ထိုက်ယီ၏ သရုပ်မှန်
Vol. 129 Ch. 1665
“တာအိုသစ်ပင်တွေ ဖြန့်ကျက်ထားတဲ့ မြေပုံလား” ချင်မူမှာ စိတ်အားတက်ကြွလာသည်။
ထိုက်ယီ၏ မြေပုံတွင် မှတ်သားထားသည့် နေရာများသည် အမြဲတမ်း သူ့ကို ဇဝေဇ၀ါဖြစ်စေခဲ့၏။ ထိုသို့နေရာမျိုးကို ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာတွင် ရှာမတွေ့နိုင်ခဲ့ချေ။ ကျောက်ပြားတောအုပ်၏ တည်နေရာအနေအထားဟု ထင်ခဲ့သဖြင့် ပြန်ထွက်ပြီး ပြန်ဝင်လာရန်ပင် စဉ်းစားခဲ့သေးသည်။
ရှန့်ကျွင်းဟုခေါ်သည့် ဤလူငယ်က ဤမြေပုံကို အမှန်တကယ် မှတ်မိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာရဲ့ အန္တိမဟင်းလင်းပြင်မှာ ရှိတဲ့ တာအိုသစ်ပင်တွေရဲ့ မြေပုံတွေလေ”
ချင်မူမှာ အနည်းငယ် အံ့ဩနေပြီး သူ၏နှလုံးသားထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။ ‘ငါ အတိတ်စကြ၀ဠာတွေကိုမှ ပြန်မသွားရသေးတာ ဘာလို့ ထိုက်ယီက ငါ့ကို ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာရဲ့ မြေပုံ ပေးရတာလဲ… ငါ သူ့ကို ဘယ်လိုကယ်ရမှာလဲ”
ရှန့်ကျွင်းက ပြော၏။ “ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာထဲမှာ ငါ တာအိုသိုင်းပညာရှင်တချို့ကို သတ်ဖြတ်ချင်ခဲ့ဖူးတယ်… ဒါကြောင့် မဟာခြုံလွှမ်းကောင်းကင်ဘုံတွေ ဖြန့်ကျက်ထားတဲ့ အနေအထားကို လေ့လာခဲ့ဖူးတာလေ … မင်း ဒီမြေပုံကို ထုတ်လိုက်တော့ မှတ်မိသွားတာပေါ့”
ချင်မူလည်း သူ့ကို အကြိမ်အနည်းငယ်မျှ အကဲခတ်လိုက်ကြည့်ပြီးနောက် ရင်ထဲ လှုပ်ရှားသွားသည်။ “ငါ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ရောက်ခဲ့တုန်းက ဖရိုဖရဲတွေကြားမှာ အချိန်အတော်ကြာ နေခဲ့ဖူးတယ်… အဲဒီတုန်းက လူတစ်ယောက်ဟာ တာအိုသိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်ပြီး ကပ်ဘေးကြီးရောက်မလာခင်မှာ တာအိုကျင့်စဉ်စနစ်ရဲ့ ၃၆ ဘုံမြောက် ကောင်းကင်ဘုံကို ကျင့်ကြံတက်ရောက်သွားနိုင်ခဲ့တာကို တွေ့ခဲ့ရတယ်… အဲဒီပုဂ္ဂိုလ်က အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ပြီး နောက်ဆုံးမှာတော့ အန္တိမဟင်းလင်းပြင်ကို ပြိုလဲစေခဲ့တယ်… အဲဒီပုဂ္ဂိုလ်က မင်းလား”
ရှန့်ကျွင်းက မျက်နှာအမူအရာ သုန်မှုန်သွားပြီး ခေါင်းညိတ်သည်။
ချင်မူက ပြော၏။ “မင်းက ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာကို ပျက်စီးစေခဲ့တာပဲ… သက်ရှိတွေအားလုံး အဲဒီဖြစ်ရပ်ကြောင့် သေဆုံးခဲ့ကြရတာ … အားလုံးက သွယ်ဝိုက်တဲ့ နည်းနဲ့ မင်းရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ကြရတာပဲ… မင်းရဲ့ စွမ်းဆောင်ရည်တွေ ဒီလောက်အားကောင်းနေတာ အံ့သြစရာ မရှိဘူး…”
