အပြင် တာအိုနယ်ပယ်ကျင့်ကြံသူများသာ ထိုသို့လုပ်နိုင်သည်။

မှီခိုရာဂိုဏ်းချုပ်နှင့်ပတ်သက်၍ သူ့တွင် ထူးဆန်းသောနည်းလမ်းများ ပိုင်ဆိုင်ထားသည်။ သို့ထိတိုင် သူလည်း နဝမတောင်ပင်လယ်မှ အဋ္ဌမတောင်ပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသေးသည်။

အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့မှ သူတို့၏တံတားကို တည်ဆောက်သောအခါ သူတို့သည် နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ရသည့် အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့၏စွမ်းအားကို စုစည်းရသည်။ ၎င်းက အတားအဆီးကို လျစ်လျူရှု၍ တစ်စုံတစ်ယောက်အား တောင်ပင်လယ်နှစ်ခုအကြား အဟန့်အတားမရှိ ဖြတ်သွားနိုင်စေသော လမ်းကြောင်းတစ်ခုကို ဖန်တီးပေးသည်။ သို့သော် ... တခဏသာ ခံလိမ့်မည်။

အဋ္ဌမတောင်ပင်လယ်၏ အနောက်ပိုင်းတွင် မည်းနက်နေသောအာကာပြင်ကြီးအား မြင်ရနိုင်သည်။ ရုတ်တရက် အဖြူရောင်အကွဲကြောင်းတစ်ကြောင်းက အာကာပြင်တွင် ပွင့်လာ၏။ မျက်စိကျိန်းမတတ် စူးရှတောက်ပနေသော အလင်းရောင်များသည် အရပ်မျက်နှာတစ်ခွင် ဖြာထွက်လာခဲ့ရာ အကွဲကြောင်းအား မဟူရာအမှောင်ထုထဲတွင် သိသာထင်းလင်းနေစေတော့၏။

မြင်လိုက်ရသည့် မည်သူမဆို အထဲ၌ အဖိုးထိုက်ရတနာတစ်မျိုးမျိုး တည်ရှိနေသည်ဟု ထင်မှတ်သွားစေနိုင်သော အဆုံးမဲ့အင်မော်တယ်ချီတို့က အကွဲကြောင်းထဲမှ တစစ စီးမျောထွက်လာသည်။

အကွဲကြောင်းသည် မလှုပ်မယှက်ရှိနေခြင်းမဟုတ်ဘဲ ကျုံ့နေသည်။ ၎င်းကား အချိန်တိုလေးအတွင်း ပျောက်ကွယ်သွားတော့မည့်ပုံပင်။

ထိုအကွဲကြောင်း၏ပတ်ဝန်းကျင်တွင် ... ပြင်းထန်သောတိုက်ပွဲ ဖြစ်ပွားနေသည်။

သွေးပျက်စွာအော်သံများနှင့်အတူ တဝုန်းဝုန်းမြည်သံများ ဆူညံနေသည်။ အရပ်လေးမျက်နှာတွင် ရောင်စုံအလင်းများ ကွန့်မြူးတောက်ပနေစေသော မှော်အတတ်ရောင်စဉ်များကို မြင်ရနိုင်၏။

အံ့အားသင့်ဖွယ်ကောင်းစွာနှင့် အရေအတွက်တစ်ထောင်ကျော်သော ကျင့်ကြံသူအုပ်စုနှစ်စုသည် သွေးချောင်းစီးတိုက်ခိုက်နေကြ၏။ အုပ်စုတစ်စုက အင်္ကျီလက်စများတွင် ရွှေနဂါးပုံစံများထိုးထားသည့် အဝါရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည်။ နောက်တစ်စုကတော့ အဖြူရောင်တာအိုဝတ်ရုံများကို ဝတ်ထားကြ၏။ အုပ်စုနှစ်စုလုံးသည် တစ်မိုးအောက်တွင် အတူတူမနေုနိုင်သကဲ့သို့ ရက်ရက်စက်စက် တိုက်ခိုက်နေကြသည်။

ရံဖန်ရံခါ တစ်စုံတစ်ယောက်က ခန္ဓာပင် ဖောက်ခွဲပစ်ကာ သွေးညှီနံ့များ ၊ မွစာကြဲအသားစများ၊ ရုပ်ပျက်ဆင်းပျက်အလောင်းများဖြင့် ပြည့်နှက်စေလျက် တိုက်ပွဲအား ပို၍အကျဉ်းတန်သွားစေတတ်သည်....

