ဧည့်သည်
Vol. 75 Ch. 741
လင်ကျန်းသည် စုချန်း၏ ဓားအစေခံ၇၃ဦးအနက်မှ တဦးဖြစ်ပြီး စုချန်း၏ နေ့စဥ်အစားအသောက်များ စီမံပေးရသူလည်း ဖြစ်သည်။
ယနေ့တွင်လည်း လင်ကျန်းသည် ခါတိုင်းကဲ့သို့ပင် စုချန်းအတွက် မနက်စာ စီမံပေးပြီး စားပွဲပေါ်တွင် တင်ထားပေးလိုက်၏။ ထို့နောက် သူ လှည့်ထွက်သွားရန် ဟန်ပြင်နေစဥ်မှာပင် ဘေးတံခါးမှ စုချန်း ဝင်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။
"ခေါင်းဆောင်ကြီး"
လင်ကျန်းက နှုတ်ဆက်လိုက်သည်။
စုချန်းလည်း ခေါင်းတချက်ဆတ်ပြီး စားပွဲရှေ့တွင်ထိုင်ကာ အစားအသောက်များအား ပလုတ်ပလောင်း စားလိုက်၏။ ထို့နောက် သူက ပြောလ်ိုက်သည်။
"ဒီလိုစားတာသောက်တာဟာ နေရတဲ့အချိန်ကို ပိုကြာစေတယ်ကွ"
"ဗျာ"
စုချန်း ဘာကိုဆိုလိုမှန်း လင်ကျန်း နားမလည်။ ထိုအခါ စုချန်းက ထပ်ပြောလိုက်ပြန်သည်။
"ကျန်တဲ့လူတွေ ခေါ်လိုက်စမ်းကွာ ဒီနေ့ အဖွဲ့မှာ ဘာတွေလုပ်နေကြသလ ကျုပ် သိချင်တယ်"
"ကောင်းပါပြီ ခေါင်းဆောင်ကြီး"
လင်ကျန်း ထွက်ခွာသွားပြီး သိပ်မကြာမီ လီကုံးရှန်နှင့် ကျန်လူများ အသီးသီးရောက်ရှိလာ၏။ ထို့နောက် စုချန်းရှေ့တွင် တယောက်က်ပြီးတယောက် အဖွဲ့၏ တိုးတက်မှုနှင့် ပတ်သက်၍ အစီရင်ခံကြလေသည်။
လတ်တလောတွင် စုချန်းသည် သုတေသနလုပ်ငန်းကိုသာ အာရုံစိုက်နေသည်ဆိုသော်လည်း အဖွဲ့နှင့်ပတ်သက်၍လည်း လစ်ဟင်းလေ့မရှိ။ အမြဲတစေ အချိန်ပေးကာ နားထောင်တတ်လေသည်။
သို့သော်ငြားလည်း ဘာကြောင့်မှန်းမသိ ဤတကြိမ်တွင် စုချန်း၏ အမူအရာသည် ကျုံးကျုံးနွံနွံဖြစ်နေသကဲ့သို့ လီကုံးရှန် ခံစားလိုက်ရ၏။
ထိုစဥ် ချူးယင်ဝမ်က မေးလိုက်သည်။
"ခေါင်းဆောင်ကြီး အဆင်ပြေရဲ့လား"
"အိုး ကျုပ်က ဘာများဖြစ်နေလို့တုန်း"
စုချန်း တဟဲဟဲ ရယ်မောရင်း ပြောလ်ိုက်သည်။
"ဒီအခေါက် အဖွဲ့ခေါင်းဆောင်က်ို ကြည့်ရတာ စိတ်နဲ့ကိုယ် မကပ်သလိုပဲ"
စုချန်း အော်ဟစ်ရယ်မောလိုက်၏။
"ဘယ့်နှယ် ခင်ဗျား အပများမှီနေသလားဗျာ"
ချန်းထျန်ဟိုင်က ချီတုံချတုံလေသံနှင့် ပြောလိုက်ပြန်သည်။
