← Chapters

ရွာထဲက ဝေဒနာသည်

Vol. 129 Ch. 1663

ရွာထဲက ဝေဒနာသည်

Vol. 129 Ch. 1663

အဘိုးအို၏ စကားကြောင့် သစ်ပင်ကို ပတ်ပြေးနေသော ကလေးမလေးကလည်း ရပ်သွားပြီး ချင်မူ့ကို စပ်စုသလို လှမ်းကြည့်သည်။

သစ်ပင်အောက်တွင် ဝက်သတ်နေသည့် လူငယ်ကလည်း မျက်နှာ၌ ပေကျံနေသော သွေးများကို သုတ်၍ စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လာသည်။ သူ၏ပုံစံက အလွန်တရာ ရန်လိုနေသည့်ပုံပင်။

အဘွားအိုနှင့် အမျိုးသမီးကလည်း လှမ်းကြည့်လာသည်။ အမျိုးသမီးက လက်ခုံဖြင့် နဖူးမှ ချွေးများကို သုတ်ကာ ခပ်ရိုးရိုး ပြုံးလိုက်သည်။ “ကျွန်မတို့ရွာလေးကို ဧည့်သည် မလာတာ အတော်ကြာခဲ့ပြီ… သခင်လေးအတွက်လည်း အဝေးကြီးကနေ ဒီလိုနေရာကို ရှာတွေ့ဖို့ သိပ်ကို ရှားတယ် မဟုတ်လေလား… မပြန်ခင် ထမင်းတစ်နပ်လောက် စားသွားပါဦးလား”

အဘွားအိုကြီးက ပြုံးလိုက်ရာ သွားနှစ်ချောင်း သုံးချောင်းသာ ပေါ်လာ၏။ သူမကလည်း တုန်ရီနေသောအသံဖြင့် ဖိတ်ခေါ်သည်။ “စားပြီးမှ သွားပါအေ…”

ချင်မူလည်း ရပ်တန့်၍ ပြန်လှည့်ကြည့်လာပြီး တည်ကြည်လေးနက်‌သော မျက်နှာအမူအရာဖြင့် ပြော၏။ “ငြင်းလိုက်ရင် ရိုင်းရာကျသွားလိမ့်မယ် ထင်ပါရဲ့ဗျာ … အားလုံးက ဖော်ဖော်ရွေရွေနဲ့ ဖိတ်ခေါ်နေတာဆိုတော့ ကျွန်တော်လည်း မျက်နှာပြောင်တိုက်ပြီး ဒုက္ခပေးရဦးမယ်ဗျာ” ထိုသို့ပြောပြီးနောက် သူက ရွာထဲသို့ ဝင်ရောက်သွားတော့သည်။

သူက ၀က်သတ်ဓားကို ကိုင်ထားသည့် လူငယ်၏ဘေးမှ ဖြတ်သွား၏။ လူငယ်၏ လက်မောင်းရှိ သွေးကြောများနှင့် ကြွက်သားများက ဖောင်းကြွလာပြီး သူက ရုတ်တရက် ပခုံးတွန့်ကာ ခြိမ်းခြောက်သည့် အသံတစ်သံက သူ၏လည်ချောင်းမှ ထွက်ပေါ်လာသည်။

ချင်မူက အနည်းငယ် ပြုံးလိုက်သည်။ “ဓားမကောင်းပဲ”

ဝက်သတ်သမားလူငယ်က လျှာထုတ်၍ ဓားမပေါ်မှ ၀က်သွေးကို လျက်လိုက်ရင်း သွားဖြဲပြသည်။ “ဒါပေါ့ သိပ်ကိုကောင်းတဲ့ ဓားမပဲ”

ချင်မူ သူ့ဘေးမှ ဖြတ်လျှောက်သွားသည့်အခါ လူငယ်သည် ဓားမကို ကိုင်ကာ သူ့နောက်ကျောကို လှမ်းကြည့်နေဆဲပင်။ ချင်မူက သတိထားမိဟန်မတူဘဲ ရှေ့ဆက်လျှောက်သွား၍ ကျောက်တိုင်အရှေ့သို့ ရောက်လာသည်။

လူငယ်မှာ တိုက်ခိုက်ရန် အခွင့်အရေး မရလိုက်သဖြင့် ချီးကျူးသည်။ “သိပ်ကိုကောင်းတဲ့‌ ကောင်းကင်နတ်သိုင်းပဲ သခင်လေး… ခင်ဗျားက ကျုပ် သတ်ဖူးတဲ့ ၀က်တိုင်းထက် ရင်ဆိုင်ဖို့ ခက်ခဲတယ်”

