← Chapters

ပုန်ကန်လိုက်ပြီ

Vol. 129 Ch. 1667

ပုန်ကန်လိုက်ပြီ

Vol. 129 Ch. 1667

ရှန့်ကျွင်းက ချင်မူ့နောက်မှ တစ်လှမ်းချင်း လိုက်လာသည်။ ချင်မူ သွားသည့်နေရာတိုင်း၌ သူ ကပ်ပါလာစမြဲပင်။

ချင်မူ့လမ်းက မှန်သည်လော သို့မဟုတ် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများနှင့် ကမ္ဘာဦးဖရိုဖရဲချီကို မည်သို့သုံး၍ ကျောက်ပြားတောအုပ်ကို လှည့်စားနေသည်လော သိရန် မလိုချေ။ ချင်မူ့အနောက်မှသာ လိုက်ရန် လိုအပ်သည်။

လမ်းတလျှောက်တွင် သူတို့သည် လျှောက်လိုက်၊ ရပ်လိုက်ဖြင့် ဖြတ်သန်းလာခဲ့ကြရ၏။ ချင်မူသာ ကျောက်ပြားတောအုပ်ထဲမှ သူတစ်ယောက်တည်း ထွက်ခွာသွားလျှင် ပို၍ ရိုးရှင်းလွယ်ကူပေလိမ့်မည်။ သို့သော် ရှန့်ကျွင်းကို ခေါ်လာခြင်းက အဆပေါင်း မရေမတွက်နိုင်အောင် ပို၍ ရှုပ်ထွေးသွားစေခဲ့သည်။

ကျောက်ပြား‌တောအုပ်မှာ ဝေဒနာသည်၏ ရုပ်ခန္ဓာနှင့် ကျန်တာအိုပညာရှင်များကို ဖိနှိပ်ရန် အကြီးဆုံးသခင်လေးမှ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ရှန့်ကျွင်းကလည်း ယင်းတာအိုသိုင်းပညာရှင်များတွင် ပါ၀င်နေလေသည်။ ကျောက်ပြားတောအုပ်ကို လှည့်စားနိုင်ရန် ချင်မူသည် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ၏ တည်ဆောက်ပုံအား အသုံးပြကာ ရှုကျွင်း၏ ကိုယ်ပိုင်မဟာတာအိုအရှိန်အဝါကို ကွယ်၀ှက်ထားရန် လိုအပ်သည်။ ထို့မှသာ ဤနေရာမှ ခေါ်ထုတ်သွားနိုင်ပေမည်။

ကမ္ဘာဦးဖရိုဖရဲများ၏ တည်ဆောက်ပုံမှာ ချင်မူ့အတွက် ပြဿနာကြီးတစ်ခုလည်း ဖြစ်သည်။ သူ့မှာ ရှေ့သို့ တက်သည်နှင့်တစ်ပြိုင်နက် တွက်ချက်နေရ၏။

သူ့မှာ လှုပ်ရှားအသက်ဝင်နေသော ကျောက်ပြားတစ်ချပ်အလားပင်။ ရှုကျွင်း သူ၏ အရိပ်ထဲတွင် လျှောက်နေခြင်းက ချင်မူ့ကျောက်ပြားဖြင့် ဖိနှိပ်ထားခံရသကဲ့သို့ ဖြစ်နေသဖြင့် ကျောက်ပြားတောအုပ်တွင် မည်သည့်ပြောင်းလဲမှုမှ မဖြစ်ပေါ်စေချေ။

ချင်မူ့ကမ္ဘာဦးဖရိုဖရဲတည်ဆောက်ပုံသာ မှားယွင်းသွားပြီး ရှုကျွင်း၏ အရှိန်အဝါ စိမ့်ထွက်လာပါက ကျောက်ပြားတောအုပ်ဖြင့် ချက်ချင်း ဖိနှိပ်ခံရပြီး အစစ်အမှန်‌ ကျောက်ပြားတစ်ချပ်ထဲသို့ ချက်ချင်း ရောက်သွားပေလိမ့်မည်။

အချိန်တစ်ခုကြာပြီးနောက် ချင်မူသည် ရှုကျွင်းအား ကျောက်ပြားတောအုပ်ထဲမှ ဖြတ်သန်းခေါ်ဆောင်လာနိုင်ခဲ့သည်။ သူ၏တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်နေသည်။ သူ့မှာ တွက်ချက်ရန် ဦးနှောက်အား အဆုံးအစွန်အထိ အလုပ်ပေးပြီး မရေမတွက်နိုင်သော ပြောင်းလဲမှုများမှ လမ်းရှာခဲ့ပြီးနောက်မှ ကျောက်ပြားတောအုပ်ထဲမှ ထွက်လာနိုင်ခဲ့သည်။

ဤအခိုက်အတန့်တွင် ချင်မူ စိတ်အေးသွားပြီး မိုက်ခနဲ မူးဝေလာသည်။ သူ၏ခြေလက်များက အားနည်းလာသည်။

