ရှစ်ပင်မြောက်သစ်ပင်
Vol. 129 Ch. 1666
“လောကသစ်ပင်နဲ့ အဆုံးသတ်မြို့ပျက်ရဲ့ တည်နေရာက ကိန်းသေပဲ... စကြဝဠာထဲမှာ မပြောင်းလဲဘူး”
အဘိုးအိုက ရှင်းပြသည်။ “လောကသစ်ပင်နဲ့ အဆုံးသတ်မြို့ပျက်ရဲ့ တည်နေရာကို အတည်ပြုပြီးရင် ကျုပ်တို့မှာ မှီငြမ်းလို့ရတဲ့ ဆုံမှတ်တစ်ခု ရှိလာပြီး ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာရဲ့ တာအိုသစ်ပင်မြေပုံကို ဆယ့်ခုနစင်းမြောက် စကြ၀ဠာရဲ့ အန္တိမဟင်းလင်းပြင်နဲ့ တိုက်စစ်ကြည့်လို့ရပြီ… အဲ့ဒါဆို ထိုက်ယီရဲ့ တည်နေရာကို ရှာဖွေနိုင်ဖို့ ခက်ခဲတော့မှာမဟုတ်ဘူး…”
ချင်မူလည်း ခေါင်းတညိတ်ညိတ်ဖြင့် စိတ်အေးသွားသည်။ သူက ပြုံးနေသည်။ “ထိုက်ယီကို ရှာရမယ်… ထိုက်ယီမှာ ဝေဒနာသည်ကို နိုးထစေနိုင်မယ့် နည်းလမ်းရှိရမယ်… ကျွန်တော် ဒီကျောက်ပြားတောအုပ်ကို ဖြေရှင်းပြီးတာနဲ့ ဝေဒနာသည်ကို ကယ်နိုင်ပြီ”
အလွန်လွယ်ကူသည်ဟု ထင်ရနိုင်သော်လည်း အဘိုးအိုနှင့် အဘွားအိုသည် မည်မျှခက်ခဲကြောင်း သိရှိထားကြ၏။
ထိုက်ယီမှာ ဤနေရာတွင် ဖိနှိပ်ခံထားရခြင်း မဟုတ်သဖြင့် အခြားတစ်နေရာရာတွင် ဖိနှိပ်ခံထားရခြင်း ဖြစ်ပေလိမ့်မည်။ ထိုက်ယီသည် ဤနေရာရှိ ချုပ်နှောင်မှုကို ချိုးဖျက်ခဲ့သော်လည်း ထိုနေရာတွင် ချိုးဖျက်ခဲ့ခြင်း မရှိသဖြင့် ချင်မူက ချိုးဖျက်ပေးရမည် ဖြစ်သည်။
“ဒီခရီးမှာ အန္တရာယ်တွေ တွေ့ကြုံနိုင်တယ်…ရှန့်လေးကို အဖော် ခေါ်သွားလိုက်ပါ”
အဘိုးအိုက သတိပေးသည်။ “ရှန့်လေးက သတ်ဖြတ်ခြင်းနဲ့ တာအို ရခဲ့တာဆိုပေမယ့် လက်လွတ်စပယ် သတ်ဖြတ်တတ်တဲ့သူတစ်ယောက် မဟုတ်ပါဘူး… သခင်လေး သူ့ကို ခေါ်သွားရင် ဒီခရီးမှာ အန္တရာယ်နည်းလိမ့်မယ်… ဒ့ါအပြင် သူက တာအိုသစ်ပင်တွေရဲ့ နေရာချထားပုံနဲ့ ရင်းနှီးနေတာဆိုတော့ သခင်လေးအနေနဲ့ ထိုက်ယီကို ပိုပြီးမြန်မြန် ရှာဖွေနိုင်ပါလိမ့်မယ်..”