ကျင့်ကြံသူအားလုံးတွင် နီရဲနေသောမျက်လုံးများ ရှိကြသည်။ သူတို့အထဲ အားအနည်းဆုံးက အဆင့် ၃ အင်မော်တယ်များ ဖြစ်ကြပြီး တစ်ယောက်မကျန် ဘုရင့်နောင်ဖောင်ဖျက် တိုက်ခိုက်နေကြသည်။ စစ်မြေပြင်၏အပေါ်တွင်တော့ လူလေးယောက်အကြား တိုက်ပွဲဖြစ်ပွားနေ၏။ သုံးယောက်က ယောက်ျား၊ တစ်ယောက်က မိန်းမဖြစ်ပြီး အကုန်လုံး ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့်တွင် ရှိကြသည်။ သူတို့ထုတ်လွှတ်နေသော မှော်အတတ်များမှ လှိုင်းဂယက်များသည် အောက်ရှိအုပ်စုနှစ်စုထက် များစွာကြီးမားပြင်းထန်သည်။

သူတို့အပေါ်တွင်လည်း လူနှစ်ယောက်အကြား နောက်တိုက်ပွဲတစ်ပွဲဖြစ်နေပြန်သည်။

နှစ်ယောက်လုံးက မဟာစက်ဝန်းမှ ခြေလှမ်းတစ်ဝက်မျှသာ ကွာဝေးတော့သော ရှေးဟောင်းနယ်ပယ်နှောင်းပိုင်းအဆင့် အဘိုးကြီးများ ဖြစ်ကြသည်။ သူတို့သည် နှစ်ယောက်ကြား၌ ကျားခုံကို ချလျက် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေကြ၏။ သူတို့ကစားနေသည်ကား ကျားကစားနည်းဖြစ်သော်လည်း တိုက်ပွဲစိတ်ဆန္ဒဖြင် ပြည့်ဝနေသည်။ သူတို့ ကျားရုပ်တစ်ရုပ်အား ကျားခုံပေါ် ချလိုက်တိုင်း ဟင်းလင်းပြင်တွင် ထစ်ချုန်းသံများ ဆူညံသွားတတ်၏။

“ရေတိမ်ပညာရှင်” အဝါရောင်ဝတ်ရုံနှင့်် အဘိုးအိုက ပြောသည်။ “ဒီဆန်းကြယ်အိတ်လောကရဲ့ ဝင်ပေါက်ကို ကျုပ်ရဲ့ သစ်မီးတောက်အဖွဲ့အစည်းက အရင်ရှာတွေ့ခဲ့တာ။ ခင်ဗျားရဲ့ ရေတိမ်ဂိုဏ်းနဲ့ ဘာမှမပတ်သက်ဘူး” သူက မျက်လုံးများ အေးစက်စက် တောက်ပနေလျက် အနက်ရောင်ကျားရုပ်ကို ကောက်၍ ကျားခုံပေါ် ချလိုက်သည်။

ကျားရုပ် ကျားခုံနှင့် ထိသွားလျှင်ချင်း ဂျိန်းခနဲ မြည်ဟည်းသွားပြီး ပြင်းထန်သောအားလှိုင်းတစ်လှိုင်းက ကြယ်တာရာကောင်းကင်ကို လှုပ်ရမ်းသွားစေသည်။