ချင်မူလည်း ပြန်လှည့်ကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။ “မင်းလည်း မဆိုးပါဘူး”

အဘိုးအိုကြီးမှာ အိုမင်းလွန်းနေသဖြင့် ရပ်ရန် အတော်လေး အားယူနေရ၏။ ချင်မူမှာ မကြည့်ရက်သဖြင့် ကပျာကယာ ဆွဲထူပေးလိုက်သည်။

အဘိုးအို၏ ခပ်ပိန်ပိန် လက်ချောင်းများက ချင်မူ၏ ညာလက်ရှိ သွေးခုန်နှုန်းကို စမ်းကာ ပြုံးလျက် မော့ကြည့်လာသည်။ ချင်မူ့ဘယ်ဘက်လက်က အဘိုးအို၏ ခါးပေါ်တွင်တင်ထားပြီး သူ၏ မျက်လုံးများထဲသို့ စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေသည်။

သူတို့နှစ်ယောက်သား ရယ်မောလိုက်ပြီး အဘိုးအိုက သူ၏လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။ သူက လက်ကို ဝှေ့ရမ်း၍ ပြောသည်။ “ဒီအဘိုးကြီးက အိုနေပေမယ့် သန်တုန်းပါ…. လမ်းလျှောက်နိုင်ပါသေးတယ်… သခင်လေးက လူကောင်းတစ်ယောက်ပဲ… ကိုယ့်ထက် ကြီးသူကို လေးစားတတ်တဲ့ လူရည်မွန်လေးပဲ..”

ချင်မူက သူ၏ ဘယ်လက်ကို တိတ်တဆိတ် ပြန်ရုတ်လိုက်ရင်း ချီးကျူးလိုက်သည်။ “အဘိုးက ငယ်တုန်းသန်တုန်းပါပဲ… ကျွန်တော်ဖြင့် အားကျမိပါတယ်”

“သခင်လေး”

ကျစ်ဆံမြှီးဖြင့် ကလေးမလေးက ချင်မူ့အရှေ့သို့ ပြေးလာပြီး တောက်ပသော မျက်လုံးလေးများဖြင့် မော့ကြည့်လာသည်။ သူမက လက်ဆန့်တန်းပေးသည်။ “သခင်လေး သစ်သီး သုံးဆောင်ပါဦး”

ချင်မူလည်း သူမလက်ထဲရှိ သစ်သီးကို ငုံ့ကြည့်လိုက်သည်။ ဤသစ်သီးသည် သစ်ပင်ဆီမှ ခူးလာခြင်း ဖြစ်ရပေလိမ့်မည်။ လတ်လတ်ဆက်ဆက် ရှိနေသေး၏။

ချင်မူက ပြုံးလိုက်သည်။ “မစားတော့ပါဘူး… ညီမလေးပဲ စားလိုက်ပါ”

ကျစ်ဆံမြှီးဖြင့် ကလေးမလေးက သူ့ပါးစပ်အနားသို့ သစ်သီး ရောက်သည်အထိ လက်ဆန့်တန်းလိုက်သည်။ သူမက ခပ်စူးစူးအသံလေးဖြင့် လောနေသည်။ “စားပါ သခင်လေး..”

သို့သော် သစ်သီး ချင်မူ့ပါးစပ်နားသို့ မရောက်ခင်မှာပင် ချင်မူ့လက်ဖဝါးက ကားလိုက်ပြီး ဖြစ်သည်။ သူက လက်ညှိုးဖြင့် သစ်သီးကို ပြန်တွန်းကာ ပြုံးလျက် ပြော၏။ “ညီမလေးပဲ စားပါဆို..”

ကလေးမလေးမှာ ချင်မူ သစ်သီးအား သူမ၏ ပါးစပ်နားသို့ ဖြည်းဖြည်းချင်း ပြန်တွန်းလာသည်ကိုတွေ့လျှင် အခက်တွေ့နေသည်။ သူမ၏ နဖူးတွင် ချွေးများ စို့လာတော့သည်။

ရုတ်တရက် သူမက သစ်သီးကို ကိုင်လျက် ခုန်ပေါက်ပြေးထွက်သွားတော့သည်။ “သခင်လေး မစားတော့လည်း နေပေ့ါ… ကိုယ့်ဘာသာပဲ စားတော့မယ်”

အဘိုးအိုက ပြုံးလိုက်၏။ “သခင်လေးရဲ့ ခွန်အားက ဘယ်သေးလို့တုန်း”

ချင်မူက ရိုကျိုးစွာ တုံ့ပြန်သည်။ “ကျွန်တော့်ရဲ့ ခွန်အား ကလေးမလေးထက် သာနေတာက သူ့ထက် အသက်နည်းနည်းကြီးနေလို့ပါပဲ… အဲ့လောက်ခွန်အားကြီးတယ်လို့ သတ်မှတ်မရပါဘူး..”

