ဖြတ်သန်းခြင်း ၃
Vol. 76 Ch. 757
ယုန်စီချင်း အကြီးအကျယ် ဒေါသထွက်နေ၏။ ဘာမှဟုတ်သည့် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်အဆင့်က သူ့အား ပြောင်ပြောင်တင်းတင်း စိမ်ခေါ်နေသည် မဟုတ်ပါလား။
သို့သော် ထိပ်တိုက်ရင်ဆိုင်မိသည့် ခနမှာပင် ယုန်စီချင်း၏ စိတ်ထဲတွင် တမျိုးတဖုံ ခံစားလိုက်ရတော့သည်။
သံမဏိသည် တောင်ကြီးတစ်တောင်၊ ကျောက်ရုပ်ကြီးတစ်ရုပ်၊ ဘီလူးကြီးတစ်ကောင်နှင့်တူ၏။ တိမ်တိုက်ကျားသစ်မှာကား ငါးတစ်ကောင်၊ ငှက်တစ်ကောင် သို့မဟုတ် မျောက်တစ်ကောင်နှင့် တူလှပေသည်။
ဆီများသုတ်လိမ်းထားသည့်မျောက်တကောင်သဖွယ် တိမ်တိုက်ကျားသစ်သည် ဖမ်းဆုတ်ရန် ခက်လှ၏။
သူ လက်ညိုးထိုးလိုက်သည့်ခနမှာပင် တိမ်တိုက်ကျားသစ်သည် ကိုယ်ခန္ဓာကို တွန့်လိန်လှုပ်ရှားကာ သူ့ရှေ့သို့ ဖြတ်ခနဲရောက်လာ၏။ ၎င်း၏ အရှိန်အဟုန်မှာကား ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လှသည်။ ဘယ်ချိန်ကတည်းက ထုန်ထားမှန်းမသိသည့် ဓားတိုတချောင်းကလည်း သူ့ရင်ဝသို့ တိုးဝင်လာတော့သည်။
ထ်ိုဓားကို ယုန်စီချင်း ကောင်းကောင်းသ်ိ၏။
အနက်ရောင်ထိုးဖောက်ခြင်းအမည်ရ အဆင့်လေးမူလကိရိယာ။ ထိုဓားသည် ထိပ်တန်းလုပ်ကြံသတ်ဖြတ်ရေးလက်နက်တမျိုးဖြစ်ပြီး မည်သည့်သံချပ်ကာဝတ်စုံ၊ မည်သည့့်အကာအကွယ်မျိုးကိုမဆို ဖောက်ထွင်းနိုင်သည်ဟု အဆိုရှိ၏။
ယုန်မျိုးနွယ်စု၏ သွေးဗီဇတွင် လုပ်ကြံသတ်ဖြတ်ရေးစွမ်းရည်များစွာ ပါဝင်နေလေရာ ဤလက်နက်မျိုးကို ယုန်စီချင်းသိနေသည်မှာ ဘာမှမဆန်းချေ။
ယခုတော့ သူ့ရန်သူသည် လုပ်ကြံသတ်ဖြတ်ရေးလက်နက်တမျိုးကို သုံးကာ သူ့အား တိုက်ခိုက်လာခဲ့လေပြီ။ ထိုမျှသာမကသေး ဓားသွားမှာ အစိမ်းရင့်ရောင်သန်းလျက်ရှိလေရာ ပြင်းထန်သောအဆိပ်တမျိုး သုတ်လိမ်းထားကြောင်း သိသာနေ၏။
ထို့ကြောင့် ရန်သူ၏ တိုက်ခိုက်မှုက်ို ယုန်စီချင်း ထိပ်တိုက်ရင်မဆိုင်ရဲ။ ရင်ဆိုင်မိသည်နှင့် ဘာဖြစ်သွားမည်ကို သူ ကောင်းကောင်းသဘောပေါက်သည် မဟုတ်ပါလား။ ထိုအခိုက်အတန့်တွင် ယုန်စီချင်းလုပ်နိုင်သော တခုတည်းသောအရာမှာ ရှောင်တိမ်းရန်သာတည်း။
ထိုအခါ သူ့ကိုယ်ခန္ဓာသည် ရိပ်ခနဲ ပျောက်ကွယ်သွားပြီး တခြားနေရာတွင် ပြန်ပေါ်လာတော့၏။ အရိပ်မြွေသွေးဗီဇ၏ မူလစွမ်းရည်တမျိုးဖြစ်သော အရိပ်ခုန်ထွက်ခြင်းပင်။
