← Chapters

စတေးမှု ၂

Vol. 74 Ch. 738

စတေးမှု ၂

Vol. 74 Ch. 738

"ကျုပ် မြင်ထားတာလေးတွေတော့ ရှိတယ်ကွ"

ရှီကိုင်းဟွမ်က စကားဆက်ပြန်သည်။

"မင်းဟာ မူလစွမ်းအင်ကျောင်းတော်ရဲ့ဖိအားကိုယူပြီး ကြာပန်းအုတ်မြစ်ကို ပုံဖော်ခဲ့တယ် ဒီလိုနည်းနဲ့ အလင်းတုန်ခါခြင်းနယ်ပယ်ထဲ မင်း ဝင်ရောက်နိုင်ခဲ့တယ် ဒါပေမဲ့ မင်းနည်းလမ်းကို တခြားသူတွေအတွက် ကျုပ်တို့ သုံးလို့မရဘူး အကိုးအကားအနေနဲ့ပဲ သုံးနိုင်မယ် ကံကောင်းတာက မင်းဟာ မူလစွမ်းအင်ကျောင်းတော်ရဲ့ လျှို့ဝှက်ပုံစံတွေကို ယူလာနိုင်ခဲ့တာပဲ ကျုပ်တို့ မူလစွမ်းအင်ကျောင်းတော် တည်ဆောက်ဖို့ ကြိုးစားကြည့်ရင် မကောင်းပေဘူးလား"

"ဒါပေမဲ့ ဆရာ မူလစွမ်းအင်ကျောင်းတော် တည်ဆောက်ဖို့အတွက် မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေ လိုအပ်တယ် တနိုင်ငံလုံး အင်တိုက်အားတိုက်ကူညီရင်တောင် မလွယ်လှဘူး ပိုဆိုးတာက အဲဒီထဲက အရင်းအမြစ်တချို့ဟာ မျိုးသုဥ်းသွားခဲ့ပြီ ဒါကြောင့် ဒုတိယမြောက်မူလစွမ်းအင်ကျောင်းတော် ပေါက်ပေါက်လာဖို့ဆိုတာ မလွယ်လှတော့ဘူး"

ရှီကိုင်းဟွမ် တဟဲဟဲ ရယ်မောလိုက်သည်။

"မင်း နားလည်မှုလွဲနေပြီ မူလစွမ်းအင်ကျောင်းတော်ကို သူတို့ တည်ဆောက်ခဲ့တာ ဘာအတွက်လဲ မူလစွမ်းအင်ကို မထိန်းချုပ်နိုင်လို့ ထိန်းချုပ်နိုင်အောင်ပဲမလား ဒါပေမဲ့ ကျုပ်တို့ကတော့ မူလစွမ်းအင်ကို ထိန်းချုပ်နိုင်တယ် ကျုပ်တို့လုပ်ဖို့လိုတာဆိုလို့ ဒီမူလစွမ်းအင်ကို သိပ်သည်းလာအောင် ဖိအားပေးနိုင်ဖို့ပဲ"

စုချန်း ရှီကိုင်းဟွမ်၏ ဆိုလိုရင်းကို ရိပ်စားမိသွား၏။

"ဒီတော့ ဆရာဆိုလိုတာ.."

"အလင်းတုန်ခါခြင်းနယ်ပယ်ထဲကို ဝင်ရောက်နိုင်ဖို့အတွက် သီးခြားပုံစံကွက်တခုကို ကျုပ်တို့ ဘာလို့မတည်ဆောက်နိုင်ရမှာလဲ"

ရှီကိုင်းဟွမ်က ပြန်ပြောလိုက်သည်။

ထိုစကားကိုကြားသည်နှင့် စုချန်းပုံရိပ်ယောင်နှင့် စုချန်းအစစ် နှစ်ဦးလုံး ဝမ်းသာအားရဖြစ်သွားကြ၏။