"ဒါနဲ့လေ ခေါင်းဆောင်ကြီးရဲ့အင်အား တော်တော်လျော့သွားသလိုပဲ"
စုချန်းအား ထိုမေးခွန်းမျိုး ထုတ်ရဲသူမှာ ချန်ထျန်းဟိုင်တယောက်သာ ရှိပေသည်။
သို့သော် စုချန်း စိတ်ဆိုးဟန်မတူ။ သူကပင် စိတ်ဝင်တစားနှင့် ပြန်မေးလိုက်သေး၏။
"ဟုတိလား ခင်ဗျား အဲတာကို ခံစားမိတယ်ပေါ့"
စုချန်း၏ မေးခွန်းကြောင့် လူတိုင်း အံ့သြနေကြ၏။ ချန်ထျန်းဟိုင်က အလေးအနက်ပင် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ခေါင်းဆောင်ကြီးရဲ့အရှိန်အဝါ အတော်လေး အားပျော့သွားတယ်"
ထိုအခါ စုချန်းက မေ့စေ့ကို ပွတ်သပ်ရင်း ခေါင်းတညိတ်ညိတ်နှင့် ပြောလိုက်ပြန်၏။
"အင် ကျုပ်ရဲ့အရှိန်အဝါ လျော့ကျသွားတယ်ဆိုတာ အမှန်ပဲ ဒါကို ပြုပြင်နိုင်ရင်ကို မဆိုးလှပေဘူး"
လီကုံးရှန်နှင့် ကျန်လူများ မျက်လုံးပြူးသွားပြန်သည်။
"ခေါင်းဆောင်ကြီး ဘာတွေများ ဖြစ်နေတာလဲ"
"အာ ထားလိုက်ပါလေ ခင်ဗျားတို့နဲ့ စကားပြောရလို့ ကျုပ် အတော်ပင်ပန်းသွားပြီ"
တဖန် သူက ကိုယ့်ကိုယ်ကို ငုံ့ကြည့်ရင်း ပြောလိုက်ပြန်သည်။
"ကျုပ်မှာ သွေးအလုံအလောက်မရှိလို့ ကျုပ် ကြာကြာမနေနိုင်တော့ဘူး သွားလိုက်အုံးမယ်ဗျာ"
စကားဆုံးသည်နှင့် သူ မတ်တပ်ရပ်လိုက်၏။ ထိုအခိုက်မှာပင် သူသည် ဖြတ်ခနဲ ပျောက်ကွယ်သွားပြီး သူ့ ဝတ်ရုံရှည်သာလျင် ကြမ်းပြင်ပေါ်တွင် ပုံလျက်သား ကျန်ခဲ့၏။
လူတိုင်း မျက်လုံးပြူးကုန်၏။ ထိုအချိန်မှာပင် ကြမ်းပြင်ပေါ်မှ သွေးစတချို့ကို ရှီကိုင်းဟွမ် မြင်တွေ့လိုက်ရသည်။
၎င်းကိုမြင်သည်နှင့် ရှီကိုင်းဟွမ် အားရပါးရ အော်ဟစ်ရယ်မောလိုက်လေသည်။
"ဟား ဟား ဟား ကြည့်ကြပါအုံး ဒီကောင်လေး ထူးထူးထူးဆန်းဆန်းတခု တီထွင်လိုက်ပြန်ပြီ"
လူတိုင်း အိပ်မက်ထဲမှ လန့်နိုးလာသလို ခံစားလိုက်ရ၏။ ထိုစဥ် နောက်ထပ် စုချန်းတဦး တံခါးပေါက်မှ လှမ်းဝင်လာ၏။ တင့်တယ်သောကိုယ်ဟန်၊ အားကောင်းသောအရှိန်အဝါကြောင့် ဤတကြိမ်စုချန်းမှာ စုချန်းအစစ်မှန်း မြင်သာနေလေသည်။