ချင်မူ ခေါင်းညိတ်မိသည်။ သူ့အနေဖြင့် ရှန့်ကျွင်းကို ခေါ်ထုတ်သွားရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။
“ကောင်းပါပြီ…”
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြုံး၏။ “အားလုံးပဲ ရှစ်ပင်မြောက် တာအိုသစ်ပင်က ဘယ်သူ့တာအိုသစ်ပင်လဲ ပြောမပြကြတော့ဘူးလား”
ဝေဒနာသည်နှင့် ၀က်ကြီး ကျူစန်းထုံအပါအဝင် ရွာထဲတွင် လူဦးရေခုနစ်ယောက်သာ ရှိသော်လည်း တာအိုသစ်ပင်ကတော့ ရှစ်ပင် ရှိနေသည်။ ထိုပုဂ္ဂိုလ်ခုနစ်ဦးအပြင် ရှစ်ဦးမြောက် ပုဂ္ဂိုလ်တစ်ယောက် ရှိနေသည်မှာ သိသာနေသည် မဟုတ်လော။
အမျိုးသမီးက ပြုံးလိုက်သည်။ “သခင်လေးကတော့ နောက်နေပြန်ပါပြီ… ဒီမှာ ကျွန်မတို့ပဲ ရှိတာကို ရှစ်ယောက်မြောက်ပုဂ္ဂိုလ်က ဘယ်လိုရှိမှာလဲ”
ချင်မူ အံ့အားသင့်စွာဖြင့် အခြားသူများကို ကြည့်လိုက်သည်။ ကလေးမလေးကလည်း ပြောသည်။ “ဒီနေရာမှာ တကယ်ကို ရှစ်ယောက်မြောက်ပုဂ္ဂိုလ် မရှိတာပါ”
ပန်းကန်ပေါ်ရှိ ဝက်ခေါင်းကပါ ဝင်ပြောသည်။ “ငါတို့ သခင်လေးကို မလိမ်ပါဘူး… တကယ်ကို မင်းပြောတဲ့ ရှစ်ယောက်မြောက်သူဆိုတာ မရှိဘူး… ရှစ်ယောက်မြောက်ပုဂ္ဂိုလ် မရှိတဲ့အပြင် ရှစ်ပင်မြောက် တာအိုသစ်ပင်လည်း မရှိဘူးလေ”
ထိုစဉ် အဘွားအိုမှာ စိတ်ထဲ လှုပ်ခတ်သွားကာ ခပ်သွက်သွက် ဝင်မေးသည်။ “သခင်လေးက အမြဲတမ်း တာအိုသစ်ပင်ရှစ်ပင် ရှိတယ်လို့ ပြောနေခဲ့တာ… သခင်လေးက ကျွန်မတို့ကို လိမ်နေတာများလား”
ချင်မူ ရယ်မောမိသည်။ “ကျွန်တော်က ကြင်နာသနားတတ်ပြီး ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်လို့ ခင်ဗျားတို့ကို ပြောပြီးသားလေဗျာ…. ဘာလို့ လိမ်ရမှာတုန်း… နေပါဦး ခင်ဗျားတို့ရွာထဲမှာ တာအိုသစ်ပင်ရှစ်ပင် ရှိတယ်ဆိုတာ တစ်ယောက်မှ မသိကြဘူးလား..”
အဘွားအိုသည် တည်ကြည်လေးနက်နေသော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
အခြားသူများကလည်း ခေါင်းညိတ်လိုက်ပြီး လေထုအနေအထားက တင်းကြပ်လာတော့သည်။
အဘိုးအိုက ပြောသည်။ “တစ်လျှောက်လုံး သခင်လေးက တာအိုသစ်ပင်ရှစ်ပင် ရှိတယ်ဆိုပြီး ကျုပ်တို့ကို လိမ်နေတယ်ထင်ခဲ့တာ… ဒါပေမဲ့ ကျုပ်တို့မျက်လုံးထဲမှာတော့ ခုနစ်ပင်ပဲ ရှိပြီး ဒီနေရာမှာ ဖိနှိပ်ခံထားရတာလည်း ကျုပ်တို့ခုနစ်ယောက်ပဲ ရှိတယ်…”
ချင်မူမှာ ခံစားချက်မကောင်းစွာဖြင့် ခပ်ဩဩ မေးလိုက်သည်။ “ခင်ဗျားတို့ ရှစ်ပင်မြောက်ကို မမြင်ရဘူးလား…”
အားလုံးက ခေါင်းခါရမ်းပြ၏။
လေထုအနေအထားမှာ ပို၍ပင်ပြင်းထန်လာသည်။
ချင်မူ တာအိုသစ်ပင်ကို မြင်နေရခြင်းမှာ သူ၏မျက်ခုံးနှစ်ဖက်အကြားရှိ ဒေါင်လိုက်မျက်လုံးသည် အားကောင်းလွန်းပြီး ကမ္ဘာဦးဖရိုဖရဲများကိုပင် ထွင်းဖောက်မြင်ရသည့်အတွက် ဖြစ်သည်။ သို့သော် သူတို့တွင်တော့ ထိုသို့အားကောင်းသည့် နတ်မျက်လုံးများ မရှိပေ။
ကလေးမလေးသည် ရုတ်တရက် ပြုံးလိုက်၏။ “သခင်လေး နောက်နေတာမလားဟင်… လန့်လာအောင် မလုပ်ပါနဲ့..”