ဤတကြိမ်တွင်တော့ ရှီကိုင်းဟွမ်က သူ့တပည့်ထက်သာသော အတွေးအခေါ်က်ို ပြသလိုက်ခြင်းပင်။

အတိတ်ကိုပြန်ကြည့်လျင် စုချန်းသည် အာကင်နာနည်းလမ်းကိုသုံးပြီး သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်ခဲ့၏။ ယန်သုံးပါးဆေးကိုသုံးပြီး ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဖောက်ထွင်းခဲ့၏။ တကယ်တော့ ၎င်းနည်းလမ်းများအားလုံးသည် ပြင်ပအားကိုသာ ယူထားခြင်း ဖြစ်သည်။ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်မည့်နည်းလမ်းကျလျင် ယခင်အခြေအနေများနှင့် မတူတော့။ ထိုအခါ စုချန်း၏ စိတ်ထဲတွင် အတွေးအခေါ်ပိတ်ဆို့မှု ဖြစ်လာတော့၏။ အကြောင်းမှာ စုချန်းသည် ပြင်ပအထောက်အပံ့ကို ထည့်မစဥ်းစားပဲ ပြသနာ၏ ရင်းမြစ်ကို ဖြေရှင်းရန်သာ ကြိုးစားနေသောကြောင့်ပင်။

ရှီကိုင်းဟွမ်၏ စကားမှာ မှန်ပေ၏။ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်ပုံစံကွက်တခု တည်ဆောက်ရန် သူတို့ အဘယ်ကြောင့် မကြိုးစားကြည့်ရမည်နည်း။

ကိုယ်တိုင် မဖြေရှင်းနိုင်ပါက အထောက်အပံ့ ယူရမည် မဟုတ်တုံလော။ ထိုလုပ်ရပ်မျိုးကို စုချန်း ယခင်ကလည်း လုပ်ခဲဖူးပေပြီ။ ယခုမှ အဘယ်ကြောင့် မျက်စေ့မှောက်နေရလေသနည်း။

နောက်ဆုံးတွင် ကျွမ်းကျင်မှုဆိုင်ရာကန့်သတ်ချက်ကြောင့် သူ မျက်စေ့မှောက်နေကြောင်း စုချန်း နားလည်လာတော့သည်။

သူသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အား ဝင်ရောက်နိုင်မည့်နည်းလမ်းကို ယန်သုံးပါးဆေးအကူအညီဖြစ် အဖြေရှာနိုင်ခဲ့သည်။ အကြောင်းမှာ ဆေးပညာရပ်တွင် သူ ကျွမ်းကျင်နေသောကြောင့်ပင်။ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကိုတော့ စုချန်းက အာကင်နာနည်းစနစ်ဖြင့် အဖြေထုတ်နိုင်ခဲ့သည်။ အကြောင်းမှာ အာကင်နာနည်းလမ်းများကို စုချန်း နှံ့စပ်နေသောကြောင့်ပင်။ သို့သော် မူလပုံစံကွက်များနှင့် ပတ်သက်၍ စုချန်း မကျွမ်းကျင်။ ထို့ကြောင့် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို အဖြေထုတ်ရာတွင်တော့ သူ မကျွမ်းကျင်သော မူလပုံစံကွက်များကို စုချန်း ထည့့်သွင်းမစဥ်းစားခဲ့။ ထို့ကြောင့် ရှီကိုင်းဟွမ်ပြောသောနည်းလမ်းကို စုချန်း မျက်စေ့မှောက်နေခဲ့ခြင်းပင်။

၎င်းမှာ တကယ်တော့ လူ့သဘာဝပင်။ လူဟူသည် ကိုယ်မကျွမ်းကျင်သောအရာများအား လက်ရှောင်တတ်ကြသည် မဟုတ်ပါလား။

ဥပမာ ရှီကိုင်းဟွမ်ဆိုလျင် မူလအဆောင်လက်ဖွဲ့ပုံစံများအား ကျွမ်းကျင်၏။ လူတကိုယ်လုံးရှိ သောင်းနဲ့ချီသော မူလအဆောင်လက်ဖွဲ့တည်နေရာများကို သူ မှတ်သားထားနိုင်လေသည်။ တနည်းအားဖြင့် သူသည် မူလအဆောင်လက်ဖွဲ့ပုံစံများအား နားလည်ရုံမက ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားခြင်းပင်။

မြင်ကွင်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ စုချန်းလည်း သွားရမည့်လမ်းကြောင်းကို သိသွားလေပြီ။ ထိုအချိန်တွင် စတေးခံပစ္စည်းများ၏ တဝက်ကျော်ကျော်မှာ ပျောက်ဆုံးသွားပြီ ဖြစ်သည်။ ကျန်တဝက်ကျော်မှာလည်း ဆက်လက်ပျောက်ကွယ်နေ၏။

"မလွယ်ပါလားတော်တော်အကုန်အကျများတာပဲ"

