ကောင်းကင်နတ်ဘုရားမဟာမိတ်
Vol. 87 Ch. 1213
အဘိုးကြီးနှစ်ယောက်နှင့် သူ့အရှေ့တွင် ဒူးထောက်နေသော လေးယောက်ကို ကြည့်နေစဉ် မန်ဟို့မျက်နှာပေါ်၌ ထူးဆန်းသော အမူအရာကို မြင်ရနိုင်သည်။ အချိန်ဆွဲနေရန် အချိန်မရှိ၍ သူက ထပ်မံမေးလိုက်သည်။
"ဒါက အဋ္ဌမတောင် ဟုတ်လား မဟုတ်ဘူးလား"
အမျိုးသမီးနှစ်ယောက်အနက် ပထမဆုံး ဒူးထောက်လိုက်သည့် အမျိုးသမီးက ကပျာကယာ ခေါင်းညိတ်ပြီး ပြောသည်။ "စီနီယာ ဒါက အဋ္ဌမတောင်ပင်လယ်ပါပဲ"
ဤအဖြေကို ကြားသော် မန်ဟို၏မျက်လုံးများလင်းလက်သွားပြီး သူက လက်ကိုဝှေ့ယမ်းလိုက်ကာ အင်မော်တယ်နယ်ပယ်အတွက် သင့်တော်သော မှော်ပစ္စည်းတစ်ခုအား အမျိုးသမီးဆီ ပျံသန်းသွားစေသည်။
"ဒီရတနာကို ယူလိုက်။ ဝိညာဉ်နက်အဖွဲ့အစည်းကို ဘယ်လိုသွားရမလဲ ငါ့ကို ပြောနိုင်မလား" သူက မေးသည်။
အမျိုးသမီးက ကျေနပ်နေသောမျက်၀န်းများဖြင့် မှော်ပစ္စည်းကို ကြည့်လိုက်သည်။ သူမသည် ၎င်းကို အလျင်အမြန် သိမ်းလိုက်ပြီး ဖြေတော့မည့်အချိန် အဘိုးကြီးနှစ်ယောက်မှာ ဖြစ်ပျက်နေသောအရာကို ရုတ်တရက် သဘောပေါက်သွား၏။ သူတို့၏မျက်နှာထားများ ပြောင်းသွားကြပြီး နှစ်ယောက်လုံး ရှေ့တက်လာကြသည်။
"သူက တာအို၀ိညာဉ်မဟုတ်ဘူး"
“သူ့မှာ သေချာပေါက် အပြင်အားကိုယ်ရှိတယ်။ တာအိုဝိညာဉ်မဟုတ်ဘူး။ ဒီတိုင်း ငါတို့ထက် အရင်ရောက်သွားပြီး တာအိုဝိညာဉ်နဲ့ ပေါင်းစည်းသွားရုံလေးသက်သက်ပဲ" အဘိုးကြီးနှစ်ယောက်မှာ မန်ဟို သူတို့ထက် အရင်ရောက်လာ၍ သူတို့အပိုင် ကံကြမ္မာကောင်းကို ခိုးယူခဲ့သည်ဆိုသော အဖြေမှလွဲ၍ သင့်တော်သော အဖြေကို မတွေးနိုင်ကြပေ။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် အသတ်အဖြတ်စိတ်ဆန္ဒများ ထွက်ပေါ်လာသည်။ "သူက အခုလေးတင် တာအိုဝိညာဉ်နဲ့ ပေါင်းစည်းသွားတာဆိုတော့ မတည်ငြိမ်သေးတဲ့အတွက် ဝိညာဉ်ကို နှိုးလို့မရသေးဘူး။ သူ့ကို သတ်ပစ်ကြစို့"
သူတို့က ချက်ချင်း မန်ဟို့ဆီ ပြေး၀င်လာကြသည်။
မန်ဟိုက မျက်မှောင်ကြုတ်သွားပြီး အဘိုးကြီးနှစ်ယောက်ကို ကြည့်လိုက်၏။ သူ၏အကြည့်က မိုးပြာရောင်မိုးကြိုးတန်းတစ်တန်းအလား သူတို့၏ဦးနှောက်များကို ထိုးစိုက်ပစ်လိုက်သော ဓားတစ်လက်အလားပင်။ နှစ်ယောက်လုံး မျက်နှာပျက်လျက် စိတ်နှလုံး ချာချာလည်သွားရင်း သွေးအန်ပြီးနောက် နောက်သို့ ယိမ်းယိုင်သွားကြ၏။
