နံပါတ်တစ် ကောင်းကင်ဆရာသခင်
Vol. 129 Ch. 1668
ဤတစ်ကြိမ်တွင် မုန့်ယွင်ကွေ့သည် ကုန်ကြမ်းများကို လာရောက်သယ်ဆောင်ခြင်း ဖြစ်သည့်အတွက် ခြေလျင်စစ်သည်၊ မြင်းစစ်သည် များများစားစား သယ်ဆောင်လာခဲ့ခြင်း မရှိပေ။ လိုက်ပါလာသည့် အများစုသည် သူ၏ ကိုယ်ပိုင်စစ်တပ်မှ ဖြစ်ကြ၏။ သူတို့အား ယွီဟွာကောင်းကင်ဘုံစစ်တပ်ဟုလည်း ခေါ်သည်။
မုန့်ယွင်ကွေ့က ယွီဟွာကောင်းကင်ဘုံ၏ လူသားနတ်ဘုရားတစ်ပါး ဖြစ်သည်။ ပြီးခဲ့သည့် နှစ်များအတွင်း ယွီဟွာကောင်းကင်ဘုံမှ လူသားနတ်ဘုရားများစွာသည် သူ့လက်အောက်၌ လာရောက်ခိုလှုံခဲ့ကြ၏။ ထို့ကြောင့် ယွီဟွာကောင်းကင်ဘုံစစ်တပ်တွင် အများစုက ယွီဟွာကောင်းကင်ဘုံသားများ ဖြစ်ကြသည်။
ကောင်းကင်ဆရာသခင်တစ်ပါးဖြစ်သည့်အလျောက် မုန့််ယွင်ကွေ့သည် စစ်တပ်အပေါ် အုပ်ချုပ်ရာတွင် အတော်လေး ထူးချွန်ကောင်းမွန်၏။ လက်အောက်ငယ်သားအများစုက သူ့အပေါ် ရိုသေလေးစားကြပြီး သစ္စာရှိကြသည်။ သို့သော် ကောင်းကင်နတ်ဘုံကလည်း သူ၏ ယွီဟွာကောင်းကင်ဘုံစစ်တပ်ဆီသို့ နတ်ဘုရားတစ်ပိုင်းများစွာ စေလွှတ်၍ သူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့၏။
သူသည် လူသားတစ်ယောက် ဖြစ်သဖြင့် ကောင်းကင်နတ်ဘုံက သူ့အား မယုံကြည်ချေ။
သူ့တွင် ကောင်းကင်နတ်ဘုံ၏ နန်းစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ကဲ့သို့သော အခြားစစ်တပ်အင်အားစုများလည်း ရှိသည်။ သို့သော် ထိုတပ်ဖွဲ့များက ကောင်းကင်နတ်ဧကရာဇ်၏ အမိန့်အောက်တွင်သာ ရှိသဖြင့် သူ မစည်းရုံးနိုင်ချေ။
မုန့်ယွင်ကွေ့ ယန်ယကျစ်အား သတ်ဖြတ်လိုက်သည့်အချိန်မှာပဲ ယွီဟွာကောင်းကင်ဘုံစစ်တပ်အတွင်းတွင်လည်း ဝရုန်းသုန်းကား ဖြစ်သွားသည်။ ယန်ယကျစ်၏ လက်အောက်ရှိ နတ်မိစ္ဆာများအား မုန့်ယွင်ကွေ့ သတ်လိုက်သည့်အချိန်တွင် ယွီဟွာကောင်းကင်ဘုံစစ်တပ်မှ စစ်သည်တော်များသည် တစ်ကိုယ်လုံး သွေးတို့ စိုရွှဲနေသော ခန္ဓာကိုယ်များဖြင့် သင်္ဘောများကို စီးနင်း၍ သွေးချင်းရဲနီနေပြီဖြစ်သော ကောင်းကင်နတ်မြစ်ရေအား ဖြတ်လာကြသည်။
မုန့်ယွင်ကွေ့က ဓားကိုင်လျက် တောင်ကောင်းကင်၏ အလောင်းများကြားတွင် ရပ်နေသည်။ သူက စစ်သည်တော်များဘက်သို့ လှည့်ကြည့်လိုက်၏။ ကျွန်သင်္ဘောများက ကမ်းကပ်ထားကြသည်။ သွေးတို့က သင်္ဘောပေါ်ရှိ နတ်ဘုရားများ၏ သံချပ်ကာတို့မှ တတောက်တောက် စီးကျနေဆဲ ဖြစ်၏။
လေထုအနေအထားက ပို၍ပင် စိတ်ဓာတ်ကျဖွယ် ကောင်းလာသည်။
“နောင်တ ရလား…”
မုန့်ယွင်ကွေ့၏အသံက စောစောကလောက် ယုံကြည်ချက် ရှိမနေတော့ပေ။ ဤပုန်ကန်ခြင်းမှာ ရုတ်တရက် စိတ်လိုက်မာန်ပါ ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်နှင့် ပိုတူသည်။ ပြီးပြည့်စုံသော အစီအစဉ်တစ်ခု မဟုတ်ပေ။ သူ့ကဲ့သို့ ကောင်းကင်ဆရာသခင်တစ်ဦးအတွက် ခံစားချက်များ ထိန်းချုပ်ခံခဲ့ရခြင်းက ကျရှုံးခြင်းပင် ဖြစ်၏။
