ဒေါသ
Vol. 75 Ch. 750
"ဒီကောင် ဒါကို လွတ်အောင် ပြေးနိုင်သေးတာလား"
အလင်းတန်းတခုအဖြစ် ပြောင်းလဲထွက်ပြေးသွားသော ကုဖေးဟုန်ကိုကြည့်ပြီး စုချန်း စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်၏။
"ကုမင်းဝေပေးထားတဲ့ သီးခြား ထွက်ပြေးလွတ်မြောက်ရေးအဆောင်လက်ဖွဲ့တချို့ သူ့မှာ ရှိနေတယ်ရှင့်"
ကုချိန်းလွှာက စုချန်းအား ရှင်းပြလိုက်လေသည်။
"ဆိုးတာပဲ"
ရေရွတ်ပြီး လက်ပိုက်ကြည့်နေရုံမျှသာ စုချန်း တတ်နိုင်သည်။ သူ့အနေနှင့် ကုလျူအန်းနှင့် ကုပိုင်ယဲ့တို့အား ကျိန်စာမပြယ်စေရန် အဆက်မပြတ် ထိန်းချုပ်နေရသည် မဟုတ်ပါလား။
သို့သော် တိမ်တိုက်ကျားသစ်ကား စိတ်မရှည်တော့။
"သူတို့ကို အချင်းချင်း ပြန်တိုက်ခိုင်းမနေနဲ့တော့ ဒီကောင်တွေ မင်းရဲ့ထိန်းချုပ်မှုကို တချိန်လုံး ခုခံနေတာပဲ ကျုပ်တို့ဝင်လိုက်တော့မယ်"
စုချန်း ဘာမှပြန်မပြောနိုင်။ ခေါင်းကိုသာ အနိုင်နိုင်ညိတ်ပြလိုက်ရ၏။
ကုဖေးဟုန်ကား ထွက်ပြေးသွားပြီ ဖြစ်သည်။ ကုဖေးဟုန် ပြန်လာသည်နှင့် သူတို့အားလုံး နောက်ထပ်ပြသနာများနှင့် ရင်ဆိုင်ရပေတော့မည်။ ထို့ကြောင့် သူတို့တွင် အချိန်မရှိတော့။
စုချန်း ခေါင်းညိတ်ပြလိုက်သည်နှင့် တိမ်တိုက်ကျားသစ်သည် ရှေ့သို့ ဝုန်းခနဲ ခုန်ဝင်သွားတော့သည်။ သူသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်မျှသာ ဖြစ်သည်။ သို့တိုင်အောင် ဝိညာဥ်လောင်ကျွမ်းခြင်းပညာရှင်နှင့် ရင်ဆိုင်ရဲသည်ကိုကြည့်လျင် တိမ်တိုက်ကျားသစ် မည်မျှရဲရင့်မှန်း သိသာနေ၏။
ထို့နောက် သံမဏိ၊ သေမင်းအရိပ်နှင့် ဓားအစေခံ၁၂ယောက်တို့ကလည်း ပြိုင်တူ တိုက်ခိုက်လိုက်ကြတော့သည်။
သူတို့အားလုံး ဝင်ရောက်တိုက်ခိုက်လိုက်သည်နှင့် စုချန်း၏ ထိန်းချုပ်မှုကို ခံနေရသော ကုမျိုးနွယ်ဝင်များ ဘာမှမတတ်နိုင်တော့။ အချိန်တိုအတွင်း ရှင်းလင်းခံလိုက်ရလေသည်။
ထို့နောက် ကုချိန်းလွှာ၏ မျက်နှာကို အကဲခတ်ပြီး စုချန်းက မေးလိုက်၏။
"ကျုပ် ဘာဆက်လုပ်မလဲ မင်းသိပါတယ် မင်း ဆက်ကြည့်ချင်သလား"
"ကြည့်ဖို့လိုအပ်လို့လားရှင် ဘာပဲဖြစ်ဖြစ် သူတို့အားလုံး ကုမျိုးနွယ်ဝင်တွေပဲ မဟုတ်လား"
"သူတို့ မင်းကို ကောင်းကောင်းမဆက်ဆံဘူးလေ ဒါကြောင့် မင်းအနေနဲ့ သူတို့ကို သနားနေလဲ သိပ်မထူးလှဘူး ပိုပြီးအရေးကြီးတာက ဒီကနေ့ဖြစ်ရပ်ကြောင့် အနာဂတ်မှာ ကျုပ်တို့ ပြသနာအများကြီးနဲ့ ရင်ဆိုင်ရတော့မယ် ဒါကြောင့် ကျုပ် လုပ်ဖို့လိုတာကို ကျုပ် လုပ်ရလိမ့်မယ်"