"အတူတိုက်ကြစို့။ သူ့ကို သတ်ပြီး တာအိုဝိညာဉ်ကို ပြန်ယူမယ်" အဘိုးကြီးနှစ်ယောက်၏အနောက်မှ ရှေးဟောင်းနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူလေးယောက်ကလည်း ဟိန်းဟောက်ပြီး တိုက်ခိုက်လိုက်ကြသည်။ ပတ်၀န်းကျင်ရှိ ကျင့်ကြံသူတစ်ထောင်နီးပါးလည်း အမျိုုးမျိုးသော နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များကို ထုတ်လွှတ်လိုက်ကြသည်။
မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ စောစောက သူ၏အပြုအမူမှာ သူ့ကို ရန်မစဖို့ ဤလူများကို သတိပေးခြင်းမျှသာ ဖြစ်ခဲ့လေသည်။ သူ့အနေဖြင့် ဤနေရာတွင် ပြဿနာမရှာချင်သည့်အပြင် သူသိချင်သည်ကလည်း ဝိညာဉ်နက်အဖွဲ့အစည်းထံ မည်သို့သွားရမလဲဆိုသည်ကိုသာ။ သို့ထိတိုင် ဤလူများက သူ၏သတိပေးချက်ကို သဘောမပေါက်ပေ။ ထို့ကြောင့် သူသည် ထိန်းသိမ်းမနေတာ့ဘဲ ညာခြေကို မြှောက်၍ ရှေ့တစ်လှမ်း လှမ်းလိုက်သည်။
ထိုခြေတစ်လှမ်းက သူ၏စွမ်းအားများကို ဖြာထွက်သွားစေ၏။ ဧရာမလှိုင်းလုံးကြီးက အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားပြီး အနီးအနားရှိ ကျင့်ကြံသူအားလုံးကို ရိုက်ခတ်လိုက်သည့် တိုက်ကွက်ကြီးအသွင် ပြောင်းသွားသည်။
မချိတင်ကဲ အော်သံများ ဆူညံသွားပြီး ကျင့်ကြံသူများ၏ပါးစပ်မှ သွေးများပန်းထွက်သွားကြသည်။ ကျင့်ကြံသူများမှာ မမြင်ရသော တံတိုင်းကြီးတစ်ခု သူတို့အား ၀င်ဆောင့်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး တန်ပြန်ရိုက်ခတ်မှုက သူတို့အား ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားစေသည့်တိုင်အောင် ပြင်းထန်လှလေသည်။
သူတို့အားလုံး မန်ဟို့ကို ကြောက်လန့်တကြား ကြည့်နေကြရင်း ပါးစပ်မှ သွေးများစီးကျနေလျက် တုန်ရီနေကြသည်။ သူတို့မှာ သူ့အနား ခြေလှမ်းလေးတစ်၀က်ပင် မကပ်ရဲကြတော့ပေ။ ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့် ကျင့်ကြံသူလေးယောက်မှာ ပို၍ပင် ဒဏ်ရာပြင်းထန်၏။ သူတို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူတို့ကျင့်ကြံခြင်းအခြေခံများ ဆိုးဆိုးဝါးဝါး ထိခိုက်သွားကြသည်။ သူတို့၏ ဝိညာဉ်များပင်လျှင် မတည်မငြိမ်ဖြစ်လာရာ မျက်နှာများ ဖြူဆုပ်သွားကြ၏။