ရှန့်ကျွင်း၏ အရှိန်အဝါမှာ ရုတ်ခြည်း လျော့ကျသွားပြီး သူ့မှာ သွေးတစ်လုတ်အန်လိုက်ရသည်။ မည်သည့်အသက်စွမ်းအင်မှ မရှိတော့သည့်အလား ထိုနေရာ၌ ကြက်သေသေစွာ ရပ်နေ၏။ မကြာမီ တာအိုအဖြစ် အသွင်ပြောင်းလဲတော့မည်ပုံပင်။
အဘွားအိုက ချောင်းဟန့်သည်။ “သခင်လေးခုနစ်က တခြားသူတွေကို မသတ်ဖြတ်ခင် သူတို့ရဲ့ နှလုံးသားတွေကို အရင်သတ်တာလို့ ကြားဖူးသပတော် … ဒီနေ့မှာတော့ အဲဒီစကားက အမှန်ပဲဆိုတာ တွေ့လိုက်ရပြီ… ရှန့်ကျွင်း တာအိုဝင်ရောက်သည်ဖြစ်စေ မဝင်ရောက်သည်ဖြစ်စေ ဆယ့်ခြောက်စင်းမြောက်စကြ၀ဠာက ဖျက်ဆီးခံရမှာပဲလေ… ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ ဖျက်စီးခံရတဲ့ အကြောင်းအရင်းက ရှန့်ကျွင်းကြောင့် မဟုတ်ဘဲ မီလော့နန်းတော်ကြောင့်ပဲ…. မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေအများကြီးသာ ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာကို ၀င်မလာခဲ့ရင် အဲ့ဒီစကြ၀ဠာက အဲ့လောက်မြန်မြန် ဖျက်ဆီးခံခဲ့ရပါမလား”
ရှန့်ကျွင်း၏ မျက်နှာ၌ သွေးရောင်ပြန်သမ်းလာပြီး သူ၏အရှိန်အဝါမှာလည်း အနည်းငယ် ပြန်တက်လာသည်။
ချင်မူ သူမကို တစ်ချက်လှမ်းကြည့်၏။ “ဘာထူးတုန်း... ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ ဖျက်ဆီးခံရအောင် လုပ်တဲ့ တရားခံက မီလော့နန်းတော်လား.... ရှန့်ကျွင်းလားဆိုတာပဲ ရှိတယ်… မီလော့နန်းတော်ကြောင့်ဆိုရင် လူသတ်သမားက မီလော့နန်းတော် ဖြစ်ပြီး.... ရှန့်ကျွင်းကြောင့်ဆိုရင်တော့ လူသတ်သမားက ရှန့်ကျွင်း ဖြစ်လိမ့်မှာပဲ”
ရှန့်ကျွင်း၏ အရှိန်အဝါက နောက်တစ်ကြိမ် ကျဆင်းသွားပြီး စောစောကထက်ပင် အခြေအနေ ပိုဆိုးလာတော့သည်။
“နင်...”
အဘွားအို၏ နဖူးတွင် သွေးကြောများ ထောင်လာသည်။ အဖြူရောင်ဆံပင်များလည်း ထောင်တက်လာ၏။ အဘိုးအိုက သူမကို အလောတကြီး တားဆီးလိုက်ရင်း ပြုံးလိုက်သည်။ “မီလော့နန်းတော်သခင်မှာ ဆက်ဆံရ အခက်ခဲဆုံး ပုဂ္ဂိုလ်က သခင်လေးခုနစ်လို့ တခြားသူတွေ ပြောကြတာ အံ့သြစရာ မရှိဘူးပဲ…. ဒီနေ့ မြင်လိုက်ရတဲ့အခါမှာတော့ တကယ်ကို ယုံသွားပါပြီ… သခင်လေးခုနစ်က ဘာလို့ ထိုက်ယီဆိုတဲ့ ပုဂ္ဂိုလ်ကို လိုက်ရှာနေရတာလဲ”
“ကျွန်တော် သူ့အပေါ် အကြွေးတင်နေတယ်… ဆယ့်ခုနစင်းမြောက် စကြ၀ဠာက သက်ရှိတွေအားလုံးလည်း သူ့အပေါ် ကျေးဇူးကြွေးတင်နေတယ်… ဒါကြောင့် သူ့ကို ကျေးဇူးကြွေးပြန်ဆပ်ရမယ်… ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို ကယ်ရမယ်”