“ခင်ဗျားရဲ့စကားက မှားနေတယ် တာအိုဆရာသစ်မီးတောက်။ အဋ္ဌမတောင်ပင်လယ်ရဲ့ ဆန်းကြယ်အိတ်လောကတွေကို ရှာတွေ့တဲ့ဘယ်သူမဆို ယူပိုင်ခွင့်ရှိတယ်။ ဒီဆန်းကြယ်အိတ်လောကကိုတော့ ... ငါတို့ရေတိမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာက ရှာတွေ့ခဲ့ပြီးသား။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူ့မှာ သင့်တော်တဲ့ ရုပ်ခန္ဓာမရှိခဲ့လို့ ဒီဆန်းကြယ်အိတ်လောကရဲ့ တည်နေရာကိုဩဒိနိတ်ကို ရှာထားပြီး နောက်တစ်ကြိမ်ပွင့်လာမှာကို စောင့်နေခဲ့တာပဲ

“အခု ပွင့်လာပြီဆိုတော့ ရေတိမ်ဂိုဏ်းအနေနဲ့ ယူဖို့ ရောက်လာခဲ့တယ်။ ခင်ဗျားတို့ကမှ အတင်းအကြပ် လုချင်နေတဲ့လူတွေပဲ” အဖြူရောင်တာအိုဝတ်ရုံနှင့် အဘိုးကြီးက အေးစက်စက် နှာမှုတ်ရင်း အဖြူရောင်ကျားရုပ်တစ်ရုပ်ကို ကောက်၍ ချလိုက်သည်။ ချက်ချင်းပင် ထစ်ချုန်းသံများအား ကြားရနိုင်၏။

“ဒီမှာ သက်ကြားအိုကြီး” အဝါရောင်ဝတ်ရုံနှင့်လူက ဒေါသတကြီး ဟိန်းဟောက်သည်။ “ခင်ဗျား အဲဒီလောက်အထိ လွန်ချင်နေမှတော့ ကျုပ်လည်း ပြောပြမယ်၊ ဆန်းကြယ်အိတ်လောကကို လွန်ခဲ့တဲ့နှစ်ခုနစ်ရာက သစ်မီးတောက်အဖွဲ့အစည်းက ရှာတွေ့ခဲ့တာကွ"

“နားထောင်စမ်း” အဖြူရောင်ဝတ်ရုံနှင့်လူက အေးစက်စက်နှာမှုတ်လျက် ပြောသည်။ “ကျုပ်က တစ်ထောင်ကို ထည့်ဖို့ကျန်ခဲ့တာ။ တကယ်တော့ ကျုပ်တို့ ရေတိမ်ဂိုဏ်းချုပ်က ဒီနေရာကို လွန်ခဲ့တဲ့ နှစ်တစ်ထောင့်သုံးရာက ရှာတွေ့ခဲ့တာပဲ”

“သောက်ကျိုးနည်း။ ရေတိမ်ဂိုဏ်းက လွန်ခဲ့တဲ့နှစ်တစ်ထောင့်သုံးရာ တည်တောင်မတည်ရှိခဲ့သေးဘူး”

အဘိုးကြီးနှစ်ယောက် ငြင်းဆုံနေစဉ် သူတို့၏မျက်လုံးများသည် အေးစက်စက် တောက်ပနေ၏။ သူတို့က ကျားရုပ်များအား ဆက်ချနေကြရာ တဂျုန်းဂျုန်းမြည်သံများဖြင့် ကြယ်တာရာကောင်းကင်တစ်ခုလုံးအား တုန်ခါနေစေတော့သည်။ သူတို့အောက်ရှိ တိုက်ပွဲမှာလည်း ပို၍ပင် ပြင်းထန်ရက်စက်လာသည်။

