← Chapters

စတေးမှု ၁

Vol. 74 Ch. 737

စတေးမှု ၁

Vol. 74 Ch. 737

မူလအရိုးနန်းတော်။

ဤနေရာကို မူလအရိုးတောင်ဝှေးအတွက် စုချန်း သီးသန့်တည်ဆောက်ထားခြင်းပင်။

တခန်းလုံးအား နတ်ဆိုးသားရဲများ၏ အရိုးများဖြင့် တည်ဆောက်ထားပြီး ထူးဆန်းသော အရှိန်အဝါတမျိုး ထွက်ပေါ်နေကာ အချုပ်အနှောင်မဲ့အဖွဲ့၏ ကြီးကျယ်ခမ်းနားသော သွင်ပြင်မှ ထူးထူးခြားခြား ကွဲထွက်နေလေသည်။

မည်််သို့ဆိုစေ မူလအရိုးသည် ဤနေရာမျိုးနှင့်သာ သင့်တော်၏။ မူလကမ္ဘာ၏အငွေ့အသက်အောက်တွင်သာ မူလအရိုး၏ အမြင့်ဆုံးစွမ်းအားကို ဖော်ထုတ်နိုင်မည် မဟုတ်ပါလား။ ဒါကလည်း သတ်ဖြတ်သူနယ်မြေမှ စုချန်း ရရှိလာခဲ့သည့် အတွေ့အကြုံပင်။

မူလအရိုးသည် သီးသန့်တည်ဆောက်ထားသော ပလ္လင်ပေါ်တွင် ရှိနေ၏။ ထိုမှအပ တခန်းလုံး ပြောင်သလင်းခါနေလေသည်။ သို့သော် ရှေးဟောင်းအငွေ့အသက်တခုက တခန်းလုံးကို လွှမ်းခြုံထားလေရာ အခန်းထဲရောက်လာသူ မည်သူမဆို တောက်ပခြင်းနဂါးမူလသားရဲကြီး၏ ကြောက်စရာစွမ်းအားကို အာရုံခံမိလောက်စေ၏။

စုချန်းက မူလကျောက်တုံးတတုံးအား ပလ္လင်ပေါ်တင်ပေးရင်း မေးခွန်းထုတ်လိုက်သည်။

"နက်ဖြန် နေ့လည်စာ ဘာနဲ့စားရမှာလဲ"

မူလစွမ်းအင်များ သိုလှောင်ထားသည့် မူလကျောက်တုံးအား စတေးမှုအဖြစ် အသုံးပြုနိုင်သည်မှာ အမှန်ပင်။

ပလ္လင်ပေါ်တင်ပေးလိုက်သည့် မူလကျောက်တုံးမှာ ပျောက်ကွယ်သွား၏။ မည်သည့်တုံ့ပြန်မှုမှ ပေါ်မလာ။ ထိုအခါ သူ့စတေးမှု မအောင်မြင်မှန်း စုချန်း သဘောပေါက်လိုက်သည်။

အလွန်ရိုးစင်းသည့့်မေးခွန်းကို မေးလိုက်သည့်တိုင် စတေးမှုမှာ အလဟသသဖြစ်သွားသေး၏။

၎င်းမှာ မူလအရိုးသည် မူလစွမ်းအင်များပါဝင်နေသည့်အရာများကို သဘောကျသော်လည်း မူလစွမ်းအင်ပါဝင်နေရုံနှင့် မလုံလောက်ဟု အဓိပ္ပာယ်သက်ရောက်နေပေသည်။

ထိုအခါ စုချန်းက ကြည်လင်နှလုံးသားမြက်ပင်တခိုင်အား မြေပြင်တွင် ချထားလိုက်လေသည်။ အဆိုပါမြက်ပင်မှာ ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်ဖြစ်ပြီး မူလကျောက်တုံးထက် တန်ဖိုးကြီး၏။

စုချန်း၏ မေးခွန်းမှာကား ကနဦးအတိုင်းပင်။

ဤတကြိမ်တွင်တော့ မူလအရိုးက တုံ့ပြန်မှုပြုလာ၏။

ပလ္လင်ပေါ်တွင် မြင်ကွင်းတခု ပေါ်ပေါက်လာ၏။ မြင်ကွင်းမှာ မီးပုံဘေးတွင် လူတစု ရယ်ရယ်မောမောနှင့် အသားကင်များ စားသောက်နေကြသော မြင်ကွင်းပင်။