သို့သော် ဤအခိုက်အတန့်တွင် သူတို့ကိုယ်ထဲ၌ တစ်စုံတစ်ခု နိုးထလာပုံပေါ်သည်ကို မန်ဟို ချက်ချင်း သတိထားမိလိုက်သည်။ လေးယောက်သား နောက်ဆုတ်လိုက်ကြစဉ် သူတို့အနောက်၌ ဝေဝါးနေသော်လည်း ဝိညာဉ်များ၏အရိပ်ကဲ့သို့အရာများ ပေါ်လာလေသည်။
“ဒါ...ဒါက...” အဘိုးကြီးနှစ်ယောက်မှာလည်း ကျင့်ကြံသူများနည်းတူ ကြောက်လန့်တုန်ရီနေကြသည်။ သို့သော် သူတို့က လက်မလျှော့သေးဘဲ ဟိန်းဟောက်ကြုံးဝါးရင်း မန်ဟို့ဆီ ပြေးတက်လာကြကာ မုဒြာလက်ကွက်များ ဖော်လိုက်ကြသည်။ သူတို့၏ရှေးဟောင်းနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံများက စွမ်းအားတို့ကို ထုတ်ဖော်လိုက်ကြပြီး သူတို့ကိုယ်ထဲတွင်လည်း တစ်စုံတခု နိုးထလာပုံပေါ်သည်။
ထိုသို့ဖြစ်ပျက်နေစဉ် သူတို့အနောက်၌ ပုံရိပ်ယောင်အရိပ်များ ပေါ်လာကြသည်။ ၎င်းတို့က ဓမ္မဆင်းတုများမဟုတ်ဘဲ ဝိညာဉ်အရိပ်များ ဖြစ်လေသည်။ ၎င်းတို့သည် အဘိုကြီးများ၏ဝိညာဉ်များမဟုတ်ဘဲ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် အမည်မသိကျင့်ကြံသူများ၏ ဝိညာဉ်များ ဖြစ်ကြ၏။
၎င်းတို့နှင့် ပေါင်းစည်းခြင်းဖြင့် အဘိုးကြီးနှစ်ယောက်က သူတို့ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို မြှင့်တင်လိုက်ကြရာ ရှေးဟောင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်မှ မဟာစက်ဝန်းအဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။ တိုးမြင့်သွားသောစွမ်းအားများကြောင့် လှိုင်းဂယက်များက အရပ်မျက်နှာသို့ ဖြာထွက်နေတော့သည်။
“ကဲ စိတ်ဝင်စားစရာ မကောင်းဘူးလား” မန်ဟိုက မျက်လုံးများ တောက်ပနေလျက် ပြောသည်။ ဤသည်မှာ သူ့အတွက် အဋ္ဌမတောင်ပင်လယ်သို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်ပြီး ဤနေရာရှိ ကျင့်ကြံသူများက နဝမတောင်ပင်လယ်နှင့်တူညီသော ကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံသော်လည်း တချို့နေရာများတွင် ကွဲပြားကြောင်း သိသာလေသည်။