ဤပုန်ကန်မှုသည် အောင်မြင်လိမ့်မည် မဟုတ်မှန်း သူ သိရှိထားပြီးဖြစ်သည်။
သူ့နောက်မှ နှစ်ပေါင်းများစွာ သစ္စာရှိရှိ လိုက်ပါခဲ့သည့် လူသားစစ်သည်တော်များ သေဆုံးကြရလိမ့်မည်။
“မင်းတို့ ငါနဲ့ ပုန်ကန်ရင် မအောင်မြင်ဖို့ များတယ်… မင်းတို့ကို ဘယ်လိုဂုဏ်သတင်းကမှ စောင့်ကြိုနေမှာမဟုတ်ဘူး… အပုပ်ချအပြစ်တင်မှုတွေသာ မင်းတို့ကို စောင့်ကြိုနေမှာ... မင်းတို့ရဲ့ ရဲဘော်တွေလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးကြရလိမ့်မယ်…”
မုန့်ယွင်ကွေ့က သူ့လက်အောက်ငယ်သားများ၏ ရင်းနှီးနေသော မျက်နှာများကို လိုက်လံကြည့်ရှုလိုက်သည်။ သူက ခပ်ဩဩလေသံဖြင့် ဆက်ပြော၏။ “မင်းတို့ကို ယွီဟွာကောင်းကင်ဘုံကနေ ခေါ်လာနိုင်ခဲ့ပေမယ့် အသက်ရှင်လျက် ပြန်ပို့ပေးနိုင်ဖို့ အာမ,မခံနိုင်ဘူး… မင်းတို့ရဲ့ အလောင်းတွေပဲ ပြန်သွားနိုင်တာ ဖြစ်နိုင်သလို အလောင်းတောင် မကျန်တာလည်း ဖြစ်နိုင်တယ်… ငါတို့ရှုံးရင် ကောင်းကင်နတ်ဘုံ ရေးသားတဲ့ သမိုင်းကြောင်းမှာ ငါတို့ရဲ့ နာမည်ဆိုးတွေပဲ ကျန်ခဲ့လိမ့်မယ်…
“ငါတို့ သေသွားခဲ့ရင် ဘာအုတ်ဂူမှ ကျန်ခဲ့မှာမဟုတ်ဘူး… ငါတို့တစ်သက်လုံး ကျင့်ကြံခဲ့ရတာတွေက စစ်မြေပြင်မှာ ခွေးတစ်ကောင်လို သေဆုံးရတာနဲ့ အဆုံးသတ်ကောင်း အဆုံးသတ်သွားနိုင်တယ်… သေပြီးသွားရင်တောင် သူများတွေ အပြစ်တင်ရှုတ်ချတာကို ခံစားရလိမ့်မယ်… ဒါက သစ္စာဖောက်တစ်ယောက်ရဲ့ ကံကြမ္မာပဲ…”
“ငါ့နောက် ဆက်လိုက်ချင်ကြသေးလား…” သူက ကျယ်လောင်စွာ မေးလိုက်သည်။
ကျွန်သင်္ဘောများပေါ်တွင် ယွီဟွာကောင်းကင်ဘုံစစ်သည်တော်များမှာ တိတ်ဆိတ်ငြိမ်သက်နေကြ၏။ ရုတ်တရက် စစ်သည်တော်တစ်ယောက်၏ သူ၏ခေါင်းဆောင်းကို ချွတ်လိုက်ရာ ပြတ်သားလေးနက်နေသော မျက်နှာအမူအရာ ထင်ရှားလာသည်။
“ကောင်းကင်ဆရာသခင်… ကျွန်တော့်ကို ဆရာသခင်က ယွီဟွာကောင်းကင်ဘုံကနေ ခေါ်လာခဲ့တာပါ”
သက်လတ်ပိုင်း နတ်ဘုရား၏ အသံမှာ မကျယ်လောင်သော်လည်း ပြတ်သားခိုင်မာနေသည်။ “ကောင်းကင်ဆရာသခင်နဲ့ မတွေ့ခင် ကျွန်တော်ရဲ့ ဘဝက ခွေးတစ်ကောင်သာသာပဲ ရှိခဲ့တယ်… သဘာဝကပ်ဘေးကြီး ထွက်ပေါ်လာခဲ့တဲ့ အချိန်မှာ လူတိုင်းဟာ ငတ်မွတ်နေခဲ့ကြတယ်… ကျွန်တော် ရွာသားတွေနဲ့အတူ တောင်းစားဖို့ မြို့ပေါ်တက်လာခဲ့ကြတယ်.. လမ်းတလျှောက်မှာ ငတ်သေသွားတဲ့သူတွေလည်း အများကြီးပါပဲ… ကျွန်တော်ကတော့ မြို့ကို အသက်ရှင်လျက် ရောက်လာနိုင်ခဲ့တယ်… ဆာလွန်းလို့ မူးဝေနေခဲ့ပါတယ်… နတ်ဘုရားတစ်ပိုင်း