ချင်မူလည်း မျက်လုံးများမှိတ်၍ အကြိမ်အနည်းငယ် အသက်ရှုသွင်းရှုထုတ် လုပ်နေလိုက်၏။ သူက ထိုနေရာတွင်ရပ်၍ သူ၏ စိတ်အား တည်ငြိမ်အောင် လုပ်နေသည်။

ရှန့်ကျွင်းမှာ ပြန်လှည့်ကြည့်လိုက်ရာ မရေမတွက်နိုင်သော ကျောက်ပြားများ တည်ရှိနေသည်ကို တွေ့ရ၏။ ၎င်းတို့မှာ များပြားလွန်းသဖြင့် ပြန်လမ်းကိုပင် ရှာမတွေ့နိုင်ချေ။

ဘဝတစ်ခုပင် ကုန်ဆုံးသွားသယောင် ထင်ရသည်။ သူသည် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာအကြောင်းနှင့် အတိတ်တုန်းက သူ၏ ဇွဲမ‌လျှော့တတ်သော အကျင့်စရိုက်တို့ကို ပြန်လည်စဉ်းစားမိနေ၏။ ဤဘဝရှိ အတွေ့အကြုံများကို ပြန်လည်တွေးတောမိပြီး ယခင်ဘဝနည်းတူ ပြန်လည်ခံစားလာရသည်။

ဤဘဝတွင် သူ ဘဝအသစ် ရအောင် ဆောင်ရွက်ပေမည်။

မကြာမီ ချင်မူက မျက်လုံးများ ပြန်ပွင့်လာပြီး တံခါးထဲမှ ထွက်သွားသည်။

ရှန့်ကျွင်းသည် သူ့အနောက်မှ လိုက်လာဆဲဖြစ်၏။ ချင်မူက စကားမပြောသလို ရှန့်ကျွင်းကလည်း စကားမပြောပေ။ သူသည် ချင်မူ့အရိပ်ဖြင့် လုံးဝပေါင်းစည်းသွားသည့်အလားပင်။

ရှန့်ကျွင်းကား တာအိုရရှိရင် သတ်ဖြတ်ခဲ့သည့် လူသတ်သမားတစ်ယောက် ဖြစ်သည်။ မဟုတ်လျှင် တာအို မရရှိခင်မှာပင် တာအိုသိုင်းပညာရှင်တစ်ယောက်အား သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ ယခုတွင် ချင်မူ့အရိပ်ထဲ ပုန်းနေခြင်းဖြစ်သောကြောင့် သာမန်သူများအနေဖြင့် သူ့ကို တွေ့မြင်၍မရနိုင်သလို သူ၏အရှိန်အဝါကိုပင် အာရုံမခံနိုင်ကြပေ။

သူတို့နှစ်ယောက် တံခါးထဲမှ ထွက်လာသည့်အချိန်တွင် ချင်မူက ရုတ်တရက် ရပ်တန့်သွားသည်။

ချင်မူက အပြင်သို့ သတိတကြီး ကြည့်လိုက်သည်။ တခဏကြာသွားပြီးနောက် သူက ကျယ်လောင်စွာ ရယ်မောရင်း မေးနေသည်။ “ကျွန်တော်တို့နှစ်ယောက်လုံးက မီလော့နန်းတော်ရဲ့ သခင်လေးတွေပဲဟာ… အစ်ကိုတော်က အစ်ကိုသုံးနဲ့ အစ်ကိုလေး ကျွန်တော့်ကို ဖိနှိပ်နိုင်အောင် ကူညီပေးမလို့လား… အစ်ကိုတော်က ဆရာ့ရဲ့ တန်ဖိုးအထားရဆုံး တပည့်လို့ ကြားပါတယ်… ဆရာဆိုရင်ရင်ရော ဘယ်လိုလုပ်လောက်မလဲ”

တံခါး၏ အပြင်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။

ရှန့်ကျွင်း၏ နှလုံးသားက ပြင်းထန်စွာ ခုန်လာမိ၏။ သူ တံခါးအပြင်သို့ လှမ်းကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ မတွေ့ရပေ။

ချင်မူ အဘယ်ကြောင့် ထိုသို့ ရုတ်တရက် ထပြောရသနည်း။

မီလော့နန်းတော်၏ အကြီးဆုံးသခင်လေးက ဤအခိုက်အတန့်တွင် တံခါးအပြင်တွင် ရှိနေသည်လော။

“ဆရာက ဘက်မလိုက်ဘူး… ကျွန်တော့်အပေါ်လည်း ဘက်မလိုက်သလို တခြားအစ်ကိုတော်တွေအပေါ်လည်း အတူတူပဲ”