ဥပမာ - ဤနိုးထခြင်းက သူတို့ စောစောက ပြောခဲ့သည့် တာအိုဝိညာဉ်နှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်။
တခဏတွေးပြီးသော် မန်ဟိုက ညာလက်ကို မြှောက်၍ အင်္ကျီလက်စခါလိုက်သည်။ ထိုလှုပ်ရှားမှုသည် သာမန်သာထင်ရသော်လည်း အဘိုးကြီးနှစ်ယောက်၏မျက်နှာများ ချက်ချင်း ပျက်သွားကြ၏။
အဖြူရောင်၀တ်ရုံနှင့် အဘိုးကြီးမှာ တုန်ရီလာပြီးနောက် သွေးအလုတ်ကြီးတစ်လုတ်အား အန်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ အိုမင်းသွားပြီး သူ့အနောက်ရှိ ဝိညာဉ်မှာလည်း တမုဟုတ်ချင်း ခြောက်ကပ်သွားသဖြင့် မချိတင်ကဲ အော်လိုက်ရ၏။ အဘိုးကြီးကား ရှောင်တိမ်းဖို့ အားကုန်ထုတ်၍ မီတာ ၃၀၀ အထိ ဆုတ်လိုက်ရပြီးနောက်မှ ရပ်လိုက်နိုင်လေသည်။ ထိုနေရာသို့ ရောက်သောအခါ သူက မအံ့ဩစဖူး အံ့ဩနေသောအမူအရာဖြင့် မန်ဟို့ကို ကြည့်လိုက်သည်။
"တာအိုနယ်ပယ်။ သူက တာအိုနယ်ပယ်မှာပဲ။ သူက တာအိုဝိညာဉ်ကို စုပ်ယူခဲ့တာမဟုတ်ဘူး။ သူကိုယ်တိုင်က တာအိုနယ်ပယ်ဖြစ်နေခဲ့တာ"
သူ့အသံ ဟိန်းထွက်လာသည့်တစ်ချိန်တည်းမှာပင် အ၀ါရောင်၀တ်ရုံနှင့် အဘိုးကြီး၏ မျက်နှာရိပ်ခနဲဖြစ်သွား၏။ သူ့မှာ သွေးမအန်လိုက်ရသော်လည်း သွေးအန်လိုက်ရသူသာ ဖြစ်သွားချင်တော့သည်။ အဘယ့်ကြောင့်ဆိုသော် သူနှင့်ဝိညာဉ်အရိပ်မှာ မန်ဟို့ထံသို့ ဆောင့်ဆွဲခံလိုက်ရသည့်အတွက်ကြောင့်ပင်။
မျက်စိတစ်မှိတ်အတွင်း အဘိုးကြီးမှာ ကြောက်လန့်နေသော မျက်၀န်းများဖြင့် မန်ဟို့အရှေ့သို့ ရောက်သွားတော့၏။ သူ့မှာ လှုပ်မရတော့သည့်အပြင် မန်ဟိုနှင့် အလွန်တရာ နီးကပ်နေသည့်အတွက် မန်ဟို့ကိုယ်အတွင်းရှိ အဆုံးမဲ့စွမ်းအားကို ခံစားနေရလေသည်။ မန်ဟိုကား အတွေးလေးတစ်ချက်နှင့် သူ့ကို သုတ်သင်နိုင်သည်အထိ အစွမ်းထက်ကြောင်း သူ သိလိုက်ရ၏။
"စီ…စီနီယာ..." အဘိုးကြီးက ကတုန်ကယင် ပြောသည်။