ထိုမူလစွမ်းရည်သည် ယုန်စီချင်းအား တနေရာမှ တနေရာသို့ ခုန်ကူးစေနိုင်သော အစွမ်းသတ္တိကို ပေး၏။
သို့သော် နောက်တနေရာသို့ခုန်ကူးနေစဥ်မှာပင် တိမ်တိုက်ကျားသစ်က ယုန်စီချင်းအား မြားတိုလေးနှင့် လှမ်းပစ်လိုက်၏။ အဆိုပါမြားတိုမှာလည်း သာမာန်မြားတိုမဟုတ်။ အဆိပ်သုတ်လိမ်းထားသည့်မြားတိုပင် ဖြစ်နေပြန်၏။
တိမ်တိုက်ကျားသစ်၏ တိုက်ခိုက်မှုသည် ယုန်စီချင်းအား အကြီးအကျယ်ထိတ်လန့်သွားစေ၏။ ပထမအကြိမ် ခုန်ထားခြင်းကြောင့် ခေတ္တဆိုင်းငံ့နေရသောတခနကို တိမ်တိုက်ကျားသစ်က ကွက်တိအသုံးချလိုက်ခြင်းပင် မဟုတ်ပါလား။ ဤတကြိမ်တွင် ယုန်စီချင်းတယောက် အရိပ်ခုန်ထွက်ခြင်းနည်းစနစ်ကို အသုံးမပြုနိုင်တော့။ မြားတိုအား ခေါင်းလှန်၍သာ ရှောင်တိမ်းနိုင်လိုက်၏။ သို့သော် တိမ်တိုက်ကျားသစ်၏ မြားတိုမှာ ယုန်စီချင်၏ မျက်နှာကို ပွတ်ဆွဲသွားခဲ့လေပြီ။
ယုန်စီချင်း မျက်လုံးပြူးသွားပြီး သူ့ကိုယ်တွင်းရှိ ချီစွမ်းအင်များကို ကပျာကယာ လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် အဆိပ်မိခြင်းနှင့်တူသည့့် မည်သည့်လက္ခဏာမျိုးမှ သူ မတွေ့ရ။
ဟင်...ငါ အဆိပ်မမိိပါလား...ဘယ်လိုဖြစ်တာလဲ...
လက်စသတ်တော့ ဒီကောင် သူ့မြားကို အစိမ်းပုပ်ရောင်ဆိုးထားတာကိုး...
ခွေးမသား..တော်တော်ကောက်ကျစ်တဲ့ကောင်...
ယုန်စီချင်း ကြိတ်၍ကျိန်ဆဲလိုက်၏။ ထိုအချိန်မှာပင် တိမ်တိုက်ကျားသစ်သည် ဝုန်းခနဲခုန်ဝင်လာပြီး ဓားတိုလေးနှင့် ထိုးနှက်လာပြန်သည်။
တိမ်တိုက်ကျားသစ်၏ တိုက်ခိုက်မှုမှာ ရက်စက်ကြမ်းကြုတ်ပြီး မြန်ဆန်လှ၏။
ဤတကြိမ်တွင်လည်း အရိပ်ခုန်ထွက်ခြင်းနည်းစနစ်ကို ယုန်စီချင်း ထပ်မံထုတ်သုံးလိုက်ရပြန်သည်။ တချိန်တည်းတွင် မူလစွမ်းအင်အကာအကွယ်ကိုပါ ယုန်စီချင်း ဖော်ထုတ်ထားလိုက်ရ၏။
ယုန်စီချင်း မြေကြီးပေါ်သို့ရောက်သည်နှင့် နောက်ထပ်မြားတိုတချောင်းက သူ့ထံသို့တိုးဝင်လာပြန်၏။ မြားတိုသည် မူလစွမ်းအင်အကာအကွယ်ကိုသာ ထိမှန်ပြီး အောက်သို့ပြုတ်ကျသွားလေသည်။
ဒီခွေးမသားလေးက ငါ ဘယ်ဖက်က်ိုခုန်မယ်ဆိုတာကိုပါ ကြိုသိနေပါလား..တော်တော်အနံ့ခံကောင်းတဲ့ကောင်...