ချင်မူ မည်သည့်အရာကိုမှ ဖုံးကွယ်မထားပေ။ “အတိတ်တာအိုသိုင်းပညာရှင်တွေနဲ့ မီလော့နန်းတော် ကျူးကျော်မလာနိုင်အောင် တားဆီးပေးခဲ့တဲ့သူက ထိုက်ယီပဲ… သူက ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာကို ခိုးဝင်လာခဲ့တဲ့ ပထမဦးဆုံးသူ ဆိုပေမယ့် ဒီကျေးဇူးကြွေးကိုတော့ ပြန်ဆပ်ရလိမ့်မယ်… သူက မီလော့နန်းတော် ဖိနှိပ်တာခံခဲ့ရပြီး ဒီမြေပုံကို ထားခဲ့တာပဲ… ကျွန်တော် သူ့ကို ရှာပြီး ကယ်ဖို့ ဆုံးဖြတ်ထားတယ်”
“သခင်လေးခုနစ်က အခုလို ကြင်နာသနားတတ်ပြီး ဖြောင့်မတ်တဲ့သူ ဖြစ်လိမ့်မယ် ထင်မထားခဲ့ဘူး”
ရာရာဟု ခေါ်သည့် ကလေးမလေးက အံ့သြနေသော မျက်နှာအမူအရာဖြင့် ဝင်ပြောသည်။ “ဒါက ငါ ကြားဖူးတဲ့ သခင်လေးခုနစ်နဲ့တောင် မတူဘူး… ငါ ကြားဖူးတဲ့ မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်ဆိုတာ မကောင်းတဲ့ကိစ္စတွေ အကုန်လုပ်ပြီး ရက်စက်ကြမ်းကြုတ်တယ်တဲ့… သူ့ခေါင်းကနေ ပြည်တွေ စီးကျပြီး ခြေထောက်မှာ အနာတွေ ပေါက်နေတာလို့ ကြားဖူးတာ…. သူက မကောင်းတဲ့ကိစ္စ မှန်သမျှ လုပ်ဖူးတယ်တဲ့”
ချင်မူ့ မျက်နှာကြီးက နီရဲသွားပြီး သူက သူ့ကိုယ်သူ အလျင်အမြန် ကာပြောသည်။ “ဒါက နာမည်ဖျက်တာပဲဟ… သေချာပေါက် နာမည်ဖျက်တာ…. ငါ့ကို သိတဲ့သူတိုင်းက ငါဟာ ကြင်နာသနားတတ်ပြီး ကူညီတတ်တဲ့သူဆိုတာ သိပြီးသားပဲ…”
ပန်းကန်ပေါ်တွင် ရှိနေသေးသော ၀က်ဦးခေါင်းက ချောင်းဟန့်လိုက်သည်။ “သခင်လေးခုနစ် ဆက်ပြီး ရှင်းပြစရာ မလိုတော့ပါဘူး… ငါတို့အခြေအနေက အရာအားလုံးကို ရှင်းပြပြီးနေပြီပဲ… သခင်လေးခုနစ်သာ ဒဏ္ဍာရီတွေထဲက ပုဂ္ဂိုလ်တိုင်းသာ မဟုတ်ဘူးဆိုရင် ငါတို့ ဒီလောက် မရှုမလှ ရှုံးနိမ့်မှာမဟုတ်ဘူး”
ချင်မူ နှာတစ်ချက်မှုတ်ကာ ပြောမိသည်။ “ဒါက ကျွန်တော် ခင်ဗျားတို့အားလုံးကို ပထမဦးဆုံးအကြိမ်တွေ့ဖူးတာပဲဟာ… ဘာလို့ လိမ်ပြောရမှာလဲ… ကျေးဇူးပြုပြီး ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာရဲ့ တာအိုသစ်ပင်မြေပုံအကြောင်း နည်းနည်း ရှင်းပြကြပါဦး”
ရှန့်ကျွင်းက တိတ်ဆိတ်သွားပြီး တခြားသူများကို ကြည့်လိုက်သည်။
အဘိုးအိုက ခပ်ဟဟ ရယ်လျက် ပြော၏။ “ထိုက်ယီက ဝေဒနာသည်ကို ကယ်ပေးနိုင်လိမ့်မယ်လို့ သခင်လေးခုနစ် ပြောခဲ့တယ်နော်… အကြောင်းအရင်းက ဘာကြောင့်လဲ”
ချင်မူလည်း ခပ်မဲ့မဲ့ ပြုံးကာ မေးလိုက်သည်။ “ဒါဆိုရင် ခင်ဗျားတို့အားလုံးကို ကျွန်တော်ပြန်မေးချင်တယ်… ကျောက်ပြားထဲကနေ လွတ်မြောက်နိုင်တယ်လို့ ဘယ်အချိန်တုန်းက ခံစားခဲ့ကြရတာလဲ”
အားလုံး ကြောင်အသွားကြပြီး ပြန်လည်စဉ်းစားနေကြသည်။
“ခင်ဗျားတို့ ကျောက်ပြားထဲကနေ လွတ်မြောက်လာတာ ဒီစကြ၀ဠာခေတ်မှာပဲမလား”
ချင်မူက ပြော၏။ “ဒီလူက ထိုက်ယီပဲ… အရင်တုန်းက ထိုက်ယီဟာ ဒီစကြ၀ဠာထဲ ခိုးဝင်လာခဲ့ပြီး ဖရိုဖရဲဥကို ၀င်ပူးလို့ ထိုက်ယီ ဖြစ်လာခဲ့တယ်… သူ တာအိုရရှိပြီးတဲ့နောက်မှာ ဒီစွန့်ပစ်မြေက တံခါးကို လာရှာပြီး အကြီးဆုံးသခင်လေးရဲ့ ချိပ်တံဆိပ်ကို အင်အားသုံး ချိုးဖျက်ခဲ့တာပဲ”