မန်ဟိုက အ၀ါရောင်၀တ်ရုံနှင့်အဘိုးကြီးကို အေးအေးဆေးဆေး အကဲခတ်လေ့လာနေသည်။ သူ၏မျက်လုံးများက ထိုအဘိုးကြီးကို ထိုးဖောက်မြင်နိုင်သည့်အလား လျှပ်ရောင်တို့ဖြင့် တဖျပ်ဖျပ် လက်နေ၏။ အသက်ရှူချိန်အနည်းငယ်ကြာသော် မန်ဟို၏မျက်လုံးများက သူ့ထံမှ ထုတ်လွှတ်နေသာ အားလှိုင်းများကြောင့် တဆတ်ဆတ် တုန်နေသော ဝိညာဉ်အရိပ်ပေါ်သို့ ကျရောက်သွားသည်။
"ဝိညာဉ်ကို ခန္ဓာကိုယ်နဲ့ ပေါင်းစည်းပြီး အဲ့ဒီဟာနဲ့ သွေးကြောတွေ တည်ဆောက်ရင်း .... မျိုးမတူဇီ၀ခန္ဓာပေါင်းစည်းခြင်း ဖြစ်လာစေတယ်
"စိတ်၀င်စားစရာပဲ။ ကျင့်စဉ်က မဆိုးဘူး။ အဲ့ဒါက အားကြီးတဲ့သူကို မသေအောင် လုပ်ပေးပြီး အားနည်းတဲ့လူကို အားပိုကြီးလာအောင် လုပ်ပေးတယ်။ အခု စဉ်းစားကြည့်တော့မှ လေဟုန်ခွင်းလောကမှာ ဟန်ချင်းလဲ့သုံးခဲ့တဲ့ အစိမ်းရောင်မိုးကြိုးကလည်း ဒီကျင့်စဉ်ကနေ ခွဲထုတ်ထားတဲ့ မှော်သိုင်းကွက်တစ်ခုဖြစ်လိမ့်မယ်" မန်ဟိုက ခေါင်းညိတ်ရင်း ဝိညာဉ်အရိပ်ထံမှ အကြည့်လွှဲလိုက်သည်။
"ဝိညာဉ်နက်အဖွဲ့အစည်းကို ဘယ်လိုသွားရမလဲ" သူက ဖြည်းညင်းစွာ မေးလိုက်သည်။
အ၀ါရောင်၀တ်ရုံနှင့်အဘိုးကြီးက ကပျာကယာ ပြော၏။ "ကောင်းကင်... အာ ... ဟို .... ဝိညာဉ်နက်အစည်းအရုံးက ဒီနေရာကနေ တော်တော်လေးဝေးတဲ့ မြောက်ဘက်မှာ ရှိပါတယ်။ အဲ့ဒီဒေသကို ကောင်းကင်နတ်ဘုရားအဖွဲ့အစည်းက ထိန်းချုပ်ထားတာမလို့ ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့၀င် မဟုတ်မချင်း သွားလို့မရဘူး။ ဖြတ်သန်းအမိန့်စာ ရှိရင်တောင်မှ ကောင်းကင်နတ်ဘုရားမဟာမိတ်ရဲ့ အပြင်နယ်နိမိတ်တွေအထိပဲ အဝေးဆုံးသွားပိုင်ခွင့် ရှိလိမ့်မယ်
"စီနီယာ အဲ့လိုဖြတ်သန်းအမိန့်စာမျိုး လိုချင်ရင် .... ကျုပ်တို့ သစ်မီးတောက်အဖွဲ့အစည်းကို လိုက်ခဲ့ပါ။ ကျုပ်တို့မှာ ကောင်းကင်နတ်ဘုရားမဟာမိတ်ဆီ ဦးတည်နေတဲ့ နေရာရွှေ့ပြောင်းခြင်းမုခ်၀တစ်ခုရှိတယ်...."
"ကောင်းကင်နတ်ဘုရားမဟာမိတ်..." တခဏတွေးပြီးနောက် မန်ဟိုက အဝါရောင်၀တ်ရုံနှင့်လူကို လွှတ်ပေးပြီး အရှေ့မှဦးဆောင်စေလိုက်သည်။
အဘိုးကြီးမှာ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လေးလေးစားစား သဘောတူသည်။ သူက ရေတိမ်ဂိုဏ်းမှ အဖြူရောင်၀တ်ရုံနှင့်အဘိုးကြီးကို မတူမတန်သလို စွေကြည့်ရင်း အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏သစ်သားမီးတောက်အဖွဲ့အစည်းဂိုဏ်းသားများနှင့်အတူ မန်ဟို့အား ခေါ်ဆောင်သွားတော့သည်။