သို့သော် ဤအခိုက်အတန့်တွင် အကွဲကြောင်းမှ ဖြာထွက်နေသော အလင်းရောင်က စစ်မြေပြင်အား ဖုံးလွှမ်းရင်း ပို၍စူးရှလာခဲ့သည်။ တိုက်ခိုက်နေသော ကျင့်ကြံသူများမှာ သူတို့၏ကျင့်ကြံအဆင့်များ ထူးထူးဆန်းဆန်း ခုန်တက်သွားသဖြင့် ပင့်သက်ရှိုက်မိသွားကြလေသည်။ တချို့ဆိုလျှင် များစွာတိုးတက်သွားခဲ့၍ နောက်တစ်ဆင့်တော့ ခုန်ကူးတော့မည့်လက္ခဏာများပင် ပြလာကြသည်။ စိတ်ဝင်စားဖွယ်ကောင်းစွာပင် ... အဆင့်တက်လုဆဲဆဲဖြစ်လျက် ပျံဝဲနေကြသော ကျင့်ကြံသူများအားလုံးက မီးကျင့်စဉ်ကို ကျင့်ကြံထားကြသူများ ဖြစ်၏။

လူတိုင်းမှာ ဤအခြင်းအရာကြောင့် အံ့အားသင့်သွားကြပြီး မျက်လုံးများ လင်းလက်တောက်ပလာတော့သည်။

ရှေးဟောင်းနယ်ပယ် အလယ်အလတ်အဆင့်ကျင့်ကြံသူလေးယောက်နှင့် ကျားကစားနေသော အဘိုးကြီးနှစ်ဦးပင်လျှင် ပင့်သက်ရှိုက်၍ အံ့အားသင့်သွားကြသည်။

“အဲ့ဒါ ... တာအိုအဆင့် ဆန်းကြယ်အိတ်လောကပဲ”

“သေချာပေါက် တာအိုအဆင့်ပဲ။ မဟုတ်ရင် ဖြာထွက်လာတဲ့ အင်မော်တယ်ချီထဲမှာ အနှစ်သာရရှိနေမှာမဟုတ်ဘူး။ အနှစ်သာရကြောင့် ငါတို့ကျင့်ကြံအဆင့်တွေ တက်ကုန်တာ”

“အဲဒီမီးတောက်အနှစ်သာရက အတိတ်တုန်းက ဆန်းကြယ်အိတ်လောကထဲမှာ မြှုပ်နှံခဲ့ရတဲ့ ကျင့်ကြံသူမှာ မီးတောက်အနှစ်သာရပိုင်ဆိုင်ထားတာ သက်သေပြနေတယ်”

အဘိုးကြီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိန်းစိန်းဝါးဝါးကြည့်ရင်း ရေရွတ်လိုက်ကြသည်။

“တာအိုအဆင့် ဆန်းကြယ်အိတ်လောကက အဋ္ဌမတောင်ပင်လယ်မှာ ရှားတယ်...”

သူတို့သည် စကားစစ်ထိုးခြင်းသာ ပြုခဲ့ပြီး မတိုက်ခိုက်ဘဲ နေခဲ့သော်လည်း ယခုတွင် ဤဆန်းကြယ်အိတ်လောကက မည်မျှအဖိုးတန်ကြောင်း သဘောပေါက်လိုက်သည့်အခါ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။ သူတို့အကြားရှိ ကျားခုံမှာ အဖြူရောင်နှင့်အနက်ရောင် ကျားရုပ်များအား ပြန့်ကြဲသွားစေရင်း ကြေမွသွားလေသည်။

တိုက်ပွဲမှာ ပြင်းထန်လာပြီး တဝုန်းဝုန်းမြည်သံများသည် ကြယ်တာရာကောင်းကင်ကို လှုပ်ရမ်းရင်း ရိုက်ညောင်းနေတော့၏။ နှစ်ဖက်လုံးမှာ လက်ရည်တူနေရာ လျင်မြန်စွာ အနိုင်ရဖို့ ခက်နေတော့သည်။ ထိုမျှသာမက... အကွဲကြောင်းမှ ဖြာထွက်နေသော အဖြူရောင်အလင်းသည် ပျောက်ကွယ်တော့မည့်အလား ပြန်ဆုတ်စပြုလာ၏။