စံအိမ်ရဲ့ မြောင်းထဲမှာ သူတို့ ပစ်ထားတဲ့ ဟင်းပွဲတွေကို တွေ့ခဲ့ရတယ်… ကျွန်တော် သူတို့စားလို့ ကုန်တဲ့ လူသားအရိုးတွေကိုတောင် ကောက်လာခဲ့တယ်… ဆာလွန်းတဲ့အတွက် လူ့အရိုးကိုပဲ စားဖို့တောင် တွေးမိပါတယ်… ဆရာသခင်ကပဲ ကျွန်တော့်ကို မြောင်းထဲကနေ ကယ်တင်ခဲ့တာပါ…. လူ့သိက္ခာ ထိန်းပြီး ကိုယ့်မျိုးနွယ်ကိုယ် ပြန်မစားသင့်ဘူးလို့ ပြောပြခဲ့တယ်… ကျွန်တော်တို့ လူသားတွေဟာ ဂုဏ်သိက္ခာရှိတဲ့ဘဝကို နေထိုင်ပိုင်ဆိုင်သင့်တယ်… လူသားတွေက ကျွန်ဖြစ်ဖို့ မွေးဖွားလာခဲ့တာမဟုတ်သလို နတ်ဘုရားတွေအတွက် အစာဖြစ်ဖို့လည်း မွေးလာခဲ့တာ မဟုတ်ဘူး… လူသားတွေ ပိုပြီးကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်အောင် လုပ်ပေးချင်တယ်လို့ ဆရာသခင်က ပြောခဲ့တယ်… အဲ့ဒီနေ့ကစပြီး ကျွန်တော် ဆရာသခင့်အနောက် လိုက်ခဲ့တာပါ…”
နောက်ထပ်နတ်ဘုရားတစ်ပါးကလည်း သူ၏ခေါင်းဆောင်ကို ချွတ်၍ ကြာပွတ်တစ်လက်ကြောင့် ကျန်ရစ်ခဲ့သော သူ့မျက်နှာပေါ်မှ ပိုးကောင်ကြီးသဖွယ် အမာရွတ်ကြီးကို ထုတ်ဖော်လိုက်သည်။ သူ့အသံက အက်ကွဲဩရှလျက် ထွက်ပေါ်လာ၏။ “ကျွန်တော်လည်း အဲဒီကပ်ဘေးကြီးကို ကြုံတွေ့ခဲ့ရတဲ့သူတစ်ယောက်ပါ… အဲဒီအချိန်တုန်းက ဆရာက ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ပဲ ရှိသေးတယ်… အဲဒီအချိန်တုန်းက ဆရာက သိပ်ကိုတက်ကြွခဲ့တာ… ကျွန်တော်တို့လို ငတ်မွတ်ဆာလောင်နေတဲ့သူတွေကို မျှော်လင့်ချက် ရှိလာစေခဲ့တယ်…”
“ကျွန်တော်လည်း အဲဒီအချိန်တုန်းက လူတစ်ယောက်ပါပဲ”
နောက်ထပ်ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က သူ၏ ခေါင်းဆောင်းကို ချွတ်လိုက်သည်။ “ကျွန်တော်တို့ သေသေရှင်ရှင် ဆရာသခင်နောက်က လိုက်ခဲ့ကြတယ်… ရဲဘော်တွေအများကြီး သေသွားကြပေမယ့် ကျွန်တော်တို့တော့ ကျန်ရစ်နေသေးတယ်”
“ကျွန်တော်ရောပဲ”
“ကျွန်တော်လည်း အတူတူပဲ”
“ကျွန်တော်ကတော့ မဟုတ်ဘူး… ကျွန်တော်အဖေက တူခဲ့တာပါ… သူ မသေခင် ကောင်းကင်ဆရာသခင်နောက် လိုက်ပြီး ဘယ်တော့မှ ထွက်မသွားဖို့ မှာကြားခဲ့ပါတယ်…”
ကပ်ဘေးကြီး ပေါ်ထွက်လာခဲ့တုန်းက မုန့်ယွင်ကွေ့နောက် မလိုက်ပါခဲ့သည့် ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ရှိနေသေးသည်။ သို့သော် သူတို့သည် မုန့်ယွင်ကွေ့အား ယုံကြည်အားကိုးသောကြောင့် ယနေ့အထိ ရောက်လာခဲ့ကြခြင်းဖြစ်၏။
“ဆရာသခင်က ကျုပ်တို့ကို ဖြောင့်မတ်မှန်ကန်မှု သင်ကြားပေးခဲ့တယ်…. တရားမျှတမှုမှာ နောက်ပြန်လှည့်စရာလမ်း မရှိဘူးဆိုတာ သင်ကြားပေးခဲ့တယ်”
တပ်မှူးအိုကြီးတစ်ယောက်က ပြုံးလျက် ပြောသည်။ “ဒီနေ့ တရားမျှတမှု ရှိတယ်ဆိုတော့ ပြန်လှည့်စရာလမ်း မရှိဘူး… ကျုပ်တို့…”