အဘိုးအိုနှင့် အဘွားအိုက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး မည်သည့်စကားမှ မပြောပေ။
ကလေးမလေးနှင့် အမျိုးသမီးမှာ ဇဝေဇဝါဖြစ်နေသည်။ အမျိုးသမီးက မေး၏။ “ဘာလို့ ဒီထိုက်ယီဆိုတဲ့ ပုဂ္ဂိုလ်က ကျွန်မတို့ကို လာကယ်ရတာလဲ”
ချင်မူ ခေါင်းခါမိသည်။ “သူက ခင်ဗျားတို့ကို လာကယ်တာ မဟုတ်ဘူး.. ခင်ဗျားတို့ရွာထဲက ဝေဒနာသည်ကို လာကယ်တာပဲ”
ဤတစ်ကြိမ်တွင် ရှန့်ကျွင်းနှင့် ၀က်ဦးခေါင်းပင်လျှင် အံ့အားသင့်သွားကြလေသည်။ ပန်းကန်ထဲရှိ ၀က်ဦးခေါင်းက တခြားပန်းကန်ထဲရှိ ၀က်ခြေထောက်ကို မြှောက်ကာ သူ့လည်ဂုတ်အား ကုတ်လိုက်သည်။ သူက ဇဝေဇဝါဖြင့် မေး၏။ “ဝေဒနာသည်… ငါတို့ရွာထဲက ဝေဒနာသည်လား”
“အဲဒီဝေဒနာသည်ပဲ”
ချင်မူက ဖြေသည်။ “ထိုက်ယီ ဒီကိုလာခဲ့ရတာက အဲဒီပုဂ္ဂိုလ်ကို ကယ်ဖို့ပဲ.. ထိုက်ယီက ဒီစကြ၀ဠာထဲ ပထမဦးဆုံး ဝင်ရောက်နိုင်တဲ့သူ ဖြစ်ခဲ့ပြီး တာအိုရခဲ့တဲ့ ပထမဦးဆုံးသူလည်း ဟုတ်တယ်… သူက မီလော့နန်းတော် ခိုးဝင်လာမှာကို တားဆီးခဲ့တယ်…. သူက စကြ၀ဠာမှာ တစ်ယောက်တည်း ရှိခဲ့တာဆိုတော့ အရင်က တစ်ခါမှ အောင်မြင်ဖို့ အခွင့်အရေး မရှိခဲ့တာကို အောင်မြင်ချင်ခဲ့တယ်…. ဒီကိစ္စက သိပ်ကို အရေးကြီးတယ်လေ … ဒါကြောင့် ဒီနေရာအထိ ဝင်လာပြီး တံခါးကို ရိုက်ဖွင့်ခဲ့တာပဲ …. သူ့ရဲ့အရှိန်အဝါက ပြိုင်ဘက်ကင်းတော့ ပထမဆုံးကျောက်ပြားကို ဆွဲနှုတ်လို့ အကြီးဆုံးသခင်လေးရဲ့ ၀င်္ကပါကို ပျက်စီးစေခဲ့တယ်… ခင်ဗျားတို့အားလုံးကို ကျောက်ပြားထဲကနေ လွတ်မြောက်သွားစေခဲ့တာပေါ့”
လူတိုင်းက အဘိုးအိုကို တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ ၀က်ခေါင်းက လှမ်းအော်၏။ “အဘိုးကြီး၊ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအခြေခံက အမြင့်ဆုံးလေ… ခင်ဗျားက ပထမဆုံး နှိုးထလာတဲ့သူပဲ…. ခင်ဗျားပဲ ကျုပ်တို့ကို နှိုးပြီး ကျောက်ပြားထဲကနေ ထွက်လာအောင် လုပ်ခဲ့တာ …. သူပြောတဲ့အတိုင်း ကျောက်ပြားထဲကနေ ခင်ဗျား လွတ်လာတာလား”
အဘိုးအိုလည်း သက်ပြင်းချ၍ တိတ်ဆိတ်စွာ ခေါင်းညိတ်ရင်း ပြောသည်။ “ဒီစကြ၀ဠာ ပထမဦးဆုံး မွေးဖွားခဲ့တုန်းက တစ်ခုခုဖြစ်ပျက်ခဲ့တာ အမှန်ပဲ…. မင်းတို့အားလုံးက ဒီနေရာမှာ ဖိနှိပ်ခံရပြီး အိပ်ပျော်နေခဲ့ကြတယ် … ငါက စတင်ဖိနှိပ်ခံခဲ့ရတဲ့ အချိန်ထဲက နိုးနေခဲ့တာ… ငါ ဝေဒနာသည်ကို လိုက်ရှာခဲ့တယ်… ဝေဒနာသည်က သိပ်ကို အရေးကြီးတယ်… ဘာမှ မှားသွားလို့ မဖြစ်ခဲ့ဘူး… အဲဒီအချိန်မှာ ဒီစကြဝဠာရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဆင်းသက်လာတာကို အာရုံခံခဲ့မိတယ်….”