အဖြူရောင်၀တ်ရုံနှင့်အဘိုးကြီးမှာတော့ ရင်တဒိန်းဒိန်းခုန်လျက် ကျန်ရစ်ခဲ့၏။ တာအိုဆရာသစ်မီးတောက်သည် တာအိုနယ်ပယ်ပညာရှင်တစ်ဦးကို မျက်နှာလုပ်ချင်နေကြောင်း သူ ကောင်းကောင်းသိသည်။ အမှန်တွင် သူကိုယ်တိုင်လည်း ထိုကဲ့သို့ လုပ်ချင်မိသည်။ သို့သော် မန်ဟို မည်မျှကြောက်စရာကောင်းသလဲ တွေးမိသောအခါ သူ့မှာ တွန့်ဆုတ်သွား၏။ အဆုံးသတ်တွင် သူသည် သစ်မီးတောက်အဖွဲ့အစည်း၏ ကျင့်ကြံသူများ မန်ဟို့အား ခြံရံလျက် အဝေးသို့ ထွက်သွားသည်ကိုသာ ကြည့်နေနိုင်တော့၏။
အတန်ကြာသော် သူ၏မျက်နှာပေါ်၌ တင်းမာခက်ထန်သော အမူအရာတစ်ခု ပေါ်လာသည်။
"ဒီတာအိုနယ်ပယ်ပညာရှင်က အဋ္ဌမတောင်ပင်လယ်က မဟုတ်ဘူးဆိုတာ တာအိုဆရာသစ်မီးတောက် သတိမထားမိဘဲ နေမှာမဟုတ်ဘူး။ ငါတို့တောင်ပင်လယ်ကို ၀င်လာနိုင်တဲ့အထိတောင် အစွမ်းထက်တဲ့ တခြားတောင်ပင်လယ်က လူ ဖြစ်ရမယ်
"အဲ့ဒီလိုလူတွေမှာ သေချာပေါက် အကြံအစည်ကြီးတွေရှိတတ်တယ် ... ငါတို့အနေနဲ့ ပတ်သက်မိလို့မဖြစ်ဘူး...." အဖြူရောင်၀တ်ရုံနှင့်အဘိုးကြီးက တစ်ယောက်တည်း ရေရွတ်ပြီး သူ့လူများအား အဝေးသို့ ခေါ်ဆောင်သွားကာ ဖြစ်ပျက်ခဲ့သောအရာနှင့်ပက်သက်၍ တစ်ခွန်းမဟရန် အမိန့်ပေးလိုက်လေသည်။ သူသည် မန်ဟိုနှင့်ပတ်သက်၍ သတင်းလေးတစ်စပင် မဖြန့်ရန် တစ်ဂိုဏ်းလုံးကိုပင် အမိန့်ပေးလိုက်၏။
မှန်ပါသည်။ မန်ဟို့တွင် သာမန်မဟုတ်သောနောက်ခံရှိကြောင်း သစ်မီးတောက်အဖွဲ့အစည်း၏ တာအိုဆရာသစ်မီးတောက်လည်း မုချပြောနိုင်သည်။ အဋ္ဌမတောင်ပင်လယ်တွင် သစ်မီးတောက်အဖွဲ့အစည်းမှာ ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့နှင့် မျိုးနွယ်စုကြီးများ၏ အရိပ်အောက်တွင် တည်ရှိသော ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသာ ဖြစ်လေသည်။ သူသာ တာအိုနယ်ပယ်ပညာရှင်တစ်ယောက်ကို အကူအညီပေးနိုင်လျှင် သူတို့အတွက် မှန်းဆမရအောင် အမြတ်ထွက်လိမ့်မည်။
သူ့အတွက် အကျိုးအမြတ်ရသရွေ့ ဤတာအိုနယ်ပယ်ပညာရှင် ဘယ်နေရာကလာလာ အရေးမကြီးပေ...