“မကောင်းတော့ဘူး တာအိုအဆင့် ဆန်းကြယ်အိတ်လောက ပြန်ပိတ်တော့မယ်။ သေစမ်း။ ဘာလို့ ဒီလောက်မြန်နေရတာတုန်း။ တာအိုအဆင့်ဆန်းကြယ်အိတ်လောကတိုင်း အဲဒီလိုပဲလား”

“ပိတ်ခွင့်ပေးလိုက်လို့ မဖြစ်ဘူး။ တာအိုဝိညာဉ်ကို အခုထိ မထုတ်ရသေးဘူးလေ” အဘိုးကြီးနှစ်ယောက်လုံးမှာ တိုက်ခိုက်နေရင်း မျက်စိမျက်နှာပျက်လာကြသည်။ ရုတ်တရက် သူတို့က တစ်ယောက်၏မျက်လုံးကို တစ်ယောက် ကြည့်လိုက်ကြ၏။

“တိုက်ခိုက်နေတာ ခဏရပ်ပြီး ငါတို့ပြင်ထားတဲ့ ခန္ဓာကိုယ်တွေကို ပို့လိုက်ကြရအောင်။ ဆန်းကြယ်အိတ်လောကထဲက တာအိုဝိညာဉ်ကို ဘယ်သူ့ခန္ဓာကို ရွေးမလဲ ဆုံးဖြတ်ခိုင်းကြစို့”

“သဘောတူတယ်” အဘိုးကြီးနှစ်ယောက်က အံတင်းတင်းကြိတ်လိုက်ကြသည်။ တခြားရွေးစရာမရှိတော့သည့်အပြင် အကွဲကြောင်းလည်း ပျောက်ကွယ်တော့မည်ကို မြင်နေရ၍ အကောင်းဆုံးရွေးချယ်မှုမှာ .... အခွင့်အရေး ၅၀/၅၀ ရာခိုင်နှုန်းစီ မျှယူရန်သာ ဖြစ်တော့သည်။

သူတို့က အင်္ကျီလက်စများကို ခါကာ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်လွှတ်၍ တိုက်ခိုက်နေသော ကျင့်ကြံသူအုပ်စုနှစ်စုအား ခွဲလိုက်သည်။ ထို့နောက် သူတို့သည် အကွဲကြောင်းဆီ ပျံသန်းသွားသော အလင်းတန်းများအသွင် ပြောင်းသွား၏။ သူတို့ ၎င်းအနားရောက်သွားသည့်အခါ အဘိုးကြီးနှစ်ယောက်လုံး အော်လိုက်ကြသည်။

“တုန်းအာ ရှန်ပင်း”

“ရှန်းရှန်း မူယွီ”

သူတို့ခေါ်သံကို တုံ့ပြန်သည့်အနေဖြင့် အုပ်စုနှစ်စုထဲမှ ယောက်ျားနှစ်ယောက်၊ မိန်းမနှစ်ယောက် စုစုပေါင်းလေးယောက် ပျံထွက်လာသည်။ ယောက်ျားလေးများသည် ခန့်ညားပြီး မိန်းကလေးများမှာ ချောမော၏။ သူတို့က စိတ်လှုပ်ရှားစွာဖြင့် အဘိုးကြီးနှစ်ဦးအား လက်ယှက်အရိုအသေပေးလိုက်ကြသည်။

“ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီး”

“တာအိုဝိညာဉ်ကို မင်းတို့ကိုယ်ထဲ စုပ်ယူပြီး လက်ခံဖို့ ကြိုးစားကြ။ အဲဒါကို သုံးရင်း မင်းတို့ကိုယ်ထဲက တန်ခိုးကို နှိုးကြချည်။ အောင်မြင်ခြင်းမအောင်မြင်ခြင်းကတော့ မင်းတို့ကံတရားအပေါ် မူတည်လိမ့်မယ်” ကျင့်ကြံသူလေးယောက်က အံတင်းတင်းကြိတ်ပြီးနောက် အကွဲကြောင်းဆီ ပျံသန်းသွားကြသည်။ သူတို့သည် အနားရောက်သွားလျှင် လျှာကိုက်၍ သွေးများ ထွေးပြီးနောက် အပေါက်ထံ ဦးတည်သွားကြ၏။