ရှန့်ကျွင်းက ရုတ်တရက် ထမေးသည်။ “ဝေဒနာသည်က ဘယ်သူလဲ”
အားလုံး အခန်းထဲရှိ ဝေဒနာသည်ကို လှမ်းကြည့်လိုက်မိကြ၏။ ဤရွာငယ်ကလေးမှာ မီးလောင်ပြာကျသည်အထိ ပျက်စီးနေချေပြီ။ ဝေဒနာသည် ရှိနေသည့်အခန်းမှာလည်း ပျက်စီးနေပြီ ဖြစ်သည်။ ဝေဒနာသည်က အိပ်ရာပေါ်တွင် လှဲနေဆဲဖြစ်ပြီး သူ့အပေါ်သို့ နေရောင်ဖြာကျနေလေသည်။
ယခုလေးတင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ အလွန်တရာ ပြင်းထန်သော်လည်း သူ့အပေါ် သက်ရောက်မှု တစ်စုံတစ်ခုမှ မရှိသည့်အလားပင်။
ယုတ္တိကျကျ ပြောရလျှင် ချင်မူ့လို ပုဂ္ဂိုလ်တစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည့်အတွက် ဝေဒနာသည်သည် တိုက်ပွဲအရှိန်အဝါများကြောင့် သေချာပေါက် လွင့်ထွက်သွားရမည် ဖြစ်သည်။ သို့သော် ဝေဒနာသည်မှာ အင်္ကျီစကလေးပင် တွန့်ကြေခြင်းမရှိဘဲ လှဲလျောင်းနေဆဲဖြစ်၏။
သူတို့အားလုံး ဤနေရာတွင် ဖိနှိပ်ခံထားရခြင်းဖြစ်သော်လည်း အဘိုးအိုနှင့် အဘွားအိုသာ ဝေဒနာသည်၏ သရုပ်မှန်ကို သိကြသည်။ သူတို့နှစ်ယောက်သည် ဝေဒနာသည် သရုပ်မှန်နှင့် ပက်သက်လျှင် ဆတ်ဆတ်ထိမခံ ဖြစ်ကာ ဝေဒနာသည်၏ အရင်းအမြစ်ကို အသိမခံကြပေ။
သူတို့နှစ်ယောက်သည် အလွန်တရာမြင့်မားသော ရာထူးများ ပိုင်ဆိုင်ခဲ့ကြသည့်အလျောက် သူတို့အပေါ် လေးစားရိုသေကြသူများလည်း ရှိခဲ့ကြသည်။ သို့သော် ဝေဒနာသည်အပေါ် အလွန်ရိုကျိုးကြသဖြင့် ရွာထဲရှိ အခြားသူများကလည်း ဝေဒနာသည်ကို အထူးဂရုစိုက်ကြ၏။
“သူက….”
အဘိုးအိုက တခဏတုံ့ဆိုင်းနေပြီးနောက် ပြောသည်။ “သူက တျန်းတုကို ဖန်တီးခဲ့တဲ့သူပဲ…”
၀က်ခေါင်း၊ အမျိုးသမီးနှင့် ကလေးမလေးမှာ မျက်နှာအကြီးအကျယ် ပျက်သွားကြသည်။ သူတို့၏ အကြည့်များက အိပ်ရာပေါ်ရှိ ဝေဒနာသည်အပေါ် ကျရောက်သွားပြီး အလန့်တကြား အော်လိုက်ကြ၏။ “သူက အဲဒီပုဂ္ဂိုလ်လား”
ရှန့်ကျွင်းမှာ တျန်းတုအကြောင်း တစ်ခါမှ မကြားဖူးသဖြင့် ဇဝေဇဝါ ဖြစ်နေရှာသည်။
အဘိုးအိုက ဆက်ပြော၏။ “တကယ်တော့ ငါ အကြီးဆုံးသခင်လေးဆီမှာ အဖမ်းခံဖို့ တစ်ယောက်ယောက်က တောင်းဆိုခဲ့တာ…. ဟီးဟီး အကြီးဆုံးသခင်လေးရဲ့ စွမ်းဆောင်ရည်တွေက မြင့်မားပေမယ့် ငါကလည်း အဲဒီအချိန်တုန်းက သူ့အောက် အားမနည်းဘူးလေ … အင်း အခုတော့ ငါက စကြ၀ဠာခေတ် အနည်းငယ်လောက် ဖိနှိပ်ခံထားရတာဆိုတော့ သေချာပေါက်နိမ့်ကျနေပြီပေါ့… ငါ့ကို တောင်းဆိုခဲ့တဲ့သူက သိပ်ကို ကျေးဇူးတင်ခဲ့တာ… သူက ငါ့ကို ယုံကြည်ခဲ့တဲ့အတွက် ငါ အသက်ကို ရင်းပြီး ဆောင်ရွက်ခဲ့တယ်… သူက ဝေဒနာသည်ကို စောင့်ရှောက်ပေးဖို့ တောင်းဆိုတဲ့အတွက် ငါ ဒီနေရာကို ရောက်လာခဲ့တာပဲ…”
အဘွားအိုမှာ သူ ဒီကိစ္စအကြောင်း ထုတ်ပြောသည်ကို တစ်ခါမှ မကြားဖူးသဖြင့် တအံ့တဩ ပြောလိုက်သည်။ “အဘိုးကြီး အရင်တုန်းက ရှင့်ရဲ့ နာမည်က တော်တော်ကျော်ကြားပြီး စွမ်းဆောင်ရည်ကလည်း တအားမြင့်မားတာလေ…. ရှင့်ရဲ့ ဇာတ်မြစ်က ရှေးကျလွန်းတဲ့အတွက် ကျွန်မတောင် ရှင် ဒီနေရာမှာ ဘာလို့ ဖမ်းဆီးဖိနှိပ်ခံထားရတာလဲဆိုတာ သိချင်ခဲ့တာ… ဒီအကြောင်းပြချက်ကြောင့် ဖြစ်နေမယ် ထင်မထားခဲ့ဘူး… ရှင့်ကို ဒီလိုကိစ္စမျိုး လုပ်အောင် တောင်းဆိုနိုင်တဲ့သူက ဘယ်သူများလဲ”