စုချန်း ဘာကိုဆိုလိုမှန်း ကုချိန်းလွှာ နားလည်လိုက်သည်။ ထိုအခါ သူမ ခေါင်းကို ငြင်သာစွာ ညိတ်ပြလိုက်၏။
ကုချိန်းလွှာ၏ ခွင့်ပြုချက်ရသည်နှင့် စုချန်းသည် ကုလျူအန်း၏ အလောင်းကို တောအုပ်ထဲသို့ သယ်သွားပြီး မူလအရိုးရှေ့တွင် ချထားပေးလိုက်လေသည်။
ထို့နောက် သူက မေးခွန်းထုတ်လိုက်၏။
"အနာဂတ်မှာ ဘယ်လိုဒုက္ခမျိုးနဲ့ရင်ဆိုင်ရမလဲ ကျုပ် သိချင်တယ်"
စုချန်း၏ မေးခွန်းထွက်ပေါ်လာသည်နှင့် ကုလျူအန်း၏ အလောင်း တဖြည်းဖြည်းပျောက်ကွယ်သွားပြီး မီးခိုးငွေ့များထွက်ပေါ်လာကာ မီးခိုးငွေ့ထဲတွင် ပုံရိပ်များ ထင်ဟပ်လာပြန်သည်။
"လက်စသတ်တော့ မူလအရိုးက ဒါမျိုးကိုး"
စုချန်း၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားဟန်များ ထင်ဟပ်နေလေသည်။
ထိုအခိုက်အတန့်တွင် မူလသားရဲသွေးဗီဇအစုအဝေးကြီးကို စုချန်း မြင်တွေ့ခွင့်ရလိုက်၏။ တချိန်တည်းတွင်း မရေမတွက်နိုင်သော အဖြေအများအပြားကို စုချန်း ရရှိလိုက်လေသည်။
ထို့နောက် စက္ကန့့်ပိုင်းအတွင်းမှာပင် စုချန်း၏ စိတ်ထဲတွင် အတွေးတခု ဝင်လာပြန်သည်။
ထိုအတွေးမှာ လူသားများအား စတေးခံအဖြစ် အသုံးချခြင်းသည်လည်းကောင်း၊ လူသားများအား အစမ်းသပ်ခံအဖြစ် အသုံးပြုခြင်းသည်လည်းကောင်း ရက်စက်ရာကျသည်ဟူသော အတွေးပင်။
စုချန်းကား ယခင်နှင့်မတူပဲ တဖြည်းဖြည်း ရင့်ကျက်လာခဲ့လေပြီတည်း။ သူ့စိတ်ကူးစိတ်သန်းများမှာလည်း ငယ်နုစဥ်ကနှင့် မတူတော့ပဲ များစွာ အေးဆေးတည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။
ကုမျိုးနွယ်စု၏ မူလသားရဲသွေးဗီဇသည် မူလအရိုးအား နှိုးဆွနိုင်သည်အထိ တန်ဖိုးကြီးရတနာတပါး ဖြစ်သော်လည်း ထိုအတွက် လူတယောက်က်အား စတေးပစ်ရသည်မှာ မဖြစ်သင့်။ ထိုသူသည် ကန့်သတ်မျဥ်းအား မကျော်လာသရွေ့ ဤစတေးမှုမျိုးကို ရှောင်သင့်သည်ဟု စုချန်း တွေးတောမိလာလေသည်။
သို့သော် ကုလျူအန်းတို့လူစုမှာကား စုချန်းကို သတ်ပစ်ရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ကန့်သတ်မျဥ်းကို ကျော်လာသူများ ဖြစ်သည်။ ဤလူစားမျိုးကိုတော့ စုချန်း မငဲ့ညှာနိုင်။
အတွေးသာများနေသော်လည်း မီးခိုးငွေ့များအတွင်းမှ ပုံရိပ်ကိုတော့ စုချန်း ကွဲကွဲပြားပြား မြင်တွေ့နေရ၏။
သူ့နောက်သို့ ပြေးလိုက်နေသောလူစုကို မြင်သောအခါ စုချန်း အံ့သြသွားလေသည်။
"သူတို့ပဲကိုး"
ထို့နောက် သူက ကုပိုင်ယဲ့အား မူလအရိုးရှေ့တွင် ချပေးရင်း မေးလိုက်ပြန်သည်။
"ကျုပ် သိချင်တာက.........."