သူ အဘိုးအိုနှင့်အတူ ရွာထဲသို့ ဝင်သည့်အခါ ဝက်သတ်သမားလူငယ်က ဝက်ကိုယ်တစ်ပိုင်းကို ခြံဝန်းထဲသို့ သယ်လာသည်။

အမျိုးသမီးက အဝတ်များအားလုံး လျှော်ဖွတ်ပြီးသွားပြီး ဖြစ်သဖြင့် လက်များကို ခန္ဓာကိုယ်တွင် သုတ်နေသည်။ သူမက ချက်ချင်းပင် ချင်မူအား ကြိုဆိုလေသည်။ “သခင်လေးက သိပ်ကိုကြီးမြတ်တဲ့ ဧည့်သည်တော်တစ်ပါးပါ… ကျွန်မ ဒီနေရာမှာ နေခဲ့တာကြာပြီဆိုပေမယ့် သခင်လေးလို ကြွယ်ဝမြင့်မြတ်တဲ့သူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး”

သူမက ချင်မူ့ကို အကြိမ်အနည်းငယ်မျှ လှည့်ပတ်ကြည့်ရင်း ချီးကျူးလိုက်ပြန်သည်။ “ချောလိုက်တာနော်..”

ချင်မူမှာ ပြုံးဖြဲနေပြီး သူ့မျက်နှာကိုင်တော့မည့် အမျိုးသမီး၏ လက်ကို ကာလိုက်သည်။ “ယောက်ျားနဲ့ မိန်းမဆိုတာ လက်ပွန်းတတီး မနေသင့်ပါဘူးခင်ဗျာ”

အမျိုးသမီး၏ လက်ချောင်းငါးချောင်းက တုန်ရီသွားသော်လည်း ချင်မူမှာ ပြီးပြည့်စုံစွာ ကာထားပြီး ဖြစ်ချေပြီ။ “သခင်လေးရဲ့ လက်ချောင်းလေးတွေကအစ ဆွဲဆောင်မှုရှိပါတယ်” သူမက ထိုသို့ပြောပြီးနောက် လက်ပြန်ရုတ်သွားသည်။

စားကြက်မြိတ်အောက်ရှိ အဘွားအိုက နှာတစ်ချက်မှုတ်လိုက်ပြီး ခပ်တိုးတိုး ခနဲ့လိုက်သည်။ “၀က်သား ဆားသိပ်တဲ့ လက်နဲ့များ…”

အမျိုးသမီးက အဘွားအိုဆီသို့ တစ်ချက်ကြည့်၍ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ “ရှင်ကများ အဲဒီလို ပြောရဲတယ်ပေါ့…ရှင်တို့မိသားစုတစ်စုလုံးက တစ်နေ့တစ်နေ့ စားလိုက် သောက်လိုက် ချီးပါလိုက် အိပ်လိုက်နဲ့ပဲ အချိန်ကုန်နေကြတာလေ… ရှင်တို့ကို ဂရုစိုက်ဖို့ ကျွန်မကိုပဲ အားကိုးနေရတာမလား… ကျွန်မ မရှိရင် ရှင်တို့အကုန်လုံး ငတ်သေလိမ့်မယ်… ကျွန်မက သခင်လေးရဲ့ ချောမောမှုမှာ နစ်မြောသွားတာ မဟုတ်ဘူး… ကျွန်မသမီးအတွက် ယောက်ျား ရှာပေးနေတာ…. ဒီလို ဘာမှမရှိတဲ့ မြေမျိုးမှာ ယောက်ျားတစ်ယောက် တွေ့ဖို့တောင် ခက်နေပြီဟာ”

သူမ၏ ကြိမ်းမောင်းသံကို ကြားလျှင် အဘွားအိုမှာ ဒေါသတကြီးဖြင့် မျက်လုံးလှန်လိုက်၏။

အမျိုးသမီးက သူမအခန်းထဲသို့ ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ဝင်သွားပြီး တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။