ပန်းကန်ထဲရှိ ဝက်ခေါင်းက ကြက်သီးမွေးညှင်းများ ထသွားပြီး ၀က်နားရွက်နှစ်ဖက်က သူ၏မျက်လုံးတွင် လာကပ်နေသည်။ သူက ၎င်းအနောက်မှ ဟိုဟိုသည်သည် ချောင်းကြည့်နေ၏။
ချင်မူ့အတွေးများက အနည်းငယ် လှုပ်ရှားသွားပြီး သူ၏ ဓားလမ်းစဉ်ကို ရုတ်သိမ်းပေးလိုက်သည်။ ၀က်နတ်ဘုရားသည် ဓားဒဏ်ရာများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ခန္ဓာကိုယ်အား ပြန်ဆက်လိုက်လေသည်။
ချင်မူက ပြုံးလျက် ပြော၏။ “ကျွန်တော့်ရဲ့ သင်္ချာကို သိုင်းပညာဆရာသခင်ကွမ်းချာ သင်ပေးခဲ့တာဆိုတော့ ကျွန်တော် အတွက်မှားသွားတာ ဖြစ်ပါလိမ့်မယ်… ကျွန်တော် ဒီနေရာကနေ တစ်ယောက် ခေါ်သွားပြီး ခင်ဗျားတို့အားလုံးကို ထုတ်ပေးလို့ ရပေမယ့် ကျောက်ပြားတောအုပ်ကို ဖျက်ဆီးဖို့ လိုတယ်… ဖျက်ဆီးနိုင်တဲ့စွမ်းအား ကျွန်တော့်မှာ မရှိသေးဘူး… အခု လောလောဆယ်တော့ ဒီမှာပဲ နေခဲ့ဖို့ မျက်နှာပြောင်တိုက်ပြီး တောင်းဆိုပါရစေ… ကျွန်တော် စွမ်းဆောင်နိုင်စွမ်းရှိတဲ့အခါကျရင် ကျောက်ပြားတောအုပ်ကို ဖျက်ဆီးပြီး အားလုံးကို ကယ်ထုတ်ပေးပါမယ်”
အဘိုးအိုသည် သစ်ပင်တစ်ပင်အရင်းသို့ လျှောက်သွား၍ မျက်မှောင်ကြုတ်ရင်း ခါးသီးစွာ ပြော၏။ “ကျုပ် ဒီမှာ နေနေရတဲ့အကြောင်းအရင်းက ဝေဒနာသည်ကို စောင့်ရှောက်ပေးဖို့ပဲ… သူ နိုးထမလာရင် ကျုပ်လည်း ထွက်သွားလို့မရဘူး… သခင်လေး ကျောက်ပြားတောအုပ်ကို ဖျက်ဆီးလိုက်ရင်တောင်မှ ကျုပ် ဒီနေရာက ထွက်မသွားနိုင်ဘူး”
သူက ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ကာ ဆေးတံမှုတ်နေသည်။ သူက ဆေးတံမှုတ်နေရင်း ချင်မူ့ကို လှမ်းလှမ်းကြည့်တတ်၏။
အဘွားအိုက နောက်ထပ်သစ်ပင်တစ်ပင်အောက်သို့ ကတုန်ကယင် လျှောက်သွားရင်း ခပ်ဟဟ ရယ်လိုက်သည်။ “အဘိုးကြီး ငါ နင်နဲ့ အတူ ဒီမှာနေမယ်” သူမက ထိုင်လျက် နေပူစာလှုံနေသည်။ သူမက လက်မြှောက်၍ ဦးခေါင်းမှ ဆံထိုးကို ထုတ်လိုက်လေသည်။
ရှန့်ကျွင်းက ရွာထဲမှ ထွက်သွား၍ ပြောသည်။ “ငါ သခင်လေးကို ရွာပြင်မှာ စောင့်နေမယ်… အချိန် သိပ်မဆွဲပါနဲ့ သခင်လေး”
ကျူစန်းထုံးသည်လည်း သူ၏ တာအိုသစ်ပင်ကို သယ်လာ၍ ပြုံးကာ ပြော၏။ “ဒီတိုက်ပွဲက ငါတို့ရဲ့ မိတ်ဆွေသံယောဇဉ်ကို စမ်းသပ်တာပဲ… မင်းတို့အပေါ် အရင်က မှားဖူးတာတွေ ရှိခဲ့တယ်…. ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်… ငါ့ရဲ့ တာအိုသစ်ပင်ကို သွားစိုက်လိုက်ဦးမယ်”
ကလေးမလေးမှာမူ တာအိုသစ်သီးကို ကိုင်၍ သူမ၏ တာအိုသစ်ပင်ပေါ်သို့ ခုန်တက်သွားသည်။ သူမက ပြုံးလျက် လှမ်းပြောလေသည်။ “ငါ့တာအိုသစ်သီးကို တာအိုသစ်ပင်မှာ ပြန်ချိတ်ရဦးမယ်”
အမျိုးသမီးက သက်ပြင်းချသည်။ “သခင်လေးကို ထမင်းတစ်နပ်နဲ့ ဧည့်ခံချင်ခဲ့ပေမယ့် ကိစ္စတွေအများကြီး ဖြစ်ပျက်သွားခဲ့တာပဲ… သခင်လေး၊ ကျွန်မ ဝေဒနာသည်ရဲ့ အဝတ်တွေကို လျှော်ရဦးမယ်.. အဝတ်လျှော်ပြီးရင် အခြောက်ခံဖို့ ဝေဒနာသည်ရဲ့ တာအိုသစ်ပင်မှာ သွားလှန်းရဦးမယ်..”