ချင်မူက မှင်သေသေ ပြောသည်။ “ဆရာ့ရဲ့ အမွေအနှစ်ကို တကယ် လက်ခံရခဲ့တာဆိုရင် ကျွန်တော့်ကို တားမှာမဟုတ်သလို ရှန့်ကျွင်းကိုလည်း တားမှာမဟုတ်ဘူး… ဘာလို့လဲဆိုတော့ ရှန့်ကျွင်း တာအိုသိုင်းပညာရှင် ဖြစ်ခဲ့တုန်းက ဆရာက မတားခဲ့ဘူးလေ”

တံခါးအပြင်တွင် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

ရှန့်ကျွင်းမှာ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှ တွေးနေမိ၏။ ‘သခင်လေးခုနစ် အမှတ်မှားတာများလား… အပြင်မှာ ဘယ်သူမှလည်း မရှိပါဘူး’

ထိုအခိုက်အတန့်တွင် ကျောက်ပြားတစ်ချပ်က သူတို့မြင်နိုင်သည့် တစ်နေရာတွင် ထွက်ပေါ်လာပြီး မြောလွင့်လာ၏။

ချင်မူလည်း စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ပြီး တံခါးအပြင်သို့ ထွက်သွား၏။ အရိပ်ထဲရှိ ရှန့်ကျွင်း တံခါးအပြင် ထွက်လိုက်သည့်အခါ သူ့အား တားဆီးမည့်သူမရှိချေ။ ကျောက်ပြားသာ သူတို့အနောက်မှ တိတ်တဆိတ် ‌မြောလွင့်လိုက်ပါလာသည်။

ချင်မူ ပြန်လှည့်ကြည့်လိုက်ရာ ကျောက်ပြားသည် ၎င်း၏ မူလနေရာသို့ ပြန်လည်ဆင်းသက်သွားသည်ကို တွေ့လိုက်ရ၏။

အရိပ်ထဲရှိ ရှန့်ကျွင်းက တခဏတုံ့ဆိုင်းနေပြီနောက် ပြောသည်။ “သခင်လေး၊ အဘိုးကြီးနဲ့ ကျန်တဲ့သူတွေ…”

ချင်မူက လက်မြှောက်၍ သူ့အား စကားရပ်စေသည်။

ကျောက်ပြား ကျဆင်းသွားသဖြင့် အဘိုးအို၊ အဘွားအို၊ ကျူစန်းထုံးနှင့် ရွာထဲမှ ကျန်သူများသည် သေချာပေါက် ကျောက်ပြားထဲတွင် နောက်တစ်ကြိမ် ပိတ်လှောင်ခံရမည်ဖြစ်ပြီး လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ထိုမျှသာမက ကျောက်ပြား၀င်္ကပါမှာ ပြီးပြည့်စုံစွာ ပြန်လည်ဖွဲ့တည်သွားပြီး မည်သည့်ဟာကွက်မှ မရှိတော့ချေ။ ချင်မူ အနာဂတ်တွင် ဤနေရာသို့ ပြန်ရောက်လာပါက ခွန်အားသုံး၍ ၀င်္ကပါကို ချိုးဖျက်ရပေလိမ့်မည်။

ထိုသို့ခွန်အားမျိုးက ထိုက်ယီကဲ့သို့ အတိုက်အခိုက်စွမ်းရည်များ ပိုင်ဆိုင်ထားရန် လိုအပ်သည်။

“ထိုက်ယီလို အတိုက်အခိုက်စွမ်းရည်မျိုး…”

ချင်မူ့မျက်လုံးထောင့်များ တွန့်သွားပြီး စိတ်ထဲမှ တွေးနေမိသည်။ 'ငါ့မှာ အခု မပိုင်ဆိုင်ထားသေးပေမယ့် အနာဂတ်ကျ ပိုင်ဆိုင်နိုင်လိမ့်မယ်..’

ရုတ်တရက် တံခါးရှိ တံခါးရွက်ကျိုးနှစ်ခုက ပျံတက်၍ ပေါင်းစည်းကာ တံခါးရွက်တစ်ချပ်အဖြစ် တံခါးဘောင်ထဲ နေရာယူသွားသည်။

တံခါးရွက်နှစ်ချပ် ပိတ်သွားပြီး ကမ္ဘာဦးဖရိုဖရဲသင်္ကေတများက လှည့်ပတ်ကာ တံခါးအား ပိတ်လိုက်ချေပြီ။

“အစ်ကိုတော်၊ ဆရာ့လို မဖြစ်စေနဲ့”

ချင်မူက ချာခနဲ လှည့်လျက် ထွက်ခွာလာသည်။ သူ၏အသံက စွန့်ပစ်မြေထဲတွင် ပဲ့တင်ထပ်နေ၏။ “ဆရာလမ်းစဉ်အတိုင်း လိုက်မယ်ဆိုရင် ဆရာအတိုင်း မလုပ်နိုင်ရင်တောင်မှ ဆရာ့ရဲ့ ကံကြမ္မာကနေတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး.. ဆရာက ကျရှုံးသွားခဲ့ပြီးပြီ… ဘာလို့ တခြားလမ်းစဉ်ကို မကြိုးစားကြည့်တာလဲ”

စွန့်ပစ်မြေထဲတွင် မည်သူကမှ ပြန်လည်ဖြေကြားခြင်း မရှိပေ။

သူတို့ စွန့်ပစ်မြေထဲမှ ထွက်လာသည့်အချိန်တွင်တော့ ရှန့်ကျွင်းသည် သူ၏ရင်ထဲမှ မေးခွန်းတစ်ခုကို ထုတ်မေးတော့သည်။ “အခုလေးတင် အကြီးဆုံးသခင်လေး ဘယ်ရောက်သွားတာတုန်း…”

“သူ တကယ် ဆင်းသက်မလာခဲ့ဘူး...”