___________________×××______________×××________
စုချန်းနှင့် ကုဖေးဟုန်တို့ တိုက်ပွဲဆင်နွှဲနေစဥ် ကုမျိုးနွယ်စုအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ချုကျန်းယု၏ စောင့်ကြည့်မှုသည် သူတို့အားလုံးအား ဒေါသူပုန်ထသွားစေ၏။
ကုချင်ယုံအတွက်ဆိုလျင် ထိုစကားက ပို၍ မှန်ပေလိမ့်မည်။
လူသားဧကရာဇ်၁၂ပါးအနက်မှတပါးဖြစ်ပြီး ကုမျိုးနွယ်၏ စတုတ္တမြောက်ဘိုးဘေးဖြစ်သည့့် ကုချင်ယုံ၏ ကျင့်ကြံခြင်းအဆင့်က ကြောက်မက်ဖွယ်ကောင်းလှ၏။ ထို့ပြင် သူမသည် ငယ်သေးသဖြင့် ဒေါသအလွန်ကြီးလေသည်။
"အတင့်ရဲလိုက်လေချင်း သဘောတူညီမှုကိုဖောက်ဖျက်ပြီး ငါတို့ကို လျှို့ဝှက်ထောက်လှမ်းသတဲ့လား"
တစုံတဦး စောင့်ကြည့်နေသည်ကိုသိသည်နှင့် သူမ အကြီးအကျယ် ဒေါသထွက်တော့သည်။
သူမဒေါသထွက်သွားသည်မှာ ၁၆၁တိုင်သော အသက်ရင်းမြစ်င်းမြစ်ဖယောင်းတိုင်များ ပေါ်ပေါက်သွား၍ မဟုတ်။ ဘဲငန်းစောင့်ကြည့်ရေးကြေးမုံအား သဘောတူညီမှုမယူပဲ နှိုးဆွလိုက်၍သာ ဖြစ်သည်။
သဘောတူညီမှုကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်ခြင်းပေတည်း။
ဒါမျိုးကိုတော့ ကုချင်ယုံ လုံးဝလက်သင့်မခံနိုင်။
စောင့်ကြည့်ခံရမှန်းသိသွားသည်နှင့် ကုချင်ယုံသည် ချုမျိုးနွယ်များဆီသို့ ဒေါကြီးမောကြီးနှင့် ပေါက်ချသွားတော့သည်။
သူမ ဤကိစ္စအတွက် စာရင်းရှင်းရပေလိမ့်မည်။
ထိုအခါ တခြားဘိုးဘေးနှစ်ပါးဖြစ်သည့့် ကုချိန်စုံးနှင့် ကုချိန်ယန်းတို့သည် တယောက်က်မျက်နှာ တယောက်က်ကြည့်ရင်း သက်ပြင်းချကာ ခေါင်းကိုယ်စီ ခါယမ်းမိကြလေသည်။
သူတို့ သေသေချာချာ သဘောပေါက်ထားသည်မှာ ချူမျိုးနွယ်ဘက်မှ သဘောတူညီချက်ကို အကြောင်းပြချက်မရှိပဲ ချိုးဖောက်လိမ့်မည်မဟုတ်။
ပြသနာတစုံတရာတော့ ပေါ်ပေါက်နေခဲ့လေပြီ။
အတန်ကြာသော် ကုချိန်စုံးက ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူတို့ကိုအရင်မေးကြည့်ကြတာပေါ့"
"ကောင်းပြီလေ"
ကုချိန်ယန်းကလည်း ခေါင်းညိတ်သဘောတူလိုက်လေသည်။
ထိုအချိန်တွင် ခြံဝင်းအပြင်တွင် ရုတ်သဲသဲဖြစ်နေသော ကုမျိုးနွယ်ဝင်များအား လစ်လျူရှုကာ နန်းတော်ဆီသို့ ရှေ့ရှုလာခံသည့့် ကုချင်ယုံတယောက် လိုရာခရီးသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
အုန်း!!!