သူမက ဇလားတစ်ခု ကိုင်ပြီးနောက် ဝေဒနာသည်၏ တာအိုသစ်ပင်ဆီ သွား၍ အဝတ်များ လှမ်းနေသည်။
ထိုသို့လုပ်ပြီးနောက် သူမသည် ရေတွင်းဆီသို့ ပြန်သွားကာ သစ်သားတုတ်တစ်ချောင်းဖြင့် အဝတ်များအား ထုရိုက်လျှော်ဖွတ်နေတော့သည်။
ရွာဝင်ပေါက်တွင် ရှန့်ကျွင်းသည် သူ၏သစ်ပင်အောက်၌ လက်မောင်းသွေးကြောများ ထောင်လျက် ရပ်နေသည်။ သူ၏လက်ထဲတ ဓားမတစ်ပိုင်းသာ ကျန်တော့၏။ ၎င်းသည် ချင်မူ့ကြောင့် ခုတ်ပိုင်းခံခဲ့ရသော်လည်း သူ၏စွမ်းဆောင်ရည်များအပေါ် များများစားစား သက်ရောက်မှုမရှိပေ။
ကလေးမလေးက တာအိုသစ်ပင်ထိပ်မှ ချောင်းကြည့်လာသည်။ သူမမှာ ချင်မူ့အမူအရာများကို စိုးရိမ်တကြီး အကဲခတ်နေလေသည်။
အဘိုးအိုက ဆေးတံမှုတ်နေပြီး အဘွားအိုကတော့ ခေါင်းဖြီးနေသည်။ ကျူစန်းထုံးသည် သူ၏တာအိုသစ်ပင်ကို ပြန်စိုက်နေပြီး အနက်ရောင်တောဝက်တစ်ကောင်အဖြစ် ပြောင်းကာ ၎င်း၏နှာခေါင်းဖြင့် မြေကြီးကို တူးဆွ ဖို့နေသည်။ သို့သော် ၎င်း၏ မှေးကျဥ်းသော မျက်လုံးလေးများကတော့ တစ်ချက်တစ်ချက် ပတ်ဝန်းကျင်အား ကြည့်နေတတ်သည်၊။
အမျိုးသမီးက အဝတ်များကို ထုရိုက်နေသော်လည်း ရေလောင်းရန် မေ့နေသည်။
သူတို့၏မျက်လုံးထဲတွင် ချင်မူသည် ခြေထောက်ကို လှုပ်ရှားပြီး နေရာဟင်းလင်းပြင်အလွတ်တစ်ခုစီသို့ ရောက်သွား၏။ ထိုနေရာ၌ မည်သည့်အရာမှ မရှိသော်လည်း ချင်မူက ဖြည်းညှင်းစွာ လက်ဆန့်တန်းလိုက်သည်။
အားလုံးမှာ အတော်လေးစိတ်လှုပ်ရှားကာ စိုးရိမ်ပူပန်နေကြသည်။ ရုတ်တရက် ချင်မူကား တစ်စုံတစ်ခုအား ထိတွေ့မိသွားပုံပင်။
ပုန်းကွယ်နေသော ရှစ်ပင်မြောက် တာအိုသစ်ပင်။
ချင်မူ့လက်ဖျား တာအိုသစ်ပင်ကို ထိတွေ့သွားသည့်နှင့် သူတို့ခြောက်ယောက်သား ချက်ချင်း ပြေးဝင်လာကြသည်။
ကလေးမလေးက တာအိုသစ်ပင်ဆီမှ လှစ်ခနဲ ခုန်ဆင်းလာ၏။ သူမ၏ခန္ဓာကိုယ်က မြစ်ရေပြင်တွင် ကပ်လျက် ပျံသန်းနေသည့် ပျံလွှားငှက်တစ်ကောင်အလား မြေပြင်နှင့် နီးကပ်နေသည်။ သူမက ခြေထောက်ကို ဆောင့်၍ ခုန်တက်ကာ လျှာအား ကိုက်ချလိုက်၏။ တာအိုသွေးတို့က သူမလက်ထဲရှိ တာအိုသစ်သီးတွင် ပေသွားပြီး တာအိုသစ်သီးအား ထွန်းလင်းတောက်ပလာစေသည်။
အမျိုးသမီးက တင်းပုတ်ကို မြှောက်လိုက်ပြီး ခြေလှမ်းများ ယိမ်းယိုင်သွား၏။ သူမ၏ပုံရိပ်က လေကဲ့သို့ လှည့်ပတ်ကာ ဟိန်းဟောက်၍ ချင်မူ ထိလိုက်သောနေရာသို့ တင်းပုတ်ဖြင့် ရိုက်ချလိုက်သည်။
ကျူစန်းထုံးကလည်း ဒေါသတကြီး ဟိန်းဟောက်၍ သူ ယခုလေးတင် စိုက်နေခဲ့သော တာအိုသစ်ပင်ကိုပြန်နှုတ်ကာ ကောင်းကင်နှင့် မြေကြီးကို ပြည့်နှက်သွားစေနိုင်သည့် အနက်ရောင်တော၀က်ရိုင်း အသွင်ပြောင်းလိုက်သည်။ သူက ထရပ်၍ ချင်မူ့လက်ချောင်းများ ထိတွေ့သွားသောနေရာသို့ တာအိုသစ်ပင်နှင့် လွဲရိုက်ချလိုက်တော့သည််။