စုချန်း ငြီးတွားမ်ိလေသည်။

မည်သို့ဆိုစေ ၎င်းမှာ မူလအရိုး၏ သဘောသဘာဝပင်။ စတေးမှုကို ရပ်တန့်၍ မရ။ စတေးခံပစ္စည်းများကိုလည်း ပြန်လည်သိမ်းယူ၍ မရ။

_____________×××______________×××_____________

အဖြေကို သိသွားပြီဖြစ်၍ စုချန်းသည် ရှီကိုင်းဟွမ်အား အကျိုးအကြောင်းပြောပြကာ သုတေသနအား ဆက်လက်ဆောင်ရွက်စေ၏။ နောက်တကြိမ် စုချန်း အာရုံစိုက်သည်မှာ သူ၏ ဒုတိယပိုင်ဆိုင်မှုနှင့် ပတ်သက်၍ပင်။

၎င်းမှာ တခြားမဟုတ်။ မိုးကြိုးဝိညာဥ်ဆေးမင်ပင် ဖြစ်သည်။

တောင်သုံးလုံးတိုက်ပွဲတွင် စုချန်းသည် သတ်ဖြတ်သူ အသက်ဓာတ်ဆေးမင်အား မတော်တဆ စုပ်ယူမိပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာမှာလည်း တမုဟုတ်ချင်း တိုးတက်လာခဲ့၏။ ထိုကတည်းက ဤဆေးမင်များသည် ထင်သလောက် မရိုးရှင်းမှန်း စုချန်း သဘောပေါက်ပြီးလေပြီ။

သို့သော် ဤတကြိမ်တွင် မည်မျှကြိုးစားစေကာမူ မိုးကြိုးဝိညာဥ်ဆေးမင်အား စုချန်း စုပ်ယူ၍မရပဲ ဖြစ်နေ၏။

ဘာကြောင့်လဲ...

တခြားမရှိမဖြစ် လိုအပ်ချက်တွေများ ရှိနေသေးလို့လား...

ဒါမှမဟုတ် တခြားအကြောင်းတရားတခုခုကြောင့်လား....

စုချန်း မည်သို့မှ နားမလည်နိုင်ပဲ ဖြစ်နေတော့၏။

မည်သို့မှ မတတ်သာသည့့်အခါ မူလအရိုးအား ထပ်မံအသုံးပြုရန်သာ စုချန်း ဆုံးဖြတ်လိုက်ရတော့သည်။

မလိုလားသော လေလွင့်မှုများက်ို ကာကွယ်ရန် ဤတကြိမ်တွင် စုချန်းသည် စတေးခံပစ္စည်းပမာဏကို အတော်လေး လျော့ချပစ်လိုက်၏။ ဤတခေါက်တွင် သူသည် ထိပ်တန်းအဆင့် နတ်ဆိုးသားရဲတကောင်၏ မူလသလင်းနှင့် တခြားပစ္စည်းတချို့ကိုသာ အသုံးပြုလိုက်လေသည်။

စတေးခံပစ္စည်းများသည် တဖြည်းဖြည်းပျောက်ကွယ်နေရာမှ နောက်ဆုံးတွင် ပေါက်ကွဲသံတချက် ပေါ်လာ၏။ ထို့နောက် မီးခိုးများတလူလူ ထွက်ပေါ်လာပြီး စတေးခံပစ္စည်းများအားလုံး မည်သည့်သဲလွန်စမှ မရှိပဲ ပျောက်ကွယ်သွားတော့သည်။ ပလ္လင်ပေါ်တွင် ဘာမှမကျန်ခဲ့။

"သေစမ်း တချက်မှားတာနဲ့ အကုန်ကုန်တာပဲ"

စုချန်း အံကြိတ်၍ ရေရွတ်လိုက်သည်။

စတေးခံပစ္စည်းများကုန်သွားသည့့်တိုင် အဖြေကို မူလအရိုး မရှာဖွေနိုင်၍သာ ထ်ိုသို့ ဖြစ်သွားမှန်း စုချန်း နားလည်၏။ သို့သော် သူ့စိတ်ထဲတွင် ဓားပြတိုက်ခံရသကဲ့သို့ ခံစားလိုက်ရလေသည်။

ထိုအခါ စုချန်းသည် ပထမဟောကိန်းတွင် အသုံးပြုခဲ့သည့် စတေးခံပစ္စည်းများအတိုင်း တူညီစွာသုံးပြီး မေးခွန်းထုတ်လိုက်ပြန်၏။

သို့သော် ဤတကြိမ်တွင်လည်း တုံ့ပြန်မှုမှာ နတ္တိပင်။

စုချန်း အံ့သြသွား၏။

ဘာဖြစ်တာလဲဟ...