ချင်မူ ခေါင်းခါရမ်းလိုက်သည်။ “သူက မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်ယောက်ထဲမှာ မီလော့နန်းတော်အရှင်သခင်နဲ့ အဆင်တူဆုံး ဖြစ်တဲ့အပြင် နန်းတော်အရှင်သခင်လို တစ်ထေရာတည်းပဲ…. သူ့ရဲ့တိုက်ကွက်တွေ၊ သူ့ရဲ့တွေးခေါ်မှုတွေကတောင် မီလော့နန်းတော်အရှင်သခင်နဲ့ အတူတူပဲ… ငါ သူ့ကို အရင်က မမြင်ဖူးဘူး… ဒါပေမဲ့ သူ ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေကို သင်ယူခဲ့တာကို ကြည့်တာနဲ့ သူ့ရဲ့အကျင့်စရိုက်ကို သိနိုင်တယ်.. သူက သူ့ရဲ့ ကိုယ်ပိုင်သဘာဝကို ဖိနှိပ်ထားပြီး မီလော့နန်းတော်အရှင်သခင်နဲ့ ပိုတူအောင် လုပ်နေတာ… အဲလိုဆိုမှတော့ မီ‌လော့နန်းတော်အရှင်သခင်ရဲ့ အမိန့်ကို လိုက်နာပြီး သူရဲ့ကိုယ်ပိုင်စကြ၀ဠာဆီ ပြန်သွားလိမ့်မယ်… ဒါကြောင့် ဒီနေရာကို သေချာပေါက် ဆင်းသက်လာမှာ မဟုတ်ဘူး…”

ရှန့်ကျွင်းမှာ ရှုပ်ထွေးဇဝေဇဝါဖြစ်နေသည်။

သူ့အနေဖြင့် မီလော့နန်းတော်၏ အကြီးဆုံးသခင်လေးကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို နားလည်နိုင်ရန် မလွယ်ပေ။

“သူက ပုံရိပ်ယောင်တစ်ခုပဲ”

ချင်မူက ပြောသည်။ “အဘိုးအိုကြီးနဲ့ တခြားသူတွေ သူ့ရဲ့တာအိုသစ်ပင်ကို တိုက်ခိုက်လိုက်တဲ့အခါ သူ့ကို သတိပေးလိုက်သလို ဖြစ်သွားပြီး သူ့ရဲ့ပုံရိပ်ယောင်က လှမ်းကြည့်လာတာ… ငါ သူ့ကို ခံစားချက်ရော အချက်အလက်နဲ့ပါ နားချဖို့ လိုတယ်… မဟုတ်ရင် ငါ့ကိုလည်း တံခါးထဲမှာ ဖိနှိပ်ထားခဲ့လိမ့်မယ်… သူက မီလော့နန်းတော်အရှင်သခင်ကို တုပတဲ့အတွက်ကြောင့်ပဲ သူ့ရဲ့ စိတ်အနေအထားမှာ ပြစ်ချက်တွေ ရှိနေတာ… ဒီအချက်ကို သိထားသရွေ့ ငါတို့ လွတ်မြောက်နိုင်တယ်”

သူက သက်ပြင်းရှည်ကြီးတစ်ချက် ချ၍ ပြောသည်။ “ငါ့နောက်လိုက်ခဲ့တာ မင်း မဟုတ်ဘဲ အဘိုးကြီးနဲ့ တခြားသူတွေသာဆိုရင် ငါတို့ လွတ်မြောက်နိုင်လိမ့်မှာ မဟုတ်ဘူး… ကဲ ဘိုးဘေးနန်းတော်ဆီ သွားပြီး လောကသစ်ပင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ အန္တိမဟင်းလင်းပြင်ကို တည်ထောင်ကြစို့..”