အဘိုးအိုသည် ထိုအကြောင်းအား ဆက်မပြောချင်သယောင်ပင်။ “ဒီကိစ္စအကြောင်း တော်ပြီ…အဲဒီနှစ်တုန်းက ငါက အင်အားကြီးပုဂ္ဂိုလ်တစ်ယောက် ချိပ်တံဆိပ်ကို ချိုးဖျက်ပြီး အကြီးဆုံးသခင်လေးရဲ့ ချိပ်တံဆိပ်ကို ဖျက်ဆီးခဲ့တာ အာရုံခံခဲ့မိတယ်… ချိပ်တံဆိပ်လျော့ရဲသွားတဲ့အချိန်မှာ ငါ ကျောက်ပြားထဲကနေ လွတ်လာခဲ့တယ်… အဲဒီပုဂ္ဂိုလ်ရဲ့ ခွန်အားကိုလည်း အာရုံခံခဲ့မိတယ်… အဲ့ဒါက သခင်လေးခုနစ် ပြောတဲ့ ထိုက်ယီပဲ ဖြစ်ရမယ်…. ဒါပေမဲ့ အဲ့ဒီထိုက်ယီ ကျောက်ပြားတောအုပ်ထဲ ဝင်ရောက်လာတဲ့အခါမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်…”
သူ၏မျက်နှာအိုကြီးမှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။ သူက ဆေးတံကို မြှောက်၍ ရှိုက်ဖွာရန် ပြင်လိုက်သော်လည်း ဆေးရွက်များက လောင်ကျွမ်းသွားပြီ ဖြစ်၏။ အဘိုးအိုက ပြာကို ခါထုတ်၍ သစ်ရွက်အနည်းငယ်ကို ခြေကာ ဆေးရွက်အဖြစ် အသုံးပြုလိုက်သည်။ သူက ဆက်ပြောချေသည်။ “အဲဒီပုဂ္ဂိုလ်ရဲ့ အရှိန်အဝါက သိပ်ကို အားကောင်းတယ်… ဒါပေမဲ့ သူ ကျောက်ပြားတောအုပ်ဆီ ချဉ်းကပ်လာတဲ့အခါမှာ သူ့ရဲ့အရှိန်အဝါက ရုတ်တရက် ထိုးကျသွားခဲ့တယ်… အရှိန်အဝါကျဆင်းသွားတဲ့ အမြန်နှုန်းက ငါ မှန်းဆလို့တောင် မရနိုင်ခဲ့ဘူး”
ပန်းကန်ပေါ်ရှိ ၀က်ခေါင်းက ဝင်ပြောသည်။ “အကြီးဆုံးသခင်လေးရဲ့ ကျောက်ပြားတောအုပ်က ငါတို့ရဲ့ မှော်စွမ်းအင်နဲ့ ကောင်းကင်နတ်သိုင်းကိုတောင် ဖိနှိပ်နိုင်တာပဲလေ… ထိုက်ယီလည်း ကျောက်ပြားတောအုပ်ရဲ့ ဖိနှိပ်ခံရတာနေမှာပေါ့”
အဘိုးအိုက ခေါင်းခါရမ်းသည်။ “မဟုတ်ဘူး…. ထိုက်ယီရဲ့ ခွန်အားက အကြီးဆုံးသခင်လေးအောက် နိမ့်ကျမနေဘူး… ဆိုတော့ သူက ဘာလို့ အကြီးဆုံးသခင်လေး ထားခဲ့တဲ့ ချိပ်တံဆိပ် ဖိနှိပ်တာ ခံရမှာလဲ… သူ့ရဲ့အရှိန်အဝါ လျော့ကျနေတဲ့အပြင် မှော်စွမ်းအင်ပါ လျော့ကျလာတာကို ငါ ခံစားခဲ့မိတယ်… မျက်စိတစ်မှိတ်အတွင်း သူ့ ကြည့်ရတာ သေတော့မလိုပဲ”
ချင်မူသည် သူ့အနောက်မှ ဆက်ပြော၏။ “အဲဒီ့နောက်မှာတော့ သူ အလျင်အမြန် နောက်ဆုတ်ခဲ့တယ်…. သူ နောက်ဆုတ်နေတဲ့အချိန်မှာ သူ့ရဲ့အရှိန်အဝါက ပိုပိုပြီး မြင့်တက်လာခဲ့တယ် … သူ့ရဲ့မှော်စွမ်းအင်ကလည်း ပိုပြီးအားကောင်းလာခဲ့တယ်မလား…”
“သခင်လေးခုနစ်က ဘယ်လိုလုပ်သိတာလဲ”
အဘိုးအိုက အံ့ဩစွာဖြင့် မေးလိုက်သည်။ “သခင်လေးခုနစ် ပြောတဲ့အတိုင်း သိပ်ကို မှန်ပါတယ်… သူ ကျောက်ပြားတောအုပ်ကနေ ထွက်ခွာသွားတဲ့အခါမှာ သူ့ရဲ့ မှော်စွမ်းအင်နဲ့ အရှိန်အဝါက မြန်မြန်ဆန်ဆန်ပဲ ပြန်အားပြည့်လာခဲ့တယ်…. သူ တံခါးအနား ရောက်သွားတာ ကျုပ် အာရုံခံမိတဲ့အချိန်မှာတော့ သူ့ရဲ့အရှိန်အဝါက အကောင်းအတိုင်း ပြန်မြင့််တက်နေပြီ … သူ တံခါးကနေ ထွက်ခွာသွားတဲ့အချိန်မှာတော့ သူ့ရဲ့ အရှိန်အဝါနဲ့ မှော်စွမ်းအင်က အထွတ်အထိပ်ကို ရောက်သွားတယ်”