တစ်ချိန်တည်းမှာပင် ရှန့်ကျွင်း၏ ဓားမကျိုး၊ အဘိုးအို၏ ဆေးတံနှင့် အဘွားအို၏ ဆံထိုးတို့ကလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြသည်။
သူတို့ခြောက်ယောက်လုံး ခွန်အားအပြည့်အဝ ထုတ်သုံးလိုက်ကြပြီး ချင်မူနှင့် ယခုလေးတင် တိုက်ခိုက်ခဲ့တုန်းကထက် အားနည်းနေခြင်း မရှိပေ။
သူတို့တွင် အခွင့်အရေးတစ်ခုသာ ရှိကြောင်း သိထားကြသည်။ သူတို့အကြားတွင် ပုန်းကွယ်နေခဲ့သော တာအိုသစ်ပင်မှာ နှစ်ကုဋေပေါင်းများစွာ ကွယ်၀ှက်နေခဲ့ပြီး သူတို့အနေဖြင့် သတိမထားမိခဲ့ကြပေ။ ထိုပုဂ္ဂိုလ်၏ စွမ်းဆောင်ရည်များက အမှန်တကယ်ပင် ထူးကဲသာလွန်သည်ကို သိနိုင်ပေသည်။
တစ်ဖက်ရန်သူသာ သတိလက်လွတ် ဖြစ်မနေပါက သူတို့ပူးပေါင်းလိုက်လျှင်တောင်မှ ထိုပုဂ္ဂိုလ်ကို မည်သို့နည်းနှင့်မှ ထိခိုက်နိုင်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ထိုပုဂ္ဂိုလ်၏ တာအိုသစ်ပင်နှင့် သစ်သီးကို ဖျက်ဆီးကာ တာအိုလမ်းစဉ်အား ချိုးဖျက်ပစ်ရပေလိမ့်မည်။
ဝုန်း….
ပြင်းထန်လှသော လှိုင်းဂယက်များက ပျံ့ကားထွက်လာပြီး မုန်တိုင်းထန်သွားသည်။ ၎င်းက တာအိုသစ်ပင်ဘေးတွင် ရပ်နေသော ချင်မူ့အဝတ်များကို တဖျတ်ဖျတ် ပျံ့လွင့်နေစေ၏။ သူ့မှာ နောက်သို့ အဆက်မပြတ် ဆုတ်နေရသည်။
ချင်မူသည် ဤတုန်လှုပ်ဖွယ်ကောင်းလှသော အားကြီးကို ခုခံနိုင်ရန် အနောက်သို့သာ ဆုတ်သွားနေ၏။ မုန်တိုင်း ပျောက်ကွယ်သွားသည့်အချိန်တွင် သူ့မှာ ရွာပြင်သို့ ရောက်လာခဲ့ကြောင်း တွေ့လိုက်ရသည်။
သူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်၍ လှမ်းကြည့်လိုက်၏။ တာအိုသစ်ပင်ကား ထိုနေရာ၌ မလှုပ်မယှက် တည်ရှိနေဆဲပင်။ တာအိုသစ်ပင် ပတ်ပတ်လည်တွင် မည်သူ့ကိုမှ မတွေ့ရပေ။
ချင်မူ အံ့အားသင့်သွားပြီး အသေအချာ ရှာဖွေလိုက်သည်။ ကလေးမလေးမှာ သူမ၏တာအိုသစ်ပင်ပေါ်တွင် ခြေထောက်တစ်ချောင်း ချိတ်၍ တွဲလောင်းကျနေသည်ကို တွေ့လိုက်ရ၏။ လက်ထဲတွင် တာအိုသစ်သီးကိုင်ထားဆဲ ဖြစ်ပြီး သတိမေ့နေသည်။
အမျိုးသမီးမှာမူ ရေတွင်းထဲကျနေပြီး တင်းပုတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ တင်းပုတ်က ရေတွင်းအဝတွင် ကန့်လန့်ခံပေးထားသည်။
ရှန့်ကျွင်းက သူ၏ တာအိုသစ်ပင်အောက်၌ ပက်လက်လန်နေသည်။ ဓားမကိုင်ထားသော သူ၏လက်မှ သွေးများ စီးကျနေပြီး သူ၏မျက်လုံးများက ငေးကြောင်နေသည်။ သူ့လက်ထဲရှိ ဓားမကျိုးမှာ လုံးဝအက်ကွဲသွားပြီဖြစ်ပြီး ဓားရိုးကတော့ အပိုင်းအစများသာ ကျန်ရစ်ခဲ့လေသည်။