သူက ဘိုးဘေးနန်းတော်၏ အနက်ရောင်တောင်တန်းရှိရာသို့ ဦးတည်ထွက်ခွာသွားသည်။

ယိုတုတွင်…

ယွီကျစ်၊ ရှစ်ရှို့၊ လင်ရှု လင်းယွမ်ကောင်းကင်ဘုံများ တစ်ဘုံပြီးတစ်ဘုံ ယဇ်ပူဇော်ခံနေရသည်။ ၎င်းတို့က စွမ်းအင်အဖြစ် ပြောင်းလဲ၍ အတိတ်စကြ၀ဠာထဲသို့ စီးဝင်နေ၏။ ရလဒ်အနေဖြင့် လင်းကွမ်ခန်းမအရှင်သခင်၏ တာအိုသစ်ပင်မှာ ပိုပို၍ ကြည်လင်ပြတ်သားလာပြီး တာအိုသစ်ပင်ပေါ်ရှိ တာအိုသစ်သီးများမှာလည်း ပိုပို၍ အင်အားပြည့်ဝလာသည်။

ယခု ဆယ်နှစ်ကုန်ဆုံးသွားပြီဖြစ်ရာ လင်းယွမ်ကောင်းကင်ဘုံအား ယဇ်ပူဇော်ပြီးလျှင် လင်းကွမ်ခန်းမအရှင်သခင်အနေဖြင့်် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ အထွတ်အထိပ်အခြေအနေုသို့ ပြန်လည်ရောက်ရှိနိုင်ပေလိမ့်မည်။ ထိုအချိန်တွင် ဤစကြ၀ဠာတွင် သူ့အား ယှဉ်ပြိုင်နိုင်သူ ရှိတော့မည်မဟုတ်။

လင်းကွမ်ခန်းမအရှင်သခင်က တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ဤနေ့သည် လင်းယွမ်ကောင်းကင်ဘုံ ယဇ်ပူဇော်ခံရမည့်နေ့ဖြစ်ပြီး သူ၏ တာအိုသစ်ပင် ပြီးပြည့်စုံစွာ ဆင်းသက်လာမည့်နေ့လည်း ဖြစ်၏။

သူသည် စကြ၀ဠာလေးစင်းအထိ ရှင်သန်နိုင်ခဲ့သည့် တာအိုသိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး တာအိုနှလုံးသားက အလွန်တရာ မာကြောသော်လည်း ဤအခိုက်အတန့်တွင် အနည်းငယ် လှိုင်းထလာသည်ကို ခံစားနေမိသည်။

တာအိုသစ်ပင် ဆင်းသက်လာသည့်အချိန်တွင် သူသည် မီလော့နန်းတော်မှ အခြားသူအားလုံးထက် ခြေတစ်လှမ်းစောကာ သူ၏ မဟာတာအိုအား ဤစကြ၀ဠာ၏ အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ် နိုင်ပေလိမ့်မည်။

ဤသည်က ပထမဆုံးတိုက်ကွက် ဖြစ်၏။

သူသည် မဟာတာအိုတံဆိပ်ခတ်နှိပ်ရာ၌ အားလုံးထက် ခြေတစ်လှမ်းစောနေပေလိမ့်မည်။ ထို့ကြောင့် ဤစကြ၀ဠာ မပြိုလဲခင် လေးလုံးမြောက် တာအိုသစ်သီးကို ကျင့်ကြံနိုင်မည် ဖြစ်သည်။

“မီလော့နန်းတော် ရောက်လာရင် စကြ၀ဠာပြိုလဲမှာကို တားဆီးလို့မရနိုင်ဘူး… ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာပြိုလဲတာထက်တောင် ပိုများလိမ့်မယ် ထင်တယ်… ဒီစကြ၀ဠာမှာ တာအိုသစ်သီးတစ်လုံး ကျင့်ကြံဖို့ အားလုံး မမျှော်လင့်နိုင်ပေမယ့် ငါကတော့ သေချာပေါက် လုပ်နိုင်လိမ့်မယ်…”

လင်းကွမ်ခန်းမအရှင်သခင်မှာ အတော်လေး စိတ်ကြည်နေသည်။ ဤသည်က သူ သခင်လေးခုနစ်ချင်မူအား စော်ကားမိမည့် အချက်ကိုပင် စွန့်စား၍ ဤနေရာသို့ လာရောက်ခဲ့သည့် အကြောင်းအရင်း ဖြစ်၏။

နောက်ဆုံးတွင် လင်းကွမ်ကောင်းကင်ဘုံမှာ စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ပြိုလဲပျောက်ကွယ်သွားပြီ ဖြစ်သည်။ လင်းကွမ်ခန်းမအရှင်သခင်သည် အလွန်တရာအားကောင်းသော မဟာတာအိုစွမ်းအားတစ်ခု သူ၏တာအိုသစ်ပင်၊ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးဆီမှ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူ့မှာ ဖြတ်လတ်တက်ကြွသွားပြီး ကောင်းကင်နတ်အရှင်ရှုကို လှမ်းခေါ်လိုက်၏။ သူက ပြောသည်။ “ငါ့ကို ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်… မင်းရဲ့ ယိုတုမဟာတာအိုကို တိုးတက်စေပြီး ငါ ကျေးဇူးပြန်ဆပ်ခဲ့တယ်…. ဒီနေ့တော့ ငါ အောင်မြင်သွားပြီ… ငါ အန္တိမဟင်းလင်းပြင်ကိုသွားလို့ ငါ့မဟာတာအိုကို တံဆိပ်ခတ်နှိပ်ပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံကို ဖွဲ့တည်တော့မယ်..”