အောင်မြင်မှုအတွက် အကြောင်းပြချက်မှာ တခုတည်းဖြစ်သော်လည်း ကျရှုံးမှုအတွက် အကြောင်းပြချက်ကတော့ ဒုနှင့်ဒေးပင်။

ကံဆိုးသည်မှာ ဘာအတွက် ကျရှုံးမှန်း စုချန်း သိမနေခြင်းပင်။

စတေးခံပစ္စည်းများ မလုံလောက်၍ပေလော။

နတ်ဆိုးဘုရင်မူလသလင်းကိုပဲ ထပ်သုံးလိုက်ရင်ကောင်းမလား...

စုချန်း ချီတုံချတုံ ဖြစ်နေလေပြီ။

မူလအရိုးသည် ကြီးမားလှသော လောင်းကစားစက်ကြီးနှင့်ပင် တူနေသေး၏။ ၎င်းသည် စုချန်းအား တကြိမ်ထက်တကြိမ် ဆွဲဆောင်လျက်ရှိသည်။ တချက်ကလေး အတွက်မှားသည်နှင့် စုချန်း ရှာဖွေစုဆောင်းထားသမျှ အဟောသိကံ ဖြစ်သွားနိုင်၏။

တကယ်တော့ မိုးကြိုးဝိညာဥ်ဆေးမင်၏ တန်ဖိုးသည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းလောက်ပင် တန်ဖိုးကြီးသည်မဟုတ်။ သို့သော် မူလအရိုးကား ထိုတန်ကြေးကို ဂရုမစိုက်။ မေးခွန်းအပေါ် လွှမ်းမိုးနေသော အချက်အလက်များကိုသာ ဂရုစိုက်လေသည်။ ထို့ကြောင့် မူလအရိုး၏ လက်ရှိတုံ့ပြန်မှုကိုထောက်လျင် စုချန်းသည် အချိန်တခုကြာသည်အထိ မိုးကြိုးဝိညာဥ်ဆေးမင်နှင့်ပတ်သက်သော အဖြေကို ရှာမတွေ့သေးဟု သိသာနေ၏။ သို့မဟုတ် ထိုသို့အဖြေရှာရာတွင် အခက်အခဲ အတော်လေးကြုံရမည်ဟု ဆိုလိုနေပေသည်။ အကြောင်းမှာ မူလအရိုးသည် အဖြေရှာပေးသူ မဟုတ်ပဲ ရှေ့ဖြစ်ဟောမျှသာ ဖြစ်နေသောကြောင့်ပင်။ ဆိုလိုသည်မှာ ရှေ့ဖြစ်ဟောတွင် အဖြေပါနေပါက ထိုအဖြေကို စုချန်းကိုယ်တိုင် ရှာတွေ့ပြီး အဖြေမပါဝင်ပါက ထိုအဖြေကို စုချန်း ကိုယ်တိုင် မရှာနိုင်သည့်သဘောပင်။

၎င်းကိုတွေးမိသည်နှင့် မူလအရိုး၏ ရှေ့ဖြစ်ဟောကိန်းများသည် အနာဂတ်တွင် သူရှာနေသည့်မေးခွန်း၏ အဖြေများကို မည်သို့မည်ပုံ ရရှိမည်ဟူသော အခြေအနေနှင့် များစွာ သက်ဆိုင်နေမှန်း စုချန်း သဘောပေါက်လာတော့သည်။

ဒါဆို...မတော်တဆအနေနနဲ့ကော အဖြေကို ငါ မတွေ့နိုင်ဘူးလား...

အသက်ဓာတ်ဆေးမင်ရဲ့လျှို့ဝှက်ချက်ကို တိုက်ပွဲမှာ ငါ မတော်တဆ ရှာတွေ့ခဲ့တာပဲ...

ဒါမှမဟုတ် သီးခြားပတ်ဝန်းကျင်တခုမှာကော...