"အသားကင် ဒီတခါလဲ အသားကင်ပဲပေါ့"

နက်ဖြန်နေ့လည်စာမှာ အသားကင်ဖြစ်ကြောင်း သိလိုက်ရ၍ စုချန်း စိတ်ပျက်သွား၏။ နေ့တဓူဝ အသားကင်ချည်းစားနေရ၍ သူ ငြီးငွေ့နေပြီ မဟုတ်ပါလား။

တဖန် စုချန်းက နောက်ထပ် ကြည်လင်နှလုံးသားမြက်ပင်တခိုင်အား ချပေးလိုက်ပြန်သည်။ ထို့နောက် သူက မေးလိုက်၏။

"နက်ဖြန်ညကော ဘာစားရမလဲ"

ဤတကြိမ်တွင်တော့ မည်သည့်တုံ့ပြန်မှုမှ သူမရ။အထက်ပါမေးခွန်းကိုပင် ထပ်မေးရင်း တိမ်တိုက်သစ်သီးတလုံးအား စားပွဲပေါ်သို့ စုချန်း တင်ပေးလိုက်သည်။ ပလ္လင်ပေါ်တွင် ပုံရိပ်တခုထွက်ပေါ်လာကြောင်း စုချန်း မြင်လိုက်ရပြန်သည်။

တိမ်တိုက်သစ်သီးမှာ ကြည်လင်နှလုံးသားမြက်ပင်လောက် တန်ဖိုးမကြီး။ ထို့ကြောင့် မူလအရိုး၏ တုံ့ပြန်မှုသည် စျေးကွက်တန်ဖိုးအပေါ်တွင် မူတည်မနေကြောင်း သိသာနေခဲ့ပေပြီ။ ၎င်းမှာ ဝမ်းသာစရာပင်။

သတ်ဖြတ်သူအရူးများကဲ့သို့ စုချန်းသည် အဖြေကို အဆောတလျင် တောင်းဆိုခြင်းမရှိ။

သူသည် မူလအရိုး၏ စည်းကမ်းများ၊ ၎င်း ဘာကြိုက်သည်၊ ဘာမကြိုက်သည် စသော အချက်အလက်များကို နားလည်နိုင်ရန်သာ အားထုတ်၏။

ထိုအခါ စုချန်းသည် စမ်းသပ်မှုများကိုအဆက်မပြတ် ပြုလုပ်နေတော့၏။

နောက်တနေ့ညနေစာအကြောင်းကို မေးပြီးနောက် သူသည် မနက်ခင်းတွင် ပထမဆုံး တွေ့ဆုံမည့်လူသုံးဦး၏ နာမည်ကို အစဥ်အတိုင်း မေးခွန်းထုတ်ပြန်သည်။ ထို့နောက် သူသည် သူ ဝတ်ဆင်မည့်အဝတ်အစားများ၊ တခြားလူများ ဝတ်ဆင်မည့်အဝတ်အစားများအကြောင်းကို ဆက်လက်မေးမြန်းပြီး အချိန်ကိုလည်း ရှေ့သို့တဖြည်းဖြည်းတိုးကာ မေးမြန်းသွား၏။

တကယ်တော့ စုချန်းသည် စျေးအချိုဆုံးသော မေးခွန်းများကိုသာ ရွေးချယ်မေးမြန်းနေခြင်း ဖြစ်သည်။ မူလအရိုးထံမှ အဖြေရသည်ဖြစ်စေ၊ မရသည်ဖြစ်စေကာမူ စုချန်းသည် ၎င်းကို ကောက်ချက်ဆွဲ၏။ ထို့နောက် စိတ်ဝိညာဥ်သလင်းထဲတွင် မှတ်တမ်းတင်ထားလိုက်တော့သည်။

အကြိမ်ပေါင်းနှစ်ဆယ် မေးမြန်းပြီးနောက်တွင်တော့ မူလအရိုး၏ အရှိန်အဝါသည် ရုတ်တရက်ဆိုသလို ဖျော့တော့သွားတော့၏။ စုချန်း မည်မျှပင် မေးခွန်းထုတ်စေကာမူ မည်သည့်တုံ့ပြန်မှုမှ ပြန်မလာတော့။

"ဒီတော့ မင်းက စိတ်ဆိုးတတ်သေးတယ်ပေါ့လေ"