ကောင်းကင်နတ်အရှင်ရှုက ကျေးဇူးတင်စွာ ဦးညွှတ်အရိုအသေပေးလိုက်သည်။

ပြီးခဲ့သည့်ဆယ်နှစ်အတွင်း လင်းကွမ်ခန်းမအရှင်သင်သခင်သည် သူမကို ကျင့်ကြံနည်း သင်ပေးခဲ့သဖြင့် အတော်လေး အကျိုးအမြတ်ရရှိခဲ့၏။ သူမ၏ ကျင့်ကြံခြင်းခွန်အားသည် အဆပေါင်းများစွာ တိုးတက်ခဲ့ပြီး အတိတ်တုန်းကထက် များစွာသာလွန်နေပြီ ဖြစ်သည်။

“ငါ သင်ပေးခဲ့တဲ့အတိုင်း ဆက်ကျင့်ကြံ… တာအိုရဖို့ မခက်ခဲဘူး..”

လင်းကွမ်ခန်းမအရှင်သခင်က သူ့အနောက်တွင် ရပ်လျက် ညွှန်ကြားသည်။ “ကောင်းကင်နတ်ဧကရာဇ် မေးရင် ငါ အန္တိမဟင်းလင်းပြင်မှာ တံဆိပ်တ်နှိပ်တော့မယ်လို့ ဖြေလိုက်… ငါ ဒီကမ္ဘာလောကမှာ တာအိုရရင် တာအိုပန်းပွင့်နှစ်ပွင့်နဲ့ တာအိုသစ်သီးသုံးလုံးကို ပိုင်ဆိုင်နိုင်လိမ့်မယ်… ငါ့ရဲ့ရုပ်ခန္ဓာကို ခွဲခြားနိုင်သရွေ့ သူ့ကို ကူညီဖို့ တာအိုသိုင်းပညာရှင်ငါးဦးအဖြစ် အသွင်ပြောင်းနိုင်တယ်”

ကောင်းကင်နတ်အရှင်ရှုမှာ အံ့အားသင့်သွားသည်။ “တာအိုသိုင်းပညာရှင် ငါးဦးတဲ့လား…”

လင်းကွမ်ခန်းမအရှင်သခင်က ပျံတက်လျက် အန္တိမဟင်းလင်းပြင်ထဲသို့ ‌ခြေလှမ်း ၃၆ လှမ်း လှမ်း၍ ၀င်ရောက်သွား၏။

“ဒီ ငယ်သေးတဲ့ စကြ၀ဠာမှာ တာအိုသိုင်းပညာရှင်တွေ များများစားစား မရှိသေးပါလား… နှစ်ပေါင်းခြောက်ကုဋေ ကြာပြီးခဲ့တာတောင် အသုံးမဝင်ဘူး…”

လင်းကွမ်ခန်းမအရှင်သခင်က အန္တိမဟင်းလင်းပြင်မှ ထွက်ပေါ်လာနေသည့် မဟာခြုံလွှမ်းကောင်းကင်ဘုံ လှိုင်းဂယက်များကို ခံစားနေရပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံ မည်မျှရှိသည်ကို ရေတွက်ပြီးနောက် ခေါင်းခါရမ်းလိုက်သည်။

သူက ထိုင်လျက် သူ၏ မဟာတာအိုကို စတင်တံဆိပ်ခတ်နှိပ်၏။ အန္တိမဟင်းလင်းပြင်၏ မရဏလေပူ လေအေးပင်လျှင် သူ့အပေါ် ထိခိုက်မှုမရှိနိုင်ပေ။ အတိတ်တုန်းက သူသည် တာအိုရရှိခဲ့ဖူးသော်လည်း ဤစကြ၀ဠာတွင် မဟုတ်ပေ။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းခွန်အားကို အဆုံးအစွန်အထိ မြှင့်တင်နိုင်ရန် သူ၏ တာအိုကို အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ရန် လိုအပ်သေး၏။

သာမန်အခြေအနေများတွင်တော့ ကျင့်ကြံသူလောကသို့ ၀င်ရောက်ကာ ယခင်စကြ၀ဠာနှင့် မတူညီသော ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းမည်ဖြစ်သည်။ ဤသည်က မီလော့နန်းတော်အရှင်သခင်၏ ရိုးရာကျင့်ကြံခြင်းလမ်းစဉ်ပင်။

“ဒါပေမဲ့ ဒီစကြ၀ဠာမှာ သခင်လေးခုနစ်ယောက် ရှိနေတယ်… ရိုးရာလမ်းစဉ်အတိုင်း ကျင့်ကြံလို့မရဘူး… ပြောရရင် သူက သခင်လေးခုနစ်လေ…”