"မင်း ပုံတူကူးနိုင်တဲ့နည်းစနစ်ကို တီထွင်နိုင်လိုက်ပြီလား"
"ဒါ ပုံတူကူးတဲ့နည်းစနစ်မဟုတ်ဘူး ဆရာ ဒီကောင်က ရုပ်သေးရုပ်အဆင့်မှာပဲ ရှိသေးတယ်"
ရှီကိုင်းဟွမ်၏ မေးခွန်းကိုပြန်ဖြေရင်း တဆက်တည်းမှာပင် စုချန်းက ရုပ်သေးရုပ်၏ အခြေအနေကို ရှင်းပြလိုက်၏။
မည်သို့ဆိုစေ စုချန်း၏ တီထွင်မှုကြောင့် လူတိုင်း ဖော်မပြတတ်အောင် စိတ်လှုပ်ရှားကုန်သည်မှာ အမှန်ပင်။
ထိုအခါ ချန်ထျန်းဟိုင်က မေးလိုက်၏။
"မင်းပြောသလိုသာဆိုရင် ကျုပ်က ကျုပ်မှာရှိတဲ့သွေးမှန်သမျှကို အကုန်ဖောက်ထုတ် ပြီးရင် မင်းပြောတဲ့ ဘာမူလပစ္စည်း အဲတာနဲ့ ပေါင်းလိုက်ရင် မူရင်းချန်ထျန်းဟိုင်အတိုင်း အင်အားရှိတဲ့ နောက်ထပ် ချန်ထျန်းဟိုင်ကို ဖန်တီးနိုင်မှာပေါ့ ဟုတ်လား"
စုချန်းက ပြန်ဖြေလိုက်သည်။
"အင်အားပြည့်တော့မဟုတ်ဘူး ဒါပေမဲ့ အင်အားတဝက်လောက်ထိတော့ ရုပ်သေးရုပ်က ဖော်ထုတ်နိုင်လိမ့်မယ် ပြီးတော့ ရုပ်သေးရုပ်ဟာ အသုံးပြုသူနဲ့ တပုံစံတည်းတူပြီး အသုံးပြုသူရဲ့ စိတ်နေစိတ်ထားအတိုင်း ထပ်တူ လှုပ်ရှားလိမ့်မယ်"
"အင်း"
ချန်ထျန်းဟိုင် နှုတ်ဆိတ်သွား၏။ စုချန်း ပြောပြသောသဘောတရားကို သူ လက်ခံရန် ခဲယဥ်းနေသည် မဟုတ်ပါလား။
ထိုစဥ် ချုးယင်ဝမ်က ရုပ်သေးရုပ်စုချန်း ကျန်ခဲ့သည့် အဝတ်အစားများကို ကောက်ယူရင်း မေးလိုက်ပြန်သည်။
"ဒီအဝတ်အစားတွေကို မူလစွမ်းအင်နဲ့ ဖန်တီးလို့တော့ မရလောက်ပါဘူးနော်"
စုချန်းက ပြန်ဖြေလိုက်ပြန်၏။
"ရတာပေါ့ဗျာ ဒါပေမဲ့ တွဲဖက်ပေါ်ပေါက်လာတဲ့ အဝတ်အစားတွေက ရုပ်သေးရုပ်ရဲ့ စွမ်းအင်တွေကိုပါ ယူငင်စားသုံးနေတော့ ရုပ်သေးရုပ်ကို ကြာကြာထိန်းထားဖို့ ပိုခက်သွားတာပေါ့"
စွမ်းအင်ကုန်ဆုံးသွားသည်နှင့် ရုပ်သေးရုပ်မှာ အလိုအလျောက် ပျောက်ဆုံးသွားသည်မဟုတ်ပါလား။
မည်သို့ဆိုစေ ရုပ်သေးရုပ်သည် ရုပ်သေးမျှသာဖြစ်သည်။ ၎င်းကို တကယ့်ကိုယ်ခန္ဓာအစစ်နှင့် အစားထိုး၍မရ။ ၎င်း၏ အဓိကရည်ရွယ်ချက်မှာ ကိရိယာတခုအဖြစ် အသုံးတော်ခံရန်သာတည်း။