စုချန်း အံ့သြသွားသည်မှာ အမှန်ပင်။

မည်သို့ဆိုစေ မူလအရိုးအား တရက်လျင် အကြိမ်ပေါင်းနှစ်ဆယ်ထိ မေးမြန်းနိုင်ကြောင်း စုချန်း သိသွားလေပြီ။ အကြိမ်နှစ်ဆယ်ဟူသော အရေအတွက်မှာ သိပ်တော့မနည်းလှ။ အရေးကြီးသောမေးခွန်းများဆိုလျင် အကြိမ်နှစ်ဆယ်ပင် မလို။ တကြိမ်တည်းနှင့် သိသွားနိုင်သည် မဟုတ်ပါလား။

သူရလာသောရလဒ်နှင့် စမ်းသပ်မှုအတွက် ကုန်ကျစရိတ်မှာ တွက်ချေမက်ိုက်သော်လည်း စုချန်း လက်သင့်ခံနိုင်လောက်သည့့် အနေအထားပင်တည်း။

နောက်ရက်များတွင်လည်း စုချန်းသည် အထက်ပါအတိုင်း ဆက်လက်စမ်းသပ်ပြီး မူလအရိုးကြိုက်နှစ်သက်သည့် စတေးမှုများထဲမှ စျေးအသက်သာဆုံးကို ဆက်လက်ရှာဖွေနေလေသည်။

နောက်ထပ် စုချန်း သိလာသည်မှာကား မူလအရိုးသည် နတ်ဆ်ိုးသားရဲအသားများကို အပင်များထက် ပို၍ သဘောကျ၏။ ဓာတ်ကြီးလေးပါးဆိုင်ရာအရာဝတ္တုများကို နတ်ဆိုးသားရဲအသားများထက် ပိုသဘောကျ၏။ လေဟာနယ်ဆိုင်ရာ ပစ္စည်းများကိုကား သူ အကြိုက်ဆုံးပင်။

ထိုမျှသာမကသေး စတေးမှုပြုလုပ်သည့် အရေအတွက် များလာလေလေ မူလအရိုး၏ အဆိုပါစတေးမှုများအပေါ် တပ်မက်သည့်အာသီသ ပိုမိုလျော့ပါးသွားစေကြောင့် စုချန်း သိလာပြန်၏။ထို့ပြင် ကွဲပြားခြားနားသည့်စတေးမှုများကို အထူးပုံစံတခုဆွဲကာ စတေးခြင်းအားဖြင့် တုံ့ပြန်မှုကို ပိုမိုကောင်းမွန်လာစေကြောင်း စုချန်း နားလည်လာရပြန်သည်။ နောက်တချက်အနေနှင့် စုချန်း သိလာသည်မှာကား မူလအရိုးသည် အဆန်းတကြယ်ပုံစံများရေးထွင်းထားသည့် ပစ္စည်းမျိုကို ပိုမိုသဘောကျခြင်းပင်။

နောက်ဆုံးတချက်အနေနှင့် စုချန်း နားလည်လိုက်သည်မှာ ခန့်မှန်းမှုတွင် ပါဝင်သည့်အချက်အလက်များသည် စတေးမှုကုန်ကျစရိတ်ကို အဆုံးအဖြတ်ပေးနေခြင်းပင်။ တနည်းအားဖြင့် မူလအရ်ိုးက ခန့်မှန်းပေးလိုက်သည့် အကြောင်းအရာကို မေးခွန်းထုတ်သူ လက်ခံနိုင်ပါက စတေးမှုအတွက် ကုန်ကျစရိတ်မှာ လျော့နည်းသွားတတ်၏။ ခန့်မှန်းပေးလိုက်သည့့်အကြောင်းအရာကို မေးခွန်းထုတ်သူ လက်မခံနိုင်ပါက စတေးမှုအတွက် ကုန်ကျစရိတ်မှာ မြင့်တက်လာတတ်ပေသည်။

ထိိုသို့ဖြစ်ရခြင်းမှာ အနာဂတ်ဟူသည် မသေချာမရေရာမှုများဖြင့်သာ ပြည့်နှက်နေသောကြောင့်ပင်။ တကြိမ်တခါ ခန့်မှန်းချက်ဟူသည် အချိန်မရွေး ပြောင်းလဲသွားနိုင်၏။