ကောင်းကင်နတ်ဘုံ၏ စစ်တပ်မှာ ခမ်းနားကြီးမား၏။ ၎င်းသည် ကမ္ဘာဦးဘုံနှင့် ပိုပို၍နီးကပ်လာချေပြီ။ သို့သော် လမ်းတလျှောက်တွင် အရင်းအမြစ်များစွာ သုံးစွဲခဲ့သဖြင့် ကောင်းကင်နတ်ဘုံ၏ ကြွယ်၀လှသော ဘဏ္ဍာတိုက်ဖြင့်ပင် သူတို့ကို ထောက်ပံ့ပေးထားနိုင်ရန် ခက်ခဲနေသည်။

ပို၍အရေးကြီးသည်က ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ကောင်းကင်နတ်ဘုံနှင့် ဆက်သွယ်ထားသည့် စွမ်းအင်အကူးအပြောင်းတံတားအားလုံး ဖြတ်တောက်ခဲ့သောကြောင့် ကောင်းကင်နတ်ဘုံ၏ စကြ၀ဠာတစ်ခုလုံးရှိ ကမ္ဘာလောကများအပေါ် အုပ်ချုပ်မှုအား ဆုံးရှုံးစေခဲ့သည်။ ကမ္ဘာလောကအားလုံးမှ အရင်းအမြစ်အထောက်အပံ့များ မရရှိသဖြင့် ကောင်းကင်နတ်ဘုံအနေဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်ရန် စစ်တပ်များ စေလွှတ်ရသည်မှာ အတော်လေး ဝန်ပိခက်ခဲနေစေ၏။

မုန့်ယွင်ကွေ့မှာ တောင်ကောင်းကင်သို့ သွားရောက်၍ တောင်ကောင်းကင်ရှိ ကောင်းကင်ဘုံအားလုံးမှ ကြွယ်ဝမှုများကို သိမ်းပိုက်ရန် အမိန့်ပေးခံခဲ့ရသည်။ ကောင်းကင်နတ်အရှင်ဟွေ့၏ တပည့် ယန်ယကျစ်က သူ့ကို အလောတကြီးကြိုဆို၍ ကိုယ်တိုင်ဧည့်ခံ၏။ ကောင်းကင်နတ်ဧကရာဇ်၏ အမိန့်အား လက်ခံရရှိပြီးနောက် တောင်ကောင်းကင် ကောင်းကင်ဘုံအားလုံးအား ပိုင်ဆိုင်မှုမှန်သမျှ ဆက်သစေသည်။

မုန့်ယွင်ကွေ့သည် တောင်ကောင်းကင်၌ ဆယ်ရက်ကျော် စောင့်ဆိုင်းနေခဲ့၏။ ယန်ယကျစ်ကား ကုန်သင်္ဘောရာပေါင်းများစွာကို ကောင်းကင်နတ်မြစ်တလျှောက် နေရာယူထားစေပြီးဖြစ်၏။

ယန်ယကျစ်က မုန့်ယွင်ကွေ့အား တရိုတသေ လိုက်ပို့ကာ ခပ်တိုးတိုး ပြောသည်။ “ကောင်းကင်ဆရာသခင်က လူသားတစ်ယောက်ဆိုတော့ ရှားပါးရတနာတွေ ကြိုက်တယ်လို့ ကျွန်တော်သိထားရပါတယ်… နောက်ဆုံးသင်္ဘောက ကောင်းကင်ဆရာသခင်ကို ကျွန်တော် လက်ဆောင်ပေးတာပါခင်ဗျာ”

မုန့်ယွင်ကွေ့သည် ယန်ယကျစ်၏ အကျင့်စရိုက်အား မုန်းတီးစွာဖြင့် သင်္ဘောပေါ် တက်သွားသည်။ သူက သင်္ဘောတစ်စီးပေါ်မှ အမိန့်ပေးလိုက်၏။ “အခန်းတွေအားလုံး ဖွင့်ပြီး ကုန်ပစ္စည်းတွေကို စစ်ဆေးကြည့်ကြ… ဘာမှမကျန်ခဲ့စေနဲ့..”

သင်္ဘောလုပ်သားများက အခန်းတံခါးကို ဖွင့်လိုက်သည်။ မုန့်ယွင်ကွေ့မှာ အခန်းထဲသို့ ကြည့်ရင်း မှင်သက်သွားမိ၏။ အခန်းထဲတွင် အသက်အရွယ်မျိုးစုံ ရှိသည့် လူသားများ ပြည့်နှက်နေသည်။

မုန့်ယွင်ကွေ့ ဇဝေဇဝါဖြစ်သွားသဖြင့် ယန်ယကျစ်က တောင်းပန်တိုလျှိုးသော မျက်နှာအမူအရာဖြင့် ပြော၏။ “စိတ်မပူပါနဲ့ ကောင်းကင်ဆရာသခင်… ကျွန်တော် မဟုတ်တာ ဘာမှမလုပ်ထားပါဘူး… တောင်ကောင်းကင်က အသက်လေးဆယ်ကျော် လူသားတွေအားလုံး ဒီနေရာကိုရောက်နေကြတာပါ… အခုက သင်္ဘောအစီးနှစ်ရာပဲ ရှိသေးတယ်… နောက်ပိုင်းကျ ကျွန် သင်္ဘောတွေ အဆက်မပြတ် ပို့လွှတ်ပေးပါမယ်”

မုန့်ယွင်ကွေ့သည် သူ၏အင်္ကျီစကို ဆွဲကိုင်၍ မြှောက်တင်လိုက်၏။ သူက ဩရှရှလေသံဖြင့် ပြော၏။ “ငါက ကုန်ကြမ်းတွေ လိုချင်တာကွ..”