စုချန်းကား အတွေးနယ်ထဲတွင် နစ်မြုပ်နေခဲ့လေပြီ။

နောက်ဆုံးတွင် မိုးကြိုးဝိညဥ်ဆေးမင်နှင့်ပတ်သက်၍ မူလအရိုးအား မေးမြန်ခြင်းကို စုချန်း လက်လျော့လိုက်လေသည်။ ထိုမေးခွန်း၏ အဖြေကို ဓာတ်ခွဲခန်းအပြင်ဘက်တွင်သာ တွေ့နိုင်တော့မည်ဟု သူ သဘောပေါက်လိုက်သည် မဟုတ်ပါလား။

စတေးခံပစ္စည်းများ ဆုံးရှုံးသွားသည့့်တိုင် မူလအရိုးနှင့်ပတ်သက်၍ နောက်ထပ်သင်ခန်းစာတခု ဖော်ထုတ်နိုင်ခဲ့လေရာ စုချန်းအတွက် အကျိုးတော့မယုတ်လှ။

_____________×××______________×××______________

ယင်ယန်တောင်ထိပ်။

အဆိုပါတောင်မှာ ကောင်းကင်တောင်၏ နောက်ကျောတွင် တည်ရှိပြီး သိပ်မမြင့်လှ။

တောင်ထိပ်ရှိ မြေကွက်လပ်အား ထိုးထိုးထောင်ထောင်နိုင်သော ကျောက်ချွန်ချပ်ကြီးများ ဝန်းရံထား၏။ အဆိုပါ ကျောက်ချပ်ကြီးများပေါ်တွင် အမျိုးမျိုးသော ပုံစံကွက်များအား ရေးထိုးထားလေသည်။ အဆိုပါ ပုံစံကွက်များ ပေါင်းစပ်လိုက်သောအခါ ကြီးမားသော မူလပုံစံကွက်ကြီးတခု ရလာတော့သည်။

မြေကွက်လပ်တွင် လီကုံးရှန်၊ ရှီက််ိုင်းဟွမ်အပါအဝင် အချုပ်အနှောင်မဲ့အဖွဲ့မှ အကြီးအကဲများအားလုံး ရှိနေကြသည်။

ထိုအချိန်တွင် စုချန်းသည် နောက်ဆုံးပုံစံကွက်အား လက်စသတ်လျက်ရှိသည်။ ထိုအခါ ချူးယင်ဝမ်က မေးခွန်းထုတ်လိုက်၏။

"ဒါက အလုပ်ကောဖြစ်ပါ့မလား"

စုချန်း လှည့်ပင်မကြည့်ပဲ ဖြေလိုက်သည်။

"ကျုပ်ကိုယ်တိုင် တပ်အပ်မြင်ခဲ့တာမို့ မမှားနိုင်ပါဘူး"

"မင်း မှတ်လာတာတွေ မှားတယ်လို့ ပြောနေတာမဟုတ်ဘူး အကျိုးဆက်ကို ပြောနေတာ ဥပမာ ဒီအခြေအနေကို မထိန်းချုပ်နိုင်ဘူးဆိုရင်ကော"

"မူလအရိုးက သတင်းကောင်းပဲ ပြောထားတယ် သတင်းဆိုး မပြောထားဘူး ဒါကြောင့် ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး"

"မူလအရိုးတောင်ဝှေးက သတင်းကောင်းပဲပြောပြီး သတင်းဆိုမပြောဘူးဆိုတာ သူဟာ ရှေ့ဖြစ်နမိတ်ဖတ်သက်သက် ဖြစ်နေတာကြောင့်ပဲ သတင်းကောင်း သတင်းဆိုးဆိုတာကလဲ မေးခွန်းထုတ်သူရဲ့ ခံစားချက် အာရုံသိတွေပေါ်မှာပဲ မူတည်နေတယ် တကယ်ဖြစ်မဲ့ဖြစ်ရပ်နဲ့ မသက်ဆိုင်ဘူး မင်းအနေနဲ့ ကောင်းတယ်လို့ ယုံကြည်နေရင် ဒါကို ပြောင်းလဲဖို့ မကြိုးစားတော့ဘူး ဒါဆို မူလအရိုးက အလွယ်တကူပဲ နမိတ်ဖတ်ပေးလိုက်လိမ့်မယ် ဒါပေမဲ့ တကယ့်တကယ်မှာ မင်း ကြိုမှန်းထားတာ လွဲနေရင်ကော ကိစ္စကြီးတခုလုံးကို ထိန်းချုပ်နိုင်မယ်လို့ ထင်နေပေမဲ့ လက်တွေ့မှာ မထိန်းချုပ်နိုင်ခဲ့ရင်ကော"