စုချန်း ရှင်းပြသည်ကို နားထောင်ရင်း နောက်ဆုံးတွင် လီကုံးရှန်က မှတ်ချပြုလိုက်၏။
"ဘာပဲဖြစ်ဖြစ် ဒီလိုရုပ်သေးရုပ်မျိုးရှိနေတော့ ကျုပ်တို့ သူ့ကို တိုက်ခိုက်ရေးအတွက် သုံးနိုင်တယ် ရန်သူကို လှည့်စားရမှာလဲ သုံးနိုင်တယ် ထွက်ပြေးဖို့အတွက်လဲ သုံးနိင်တယ် "
ဗိုလ်ချုပ်ဟောင်းတဦး ဖြစ်သော လီကုံးရှန်၏ ကောက်ချက်မှာ မှန်ကန်လှပေသည်။
"မှန်ပါတယ်ဗျာ"
စုချန်း ထောက်ခံလိုက်၏။
ရုပ်သေးရုပ်များအား တိုက်ခိုက်ရေးတွင် သုံးနိုင်သလို ထွက်ပြေးရန်အတွက်လည်း သုံးနိုင်၏။
သို့သော် ရုပ်သေးရုပ်အား အချိန်ကြာကြာ တိုက်ခိုက်စေရန်မှာ သွေးအများကြီး လိုအပ်မည်ဖြစ်သည်။ အကယ်၍ သွေးအလုံအလောက်ရှိပါက၊ မူလပစ္စည််း အလုံအလောက်ရှိပါက စုချန်းအနေနှင့် နောင်တချိန်တွင် ရုပ်သေးတပ်တော်ကြီးပင် ဖွဲ့စည်းနိုင်ဖွယ်ရာ ရှိနေ၏။
သို့သော် စုချန်းအနေနှင့် ထိုလမ်းကို လိုက်လိမ့်မည်မဟုတ်။
မူလချီစွမ်းအားပညာရှင်တဦး၏ သွေးဟူသည် မူလစွမ်းအင်များနှင့် ပြည့်နှက်နေ၏။ သွေးစက်တိုင်းတွင် မူလစွမ်းအင်များနှင့် ပြည့်နှက်နေခြင်း ဖြစ်သည်။ အကယ်၍ ထိုသွေးများဆုံးရှုံးပါက မူလအနေအထားသို့ ပြန်ရောက်ရန် အတော်လေး အချိန်ယူရပေလိမ့်မည်။ ထို့ကြောင့် သွေးများထုတ်ယူနေသည်နှင့်အမျှ အဆိုပါ ချီစွမ်းအားပညာရှင်သည် အချိန်ကြာလေလေ အားနည်းလေလေသာ။
နောက်ထပ်အကြောင်းပြချက်တခုမှာ အဆိုပါ ပုံတူပွားခြင်းမူလပစ္စည်းသည် အရိပ်မူလပစ္စည်းကဲ့သို့ပင် ကမ္ဘာပေါ်တွင် အလွန်ရှားပါးလှ၏။
ထို့ကြောင့် စုချန်းအနေနှင့် လက်ရှိအချိန်ထိ ပုံမှန်အသုံးပြုနိုင်မည့် မူလစွမ်းရည်တမျိုးကို မဖော်ထုတ်နိုင်သေးဟု ဆိုနိုင်ပေသည်။ သူ့အနေနှင့် ပုံတူပွားခြင်းမူလပစ္စည်းအား မူလစွမ်းအင်လျပ်ကူးကိရိယာနှင့် ပေါင်းစပ်ရန်မှအပ တခြားရွေးစရာလမ်း မရှိသေးချေ။
ထိုအခါ ပုံတူပွားခြင်းမူလကိရိယာသည် အချုပ်အနှောင်မဲ့အဖွဲ့၏ နောက်ထပ်ရတနာတပါး ဖြစ်လာတော့သည်။ ဤနည်းအားဖြင့် အချုပ်အနှောင်မဲ့အဖွဲ့ပိုင် ရတနာများမှာလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာတော့၏။ အဖွဲ့၏ ရှေ့ရေးမှာကား ရွှေရောင်လွှမ်းနေခဲ့လေပြီတည်း။