ပတ်ဝန်းကျင်ရှိ လူတိုင်း ဖြစ်ပျက်နေသောမြင်ကွင်းကို မမှိတ်မသုန် စိုက်ကြည့်နေကြသည်။ ကျင့်ကြံသူလေးယောက် သွေးများ ထွေးလိုက်သည့်အခါ အားလှိုင်းကြီးတစ်လှိုင်းက ကျုံ့နေသော အကွဲကြောင်းအတွင်းမှ လိမ့်ထွက်လာသည်။ အပေါက်သည် ရုတ်တရက် ကျယ်လာခဲ့ရာ အလင်းရောင်များ ပိုမိုဖြာထွက်လာ၏။ ၎င်းက အလွန်စူးလှသဖြင့် အကွဲကြောင်းထဲ၌ အလင်းအပြင် မည်သည့်အရာကိုမှ ဘယ်သူမှ မမြင်ကြပေ။

“ထွက်လာနေပြီ” အဘိုးကြီးနှစ်ဦးက စိတ်လှုပ်တရှား အော်သည်။

ဝုန်း

အကွဲကြောင်း ကျယ်လာပြီး အားလှိုင်းကြီး လိမ့်ထွက်သွားစဉ် ရုတ်တရက် လက်တစ်ဖက်သည် ... ဟိုးအတွင်းထဲမှ ဖြည်းညင်းစွာ ဆန့်တန်းရင်း အလင်းအပြင်သို့ ထွက်လာ၏။

၎င်းက အကွဲကြောင်း၏အနားကို ဆုပ်ကိုက်ပြီးနောက် လူတစ်ယောက် ထွက်လာသည်။

လူရိပ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်စွမ်းအားသည် အနှစ်သာရအငွေ့အသက်များနှင့်အတူ ကျင့်ကြံသူများ၏နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်ထည့်ရင်း သူတို့အား နောက်ဆုတ်သွားစေ၏။ အဘိုးကြီးနှစ်ယောက်က စွမ်းအားကို တန်ပြန်ခုခံသော်လည်း သူတို့အတွက် ၎င်းက ကြီးမားလွန်းလေသည်။ သူတို့၏အမူအရာများက ဝမ်းမြောက်နေသောအမူအရာများ ဖြစ်ကြ၏။

“ဒီအရှိန်အဝါ .... တာအိုဝိညာဉ်ပဲ”

“ထွက်လာနေပြီ ထွက်လာနေပြီ...”

အကွဲကြောင်းအပြင်ရှိ ယောက်ျားနှစ်ယောက်၊ မိန်းမနှစ်ယောက်မှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်ဆုတ်နေကြသည်။ အကွဲကြောင်းထဲမှ ထွက်လာနေသောအရာမှာ သူတို့အား ကြောက်စိတ်တို့ မွှန်ထူသွားစေသည့် တန်ခိုးကြီးမားဖြစ်တည်မှုဖြစ်ကြောင်း သူတို့အာရုံရနေကြ၏။

ဂျိန်း

အကွဲကြောင်းထဲမှ လူရိပ်တစ်ခုလုံး ပေါ်လာသည့်အခါ အဖြူရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦး ဖြစ်နေသည်။ သူ့တွင် ရှည်လျားနက်မှောင်သော ဆံပင်များ ရှိပြီး ခန့်ညားသောစာပေသမားလုလင်နှင့် တူလေသည်။ သူ ထွက်လာလျှင်ချင်း သူ့အနောက်ရှိ အကွဲကြောင်းသည် ပိတ်၍ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေခဲ့သော မျက်စိကျိန်းဖွယ်အလင်းရောင်လည်း မှေးမှိန်စပြုလာသည်။