သူက ကုန်းပတ်ပေါ်တွက် ဒူးတစ်ဖက်ထောက်လျက် ကျယ်လောင်စွာ ပြောလိုက်၏။ “ကောင်းကင်ဆရာသခင်နောက်ကို သေတဲ့နေ့အထိ လိုက်ပါမယ်လို့ သစ္စာဆိုပါတယ်”
ကျွန်သင်္ဘောများပေါ်တွင် ယွီဟွာကောင်းကင်ဘုံစစ်သည်တော်များက ပြိုင်တူ ဒူးတစ်ဖက်ထောက်လိုက်ကြသည်။ သူတို့၏အသံများက ကောင်းကင်နတ်မြစ်၏ မြစ်ကြောခွဲများတလျှောက် ပဲ့တင်ထပ်သွားကြသည်။ “သေမယ့်နေ့အထိ ကောင်းကင်ဆရာသခင်နောက်က လိုက်မယ်လို့ သစ္စာဆိုပါတယ်”
မုန့်ယွင်ကွေ့၏ သွေးများ ပွက်ပွက်ဆူလာ၏။ သူက ဓားကို မြှောက်ကာ ကောင်းကင်နတ်ဘုံရှိရာသို့ ထိုးရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မင်းတို့အားလုံး ငါ့ကိုစိတ်မပျက်စေကြနဲ့… ငါလည်း မင်းတို့အပေါ် စိတ်မပျက်စေရဘူး… အားလုံးပဲ ထကြပါ… ဒီနေ့ မင်းတို့နဲ့ ငါ ကောင်းကင်နတ်ဘုံကို ပုန်ကန်ခဲ့ပြီ”
ကောင်းကင်နတ်မြစ်တွင်ကား လှိုင်းများထန်နေသည်။
လေပြင်းများက လှိုင်းလုံးများ ထွက်ပေါ်စေ၍ ကျွန်သင်္ဘောများဆီသို့ လာရောက်ရိုက်ခတ်နေစေ၏။ သင်္ဘောပေါ်ရှိ ကျွန်များမှာ ကြောက်လန့်တုန်ရီနေကြသည်။ ကုန်းပတ်ပေါ်ရှိ လူသားမျိုးနွယ်နတ်ဘုရားများသည် မုန့်ယွင်ကွေ့၏ အမိန့်ကြောင့် တောင်ကောင်းကင်ရှိ အခြားကောင်းကင်ဘုံများထံ ဦးတည်နေကြ၏။ သူတို့သည် ဤနေရာရှိ ကောင်းကင်နတ်ဘုံ၏ အင်အားစုများကို ရှင်းလင်းရပေလိမ့်မည်။
တောင်ကောင်းကင်ရှိ ကောင်းကင်နတ်ဘုံ၏ ကျန်ရှိသော အင်အားစုများ ကောင်းကင်နတ်ဘုံသို့ သွားရောက်သတင်းပို့ခွင့်မပေးနိုင်ချေ။
ပုန်ကန်မှုမှာ အလျင်စလို ဆုံးဖြတ်ခဲ့သောအရာ ဖြစ်သည်။ သူတို့၌ ပြင်ဆင်ထားခြင်းမရှိသလို ကောင်းကင်နတ်ဘုံလည်း အလားတူပင်။ သတင်းမပေါက်ကြားအောင် ထိန်းသိမ်းထားနိုင်သရွေ့ အချိန်ဆွဲကာ လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်နိုင်ပေလိမ့်မည်။
လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ထားလျှင်တောင်မှ သူတို့ သေကောင်းသေကြရမည်ကို သိရှိထားပြီးဖြစ်၏။
မုန့်ယွင်ကွေ့က ယွီဟွာကောင်းကင်ဘုံသို့ လူများစေလွှတ်၍ စစ်သည်တော်များ၏ ဆွေမျိုးများနှင့် မိသားစုများကို နေရာရွှေ့ပြောင်းစေသည်။ ကောင်းကင်နတ်ဘုံသို့လည်း လူများ တိတ်တဆိတ်စေလွှတ်၏။ ကောင်းကင်နတ်ဘုံ၌လည်း သူတို့၏ မိသားစုများ ရှိသောကြောင့် သူတို့ပုန်ကန်မှုမပေါ်ခင် နေရာရွှေ့ပြောင်းထားရလိမ့်မည်။ ထိုသို့မဟုတ်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မမှန်းဆရဲပေ။
“ဝမ်ချင်း၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သွား”