နန်းတော်အပြင်ဘက်လေထုထဲတွင် ကြီးမားသော စွမ်းအင်လှိုင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ထို့နောက် အားကောင်းလှသော မူလစွမ်းအင်များဟလေထုထဲတွင် စုဝေးလာတော့သည်။ အပြင်လူတယောက်က်အနေနှင့် ကြည့်လျင် ကောင်းကင်တခွင်လုံး မဲမဲမှောင်နေသကဲ့သို့ တွေ့မြင်ရပေလိမ့်မည်။ ချီစွမ်းအားပညာရှင်တဦးသာဆိုလျင် မူလစွမ်းအင်များ မိုးလုံးပြည့်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
၎င်းမှာ လူသားဧကရာဇ်တဦး ကောင်းကင်နှင့်မြေပြင်ဆီမှ မူလစွမ်းအင်များ စုစည်းနေခြင်းကြောင့် ဖြစ်ပေါ်လာသည့် တုံ့ပြန်မှုပင်။ ထို့ကြောင့် ၎င်းတို့အား လူသားဧကရာဇ်များဟု တင်စားခေါ်ဝေါ်နေကြခြင်းပင် မဟုတ်ပါလော။
မြေပြင်မှ စစ်သားများအဖို့ကား ကြီးမားလှသည့်ဖိအားကြီးကို စတင်ခံစားနေရပြီ ဖြစ်သည်။
ထိုအခိုက်မှာပင် နန်းတော်ဆီမှ နွေးထွေးသော အလင်းတန်းတခု အပေါ်သို့တဖြည်းဖြည်းမြင့်တက်လာ၏။ ထိုအခါ ကြီးမားသောဖိအားသည် ရုတ်တရက်ပျောက်ကွယ်သွားပြီး လူတိုင်း စိတ်သက်သာရကုန်ကြလေသည်။
"အရှင်မင်းကြီး အရှင်မင်းကြီးကိုယ်တိုင် ကြွချီလာတာပဲ"
ဧကရာဇ်ချူယွမ်ကိုယ်တိုင် ရောက်လာမှန်း ထိုအခါကျမှ စစ်သားတိုင်း သိရှိလိုက်ရ၏။
ချုယွမ်ကိုယ်တိုင်လည်း အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်တွင်ရှိနေသော်လည်း ကုချင်ယုံနှင့်စာလျင် သွေးဗီဇမှာ နိမ့်ပါးနေ၏။ ထို့ကြောင့် အင်အားချင်းယှဥ်လျင် ချူယွမ် ရှုံးဖို့များလေသည်။
ကံကောင်းသည်မှာ ချူယွမ်အနေနှင့် အင်အားကို ထုတ်သုံးနေစရာမလို။
ကျိန်စာသုံးမျိုးအား ထိန်းချုပ်ထားနိုင်ခြင်းသည် ကြီးမားသော အားသာချက်တရပ်ပင် မဟုတ်ပါလား။
သို့သော် ကုချင်ယုံ၏ တင်းမာလှသောမျက်နှာထားကြောင့် ချူယွမ် လေချိုသွေးလိုက်၏။
"စတုတ္တအဒေါ်ပါလား တွေ့ရတာ ဝမ်းသာဂုဏ်ယူပါတယ်ဗျာ ဘာပြသနာများ ရှိလို့ပါလိမ့်"
ဝါစဥ်အရ ချူယွမ်က ကုချင်ယုံထက်နုသဖြင့် ထိုသို့ ခေါ်လိုက်ခြင်းပင်။
သို့သော် ကုချင်ယုံက အောက်ပါအတိုင်း ပြန်အော်လိုက်၏။
"ဟဲ့ ချူယွမ် နင်က သဘောတူညီချက်ကိုချိုးဖောက်ပြီး ကုမျိုးနွယ်ကို စောင့်ကြည့်ဝံ့သလား ကျိန်စာတွေကို ထိန်းချုပ်နိင်တာနဲ့ပဲ နင် လုပ်ချင်ရာလုပ်လို့ရပြီ ထင်နေတာလား နင့်မျက်လုံးထဲမှာ ကုမျိုးနွယ်ဟာ ဘာမှမဟုတ်တော့ဘူးလား ငါ ကုချင်ယုံ ဒီအတိုင်းသာဆိုရင်....."