အဘွားအိုသည် စိတ်ကို ငြိမ်အောင် ထိန်း၍ ချင်မူ့ကို မှုန်ဝါးဝါးဖြင့် မော့ကြည့်လာ၏။ “သခင်လေး၊ ကျွန်မတို့ရဲ့ သမီးလေးကို ဘယ်လိုသဘောရပါသလဲ… လက်ထပ်ချင်လား”

ကျစ်ဆံမြှီးဖြင့် ကလေးမလေးမှာ ရှက်လွန်းသဖြင့် ထောင့်တစ်နေရာတွင် ပုန်းနေပြီး ချင်မူ့အား ချောင်းကြည့်နေသည်။ သူမ၏မျက်နှာလေးမှာ ရဲရဲနီနေပြီး ရှက်လွန်းသောကြောင့် အပြင်သို့ ထွက်မလာရဲပေ။

ချင်မူက ခေါင်းခါရမ်းကာ ငြင်းလိုက်သည်။ “ကျွန်တော်က လက်ထပ်ပြီးသားပါဗျ... ကျွန်တော့်ရဲ့ အမျိုးသမီးက သိပ်ကို ကြင်နာသဘောကောင်းတဲ့ အိမ်ထောင်ရှင်မတစ်ယောက်လေ”

အဘွားအိုက သက်ပြင်းချလိုက်သည်။ “ကျွတ်… နှမြောစရာပဲ… ဒီအိုမင်းနေတဲ့ ခန္ဓာကိုယ်ကြီးက အသုံးမဝင်တော့ပါဘူးလေ… သခင်လေး သစ်ပင်ဆီ သွားပြီး ဒီအဘွားကြီးအတွက် သစ်သီးနည်းနည်းလောက် ခူးပေးနိုင်မလား”

သူမက လက်မြှောက်၍ ညွှန်ပြလိုက်သည်။ ချင်မူလည်း သူမ ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်သည့်အခါ သစ်ပင်ကြီးပေါ်တွင် တွဲခိုနေသော သစ်သီးလေးလုံးနှင့် ပန်းပွင့်တစ်ပွင့်ကို တွေ့လိုက်ရ၏။

ချင်မူက အကြည့်ရုတ်၍ ပြုံးလိုက်သည်။ “သစ်ပင်က သိပ်ကြီးလွန်းတော့ ကျွန်တော် တက်နိုင်မယ် မထင်ဘူးဗျ…. ဒါပေမဲ့ ကျွန်တော့မှာ သိပ်ထက်တဲ့ ရတနာဓားတစ်လက်တော့ ရှိပါတယ်… သစ်ပင်ကို ခုတ်လိုက်မယ်လေ… ကျွန်တော် ဒီလိုသစ်ပင်တွေ အများကြီးကို ခုတ်ဖူးတယ်”

အဘွားအိုမှာ ကပျာကယာ တားသည်။ “မခုတ်နဲ့… မခုတ်ပါနဲ့… သစ်ပင်ကို ခုတ်လိုက်ရင် သစ်သီး ဘယ်လိုစားရတော့မှာတုန်း”

အဘွားအိုက ပြုံးလျက် ပြောသည်။ “အိမ်း… နင်က မြို့က လာတဲ့ သခင်လေးဆိုတာ သိသာပါတယ်… သီးနှံတွေကြားက ကွာခြားမှုကိုတောင် မသိဘူး… သစ်ပင်ခုတ်မယ် ဆိုတဲ့စကားတောင် ပြောထွက်သေးတယ်… ငါက အိုနေပြီဆိုပေမယ့် အလှအပကိုတော့ကြိုက်တယ်… ရွာထဲမှာ မှန်မရှိဘူး… သခင်လေးအနေနဲ့ အပြင်သွားပြီး မှန်တစ်ချပ်လောက် ဖြတ်ယူလာခဲ့ပေးပါ”

သူမသည် “မြို့” ဆိုသောစကားလုံးကို အထူးအလေးအနက်ထား၍ ပြောသည်။

ချင်မူက ပြုံးလိုက်၏။ “အပြင်က ကျောက်ပြားတွေက သိပ်ကို မာလွန်းတယ်ဗျ… ကျွန်တော် ဖြတ်နိုင်မှာမဟုတ်ဘူး”

အမျိုးသမီးသည် အိမ်ထဲတွင် ဝက်သားများနှင့် ဟင်းသီးဟင်းရွက်များကို ခုတ်ထစ်၍ ဟင်းချက်နေသည်။ အခြားတစ်ဖက်တွင် ချင်မူကတော့ အပြင်ရှိ အဘိုးအိုနှင့် အဘွားအိုကို စကားပြောနေ၏။