မုန့်ယွင်ကွေ့က တခဏတုံ့ဆိုင်းနေသော်လည်း စာလိပ်တစ်လိပ်ကို သူ အားကိုးရဆုံး တပည့်ထံ ပေးလိုက်သည်။ “ဒီစာကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ဆီ တင်ပြလိုက်”
ဝမ်ချင်းမှာ တုံ့ဆိုင်းနေသည်။ “ဆရာ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်ဘုံ ဖျက်ဆီးချင်တဲ့ ပစ်မှတ်မလား… အခုအချိန်မှာ ကောင်းကင်နတ်ဘုံ ပစ်မှတ်ထားတာ ခံနေရတဲ့အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကျွန်တော်တို့ကို ထောက်ပံ့ပေးဖို့ တပ်ဖွဲ့ မရှိဘူး… ဒါ့အပြင် မဟာလေဟာနယ်ကို တိုက်ခိုက်ခဲ့တုန်းက ဆရာကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ရွှင်ပျော်ပျော်ကျေးရွာရဲ့ မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေကို သတ်ခဲ့တာလေ... ဧကရာဇ်ယန်ဖုန်းက အဲဒီတုန်းက ရွှင်ပျော်ပျော်ကျေးရွာရဲ့ စစ်သူကြီး ဖြစ်ခဲ့ပြီး ဆရာ့ကြောင့် အတော်လေး ဆုံးရှုံးနစ်နာခဲ့တယ်လို့ သိထားပါတယ်… ရွှင်ပျော်ပျော်ကျေးရွာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက တစ်ဖွဲ့ထဲမလား…”
မုန့်ယွင်ကွေ့က လက်ဝှေ့ရမ်းသည်။ “ဧကရာဇ်ယန်ဖုန်းက ကောင်းကင်နတ်ဧကရာဇ်တစ်ပါးရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်နေစိတ်ထား ပြည့်ဝတယ်... ကောင်းကင်နတ်ဧကရာဇ်ဟောင်ထက်တောင် သာလွန်သေးတယ်… သူ မင်းကို အပြစ်တင်မှာမဟုတ်ဘူး… မြန်မြန်သွားတော့”
ဝမ်ချင်းလည်း အမိန့်အတိုင်း ကမ္ဘာဦးဘုံသို့ ပျံသန်းသွားသည်။
ထို့နောက် မုန့်ယွင်ကွေ့က တောင်ကောင်းကင်၏ ကောင်းကင်ဘုံအမျိုးမျိုးတွင် ရှိသော လူသားများကို ကောင်းကင်နတ်မြစ်နေရာတဝိုက်မှ ရွှေ့ပြောင်းစေသည်။ သူတို့သည် ရိက္ခာများ၊ ကုန်ကြမ်းများ စုဆောင်း၍ နံရံတံတိုင်းများ ဆောက်ကာ တောတောင်များကို ရှင်းလင်းပြီး တိုက်ပွဲအတွက် ပြင်ဆင်နေကြ၏။
သူ၏စစ်သည်တော်များက သူ၏လက်ချောင်းများအလားပင်။ အမိန့်ပေးလိုက်သည်နှင့် အလျင်အမြန် ပြီးစီးအောင်ဆောင်ရွက်ကြ၏။ ထို့အပြင် တောင်ကောင်းကင်၏ လူသားများကား မွေးမြူရေးတိရစ္ဆာန်များကဲ့သို့ ပျိုးထောင်ခြင်းခံထားရသည် မဟုတ်လော။ သူတို့က နတ်ဘုရားတို့၏အမိန့်များကို အာခံခြင်းမရှိဘဲ လက်ခံကြ၏။ သူတို့အတွက် ရွှေ့ပြောင်းရန်လည်း လွယ်ကူသည်။
မုန့်ယွင်ကွေ့က စစ်သည်တော်များကို ဦးဆောင်၍ ကောင်းကင်နတ်အရှင်ဟွေ့၏ ကောင်းကင်နန်းဆောင်အား ဖြိုချကာ ကောင်းကင်နတ်မြစ်၏ မြစ်ခွဲကြောင်းများတွင် ခံတပ်ဆောက်စေသည်။ ဤသို့အားလုံး ပြုလုပ်ပြီးသည့်တိုင် သူ၏မျက်နှာအမူအရာမှာ စိုးရိမ်ပူပန်နေဆဲပင်။
“ငါ တားလို့မရနိုင်ဘူး… မတားဆီးနိုင်ဘူး… သေတဲ့အထိပဲ တိုက်ခိုက်နိုင်တယ်… မတားနိုင်ဘူး..”