မန်ဟိုလည်း အရူးမဟုတ်၍ တာအိုဆရာသစ်မီးတောက် တွေးနေသည့်အရာကို ပြောနိုင်သည်။ ထို့ကြောင့် သူတို့ သွားနေကြစဉ် သူသည် အဋ္ဌမတောင်ပင်လယ်၏အခြေအနေနှင့်ပက်သက်၍ မေးခွန်းတစ်ချို့ မေးမြန်းနေ၏။
"စီနီယာ အဋ္ဌမတောင်ပင်လယ်မှာ မဟာမိတ်တစ်ဖွဲ့ပဲရှိတယ်။ အဲ့ဒါက ကောင်းကင်နတ်ဘုရားမဟာမိတ်တဲ့။ အဲ့မဟာမိတ်အဖွဲ့ကို ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေအများကြီးနဲ့ ဖွဲ့စည်းထားပြီးတော့ ဝိညာဉ်နက်အဖွဲ့အစည်းကလည်း အဲ့ဒီထဲက တစ်စုအပါအဝင်ပဲ။ မဟာမိတ်တစ်ဖွဲ့လုံးကိုတော့ ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့က ဦးဆောင်တယ်
"ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ကြီးကတော့ .... အဋ္ဌမတောင်ပင်လယ်ရဲ့သခင်ကလွဲပြီး တခြားမဟုတ်ဘူး။ သူ့ကို .... ကောင်းကင်နတ်ဘုရားလို့ ခေါ်ကြတယ်
"ကောင်းကင်နတ်ဘုရားမဟာမိတ်အပြင် အဋ္ဌမတောင်ပင်လယ်မှာလည်း တာအိုဆရာအစည်းအရုံးသုံးခု ရှိတယ်။ ဒါပေမဲ့ သူတို့က အပြင်လောကရဲ့ကိစ္စတွေမှာ ၀င်ပါခဲတယ်။ တကယ်တော့ သူတို့ကို မမြင်ရတာ နှစ်တွေနဲ့တောင် ချီခဲ့ပြီ
"သူတို့အပြင် မျိုးနွယ်စုကြီးနှစ်စုရှိတယ် ... မန်မျိုးနွယ်စုနဲ့ ဟန်မျိုးနွယ်စု
"မန်မျိုးနွယ်စုက အင်အားကျဆင်းနေပေမယ့် အရင်တုန်းက ဂုဏ်သရေတွေကြောင့် အဓိကကျသေးတယ်လို့ သတ်မှတ်လို့ရတယ်
"ဟန်မျိုးနွယ်စုကတော့ ကောင်းကင်ထက်က မွန်းတည့်နေအတိုင်းပဲ
"ဒါပေမဲ့ တာအိုဆရာအစည်းအရုံးသုံးခုရော၊ မျိုးနွယ်စုကြီးနှစ်စုလုံးကိုရော ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့နဲ့ လုံး၀ယှဉ်လို့မရဘူး...
“အဋ္ဌမတောင်ပင်လယ်ရဲ့ ဂြိုဟ်လေးလုံးထဲမှာ ဟန်နဲ့မန်မျိုးနွယ်စုက တစ်လုံးကို ဘုံသိမ်းပိုက်ထားတယ်။ ကျန်သုံးလုံးကိုတော့ ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့က ထိန်းချုပ်တာ ...." တာအိုဆရာသစ်မီးတောက်က သူသိသမျှ အရာအားလုံးကို ရှင်းပြနေသည့်အပြင် မန်ဟို့ကို အဋ္ဌမတောင်ပင်လယ်၏ အသေးစိတ်မြေပုံတစ်ခုပါရှိသော ကျောက်စိမ်းပြားတစ်ပြားကိုပင် ပေးလေသည်။