“ခင်ဗျားတို့ရွာက လူတွေအများကြီး မရှိပေမယ့် သစ်ပင်တွေ များသားနော်”

ချင်မူက ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ပြောလိုက်သည်။ “လူခြောက်ယောက်နဲ့ သစ်ပင်ရှစ်ပင်တောင် ရှိတယ်”

အဘိုးအိုက ပြုံးကာ ဆို၏။ “ဘယ်လိုလုပ် လူခြောက်ယောက် ရှိမှာတုန်း… သခင်လေးက မရေတွက်တတ်ဘူးလား… ကျုပ်တို့မိသားစုက ငါးယောက်ပဲ ရှိတာလေ”

ချင်မူက ရွာပေါက်ဝသစ်ပင်တွင် ချိတ်ဆွဲခံထားရသော ဝက်ခန္ဓာကိုယ်တစ်ပိုင်းကို ကြည့်၍ ပြုံးလိုက်သည်။ သူက များများစားစား မပြောဘဲ မေး၏။ “အဘိုးတို့ ဒီလိုဆိတ်ငြိမ်တဲ့နေရာကို ဘယ်တုန်းက ပြောင်းလာခဲ့ကြတာလဲ”

“ကျုပ်တို့ မမှတ်မိတော့ဘူး”

အဘိုးကြီးက တစ်ခဏတွေးတောနေပြီးနောက် ဖြေ၏။ “တစ်လောကလုံး ဖရိုဖရဲဖြစ်ပြီး လူတွေ အသက်ရှင်နိုင်မယ့်နည်းလမ်း မရှိတော့တာကိုပဲ မှတ်မိတော့တယ်… ဒီနေရာအထိ လူဆိုးတွေ လိုက်ဖမ်းတာ ခံခဲ့ရတာ… သခင်လေး အပြင်မှာ ဖရိုဖရဲတွေ ဖြစ်နေတုန်းလား”

ချင်မူက လက်ခုပ်တီး၍ ချီးကျူးလိုက်သည်။ “ခင်ဗျားတို့က တကယ်ကံကောင်းတာပဲ… အပြင်မှာ အရင်ကထက်တောင် ဖရိုဖရဲတွေ ဖြစ်နေသေးတယ်… တိုက်ပွဲတွေက နေရာတိုင်းမှာ ပြည့်နှက်နေပြီး သွေးတွေဆိုတာလည်း မြစ်ချောင်းတွေလို စီးဆင်းနေကြတာ… ဒီနေရာက ပိုကောင်းတယ်… အေးဆေးပြီး သာယာငြိမ်းချမ်းတယ်… အပူအပင် မရှိတဲ့ဘဝကို ဖြတ်သန်းနိုင်တယ်… အဘိုး၊ အဘိုးတို့မိသားစုအနေနဲ့ ဒီမှာပဲ နေပြီး အပြင်မထွက်တာ ကောင်းလိမ့်မယ်”

အဘွားအိုသည် ပြုံးကာ ပြော၏။ “ဒီမှာ အကြာကြီးနေရတာလည်း ပျင်းဖို့ကောင်းသပတော်… ငါတို့လည်း အပြင်ထွက်ပြီး လျှောက်ကြည့်ချင်သေးတာပေါ့”

ချင်မူက ပြုံးကာ ခေါင်းခါရမ်း၏။ “အပြင်မထွက်တာ ပိုကောင်းတယ်… အပြင်မှာ ဖရိုဖရဲတွေဖြစ်နေတုန်းဆိုတော့ အဘိုးနဲ့ အဘွားတို့ရဲ့ ခန္ဓာကိုယ်အတွက် အတော်စိတ်ပူမိတယ်… တစ်ခုခုဖြစ်သွားလို့ အပြင်မှာ သေသွားရရင် မတန်ဘူးလေ”

အဘိုးအိုနှင့် အဘွားအိုတို့မှာ အနည်းငယ် မျက်နှာပျက်သွားကြသည်။ အဘွားအိုက လက်မြှောက်၍ သူမ၏ဦးခေါင်းမှ ဆံထိုးကို ကိုင်လိုက်သည်။ အဘိုးအိုက လက်မြှောက်လျက် သူမကို တားဆီးကာ တိတ်တဆိတ် ခေါင်းခါပြ၏။ အဘွားအိုက လက်ပြန်ချလိုက်သည်။

ချင်မူလည်း သူမကို မသိချင်ယောင်ဆောင်ထား၍ ဆက်ပြော၏။ “သစ်ပင်ရှစ်ပင်… နှစ်ပင် ပိုနေတာဆိုတော့ ကျန်တဲ့ပုဂ္ဂိုလ်နှစ်ယောက် ဘယ်ရောက်သွားတာလဲခင်ဗျ”