ရက်အနည်းငယ်ကြာပြီးနောက် ကောင်းကင်နတ်ဘုံစစ်တပ်သည် ကမ္ဘာဦးဘုံနှင့် ပိုပို၍ နီးကပ်လာသော်လည်း ရိက္ခာများက ရောက်မလာသေးပေ။
ကောင်းကင်နတ်ဘုံက နတ်ဘုရားမိစ္ဆာများအား အကြိမ်ကြိမ် အမိန့်ချ၍ တောင်ကောင်းကင်သို့ သွားရောက်ကာ အလျင်အမြန် ပို့ဆောင်စေသည်။ သို့သော် ထိုသတင်းပေးများ တောင်ကောင်းကင်သို့ ရောက်သည့်သတင်းဟူ၍ ပြန်လည်မရရှိပေ။
ကောင်းကင်နတ်ဘုံက နောက်ထပ်ကောင်းကင်ဘုံတချို့ကို ဓားပြတိုက်၍ ရိက္ခာနှင့် ကျွန်များ သိမ်းပိုက်ခဲ့သော်လည်း တောင်ကောင်းကင်တွင် တစ်စုံတစ်ခု မှားယွင်းခဲ့ပြီဖြစ်ကြောင်း သိနေကြ၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပထမကောင်းကင်ဆရာသခင် ရှန့်ပင်းယင်ကို ကောင်းနတ်ဘုံ၏ နန်းစောင့်တပ်ဖွဲ့ ဆယ်ဖွဲ့မှ အင်အားတစ်သိန်းကို ဦးဆောင်စေကာ တောင်ကောင်းကင်အခြေအနေအား စုံစမ်းရန် စေလွှတ်လိုက်သည်။
နန်းစောင့်တပ်ဖွဲ့များမှာ အလွန်တရာ သန်မာအားကောင်းပြီး အနိမ့်ဆုံးကျင့်ကြံခြင်းအဆင့်က ကျောက်စိမ်းမြို့တော်အဆင့်တွင် ဖြစ်၏။ ကောင်းကင်နတ်ဘုံ၏ ၀င်္ကပါအခင်းအကျင်းနှင့်ဆိုလျှင် နန်းစောင့်တပ်ဖွဲ့များသည် ကောင်းကင်နတ်အရှင်အဆင့်ပုဂ္ဂိုလ်များကို အလွယ်တကူခုခံနိုင်သည်။ ထိုမျှသာမက ရှန့်ပင်းယင်သည် ပထမကောင်းကင်ဆရာသခင် ဖြစ်လေရာ ကောင်းကင်နတ်ဧကရာဇ်ဟောင်အနေဖြင့် တောင်ကောင်းကင်အပေါ် မည်မျှတန်ဖိုးထားကြောင်း သိနိုင်၏။
တောင်ကောင်းကင်သည် ကောင်းကင်နတ်ဘုံအတွက် စပါးကျီကြီးတစ်ခု ဖြစ်သည်။ မည်သည့်အရာကိုမှ ဆုံးရှုံး၍မဖြစ်ပေ။
ရှန့်ပင်းယင်က သူ၏စစ်တပ်ကို ဦးဆောင်လာပြီး မြစ်ခွဲကြောင်းများမှတစ်ဆင့် တောင်ကောင်းကင်သို့ မဝင်ရောက်ပေ။ ထိုအစား စခန်းချ၍ စစ်သားများအား တောင်ကောင်းကင်မုခ်၀အရှေ့သို့ လာရောက်စေ၏။ သူက အော်ဟစ်လိုက်သည်။ “ကောင်းကင်ဆရာသခင်မုန့်၊ ကောင်းကင်နတ်ဧကရာဇ်က ခင်ဗျားနဲ့ စကားပြောဖို့ ကျုပ်တို့ကို လွှတ်လိုက်တယ်”
မုန့်ယွင်ကွေ့က မြို့တံတိုင်းထိပ်သို့ ရောက်လာပြီး ရှန့်ပင်းယင်အား အဝေးမှ ကြည့်ရှုနေသည်။
ကောင်းကင်ဆရာသခင်နှစ်ပါးက တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြ၏။ ရှန့်ပင်းယင်က ချက်ချင်း အမိန့်ပေးလိုက်သည်။ “မုန့်ယွင်ကွေ့ ပုန်ကန်သွားပြီ.. မြို့ကို ချက်ချင်း တိုက်ခိုက်ကြ…
လက်ဝဲယံစစ်သေနာပတိက မျက်မှောင်ကြုတ်လျက် ခပ်ဩဩ မေးသည်။ “ဆရာသခင်မုန့်ယွင်ကွေ့ ပုန်ကန်သွားပြီဆိုတာကို ကောင်းကင်ဆရာသခင်ရှန့်က ဘယ်လိုသိတာလဲ… မုန့်ယွင်ကွေ့က ကောင်းကင်နတ်ဘုံရဲ့ ဒုတိယမြောက် ကောင်းကင်ဆရာသခင်လေ…. မေးခွန်းတွေ မမေးဘဲ တိုက်ခိုက်ဖို့ သင့်ပါမလား.. သူ ပုန်ကန်တာ မဟုတ်ဘူးဆိုရင် ကောင်းကင်ဆရာသခင်ရှန့် ကောင်းကင်နတ်ဧကရာဇ်ကို ဘယ်လိုတင်ပြမလဲ”