အဘွားအို၏ ဆံထိုးကတော့ သူမ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ထိုးစိုက်နေပြီး သူမသည် အသက်မျှင်းမျှင်းသာ ရှူနေ၏။ အဘိုးအို၏ ဆေးတံက ပေါက်ကွဲသွားခဲ့ပြီး သူ၏ဦးခေါင်းသည် သူ ထိုင်နေကျ ကျောက်ခုံနှင့် ဝင်တိုက်ကာ သွေးတို့ ဒလဟော ထွက်နေသည်။
ကျူစန်းထုံးမှာ အစွယ်အားလုံး ကျိုးနေပြီး သူ၏တာအိုသစ်ပင်ကို မှီလျက် သတိမေ့နေသည်။
ချင်မူ အတော်လေးအံ့အားသင့်သွားမိသည်။ မျက်စိတစ်မှိတ်အတွင်း တာအိုသိုင်းပညာရှင်ခြောက်ဦးမှာ ရှုံးနိမ့်၍ ဒဏ်ရာရသွားခဲ့ကြချေပြီ။
“အကြီးဆုံးသခင်လေး”
အဘိုးအိုက ကတုန်ကယင် ထရပ်လာသည်။ သူ၏လက်မောင်းများ တုန်ရီနေပြီး ဆေးတံကို ဆေးရွက်ဖြည့်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ သို့သော် ဆေးတံက ပေါက်ကွဲသွားပြီး ဆေးရွက်များ လွ့င်ထွက်လာသည်။
သူ၏အသံက အက်ကွဲနေပြီး သူ၏မျက်လုံးထဲတွင် အကြောက်တရားနှင့် ဒေါသတို့က ရောယှက်နေကြ၏။ “အကြီးဆုံးသခင်လေးရဲ့ တာအိုသစ်ပင်ပဲ… သူက အမြဲတမ်း ဒီမှာရှိနေခဲ့တာ… အဟက်… ဒီခွေးကောင်ကတော့…”
ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး သူ၏အကြည့်သည် ကောင်းကင်ပေါ်ရှိ နေမင်းဆီသို့ ကျရောက်သွား၏။
နေမင်း၏ အရှိန်အဟုန်မှာ ပြင်းထန်နေဆဲဖြစ်ပြီး စကြ၀ဠာဆယ်ခေတ်တိုင်တိုင် လောင်ကျွမ်းတောက်ပနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ခုနစ်စင်းမြောက် စကြ၀ဠာမှ စ၍ နှစ်ကုဋေပေါင်းမည်မျှ ထွန်းတောက်နေခဲ့သည်ကိုတော့ မည်သူမှ မသိနိုင်ပေ။
နိယာမများအရ နေမင်းသည် သေဆုံးအငွေ့ပျံ၍ နေရာဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားရမည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ဤနေမင်းက ယခုအချိန်အထိ အသက်ရှိနေဆဲဖြစ်သဖြင့် သူ့မှာ သံသယဝင်လာမိသည်။
“အကြီးဆုံးသခင်လေးက ဒီမှာ မဟုတ်ဘူး”
ချင်မူက ရုတ်တရက် ပြော၏။ “သူ့ရဲ့ မျက်လုံးနဲ့ တာအိုသစ်ပင်ကိုပဲ ထားခဲ့တာ”
အဘိုးအိုလည်း ကုန်းရုန်းထလျက် ကောင်းကင်ရှိ နေမင်းအား မော့ကြည့်လိုက်သည်။ သူက စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်ပြီး အက်ကွဲကွဲ ပြော၏။ “ကျုပ် ဒီနေရာမှာ အကြာကြီး ဖိနှိပ်ခံခဲ့ရတာဆိုတော့ သူနဲ့ မယှဉ်နိုင်တော့ဘူး… အဟက်… အရင်တုန်းက ကျုပ်က သူနဲ့တန်းတူ နာမည်ကျော်ခဲ့တာ… အခုတော့ သူ့ရဲ့မျက်လုံးတစ်လုံးကိုတောင် မယှဥ်နိုင်တော့ပါလား…”
သူသည် အတော်လေး အထီးကျန်ခဲ့ရ၏။