မျက်မှောင်တချက်ကုတ်ပြီး ယုန်စီချင်း လက်တဖက်ကို လှုပ်ရှားလိုက်ရာ အားကောင်းလှသောမူလစွမ်းအင်လှိုင်းများ ဝုန်းခနဲ တိုးထွက်လာ၏။
ရန်သူလူငယ်သည် လျပ်ပြက်တမျှ မြန်ဆန်လှပြီး သူ ခုန်ထွက်မည့်နေရာကိုပါ မှန်းဆနိုင်စွမ်းရှိနေလေရာ ၎င်းနှင့် အမြန်နှုန်းချင်းယှဥ်နေပါက သူ အရေးမလှနိုင်ကြောင်း ယုန်စီချင်း သိလိုက်ပြီ မဟုတ်ပါလား။
ထို့ပြင် သူသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်သည်။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အဆင့်တွင်သာ ရှိနေသူကို အဘယ်ကြောင့် နေ့တဝက်ကြာအောင် တိုက်ခိုက်နေရမည်နည်း။ ထို့ကြောင့် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် ယုန်စီချင်း ဆုံးဖြတ်လိုက်တော့၏။ ကျင့်ကြံခြင်းနယ်ပယ်အဆင့်ချင်းကွာဟနေမှုကို အားသာချက်အဖြစ် အသုံးပြုကာ ရန်သူကို သူ အပြတ်ရှင်းတော့မည်တည်း။
အားကောင်းလှသောမူလစွမ်းအင်လှိုင်းများ တိမ်တိုက်ကျားသစ်ဆီကို တရိပ်ရိပ်တိုးဝင်လာပြီ ဖြစ်သည်။
အဆိုပါ မူလစွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင်တခုလုံးအား သိသိသာသာပင် သက်ရောက်လာတော့၏။ ၎င်းသည် ဆူမာရုလေဟာနယ်လောက်တော့ မပြင်းထန်။ သို့သော် မုန်တိုင်းတခုသဖွယ်တော့ သက်ရောက်မှုရှိလေသည်။ အားလှိုင်းဂယက်ကြောင့် တိမ်တိုက်ကျားသစ်၏ လှုပ်ရှားမှုများ သိသိသာသာပင် နှေးကွေးလာကြောင်း မြင်တွေ့နေရ၏။
ယုန်စီချင်း ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်ငည်။
"မျောက်တကောင် ဘယ်လောက်ပဲမြန်မြန် မျောက်က မျောက်ပါပဲကွာ"
ထို့နောက် ယုန်စီချင်းသည် တိမ်တ်ိုက်ကျားသစ်အား လက်သည်းနှင့် လှမ်းကုတ်လိုက်တော့သည်။
တိမ်တိုက်ကျားသစ်ကလည်း ယုန်စီချင်၏ လက်သည်းကုတ်ချက်အား ဓားတိုလေးနှင့် ခံဆောင်ပေးလိုက်လေသည်။ ဓားတ်ိုလေးသည် ယုန်စီချင်း၏ မူလစွမ်းအင်အကာအကွယ်အား ထိုးဖောက်ကာ ၎င်း၏ လက်ဝါးအား ပြန်ရှသွားစေ၏။
ယုန်စီချင်း၏ လက်သည်းကုတ်ချက်ကြောင့်လည်း တိမ်တိုက်ကျားသစ်၏ လက်ကောက်ဝတ်တွင် လက်ငါးချောင်းရာအပေါက်ကြီး ပေါ်ပေါက်လာတော့သည်။
တိမ်တိုက်ကျားသစ်၏ လက်တဖက်က်ို ဖျက်ဆီးပစ်မည်ဟု ယုန်စီချင်း တွေးတောလိုက်သည်။ ထိုအခိုက်မှာပင် သူ မျက်နှာပျက်သွားပြီး နောက်သို့ ဒရောသောပါ ဆုတ်သွားတော့သည်။
စက္ကန့်ပိုင်းအတွင်း ယုန်စီချင်း၏ လက်တဖက် မဲနက်ယောင်ကိုင်းလာတော့၏။
"အဆိပ်ပါလား"
တိမ်တိုက်ကျားသစ်အား လှမ်းကြည့်လိုက်သော ယုန်စီချင်း၏ မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
လက်စသတ်တော့ မြားတိုပေါ်ကအဆိပ်က အတုပေမဲ့ ဓားပေါ်က အဆိပ်ကတော့ အစစ်ပဲကိုး...