ဤယနေ့တွင်လည်း စုချန်းသည် သုတေသနလုပ်ငန်းများနှင့် အလုပ်ရှုပ်လျက်ရှိလေသည်။
ထိုအခိုက်မှာပင် အခန်းဝဆီမှ သေမင်းအရိပ် ထွက်ပေါ်လာ၏။
"သခင်"
သေမင်းအရိပ်က စုချန်းအား ဒူးထောက်အရိုုအသေပေးရင်း နှုတ်ဆက်လိုက်သည်။
"ဘာများလဲကွ"
စုချန်းက လှည့်ပင်မကြည့်ပဲ မေးလိုက်၏။
"ဧည့်သည်ရောက်နေလို့ပါ သခင်"
"ဘယ်သူများလဲ"
"ချီမင်းဖန်ပါ သခင်"
ချီမင်းင်းဖန်ဟူသော နာမည်ကိုကြားသည်နှင့် စုချန်း မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူက တဟဲဟဲရယ်မောရင်း ပြောလိုက်၏။
"ဒီလူကြီး အနံ့ခံတော့ တော်တော်ကောင်းတာပဲ ကဲ သူ့ကို ဧည့်ခန်းဆီခေါ်သွားလိုက်ကွာ ကျုပ် လာခဲ့မယ်"
စုချန်းအား မြင်သည်နှင့် ချီမင်းင်းဖန် အားရပါးရ ရယ်မောလိုက်၏။
"ဂုဏ်ယူပါတယ် ခေါင်းဆောင်စု ငယ်ငယ်ရွယ်ရွယ်နဲ့ အဖွဲ့အစည်းတခုကို အောင်အောင်မြင်မြင် တည်ထောင်နိုင်လိုက်ပြီ မင်းကတော့ မင်းတို့မျိုးဆက်ရဲ့ သူရဲကောင်းအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပြီ"
"မိုးသခင်ကြီးချီ ဒီလောက်လဲ ယဥ်ကျေးနေစရာမလိုပါဘူးဗျာ"
သူ့ကို အပြင်လူအဖြစ် သဘောထားဟန်မပေါ်သည့် စုချန်း၏ အမူအရာကို မြင်သောအခါ ချီမင်းဖန် ကြိတ်၍ သက်ပြင်းချလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒါဆိုလဲ ယဥ်ကျေးမနေတော့ဘူး ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် တကယ်တော့ ကျုပ် ဒီကို တောင်းပန်ဖို့ လာခဲ့တာပဲ"
"တောင်းပန်ဖို့ ဟုတ်လား"
စုချန်း အံ့သြသွား၏။
"ဘာအတွက်"
"စန်းမို"
ထိုနာမည်ကိုကြားသည်နှင့် စုချန်း ချက်ချင်းနားလည်သွား၏။
"စန်းမိုကိစ္စဆိုရင်တော့ ကျုပ် ရှင်းရှင်းလင်းလင်း သိချင်တယ်"
ချီမင်းင်းဖန်က စကားစလိုက်၏။