ချင်မူ့အကြည့်က ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ “ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ဒြပ်ထုနဲ့ စွမ်းအင် ကိုက်ညီမှုမရှိတဲ့အတွက်ကြောင့်ပဲ…. တစ်စုံတစ်ယောက်က ဒြပ်ထုနဲ့ စွမ်းအင် မကိုက်ညီတာကို အသုံးချပြီး သူ့ရဲ့ ဝိညာဉ်ကို ကာကွယ်ခဲ့တာ… သူ မီလော့နန်းတော်အရှင်သခင်လက်ထဲမှာ သေဆုံးခဲ့ရပေမယ့် အနာဂတ်မှာ ဆက်ပြီး ရှင်သန်နိုင်နေအောင်လို့ပေါ့… ဒါပေမဲ့ တူညီတဲ့ ဝိညာဉ်နှစ်ခု တွေ့ကြုံတဲ့အချိန်ကျရင် တစ်ခုက သေချာပေါက် ပျောက်ကွယ်သွားလိမ့်မယ်…”
အားလုံး ဇဝေဇဝါဖြစ်သွားသည်။
အဘိုးအိုသည် ခန့်မှန်းမိသွားပြီး ဝေဒနာသည်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်၏။ သူက အထိတ်တလန့် ရေရွတ်လိုက်သည်။ “သခင်လေး ပြောချင်တာက သူ ပြန်ရောက်လာတာလား”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… သူ ပြန်ရောက်လာပြီ… ဒါပေမဲ့ သူ ဝေဒနာသည်အနား မကပ်နိုင်ခဲ့ဘူး… သူ အပြင်မှာ ရှိနေပြီး ကျောက်ပြားကို ဆွဲမနှုတ်ခင်တုန်းက ဝေဒနာသည်နဲ့ မတူညီတဲ့ အချိန်နဲ့ နေရာမှာ ရှိနေခဲ့တဲ့အတွက် အဆင်ပြေခဲ့တယ်… ဒါပေမဲ့ ပထမဆုံးကျောက်ပြားကို ဆွဲနှုတ်ပြီး ချိပ်တံဆိပ်ကို ချိုးဖျက်ခဲ့တဲ့အခါမှာ ဝေဒနာသည်နဲ့ တူညီတဲ့ အချိန်နဲ့ နေရာကို ရောက်သွားခဲ့တယ်… ဒါကြောင့် သိပ်ကို လျင်မြန်တဲ့ အမြန်နှုန်းနဲ့ ပျောက်ကွယ်နေခဲ့တာပဲ… အဲဒါကြောင့်ပဲ သူ့ရဲ့အရှိန်အဝါနဲ့ မှော်စွမ်းအင် အဆမတန် ကျဆင်းလာတာကို ခင်ဗျား အာရုံခံခဲ့မိတာ”
အဘိုးအိုမှာ အလွန်တရာ စိတ်လှုပ်ရှားနေသဖြင့် သူ၏ အသံက အက်ကွဲစွာ ထွက်လာသည်။ “သူက သူ ပျောက်ကွယ်ပြီး သူ့ကိုယ်သူ မကာကွယ်နိုင်တော့မှာကို အာရုံခံခဲ့မိတဲ့အတွက် စတင်နောက်ဆုတ်ခဲ့တာပဲ… ဒါပေမဲ့ ကျုပ်တို့ လွတ်မြောက်အောင် အခွင့်အရေး ပေးခဲ့သေးတယ်… ကျောက်ပြားကို သူနဲ့အတူ ယူသွားခဲ့တာ…”
“အဲဒီနောက်မှာတော့ ဘိုးဘေးနန်းတော်ကို ဆက်လက်ကာကွယ်ပြီး အခွင့်အရေးတစ်ခု စောင့်နေခဲ့တယ်….” ချင်မူက ဆက်ပြောသည်။ “ကျွန်တော် ပေါ်လာတဲ့အချိန်မှာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်လည်း နောက်တကြိမ် ပေါ်လာခဲ့တယ်… သူက ကျွန်တော့်ကို လှည့်စားပြီး ဘိုးဘေးနန်းတော်ရဲ့ အနက်ရောင်တောင်တန်းကို ကာကွယ်လို့ အတိတ်စကြ၀ဠာရဲ့ တာအိုသိုင်းပညာရှင်တွေ ခိုးဝင်မလာနိုင်အောင် ကာကွယ်စေခဲ့တယ်…. သူက မီလော့နန်းတော်ကို တိုက်ရိုက်သွားပြီး မီလော့နန်းတော်အရှင်သခင်နဲ့ ဆွေးနွေးခဲ့ပေမယ့် မီလော့နန်းတော်အရှင်သခင်ကြောင့် လေးစင်းမြောက် စကြ၀ဠာဆီ အပို့ခံခဲ့ရတယ်.. ”
ချင်မူ ဆက်မပြောတော့ပေ။
ထိုက်ယီသည် မီလော့နန်းတော်အရှင်သခင်နှင့် သွားရောက်ဆွေးနွေးသည်သာမက အခြားတစ်စုံတစ်ခုကိုလည်း သွားရောက်စုံစမ်းခဲ့ခြင်း ဖြစ်သည်။