မူလအရိုးသည် ကြိုတင်ဟောကိန်းထုတ်သူနှင့် တူ၏။ ထို့ကြောင့် ၎င်းသည် ဘယ်တော့မှ မပြောင်းလဲပဲတည်ရှိနေမည့် အမှန်တရားတခုတည်းကိုသာ တိတိကျကျ ပြောပြနိုင်စွမ်းရှိလေသည်။

ဥပမာ...ခန့်မှန်းချက်တခုသည် ကောင်းနေသည်ဆိုပါစို့။ ထိုအခါ မေးခွန်းထုတ်သူက အသာတကြည်ပင် လက်ခံလိုက်သည်။ ထိုအခါ စတေးမှုကုန်ကျစရိတ်ကလည်း လျော့နည်းသွား၏။ အကြောင်းမှာ ထိုခန့်မှန်းချက်သည် အမှန်တရားဖြစ်လာရန် အလွန်နီးစပ်သွားသောကြောင့်ပင်။

အကယ်၍ ခန့်မှန်းချက်သည် ဆိုးဝါးနေသည်ဆိုပါစို့။ ထိုအခါ မေးခွန်းထုတ်သူက လက်မခံနိုင်ပဲ ထိုအနာဂတ်ကို ပြောင်းလဲပစ်ရန် မဖြစ်မနေ ကြိုးစားတော့မည်သာ။ ထိုအခါ စတေးမှုကုန်ကျစရိတ်မှာ မြင့်မားလာတော့၏။ အဘယ်ကြောင့်ဆိုသော် ကာယကံရှင်၏ ကြိုးစားမှုကြောင့် အနာဂါတ်မှာ ပြောင်းလဲသွားနိုင်သောကြောင့်ပင်။

မည်သည့်ဆိုစေ စတေးမှုများသည် အရာအားလုံး၏ အခြေခံအုတ်မြစ်ပေတည်း။

အထက်ပါအတိုင်း ကြိုးစားစမ်းသပ်ရင်းနှင့်ပင် စုချန်းသည် မူလအရိုး၏ ခံစားသက်ဝင်နိုင်စွမ်းကို တဖြည်းဖြည်း ပိုမိုနားလည်လာ၏။

မူလအရိုးအတွက် အကောင်းဆုံးကမ်းလှမ်းမှုမှာ အချိန်သဲမှုန်များပင် ဖြစ်သည်။ ဓာတ်ကြီးလေးပါးဒြပ်ပစ္စည်းများကတော့ ဒုတိယနေရာမှ လိုက်လေသည်။ တတိယနေရာတွင်ကား မူလသလင်းကဲ့သို့ သားရဲအစိတ်အပိုင်းများပင် ဖြစ်သည်။ စတုတ္ထနေရာတွင်တော့ မူလစွမ်းအင်အပင်များ ရှိနေပြီ မူလကျောက်တုံးများကတော့ နောက်ဆုံးတွင် ရပ်တည်နေ၏။

ဤမျှသော ကောက်နှုတ်ချက်လေးကို ရရှိရန် စုချန်းတယောက်က် နှစ်ဝက်မျှ အချိန်ယူခဲ့ရ၏။ အကြိမ်ပေါင်းထောင်ချီ စမ်းသပ်ခဲ့ရ၏။ မရေမတွက်နိုင်သော အရင်းအမြစ်များစွာကို ထုတ်သုံးခဲ့ရ၏။ ထိုအထဲတွင် နတ်ဆိုးဧကရာဇ်သားရဲ၏ သလင်းကဲ့သို့ ရှားပါးရတနာများပင် ပါဝင်လေသည်။ နတ်ဆိုးဧကရာဇ်သလင်းကို ထုတ်သုံးခဲ့ရသည်မှာည်မှာ နှမြောစရာကောင်းသော်လည်း အချည်းနှီးတော့ မဖြစ်ခဲ့။ အကြောင်းမှာ ထိုစမ်းသပ်မှုကြောင့် မူလအရိုး၏ ဟောကိန်းထုတ်နိုင်စွမ်းသည် အနာဂတ်ဆယ်နှစ်စာ မကကြောင်း စုချန်း သိလာရသောကြောင့်ပင်။