အဘိုးကြီးနှစ်ယောက်မှာ ဤလူငယ်ကို မျက်လုံးအပြူးသားနှင့် ကြည့်နေမိပြီး သူတို့တင်မဟုတ်။ ယောက်ျားနှစ်ယောက်၊ မိန်းကလေးနှစ်ယောက်လည်း ကြက်သေသေနေကြသည်။ ဤသည်မှာ သူတို့ ပုံဖော်ထားခဲ့သည့် တာအိုဝိညာဉ်မျိုးမဟုတ်ပေ။

“တာအိုနယ်ပယ် ဝိညာဉ်တွေက ဒီလိုပုံစံများလား” ယင်းက အဘိုးကြီးနှစ်ယောက်လုံး ကြောင်စီစီတွေးနေမိသည့် အရာဖြစ်သည်။ နှစ်ယောက်လုံးသည် တာအိုအဆင့်ဆန်းကြယ်အိတ်လောကကို တစ်ခါမှ မမြင်ခဲ့ဖူး၍ သူတို့အရှေ့တွင် ရပ်နေသော လူငယ်မှာ တာအိုဝိညာဉ်ဟုတ်မဟုတ် မသေချာကြပေ။

“ဒါက အဋ္ဌမတောင်ပင်လယ်လား” လူငယ်က ပြောသည်။ မှန်သည်၊ သူကား မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။

လူတွေအများကြီး သူ့ကို ကြိုဆီးနေသည့်မြင်ကွင်းက အတော်လေး အံ့အားသင့်ဖွယ်ကောင်းသည်။ အထူးသဖြင့် ခပ်ချောချောယောက်ျားလေးနှစ်ယောက်၊ ခပ်လှလှမိန်းကလေးနှစ်ယောက်ရှိနေသော အရှေ့ကအုပ်စုကို မြင်လိုက်သည့်အချိန်တွင် ဖြစ်သည်။

ထိုခပ်လှလှမိန်းကလေးထဲမှ တစ်ယောက်က မန်ဟို့အရှေ့တွင် ချက်ချင်း ဒူးထောက်၍ လက်နှစ်ဖက်လုံးအား လေပေါ်မြှောက်လိုက်သည်။ “စီနီယာ ကျေးဇူးပြုပြီး ကျွန်မကို ယဇ်ကောင်အဖြစ် လက်ခံပေးပါ”

နောက်သုံးယောက်လည်း ကပျာကယာ ဒူးထောက်ပြီး လက်နှစ်ဖက်လုံးကို မြှောက်လိုက်ကြသည်။

“စီနီယာ ကျေးဇူးပြုပြီး ကျွန်တော်/ ကျွန်မတို့ကို ယဇ်ကောင်အဖြစ် လက်ခံပေးပါ”

မန်ဟိုက တစ်မျိုးတစ်မည်ဖြစ်နေသောအမူအရာဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ အမြင့်ဆုံးကျင့်ကြံခြင်းအခြေခံဖြင့် အဘိုးကြီးနှစ်ဦးဆီ သူ့အကြည့်ရောက်သွားသောအခါ သူတို့မှာ တုန်ရီလာကြပြီး နောက်ဆုတ်သွားကြလေသည်။

“စီ..စီနီယာ ယဇ်ကောင်တွေကို ပြင်ထားပြီးပါပြီ” အဝါရောင်ဝတ်ရုံနှင့်အဘိုးကြီးက ပြောသည်။ “အဲဒီလေးယောက်က သင့်အရှေ့မှာပါ စီ..စီနီယာ။ ကြိုက်တဲ့တစ်ယောက်ကို ရွေးလို့ရပါတယ်။ ကျုပ်...ကျုပ်တို့က သိပ်အိုနေပါပြီ မသင့်တော်ပါဘူး...”

All Chapters