အဘိုးအိုက သက်ပြင်းချကာ ဖြေသည်။ “ထင်ထားတဲ့အတိုင်း သခင်လေးဆီက ဖုန်းကွယ်ထားလို့ မရပါဘူးလေ… ကျန်တဲ့တစ်ယောက်က ဝေဒနာသည် လူနာတစ်ယောက်ပါ… အိပ်ရာပေါ်မှာ အကြောသေပြီး မြောနေတာ ဆယ်နှစ်ကျော်ပြီ”

ချင်မူမှာ ရင်ထဲထိသွားသည့်အလား သက်ပြင်းချလိုက်၏။ “အမှန်တိုင်းပြောရရင် ကျွန်တော်က ဆေးပညာ သင်ဖူးတဲ့အတွက် ဆေးတာအိုမှာ အတော်လေးကျွမ်းကျင်ပါတယ်… သေခါနီးလူတွေနဲ့ ဒဏ်ရာရထားတဲ့လူတွေကို ကုသပေးဖို့ အမြဲတမ်း စိတ်အားထက်သန်ခဲ့တဲ့သူပါ…. ဒီ ဝေဒနာသည်က ဘယ်မှာလဲဗျ… သူ့ဆီ သွားပြီး ကုသခွင့်ပေးပါ… ကျွန်တော် ကုသပေးကောင်း ကုသနိုင်ပါလိမ့်မယ်”

အဘိုးအိုက တုန်ရီစွာဖြင့် ထရပ်လိုက်သည်။ အမျိုးသမီးသည် အခန်းထဲမှာထွက်လာပြီး စားပွဲနှင့် ထိုင်ခုံများကို နေရာချနေ၏။ သူတို့ ရပ်နေကြသည်ကို မြင်လျှင် သူမက မာန်မဲလိုက်ပြန်သည်။ “ညစာ စားကြတော့မှာကို… ရှင်တို့က ဘယ်သွားကြမလို့တုန်း”

“သခင်လေးက ဆေးပညာမှာ ကျွမ်းကျင်တယ်… ဝေဒနာသည်ကို သွားကြည့်ကြမလို့လေ”

အဘိုးအိုသည် သူမကို ကြောက်ရွံ့နေပုံပေါ်ပြီး တောင်းပန်တိုလျှိုးသော မျက်နှာအမူအရာဖြင့် ပြုံးပြသည်။ “ဝေဒနာသည် အိပ်ရာထဲ လဲနေတာ ကြာပြီး မင်းပဲ ပြုစုနေရတာလေ… ဘယ်ပြောလို့ရမလဲ… သခင်လေး ကုပေးလိုက်ရင် ကောင်းသွားရင်လည်း ကောင်းသွားမှာပေါ့”

အမျိုးသမီးက မယုံသင်္ကာဖြင့် မေးသည်။ “အဲဒီဝေဒနာသည် အပေါ့အပါး သွားတာတောင် ကျွန်မကိုယ်တိုင် လုပ်ပေးနေရတာ ကုပေးလို့ရပါတော့မလား… ဒီသခင်လေးကရော လူကောင်းလို့ ထင်လို့လား”

“သေခါနီးသူကို ကယ်ဖို့ ကြိုးစားတာ အရှုံးမရှိပါဘူးလေ”

ချင်မူက အဘိုးအိုတို့နောက်မှ လိုက်သွားသည့်အခါ အိပ်ရာပေါ်တွင် လဲနေသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူသည် အသက်မရှူတော့ဘဲ သေလူတစ်ယောက်ဖြစ်နေချေပြီ။

ချင်မူလည်း လူငယ်ကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “တျန်းတုအရှင်သခင်၊ နောက်ဆုံးတော့ တွေ့ခွင့်ရပြီပဲ”

အဘိုးအိုနှင့် အဘွားအိုတို့၏ မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားကြပြီး သူ့အား သတ်ချင်စိတ်ကို ထိန်းချုပ်ထားကြရသည်။

အဘွားအိုက အပြုံးတုဖြင့် မေး၏။ “သခင်လေးက ဒီဝေဒနာသည်ကို သိနေတာလား”

“မီလော့နန်းတော်အရှင်သခင်ရဲ့ လက်ချက်နဲ့ သေဆုံးဖို့ အရည်အချင်းပြည့်မှီတဲ့သူဆိုတာ ရှားတယ်လေ… တျန်းတုအရှင်သခင်ကတော့ အဲဒီလိုလူတွေထဲမှာ ပါတယ်”