“ကောင်းကင်ဆရာသခင်၊ ဒါက ကုန်ပစ္စည်းပဲလေ..”

ယန်ယကျစ်က အနည်းငယ်ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်သဖြင့် အလျင်အမြန် ပြောသည်။ “သူပုန်ဟွေ့လက်ထက်တုန်းက လူသားတွေကို အသက် ၇၀ မှာ ယဇ်ပူဇော်စေပေမယ့် အဲဒါက အတိတ်က သမိုင်းကြောင်းဖြစ်နေပါပြီ.. အခု ရှေးဟောင်းနတ်ဘုရားဘုရင်က စည်းမျဉ်းတွေ ပြောင်းလိုက်ပြီ… အခု အသက် ၄၀ မှာ ယဇ်ပူဇော်ရတယ်…. မစိုးရိမ်ပါနဲ့ ကောင်းကင်ဆရာသခင် သူတို့အားလုံးက ပျော်နေကြတာပါ”

သူက အခန်းထဲသို့ လှည့်ကြည့်၍ မေးလိုက်သည်။ “မင်းတို့အားလုံး ပျော်ကြတယ်မလား”

အခန်းထဲရှိ လူသားများက ပြိုင်တူဖြေ၏။ “ကျုပ်တို့ပျော်ပါတယ် အရှင်”

မုန့်ယွင်ကွေ့က အားပျက်စွာဖြင့် ယန်ယကျစ်ကို ပြန်ချ၍ ပခုံးပုတ်လိုက်သည်။ သူက ရေရွတ်နေလေသည်။ “ယန်ယကျစ်၊ မင်း တော်ပါတယ်… သိပ်ကိုတော်တယ်…”

ကုန်သင်္ဘောတန်းကြီး ထွက်ခွာသွားသည်။ မုန့်ယွင်ကွေ့က သင်္ဘောထိပ်ဦးတွင် ရပ်လျက် လက်သီးအား ဆုပ်ချည်ဖြန့်ချည် လုပ်နေသည်။ သူက သင်္ဘောတန်းကို မကြာခဏ ပြန်လှည့်ကြည့်နေမိ၏။

“ငါက ငါ့မျိုးနွယ်ဝင်တွေကို ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်ဆီ ကိုယ်တိုင်ပို့ပေးနေတာပဲ... သူတို့ ကောင်းကင်နတ်ဘုံက နတ်ဘုရားမိစ္ဆာတွေ စားတာခံရအောင် ငါကိုယ်တိုင် ပို့ပေးနေတာပဲ”

သူ့မှာ မူးဝေလာမိသည်။ ရုတ်တရက် အသံတစ်သံက အိပ်မက်ဆိုးတစ်ခုကဲ့သို့ သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာ၏။

“အိပ်မက်ရှိတယ်… အဟက်… ရက်စက်လိုက်ကြတာ...”

သူ့မှာ သွေးတစ်လုတ် အန်လိုက်ရသော်လည်း သူ၏ အသားအရည်ကတော့ ပြန်လည်ပြည့်တင်းလာသည်။

ယန်ယကျစ်က သင်္ဘောတန်း ထွက်ခွာသွားသည်ကိုကြည့်နေ၏။ သူ နောက်ထပ်ကျွန်များ သွားရောက်ပြင်ဆင်တော့မည့်အချိန်တွင် မုန့်ယွင်ကွေ့၏ အသံက ရုတ်တရက် ဟိန်းထွက်လာသည်။ “ယန်ယကျစ်”

ယန်ယကျစ်လည်း ကပျာကယာ လှည့်ကြည့်လိုက်ပြီး ပြုံးပြ၏။ “ကောင်းကင်ဆရာသခင်မုန့်….”

အလင်းတန်းတစ်ခုက ဖြတ်ခနဲ တောက်ပ၍ သူ၏နဖူးအား ဖောက်ထွက်သွားတော့သည်။

ယန်ယကျစ်၏ ကမ္ဘာလောကမှာ ပြိုလဲ၍ အမှောင်ဖုံးသွားချေပြီ။ မုန့်ယွင်ကွေ့၏ ပျော်ရွှင်မှုများ ပြည့်နှက်နေသောအသံကို သူ နောက်ဆုံးကြားလိုက်ရသည်။

“ငါ…. ပုန်ကန်လိုက်ပြီ”

All Chapters