ကတိတစ်ခုကြောင့် ဝေဒနာသည်ကို စကြ၀ဠာဆယ်စင်းစာ ကြာသည်အထိ စောင့်ရှောက်ပေးခဲ့ရသည်။ ထိုအချိန်များအတွင်း သူ၏ကျင့်ကြံခြင်းအခြေခံကို စွန့်ပစ်ခဲ့ရသဖြင့် ယခင်တုန်းက သူနှင့်တန်းတူ နာမည်ကျော်ခဲ့သော အကြီးဆုံးသခင်လေးကို မယှဉ်နိုင်တော့ချေ။ သူ၏နှလုံးသားထဲရှိ စိတ်ပျက်နေမှုအား ဖော်ပြ၍ပင် မရနိုင်ပေ။
အဘိုးအိုကို ဤနေရာရှိ ပုဂ္ဂိုလ်များက လေးစားကြသည်ကို ချင်မူ တွေ့နိုင်သည်။ သူသည် သူ၏ခေတ်အခါတုန်းက အလွန်တရာနာမည်ကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ့ဒဏ္ဍာရီများကို ကြားခဲ့ဖူးသူများ ရှိနေခြင်းပင်။
သို့သော် ဤရွာငယ်လေးတွင် စွမ်းဆောင်ရည် အမြင့်မားဆုံးပုဂ္ဂိုလ်က အဘိုးအို မဟုတ်ဘဲ ရှန့်ကျွင်းဖြစ်သည်။
ရှန့်ကျွင်းသည် တာအိုသစ်ပင်တစ်ပင်နှင့် တာအိုသစ်သီးတစ်လုံးသာ ပိုင်ဆိုင်ထားသေးသော်လည်း သူ၏စွမ်းဆောင်ရည်များက ရွာထဲရှိ အခြားတာအိုသိုင်းပညာရှင်များထက် ကျော်လွန်နေပြီ ဖြစ်၏။
၎င်းက ချင်မူ ရှန့်ကျွင်းကို ခေါ်သွားချင်ရသည့် အကြောင်းအရင်းလည်း ဖြစ်လေသည်။
ချင်မူက ရှေ့သို့လျှောက်သွား၍ အဘွားအို၏ မျက်ခုံးနှစ်ဖက်ကြားမှ ဆံထိုးကို ဆွဲနှုတ်ကာ သူမ၏ ဒဏ်ရာများကို ကုသပေးလိုက်သည်။ ထို့နောက် အဘိုးအိုအား ပခုံးပုတ်လိုက်သည်။
အဘိုးအိုမှာ အသိစိတ်ပြန်ဝင်လာပြီး ခြောက်ကပ်ကပ် ပြောသည်။ “သခင်လေးကို လိုက်ပို့ပေးပါမယ်”
အခြားသူများက ကုန်းရုန်းထလိုက်ကြပြီး ချင်မူ့အား ရွာဝင်ပေါက်အထိ လိုက်ပို့ပေးကြ၏။
ရှန့်ကျွင်းလည်း အားတင်း၍ ထရပ်ကာ တခဏတိတ်ဆိတ်နေပြီးနောက် ပြောသည်။ “ငါ့မှာ ဓားမ မရှိတော့ဘူးဆိုတော့ မင်းကို သိပ်ကူညီနိုင်မယ်မထင်ဘူး… ဒါ့အပြင် ငါ့ရဲ့ အသတ်အဖြတ်စိတ်ဆန္ဒက သိပ်ကို အားကောင်းတော့ ရန်သူတွေလည်း များတယ်… မင်းအပေါ် ဒုက္ခပဲ ရောက်စေလိမ့်မယ်”
ချင်မူက ပြုံးလိုက်သည်။ “တိုက်ဆိုင်လိုက်တာ… ငါ့မှာလည်း ရန်သူတွေအများကြီးပဲ… မင်းထက်တောင် များဦးမယ်ထင်တယ်’’
ရှန့်ကျွင်း တွန့်ဆုတ်နေသဖြင့် ချင်မူက တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။ “ရှန့်ကျွင်း၊ သတ်ဖြတ်ခြင်းနဲ့ တာအိုရခဲ့တဲ့သူက ကြောက်နေတာလား… မင်း အပြင်လောကထဲ ပြန်သွားရမှာ ကြောက်နေတာဟာ အကြီးဆုံးသခင်လေးကြောင့် မဟုတ်ဘူး… အပြင်လောကထဲ ပြန်သွားရမှာကိုပဲ ကြောက်နေတာမလား”
ရှန့်ကျွင်း နှုတ်ဆိတ်နေသည်။
“မင်း တာအိုရအောင် သတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခြင်းလမ်းစဉ်မှာ ၃၆ ဘုံမြောက် ကောင်းကင်ဘုံအထိ တက်လှမ်းနိုင်ခဲ့ပေမယ့် မင်းရဲ့ တာအိုနှလုံးသားက လိုအပ်နေသေးတယ်”