ရှန့်ပင်းယင်က နှာခေါင်းရှုံ့လိုက်သည်။ “မုန့်ယွင်ကွေ့နဲ့ ငါက ကောင်းကင်ဆရာသခင်တွေပဲ.. သူ ပုန်ကန်တာဟုတ်၊ မဟုတ် တစ်ချက်ကြည့်ရုံနဲ့ သိတယ်… စကားပြောနေလည်း အပိုပဲ…. ချက်ချင်း တိုက်ခိုက်ကြတော့…”
လက်ဝဲနှင့် လက်ယာရှိ စစ်သေနာပတိများသည် ချက်ချင်းပင် စစ်တပ်နှစ်တပ်အား အင်အားစုစည်းစေပြီး ၀င်္ကပါအခင်းအကျင်းဖြင့် နေရာယူကာ တောင်ကောင်းကင်၏ မုခ်၀ကို ချေမှုန်းရန် ပြင်ဆင်သည်။
မြို့တံတိုင်းထိပ်တွင် မုန့်ယွင်ကွေ့က ကျယ်လောင်စွာ ပြော၏။ “ကောင်းကင်ဆရာသခင်ရှန့်၊ မင်းနဲ့ ငါနှစ်ယောက်လုံးက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်တွေပဲ… မင်းက ယွဲ့တင်းကဲ အနိုင်ယူတာ မခံရခင်အထိ အမြဲတမ်း ပထမ ဖြစ်ခဲ့တာ.. ယွဲ့ထင်းကဲ မဟာလေဟာနယ်ထဲ ကျသွားတဲ့အခါမှာတော့ မင်းက နံပါတ်တစ် ကောင်းကင်ဆရာသခင် ဖြစ်လာခဲ့ပြန်တယ်… ဒါပေမဲ့ မင်းရဲ့ ဉာဏ်ပညာက ငါ့လောက် မထက်မြက်တာ မင်း သိမှာပါ… ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ် ကောင်းကင်ဆရာသခင်က တကယ်တော့ ငါပဲ… မင်းက အင်အားသုံးပြီး ငါ့ကို သစ္စာဖောက်အဖြစ် စွပ်စွဲလို့ တိုက်ခိုက်ဖို့ ကြံနေတာပေါ့လေ... “
ရှန့်ပင်းယင်၏ အင်္ကျီစများက လေနှင့်အတူ မြောလွင့်နေပြီး သူက မြို့တံတိုင်းထိပ်ရှိ မုန့်ယွင်ကွေ့ကို လှမ်းကြည့်နေသည်။ သူက ခပ်ဩသြ တုံ့ပြန်သည်။ “မုန့်ယွင်ကွေ့၊ မင်းက မင်းရဲ့ဉာဏ်ပညာက တခြားသူတွေအားလုံးထက် သာတယ်ထင်ပေမယ့် ဒီလောကမှာ အကောင်းဆုံး ဉာဏ်ပညာက အရှိန်အဟုန်ပဲ… ငါ့ အရှိန်အဟုန် ရှေ့မှောက်မှာ မင်းရဲ့ဉာဏ်ပညာက အသုံးမဝင်ဘူး.. အရှိန်အဟုန်ကို အသုံးချနိုင်တဲ့သူကပဲ နံပါတ်တစ်ကောင်းကင်ဆရာသခင် ဖြစ်နိုင်တာ”
မုန့်ယွင်ကွေ့က အင်္ကျီလက်စကို ခါလိုက်ရာ မြို့တံခါးများ ပွင့်သွားသည်။ ယွီဟွာကောင်းကင်ဘုံ၏ နတ်ဘုရားမိစ္ဆာများ ထွက်လာပြီး မုန့်ယွင်ကွေ့က နှာခေါင်းရှုံ့လိုက်၏။ “မင်းရဲ့ အရှိန်အဟုန်က ငါ့ရဲ့ဉာဏ်ပညာကို ယှဉ်နိုင်မလားကြည့်ရသေးတာပေါ့… နေရာယူကြ”
ယွီဟွာကောင်းကင်ဘုံ၏ နတ်ဘုရားမိစ္ဆာအရေအတွက်မှာ နန်းစော့င်တပ်များထက် မနည်းသော်လည်း ကျင့်ကြံခြင်းအဆင့်တွင်မူ မယှဉ်နိုင်ကြပေ။
ကောင်းကင်နတ်ဘုံ နန်းစော့င်တပ်များ၏ ၀င်္ကပါအခင်းအကျင်းများက ပြီးပြည့်စုံသော ၀င်္ကပါများ ဖြစ်ကြသည်။ အခင်းအကျင်းတစ်ခုစီတိုင်းတွင် နတ်ဘုရားမိစ္ဆာ ငါးသောင်း ပါရှိနိုင်၏။ နတ်ဘုရားမိစ္ဆာငါးသောင်း၏ အဆီအနှစ်၊ ချီနှင့် မူလဝိညာဉ်တို့က ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။ ထို့ကြောင့် သူတို့၏ ၀င်္ကပါများက အလွန်တရာ စွမ်းအားကြီးပေသည်။