သူ့အနေဖြင့် မီလော့နန်းတော်အရှင်သခင် အသက်ရှင်လျက် ရှိ၊ မရှိ အတည်ပြုရန် လိုအပ်ခဲ့၏။
သူတို့၏ ဆွေးနွေးမှုတွင် မည်သူအနိုင်ရခဲ့သည်ကို မည်သူမှ မသိသော်လည်း မီလော့နန်းတော်အရှင်သခင်ကတော့ အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ဒီပုဂ္ဂိုလ်က ထိုက်ယီပဲ”
ချင်မူက အဓိပ္ပါယ်လေးနက်စွာဖြင့် ပြော၏။ “အဘိုး၊ ကျွန်တော် ကယ်တင်ချင်တဲ့ ပုဂ္ဂိုလ်ကလည်း သူပဲ… ဒါပေမဲ့ အခုလောလောဆယ်မှာ အရေးကြီးကိစ္စတစ်ခု ရှိနေတဲ့အတွက် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာဆီ မသွားနိုင်သေးဘူး… နည်းလမ်းများ ရှိသလား”
အဘိုးအိုမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်သည်။ “သခင်လေး” သူက အလျင်အမြန် ပြော၏။ “သခင်လေး ဒြပ်ထု နဲ့ စွမ်းအင်ကို ပြောင်းလဲဖို့ ဘယ်လောက်ခက်ခဲသလဲ ကျုပ် မသိပေမယ့် သူသာ ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာရဲ့ ဟင်းလင်းပြင်ထဲမှာ ဖိနှိပ်ခံထားရတာဆိုရင် သေချာပေါက် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲမှာ သေချာပေါက် ဖျက်ဆီးခံရမှာ မဟုတ်ဘူး….
“ဆိုတော့ ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာအထိ အသက်ရှင်နိုင်ခဲ့လိမ့်မယ်…. သူ မရှုံးနိမ့်ခင်တုန်းက ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာမှာ ဖိနှိပ်ခံထားရတဲ့ ‘သူ’ က ပျောက်ကွယ်နေတာကြောင့် တွေ့မြင်လို့ မရနိုင်ခဲ့ဘူး… ဒါပေမဲ့ မီလော့နန်းတော်အရှင်သခင်ကြောင့် လေးစင်းမြောက် စကြ၀ဠာဆီ ရောက်သွားတဲ့အခါမှာတော့ ဖိနှိပ်ခံထားရတဲ့ ‘သူ’ က သေချာပေါက် ဆယ့်ခုနစ်စင်းမြောက် ဟင်းလင်းပြင်မှာ သေချာပေါက် ပေါ်လာမှာပဲ”
ချင်မူ့နှလုံးသားမှာ တုန်လှုပ်သွားပြီး သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “သူ မြေပုံ ထားခဲ့ပြီး ကျွန်တော့်ကို လာကယ်ခိုင်းတာ အံ့ဩစရာမရှိဘူးပဲ… ဒါပေမဲ့….”
သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ “ဒါပေမဲ့ ဒါက ဆယ့်ခြောက်စင်းမြောက် အန္တိမဟင်းလင်းပြင်မှာ ရှိတဲ့ တာအိုသစ်ပင်တွေရဲ့ နေရာချထားတဲ့ မြေပုံပဲ… ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာရဲ့ အန္တိမဟင်းလင်းပြင်နဲ့ မတူဘူး...”
ရှန့်ကျွင်းက ရုတ်တရက် ဝင်ပြောသည်။ “အန္တိမဟင်းလင်းပြင်မှာ ဒြပ်ထု မရှိဘူး… မဟာခြုံလွှမ်းကောင်းကင်ဘုံတွေပဲ တည်ရှိနိုင်တာ…. ဒါကြောင့်မလို့ စကြ၀ဠာအားလုံးရဲ့ အန္တိမဟင်းလင်းပြင်အကုန်လုံး တူညီပြီး ဗလာနယ် ဖြစ်နေတယ်…”
ချင်မူ့မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ရင်မှာ တဒိန်းဒိန်း ခုန်လာသည်။ “တခြားနည်းနဲ့ ပြောရရင် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာရဲ့ တာအိုသစ်ပင်မြေပုံ ရှိထားသရွေ့ ထိုက်ယီ ဘယ်နေရာမှာ ချုပ်နှောင်ခံထားရလဲဆိုတာ ရှာနိုင်မှာပေါ့…”