"ကျုပ် ကုမျိုးနွယ်စုအပေါ် ဘယ်လောက်ထိ လေးစားတယ်ဆိုတာ စတုတ္ထအဒေါ် အသ်ိိဆုံးပါဗျာ"
"ဘဲငန်းစောင့်ကြည့်ရေးကြေးမုံကို နှိုးဆွပြီး ငါတို့ကို စောင့်ကြည့်တာ နင် လေးစားပြတာလား"
ချူယွမ် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
"အောက်ဆင်းပြီး အေးအေးဆေးဆေး ပြောရအောင်လားဗျာ"
ကုချင်ယုံ တစုံတခု ပြောရန်ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် ကုချိန်စုံးနှင့် ကုချိန်ယန်း ရောက်လာပြီး ပြောလိုက်သည်။
"ကဲ ကဲ အောက်ဆင်းပြီး ပြောကြရအောင် လေထဲမှာ ရန်ဖြစ်နေတာဟာ လူမြင်လို့မကောင်းလှပေဘူး"
ကုချင်ယုံလည်း ဒေါသကို အနိုင်နိုင်ထိမ်းသိမ်းပြီး ချူနန်းတော်ထဲသို့ လိုက်ပါသွားရလေသည်။ နန်းတော်အတွင်းရောက်သည်နှင့် သူမက ရန်တွေ့လိုက်ပြန်၏။
"ကဲ ပြောစမ်း ကြေးမုံကိုနှိုးဆွပြီး ဘာကြောင့် စောင့်ကြည့်ရသလဲဆိုတာ"
ချူယွမ် ပြုံးလိုက်၏။
"ဒေါ်လေး နားလည်မှုလွဲနေပြီ ကျုပ် ဒါကို ခွင့်ပြုချက်မဲ့သုံးတာမဟုတ်ဘူး ဒါလေးကို ယုံကြည်ပေးစမ်းပါဗျာ"
"ဘာပြောလိုက်တယ်"
ကုချင်ယုံ ကြောင်သွား၏။
"ဘယ်သူခွင့်ပြုတာလဲ"
ကုချိန်စုံး၏ မေးခွန်းဖြစ်သည်။
"ကုဖေးဟုန်"
"ဘာ ဖေးဟုန် ဟုတ်လား"
ကုမျိုးနွယ်ဘိုးဘေးသုံးဦးလုံး နားဝေတိမ်တောင် ဖြစ်သွားလေသည်။
"မယုံဘူးဆိုရင်လဲ ဒါကိုသာကြည့်လိုက်ပါတော့ဗျာ"
ပြောပြောဆိုဆို ချူယွမ်က တံဆိပ်များအပြည့်အစုံ ခပ်နှိပ်ထားသည့့် စာရွက်တရွက်အား ကုချိန်စုံးလက်ထဲသို့ ထည့်ပေးလိုက်၏။
တချက်မျှကြည့်ရုံနှင့် စာရွက်တွင် ကုမင်းဝေ၏ တောက်ပခြင်းနဂါးတံဆိပ်ခပ်နှိပ်ထားပြီး တောင်းဆိုသူ ကုဖေးဟုန်များ ကုချိန်စုံး သဘောပေါက်လိုက်သည်။
"ဒါ...ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ"
ကုချိန်စုံး တကိုယ်လုံး တုန်ယင်နေ၏။
ထိုအချိန်မှာပင် ချူကျန်းယုက ဝင်လာပြီး ကုဖေးဟုန်တယောက်က် ကုချိန်းလွှာကို ရှာဖွေနေမှန်း ရှင်းပြလိုက်လေသည်။
"ထွီ ခွေးမသား မိန်းမတယောက်အတွက်တဲ့လား"
ကုချိန်းစု အကြီးအကျယ် ဒေါသထွက်သွားလေပြီ။
"ဒီခွေးမသား ခု ဘယ်မှာလဲ"
ချူကျန်းယုက ဝင်ပြောလိုက်ပြန်သည်။
"မြို့ပြင်မှာပဲ ရှိအုံးမယ်လို့ ယူဆရပါတယ် အတိအကျသိချင်ရင်တော့ ကြေးမုံမှာ လိုက်ကြည့်လို့ရပါတယ်ခင်ဗျာ"
ကုအကြီးအကဲသုံးဦးလည်း ချူကျန်းယုစကားအတိုင်း ကြေးမုံဆီသို့ လိုက်ကြည့်ကြပြန်၏။
ကြေးမုံရှေ့ရောက်သည်နှင့် ချူကျန်းယု နဝေတိမ်တောင် ဖြစ်သွား၏။
"ဟင် သူ မရှိတော့ပါလား သူ ကုအိမ်တော်ဆီတောင် ပြန်လာနေပြီ ထူးဆန်းတယ်"
ထိုအခိုက်မှာပင် ကုချင်ယုံက လက်တဖက်ကို ဝေ့ယမ်းလိုက်လေရာ သူမ၏ ဘယ်ဖက်လက်သည် လေထဲဲသို့ ပျံတက်သွားကာ နဂါးကြီးတကောင်အဖြစ် ပြောင်းလဲသွားတော့၏။
သိပ်မကြာမီ နဂါးကြီး ပြန်ရောက်လာ၏။ ကုဖေးဟုန်လည်း အတူတကွ ပါလာလေသည်။
***