ချင်မူ့အကြည့်က စူးရှနေသည်။ “ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာက မင်းလက်ထဲမှာ ဖျက်ဆီးခံခဲ့ရတာလို့ ခံစားခဲ့ရတဲ့အတွက် ဒီနေရာကနေ ထွက်သွားဖို့ ကိုယ့်ကိုကိုယ်အပြစ်တင်ပြီး ရှက်ကြောက်နေမိတာပဲ.. မင်းကို ဖိနှိပ်ချိပ်ပိတ်ခဲ့တာက အကြီးဆုံးသခင်လေး မဟုတ်ဘူး… မင်းက မင်းကိုယ်တိုင်အတွက် လှောင်အိမ်တစ်ခု ရှာတွေ့သွားပြီး ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားခဲ့တာ... မင်းက အတိတ်တုန်းက တာအိုရဖို့ သတ်ဖြတ်ခဲ့တဲ့ ရှန့်ကျွင်းမဟုတ်တော့ဘူး… မင်း ဒီနေရာကနေ ထွက်သွားမယ်ဆိုရင်တောင် အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ပြီး တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်မှာမဟုတ်ဘူး”
ရှန့်ကျွင်း၏ အသံက အက်ကွဲနေသည်။ “ဒါဆို မင်း ဘာလို့ ငါ့ကို လိုအပ်နေသေးတာလဲ”
ချင်မူက သူ့ဘေးမှ ဖြတ်လျှောက်သွားသည်။ “ငါ မင်းကို လိုအပ်တာပေါ့.. ထိုက်ယီကို ရှာဖို့အတွက် မင်း ကူညီပေးဖို့လိုတယ်.. တစ်လောကလုံးမှာ အချွန်ထက်ဆုံး ဓားမကိုလည်း ငါ လိုအပ်တယ်… မင်းက အဲ့ဒီဓားမတော့ မဟုတ်တော့ပေမယ့် အဲဒီဓားမ ဖြစ်လာအောင် ငါ သွေးပေးနိုင်တယ်… ငါ့နောက် လိုက်ခဲ့… မင်း အပြင်ထွက်နိုင်အောင် လုပ်ပေးနိုင်တယ်”
ရှန့်ကျွင်းက ချင်မူ့အရိပ်အလား သူ့အနောက်မှ နီးကပ်စွာ လိုက်ပါသွားသည်။
မကြာမီ ကျောက်ပြားတောအုပ်ဆီသို့ ရောက်ရှိလာကြ၏။ ရှန့်ကျွင်းက ချင်မူ့အရိပ်ထဲတွင် ပုန်းနေသည်။ သူတို့နှစ်ယောက်သား ခြေလှမ်းတူညီစွာဖြင့် လျှောက်သွားကြသည်။ တစ်ချိန်တည်း စည်းချက်ညီညီဖြင့် လျှောက်လှမ်းသွားကြပြီး ကျောက်ပြားတောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။
ရွာပြင်တွင် သူတို့နှစ်ယောက်လုံး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်နေသည့်အချိန်တွင် ကျူစန်းထုံးက ထပြောသည်။ “မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်က တော်တော်ထူးဆန်းတာပဲ”
“အေး… တကယ်ကို ထူးဆန်းတဲ့သူပဲ”
အမျိုးသမီးက သက်ပြင်းချလိုက်သည်။ “သူ ရန်သူဆိုပေမယ့် သူ့ကို မုန်းတီးဖို့ ခက်တယ်… မမုန်းနိုင်တဲ့အပြင် သူနဲ့တောင် မိတ်ဆွေတွေ ဖြစ်လာချင်တဲ့စိတ် ပေါ်စေတယ်…”
အမျိုးသမီးသည် ရယ်လိုက်၏။ “ငါ ဒီလောက်ထူးဆန်းတဲ့သူမျိုး ပထမဦးဆုံးတွေ့ဖူးတာပဲ.. လက်ထပ်ပြီးသား ဖြစ်နေတာတော့ တော်တော်နှမြောစရာကောင်းတယ်… မဟုတ်ရင် ရာရာလေး ယောက်ျားကောင်းတစ်ယောက်ရမှာကို…”
ကလေးမလေးသည် မျက်နှာလေးနီရဲသွားပြီး ထွီခနဲ တံတွေးထွေးလျက် သစ်ပင်အနောက်တွင် သွားပုန်းနေ၏။
အားလုံးက ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီးနောက် အပြင်းအထန် ချောင်းဆိုးလိုက်ကြသည်။