ချင်မူက ဒုက္ခိတ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို အသေအချာစစ်ဆေးကြည့်ရှုနေသည်။ ထိုဒဏ်ရာများမှာ ကမ္ဘာဦးဖရိုဖရဲကောင်းကင်နတ်သိုင်းကြောင့် ရရှိခဲ့သည့် ဒဏ်ရာများဖြစ်ပြီး ချင်မူ အဆုံးသတ်မြို့ပျက်တွင် တွေ့ကြုံခဲ့ရသည့် အနီရောင်ကြိုးထုံးများထက်ပင် ရှုပ်ထွေးဆန်းကြယ်နေသည်။

ထိုသို့စွမ်းအားများကို ပိုင်ဆိုင်သူဟူ၍ မီလော့နန်းတော်အရှင်သခင်တစ်ယောက်သာ ရှိ၏။

အကြီးဆုံးသခင်လေးသည် မီလော့နန်းတော်အရှင်သခင်ထံမှ အရာအားလုံး သင်ယူခဲ့ရသော်လည်း ချင်မူသည် သူ၏ ချိပ်တံဆိပ်ကို တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ ၎င်းက ထူးကဲကောင်းမွန်သော်လည်း ချင်မူ့စွမ်းဆောင်နိုင်စွမ်းများထက် ကျော်လွန်ခဲ့ခြင်း မရှိပေ။

လူငယ်၏ ဒဏ်ရာများကတော့ ချင်မူစွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်နေ၏။ ထိုသို့ဒဏ်ရာမျိုးကို ထားခဲ့နိုင်သူမှာ မီလော့နန်းတော်အရှင်သခင်တစ်ဦးသာ ဖြစ်နိုင်သည်။

ချင်မူသည် တျန်းတုအရှင်သခင်၏ အမြင်အာရုံမှတစ်ဆင့် တာအိုသိုင်းပညာရှင်များ ပူးပေါင်းပြီး ကောင်းကင်နှင့် မြေကြီးအား ဖန်တီးဖွင့်လှစ်နေခဲ့သည့် မြင်ကွင်းကို တွေ့ကြုံခဲ့ရ၏။ မီလော့နန်းတော်အရှင်သခင် တျန်းတုအရှင်သခင်အား သတ်ခဲ့သည့်မြင်ကွင်းကိုလည်း မြင်ခဲ့ရခြင်းကြောင့် ဤသို့ ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။

အဘိုးအိုနှင့် အဘွားအို၏ အမူအရာများက သူ၏မှန်းဆချက်ကို အတည်ပြုပေးခဲ့၏။

“၇ စင်းမြောက် စကြ၀ဠာကို ဖွင့်လှစ်ခဲ့တဲ့ တျန်းတုအရှင်သခင်ဟာ သေဆုံးပြီးတဲ့နောက် သူ့ရဲ့ ရုပ်ခန္ဓာကို ဒီနေရာမှာ ဖိနှိပ်ခံရလိမ့်မယ်လို့ မျှော်လင့်ခဲ့မှာ မဟုတ်ဘူး”

ချင်မူက ခါးမတ်၍ ခေါင်းခါရမ်းလိုက်သည်။ “ကျွန်တော် သူ့ရဲ့ ဒဏ်ရာတွေကို ကုမပေးနိုင်ဘူး… ဒါပေမဲ့ ကုသပေးနိုင်တဲ့သူတော့ ရှိတယ်… ကျွန်တော် ခရီးထွက်လာရတဲ့ ရည်ရွယ်ချက်က သူ့ကို ရှာဖို့ပဲ… သူ့ရဲ့ နာမည်က ထိုက်ယီတဲ့… ခင်ဗျားတို့ သူ့ကို သိကြလား”

အဘိုးအိုနှင့် အဘွားအိုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ခေါင်းခါပြလေသည်။

ထိုအခိုက်အတန့်တွင် အမျိုးသမီး၏အသံက ထွက်ပေါ်လာ၏။ “ညစာအဆင်သင့်ဖြစ်ပြီနော်… လိပ်အိုကြီးနှစ်ယောက်… မြန်မြန် သခင်လေးကို ခေါ်လာခဲ့ကြတော့”