"ပြသနာက ကြီးကြီးမားမားတော့ မဟုတ်ဘူး မင်းသိတဲ့အတိုင်း ရှင်သန်ခြင်းကျောင်းတော်ဆိုတာ အင်မတန်ကြီးမားတဲ့အဖွဲ့ အဖွဲ့အစည်းက ကြီးလာလေလေ ကိစ္စတွေက ပိုပြီး ရှုပ်ထွေးလာလေလေပဲ တခါတလေမှာ အဖွဲ့အစည်းကြီးတခုရဲ့ ပြသနာတွေဟာ နိုင်ငံတော်အဆင့်လောက်က်ို ကြီးမားပြီး ရှုပ်ထွေးနေတတ်တယ် စန်းမို့ရဲ့ပြသနာကလဲ အဲဒီအတိုင်းပဲ"
"ကျုပ် မှန်းဆမိပါတယ်"
စုချန်းက ပြန်ဖြေလိုက်သည်။
စန်းမို၏ ပြသနာသည် ရှင်သန်ခြင်းကျောင်းတော်၏ အတွင်းရေးပြသနာဖြစ်သည်။ ထို့ကြောင့် စုချန်းအနေနှင့် ၎င်းပြသနာကို အတိအကျ မသိနိုင်။
သို့သော် ၎င်းတို့၏ အတွင်ရေးပြသနာ သူ့အပေါ် ရိုက်ခတ်လာသည်ကိုတော့ စုချန်း ဒေါသထွက်မိသည်မှာ အမှန်ပင်။ ထိုအခါ သူက ပြောလိုက်သည်။
"ဒီပြသနာကို ခင်ဗျား ဘယ်လ်ိုပဲမြင်မြင် ကျုပ် အတော်လေး ဒုက္ခများသွားတာတော့ အမှန်ပဲ အခုဆို လူတချို့က ကျုပ်နဲ့ခင်ဗျားတို့ရဲပတ်သက်မှုကို သိကုန်ကြပြီ ဒီအတိုင်းဆို ကျုပ်တို့ဆက်ဆံရေးက အဆုံးသတ်သွားနိုင်တယ်"
ထိုအခါ ချီမင်းင်းဖန်က ကပျာကယာပင် ပြောလိုက်၏။
"ညီလေးစု ဒီလောက်လဲ အလျင်စလို မဆုံးဖြတ်ပါနဲ့ ဒါတွေအကုန်လုံးဟာ အနီရောင်လက်အန်းစီလီကြောင့် ဖြစ်ရတာ ခုဆို အဖွဲ့ကလဲ သူ့လုပ်က်ိုင်ပုံတွေကို မကြိုက်လို့ ရှင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီ"
အနီရောင်လက်အန်းစီလီသည် ရှင်သန်ခြင်းကျောင်းတော်၏ ခေါင်းဆောင်သုံးဦးအနက်မှ တဦးဖြစ်လေရာ အဖွဲ့၏ အရေးကြီးကိစ္စအများစုကို ကိုင်တွယ်ခွင့် ရှိနေ၏။ ထို့ကြောင့် သူ့ကို ရှင်းပစ်ရန် မလွယ်လှ။
သို့သော် ဤတကြိမ်တွင် အန်းစီလီသည် စန်းမိုကို လွှတ်ကာ စုချန်းကို ဒုက္ခပေးစေခဲ့၏။
စုချန်းမှာ ရှင်သန်ခြင်းကျောင်းတော်အတွက် သာမန်လူမဟုတ်။ အလွန်အလေးထားရသူ ဖြစ်သည်။ စုချန်းကြောင့် သူတို့အနေနှင့် အကျိုးအမြတ် အများအပြား ရရှိခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် အန်းစီလီ၏ လုပ်ရပ်သည် ရှင်သန်ခြင်းကျောင်းတော်မှ လူအများစုကို ဒေါသထွက်သွားစေခဲ့၏။
ယခုတော့ သူတို့ အန်းစီလီအား ရှင်းထုတ်ရန် ကြံစည်နေခဲ့လေပြီတကား။
***