စုချန်း ခေတ္တတွေခနဲ ဖြစ်သွား၏။ ထို့နောက် သူက ခေါင်းတချက်ညိတ်ရင်း မေးလိုက်သည်။

"ဖြစ်နိုင်တယ် ကျုပ်တို့ ဒီတခါ တလွဲတချော်လဲ ဖြစ်သွားနိုင်တယ် အားလုံး ဘယ်လိုထင်ကြသလဲ"

ချူးယင်ဝမ်က ပြောလိုက်ပြန်သည်။

"ငါ့အနေနဲ့ မူလအရိုးကိုသုံးတဲ့အခါမှ တွေးသင့်တွေးထိုက်တာတွေကို ကြိုတွေးထားဖို့ ပြောတဲ့သဘောပါ ဘာပဲဖြစ်ဖြစ် ဖြစ်မဲ့ကိစ္စဟာ ခုမဟုတ်ရင် နောင် ဖြစ်မှာပဲ မဟုတ်ဘူးလား"

စုချန်း ခေါင်းညိတ်လိုက်၏။

"မှန်ပါတယ်ဗျာ ကျုပ် နည်းနည်း သတိလက်လွတ် ဖြစ်သွားတယ်"

ထိုစဥ် လီကုံးရှန်က နှစ်သိမ့်လိုက်ပြန်သည်။

"အချိန်ဆိုတာ ကြိုပြီးခန့်မှန်းလို့မရတဲ့ ဖြစ်တည်မှုပဲကွ အနာဂတ်မှာ ဖြစ်လာမှာတွေကို ကျုပ်တို့ တထစ်ချကိန်းသေတွက်ထားလို့ မရနိုင်ဘူး ယင်ဝမ်က မင်းကို ဒီအပေါ်မှာ သတိထားရအောင် ထောက်ပြတဲ့သဘောပါ"

စုချန်း ခေါင်းညိတ်လိုက်သည်။

"ကျုပ် နားလည်ပါပြီ ယုံကြည်ပါ ဒါပေမဲ့ မျက်စေ့စုံမှိတ် လိုက်မလုပ်ပါနဲ့ သူ့အပေါ်မှာလည်း ရာနှုန်းပြည့် အားမကိုးပါနဲ့ ဒါ ကျုပ်တို့ မူလအရိုးအပေါ်မှာ ထားရှိရမဲ့ သဘောထားပဲ"

လီကုံးရှန် အားရပါးရ ရယ်မောလိုက်၏။

"ဒါပေါ့ကွာ"

ထိုအချိန်မှာပင် စုချန်းသည် နောက်ဆုံးပုံစံကွက်အား လက်စသတ်ပြီးသွား၏။ ထိုအခါ သူက ပုံစံကွက်ကြီးတခုလုံးကို စတင်နှိုးဆွလိုက်တော့သည်။

ထိုအခါ ကျောက်ချပ်များပေါ်တွင် ရေးဆွဲထားသည့့် ပုံစံကွက်အရေးကြောင်းများဆီမှ အလင်းရောင်များ ထွက်ပေါ်လာတော့သည်။ ထိုအလင်းတန်းများသည် လေထဲမှာပင် တွန့်လိန်ရောယှက်သွားပြီး အနက်ရောင်ဝဲဂယက်ကြီးတခု ပေါ်ပေါက်လာတော့သည်။

ထို့နောက် ဝဲဂယက်သည် တဖြည်းဖြည်းပွင့်လာပြီး တံခါးတချပ် ပေါ်ပေါက်လာ၏။ တံခါးဆီမှ မဲနက်သောအရိပ်တရိပ် ထွက်လာ၏။ ထိုအရိပ်မှာ တခြားမဟုတ်။ အနောက်လိုင်နာရဲတိုက်တွင် စုချန်း ရင်ဆိုင်ခဲ့ဖူးသည့့် အနက်ရောင်နတ်ဆိုးပေတည်း။

"ဟား ဟား ဟား ငါ လွတ်လာပြီကွ"

အနက်ရောင်နတ်ဆိုးထံမှ မောက်မာသော ကြွေးကြော်သံ ထွက်ပေါ်လာလေသည်။

***

All Chapters