ချင်မူ ညစာစားပွဲတွင် ဝင်ထိုင်လိုက်သည်။ အဘိုးအိုနှင့် အဘွားအိုက သူ၏ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်လိုက်ကြပြီး ဝက်သတ်သမားလူငယ်ကတော့ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်၏။ အမျိုးသမီးက ဟင်းအိုးကို မွှေနေဆဲဖြစ်ပြီး ကျစ်ဆံမြှီးဖြင့် ကလေးမလေးကတော့ သစ်ပင်အောက်တွင် ဟင်းခွက်တစ်ခွက်ကို ကိုင်ထား၍ စားရင်း အိပ်ငိုက်နေသည်။ သူမက စားပွဲ၌ လာမထိုင်ပေ။

“တောထဲ တောင်ထဲဆိုတော့ မြို့ကလာတဲ့ သခင်လေးကို ဧည့်ခံစရာ ဝိုင်တွေဘာတွေတော့ မရှိပါဘူး…ခွင့်လွှတ်ပေးပါ”

အဘွားအိုက အသေးစိတ်ကြည့်ရှု၍ ပြောသည်။ “သုံးဆောင်ပါ သခင်လေး”

ချင်မူက သူ၏တူကို လှုပ်ပင်မလှုပ်ဘဲ ဟိုဟိုသည်သည် ကြည့်နေ၏။ “သစ်ပင်ရှစ်ပင်မှာ ခုနစ်ပင်ပဲ ရှိသေးတယ်… ကျန်တဲ့တစ်ပင်ကရော”

အဘိုးအိုသည် ဆွံ့အနားမကြားယောင်ဆောင်နေသည်။ အမျိုးသမီးက ဝက်သားနှင့် ဟင်းသီးဟင်းရွက်ဟင်းခွက်ကို ကိုင်၍ ရှေ့သို့ လျှောက်လာ၏။ သူမက ဟင်းခွက်ကို ချပြီးနောက် လက်သုတ်ဝတ်ဖြင့် လက်သုတ်လိုက်သည်။ ထို့နောက် ရိုးသားဖြူစင်သောအပြုံးတစ်ခုဖြင့် ပြော၏။ “ဘယ်လို ကျန်တဲ့တစ်ယောက်တုန်း… ပြီးတော့ ဒီမှာ ဝေဒနာသည် အပါအဝင် လူခြောက်ယောက်ပဲ ရှိတာ… သခင်လေးနဲ့ဆို ခုနစ်ယောက်…. ဟုတ်တယ်မလား… မြို့က လူတွေက သင်္ချာမတတ်ကြဘူး ထင်ပါတယ်”

ချင်မူက ပြုံးပြန်၏။ “လူမစုံဘဲ ညစာစားကြတော့မလို့လားဗျ”

အဘိုးအို စကားပြောတော့မည့်အချိန်တွင် ချင်မူ့အရှေ့ရှိ ဝက်သတ်သမားလူငယ်မှာ စိတ်မထိန်းနိုင်တော့ဘဲ ဒေါသူပုန်ထသွားသည်။ သူက ၀က်သတ်ဓားမကို ဆွဲထုတ်၍ စားပွဲ၏ အလယ်သို့ ထိုးစိုက်လိုက်၏။ သူ၏ အသတ်အဖြတ်စိတ်ဆန္ဒက ကောင်းကင်အထိ ထိုးတက်သွားသည်။ သူက ခက်ထန်စွာ ပြော၏။ “ဘာတွေ လေရှည်နေတာလဲ… ငါ သည်းမခံနိုင်တော့ဘူး… ဓားထုတ်ပြီး ဒီကောင်ကို သတ်ကြတော့”

စားပွဲပေါ်ရှိ ဟင်းခွက်များက ပျံတက်သွားပြီး ဝက်သားဖတ်များနှင့် ဟင်းသီးဟင်းရွက်များက လေထဲတွင် ဝက်ခန္ဓာကိုယ်တစ်ပိုင်းကို ဖော်ဆောင်လိုက်သည်။ ဝက်၏ မျက်လုံးများက ပြူးကျယ်နေ၏။

ရွာဝင်ပေါက်တွင် ချိတ်ဆွဲနေသည့် ဝက်ခန္ဓာကိုယ်တစ်ဝက်က ခြေနှစ်ချောင်းဖြင့် ပြေးလာသည်။ ၀က်၏ ခန္ဓာကိုယ်နှစ်ခြမ်းက ပေါင်းစည်းသွားပြီး အော်ဟစ်လိုက်၏။ “ဟုတ်တယ်… ငါတို့က ဘယ်တုန်းကများ ကြောက်ခဲ့ဖူးလို့လဲ… မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်ဆိုတော့ရော ဂရုစိုက်နေရမှာလား…. သတ်ကြစို့”

All Chapters