"တခြားတောင်ပင်လယ်တွေမှာ ဘယ်လိုရှိသလဲမသိပေမယ့် အဋ္ဌမတောင်ပင်လယ်မှာတော့ ဆန်းကြယ်အိတ်လောကဆိုတဲ့ အရာတွေရှိတယ်။ အဲဒီလိုဟာတွေက တော်တော်လေးများတယ်။ အရင်တုန်းက တစ်ခါမှ အဖွင့်မခံခဲ့ရဖူးတဲ့ တစ်ခုကို ဖွင့်နိုင်ရင်တော့ အဲ့အထဲမှာ အလောင်းတစ်လောင်း မြှုပ်လို့ရတယ်။ အဲ့ဒီအလောင်းထဲကနေ ဝိညာဉ်ထွက်လာတာနဲ့ အဲ့ဒီဝိညာဉ်အတွက် သင့်တော်တဲ့ခန္ဓာကို ရှာပြီးတော့ ပေါင်းစည်းပေးလိုက်ရင် သူတို့တွေဟာ မသေနိုင်တော့ဘူး။ အဲ့ဒီကျင့်စဉ်ကျင့်ကြံတဲ့သူတွေအတွက် အဲဒီလို မျိုးမတူဇီ၀ခန္ဓာပေါင်းစည်းခြင်းမျိုးက နိုးထခြင်းလို့ ခေါ်တယ်"
မန်ဟိုသည် တာအိုဆရာသစ်မီးတောက် ပြောနေသမျှကို နားထောင်နေသော်လည်း မန်မျိုးနွယ်စုအကြောင်း ကြားလျှင် မန်ဟို့မျက်ဝန်းများသည် အတွေးနစ်မျောနေသကဲ့သို့ မှိုင်ဝေသွား၏။ သို့သော် သူ့လက်ထဲတွင် ကိုင်ထားသည့် ကျောက်စိမ်းပြားထဲ နတ်ဘုရားအာရုံ ပို့လွှတ်လိုက်သည့်အခါ သူ့မျက်လုံးများက တောက်ပလာတော့သည်။ ချက်ချင်းပင် သူ့စိတ်ထဲ၌ အဋ္ဌမတောင်ပင်လယ်၏မြေပုံတစ်ခု ပေါ်လာသည်။
“အင်မော်တယ်အပျက်အစီးနယ် မရှိဘူးလား” သူက ကောက်ကာငင်ကာ မေးလိုက်သည်။
“အင်မော်တယ်အပျက်အစီးနယ်” တာအိုဆရာသစ်မီးတောက်မှာ တွေဝေသွားသောပုံစံဖြင့် ပြန်မေးသည်။ “အဲဒါက ဘာတွေလဲ”
တချို့သောကိစ္စများကို စဉ်းစားမိလိုက်၍ မန်ဟို့မျက်လုံးများက အတွေးများဖြင့် လင်းလက်သွားပြီးနောက် သူက ဆန်းကြယ်အိတ်လောကများအကြောင်း ဆက်မေးလိုက်သည်။
တစ်ရက်ကြာပြီး သစ်မီးတောက်အဖွဲ့အစည်းသို့ ရောက်သည့်အခါ မန်ဟိုသည် အဋ္ဌတောင်ပင်လယ်အကြောင်း များစွာနားလည်လာခဲ့၏။ အထူးသဖြင့် မန်ဟို့အား အင်မော်တယ်အပျက်အစီးများအကြောင်း တွေးလိုက်မိစေသော ဆန်းကြယ်အိတ်လောကများပင်။
“တကယ်တော့ အဋ္ဌမတောင်ပင်လယ်ရဲ့ ဆန်းကြယ်အိတ်လောကတွေက ... အင်မော်တယ်အပျက်အစီးတွေပဲ။ ဒါပေမဲ့ ဒီမှာကျ အစိတ်စိတ်အမြွှာမြွှာ ဗြောက်သောက်ပြန့်ကြဲနေတာမလို့ ဆန်းကြယ်အိတ်လောကဆိုတဲ့အရာတွေ ပေါ်လာခဲ့တယ်။ အဲဒါကြောင့် အဲဒီအရာတွေကို .... ကျင့်ကြံသူတွေအတွက် သင်္ချိုင်းတွေအဖြစ် သုံးကြတာပဲ
“အဋ္ဌမတောင်ပင်လယ်က တကယ့်တကယ် သုဿန်ကြီးတစ်ခုလို့တောင် ပြောလို့ရတယ်" မန်ဟို့မျက်လုံးများသည် နားလည်မှုတို့ဖြင့် တောက်ပသွားလေ၏။