ရန်သူကို အထင်သေးခြင်း၊ အတွက်အချက်မှားသွားခြင်းတို့ကြောင့် ယုန်စီချင်း အဆိပ်မိသွားခြင်းပင်။
သာမာန်အားဖြင့် မူလကမ္ဘာကြီးဝယ် အဆိပ်ဟူသည် ထင်သလောက်ကြောက်စရာမဟုတ်။ မူလစွမ်းအင်က အဆိပ်အား ဖိနှိပ်နိုင်လေရာ အချိန်တခုကြာလျင် ထိုအဆိပ်က ပျောက်ကင်းသွားမည်သာ။ သို့သော် လက်တွေ့တွင် ယုန်စီချင်းသည် တိုက်ပွဲ၏ အလယ်ဗဟိုတွင် ရောက်နေ၏။ ရန်သူနှင့်တိုက်ခိုက်ချိန်တွင် မူလစွမ်းအင်ကို အဆက်မပြတ်ထုတ်သုံးနေရလေရာ ဤအနေအထားမျိုးတွင် အဆိပ်ကို သူ မည်သို့ ထိန်းချုပ်အံ့နည်း။ အခြေအနေကို သဘောပေါက်ချိန်ဝယ် ယုန်စီချင်း ခြေတလှမ်းစာ နောက်ကျသွားလေပြီ။
"ခွေးမသား မင်းသေချင်နေပြီ"
ယုန်စီချင်း ဒေါသအိုးပေါက်ကွဲသွားလေပြီ။ တချိန်တည်းမှာပင် သူ့နောက်ကျောဆီမှ အနက်ရောင်အရိပ်တရိပ် တိုးထွက်လာ၏။
အရိပ်ဆီမှ အမှောင်ထုသည် ကြီးမားခြင်းမရှိ။ သို့သော် နက်ရှိုင်းလှ၏။ အနီးအနားရှိ အလင်းရောင်များအား ဝါးမြိုနေသကဲ့သို့ပင် ထင်မှတ်ရလေသည်။
အနက်ရောင်မြွေသွေးဗီဇပုံရိပ်ယောင်ပင် ဖြစ်သည်။ ယုန်စီချင်း၏ သွေးဗီဇမှာ ငါးကြိမ်တိုင်တိုင်နိုးထပြီးဖြစ်၍ ပုံရိပ်ယောင်သည် အစစ်အမှန်နှင့် တူနေပြီး တကယ့်အနက်ရောင်မြွေတကောင် ထွက်ပေါ်လာသကဲ့သို့ ထင်မှတ်ရသည်။
အနက်ရောင်မြွေပေါ်ပေါက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များသည် တဖန်ပြန်လည်စုစည်းလာပြန်၏။ ထို့နောက် ယုန်စီချင်း၏ လက်ချောင်းထိပ်မှ အနက်ရောင်အလင်းတန်းတခု ပေါ်ပေါက်လာတော့သည်။
အနက်ရောင်မြွေမြား မူလစွမ်းရည်ပေတည်း။ ၎င်းစွမ်းရည်မှာ လမ်းကြောင်းတလျှောက်ရှိ အရာတိုင်းကို တိုက်စားပစ်တတ်သောသဘာဝ ရှိ၏။
တိမ်တိုက်ကျားသစ်၏ ကိုယ်ခန္ဓာသည် ရိပ်ခနဲ လှုပ်ရှားသွား၏။ သို့သော် အနက်ရောင်မြွေမြားသည် ပီဘိ မြွေတကောင်ပမာ တိမ်တိုက်ကျားသစ်နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလျက်ရှိသည်။