သတ်ဖြတ်သူများသည် မူလအရိုးအား နှစ်ပေါင်းထောင်သောင်းချီအောင် ပိုဆိုင်ထားခဲ့ကြ၏။ သို့သော် သူတို့ သိထားသောအချက်အလက်များသည် စုချန်း၏ နှစ်ဝက်ခန့့်အတွေ့အကြုံကိုပင် မမှီ။ အကြောင်းမှာ ၎င်းတို့သည် အလွန်ရူးမိုက်သည့်အပြင် အရင်းအမြစ်လည်း မကြွယ်ဝ။ ထိုအရင်းအမြစ်များ ထုတ်သုံးရမည်ကိုလည်း နှမြောနေကြ၏။

မူလအရိုးနန်းတော်တွင် ဖြစ်သည်။ စုချန်းသည် နတ်ဆိုးအရှင်သခင်သားရဲအကောင်၂၀၏ အရိုးများကို ပလ္လင်ပေါ်တွင် ပုံထားလိုက်သည်။ ထို့နောက် ထိုအရိုးပုံအပေါ်တွင် အနက်ရောင်ငန်းသားမွေးအား တင်လိုက်ပြန်၏။ နောက်ဆုံးတွင် သူက နတ်ဆိုးအရှင်သခင်သားရဲ၏ မူလသလင်းအား ထုတ်ကာ သားမွေးပေါ် တင်ပေးလိုက်ပြန်သည်။

ဤသည်မှာ စတေးမှုများအား အချိုးကျပေါင်းစပ်ထားသည့် စနစ်ဖြစ်ပြီး စုချန်း ရှာတွေ့ထားသမျှထဲတွင် အကောင်းဆုံး စတေးနည်းပင်။ သို့တိုင်အောင် သူ နောက်မေးမည့် မေးခွန်းအတွက် အဖြေရလိမ့်မည်ဟု စုချန်း တထစ်ချ မယုံကြည်ရဲပဲ ဖြစ်နေ၏။

"သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ထဲဝင်ရောက်နိုင်မဲ့နည်းလမ်းရဲ့ ပြသနာကို ဘယ်လိုဖြေရှင်းမလဲ ကျုပ် သိချင်တယ်"

ပထမဆုံးအကြိမ် အရေးကြီးသော မေးခွန်းကို စုချန်း ထုတ်ဖော်မေးမြန်းလိုက်ပေပြီ။ ဤပြသနာကို အဖြေရှာနိုင်ပါက အချုပ်အနှောင်မဲ့အဖွဲ့မှ အဖွဲ့သားများအား သူ ကူညီနိုင်ပြီ မဟုတ်ပါလား။

စုချန်း၏ မေးခွန်းထွက်ပေါ်လာသည်နှင့် ပလ္လင်သည် အရောင်များတောက်ပလာ၏။ ထို့နောက် အလင်းတန်းတခုသည် စတေးခံပစ္စည်းများပေါ်သို့ ထိုးကျလာပြန်သည်။ ထို့နောက် အဆိုပါ စတေးခံပစ္စည်းများအားလုံး တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

နောက်ဆုံးတွင် ပလ္လင်ပေါ်ဝယ် မြင်ကွင်းတခုကို စုချန်း မြင်တွေ့လိုက်ရသည်။

အဆိုပါမြင်ကွင်းထဲတွင် လူငယ်တဦးသည် ကျောက်တုံးအခန်းဆီသို့ ဦးတည်လျှောက်လာနေ၏။ ထိုလူငယ်မှာ တခြားသူမဟုတ်။ စုချန်းကိုယ်တိုင်ပင် ဖြစ်နေလေသည်။

အခန်းရှေ့သို့ရောက်သည်နှင့် စုချန်းက တံခါးကို ဖွင့်လိုက်သည်။ အခန်းထဲတွင် ရှီကိုင်းဟွမ် ထ်ိုင်နေ၏။

စုချန်းက မေးလိုက်သည်။

"ဆရာ ကျုပ်ကိုခေါ်တာ ဘာကိစ္စများရှိလို့လဲ"

"အလင်းတုန်ခါခြင်းနယ်ပယ်ထဲဝင်ဖို့ နည်းလမ်းတခု ကျုပ် စဥ်းစားမိပြီ ထင်တာပဲကွ"

မြင်ကွင်းထဲရှိ စုချန်းမှာ အလွန်အံ့သြသွားဟန် ပေါ်လာသည်။ အပြင်မှ စုချန်းအစစ်သည်လည်း မျက်လုံးပြူးသွားတော့၏။

လက်စသတ်တော့ ဒီနည်းလမ်းကို ဆရာကိုယ်တိုင် ရှာတွေ့ခဲ့တာပါကလား...

***

All Chapters