ကောင်းကင်နတ်ဘုံ နန်းစောင့်တပ်များ၏ ၀င်္ကပါကို ယခင်ကောင်းကင်ဆရာသခင်များက အသေးစိတ် အသက်သွင်းခဲ့ကြခြင်းဖြစ်သည်။ ၀င်္ကပါ၏ စွမ်းအားက အရင်အချိန်များကတည်းက အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်၏။ သူတို့သည် ယခင်ကောင်းကင်ဆရာသခင်မျိုးဆက်များ၏ ဉာဏ်ပညာများ ပုံစံဖွဲ့တည်နေခြင်းဟုပင် ပြောနိုင်သည်။
ရွှင်ပျော်ပျော်ကျေးရွာ မဟာလေဟာနယ်တွင် တိုက်ခိုက်ခဲ့တုန်းက လန်၀ူသည် ဖန်ဆင်းရှင်များကို ဦးဆောင်ကာ ကောင်းကင်နတ်ဘုံ၏ လိုက်လံဖမ်းဆီးခြင်းကို ခုခံကာကွယ်ခဲ့သည်။ ကောင်းကင်နတ်ဘုံ၏ နန်းစောင့်တပ်ဖွဲ့ဆယ်ဖွဲ့က ၀င်္ကပါများအား ထုတ်သုံးခဲ့လေရာ လန်ဝူနှင့် ရွှင်ပျော်ပျော်ကျေးရွာမှာ နောက်ဆုတ်ခဲ့ရ၏။ ၎င်းကို ကြည့်ခြင်းဖြင့် ၀င်္ကပါများ၏ စွမ်းအားကို သိရှိနိုင်၏။
ယွီဟွာကောင်းကင်ဘုံ၏ ၀င်္ကပါအခင်းအကျင်းက ပြီးပြည့်စုံသော ၀င်္ကပါ မဟုတ်သလို သေးငယ်သည်။ ဆယ်ယောက်တစ်ဖွဲ့စီဖြင့် ၀င်္ကပါအခင်းအကျင်း တစ်သောင်း ဖွဲ့တည်ထားလေသည်။
၀င်္ကပါမြေပုံတစ်သောင်းက ကြက်ခြေခတ် ရောယှက်ဆက်နွယ်လျက် တည်ရှိနေပြီး ယွီဟွာကောင်းကင်ဘုံ၏ နတ်ဘုရားမိစ္ဆာများက ပျံသန်းသွားလာနေကြသည်။ အလျင်အမြန်ပင် ပထမဆုံး၀င်္ကပါကို ဖွဲ့တည်လိုက်ကြသည်။ ဤ၀င်္ကပါသည် အတွင်းနှင့် အပြင် ပြောင်းလဲနေပြီး ခန့်မှန်း၍ မရနိုင်ပေ။
ရှန့်ပင်းယင်က ၎င်းကို မြင်လျှင် နှာခေါင်းရှုံ့လိုက်၏။ “မိုးပြာရောင်ကောင်းကင်ပိတ်ဖုံးခြင်းဝင်္ကပါ ... ဒီ၀င်္ကပါက မင်းကို ငါ လွှဲပြောင်းပေးခဲ့တာ”
စစ်တပ်နှစ်တပ်က ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီး ၀င်္ကပါစွမ်းအားက ချက်ချင်း ပေါက်ကွဲထွက်လာသည်။
ကောင်းကင်နတ်ဘုံစစ်တပ်၏ ၀င်္ကပါနှင့် ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ ၀င်္ကပါက ချက်ချင်း ပြောင်းလဲသွား၏။ မတူညီသော ၀င်္ကပါများက ချိတ်ဆက်သွားကြပြီး ၀င်္ကပါများထဲမှ သွေးတို့ ပန်းထွက်လာသည်။
အခြားတစ်ဖက်တွင် မုန့်ယွင်ကွေ့၏ သံတမန်ဝမ်ချင်းသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်လာပြီး ဧကရာဇ်ယန်ဖုန်းထံ စာလိပ်ဆက်သ၏။ ဧကရာဇ်ယန်ဖုန်းက စာလိပ်ကို ဖွင့်ဖတ်သည်။ သူက တခဏ တိတ်ဆိတ်သွားပြီးနောက် မိန့်သည်။ “ယဇ်ပလ္လင်တစ်ခု ပြင်ဆင်ပြီး လုံပိ ဆင်းသက်လာဖို့ ခေါ်လိုက်.. မင်းသားယိုမင်းနဲ့အတူ ဖန်သားကောင်းကင်စေတီကို ယူပြီး တောင်ကောင်းကင်ဆီ သွားကြတော့”