တိမ်တိုက်ကျားသစ်အနေနှင့် မည်သို့မှ ရှောင်တိမ်းနိုင်စွမ်းမရှိတော့။ ထိုအချိန်မှာပင် သူ့နောက်ကျောဆီမှ ပုံရိပ်ယောင်တခု ထွက်ပေါ်လာတော့၏။ အဆိုပါပုံရိပ်ယောင်သည် အစစ်နှင့်တူသလို အတုမှန်းလည်း မြင်သာနေလေသည်။ သို့သော် အစစ်အမှန်နှင့်တူနေသော သဘောသဘာဝက အနက်ရောင်မြွေမြားအား ဆွဲဆောင်လျက်ရှိ၏။
အက်ကွဲသံတချက် ထွက်ပေါ်လာပြီး တိမ်တိုက်ကျားသစ်၏ ပုံရိပ်ယောင်သည် အနက်ရောင်မြွေမြား၏ တိုက်ခိုက်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။ ထို့နောက် မြွေမြားသည် တိမ်တိုက်ကျားသစ်နောက်သို့ ထပ်မံလိုက်ပါလာပြန်သည်။ ကျားသစ်ကား အသက်ရှုချိန်ပင်မရပဲ ထွက်ပြေးရပြန်၏။
ပြေးနေရင်းနှင့်ပင် တိမ်တိုက်ကျားသစ်သည် မျက်စေ့တမှိတ်အတွင်းမှာပင် ပုံရိပ်ယောင်ကိုးခုတိတ်ိကို ဖန်ဆင်းလိုက်သည်။ မြွေမြားကလည်း အဆိုပါပုံရိပ်ယောင်များအား တချီတည်းနှင့် ဖျက်ဆီးလိုက်၏။
ပုံရိပ်ယောင်ကိုးခုအား ဖျက်ဆီးပြီးသည့်နောက်တွင်တော့ အနက်ရောင်မြွေမြားသည် သူ့အလိုလို အားကုန်သွားဟန်ဖြင့် ကြေမွပျက်စီးသွားလေသည်။ ထိုအခါကျမှ တိမ်တိုက်ကျားသစ်လဲ သက်ပြင်းချနိုင်တော့သည်။
ရန်သူ၏ တချီတည်းသောတိုက်ခိုက်မှုကို ခုခံရန် တိမ်တိုက်ကျားသစ် ပုံရိပ်ယောင်ကိုးခုတိတ်ိကို ဖန်တီးခဲ့ရ၏။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦး၏ အင်အားကို ထိုမျှဆို မြင်သာနိုင်ပေသည်။
သို့သော် တိမ်တိုက်ကျားသစ်ကား မကြောက်ရေးချမကြောက်။ တိုက်လိုခိုက်လိုစိတ်ပင် ပိုမိုပြင်းထန်လာသေးသည်။
ထို့နောက် သူသည် ယုန်စီချင်းအား စူးရှစွာ စိုက်ကြည့်ပြီး ဝုန်းခနဲ ခုန်ဝင်တိုက်ခိုက်လိုက်ပြန်၏။
ယုန်စီချင်းကလည်း ချက်ချင်းပင် လက်တဖက်ကို ပြန်လည်လှုပ်ရှားလိုက်သည်။ အနက်ရောင်မြွေမြား၊ ထို့နောက် တောင်ခွဲလက်ညိုး။ တိမ်လွှာရေစီးပမာ ညင်သာချောမွေ့လှသည့် တိုက်ခိုက်မှုပေတည်း။
တိမ်တိုက်ကျားသစ်ကလည်း ခေသူတော့မဟုတ်။ များပြားလှသောပုံရိပ်ယောင်များနှင့် မိုးကြိုးဓားကို ပြိုင်တူထုတ်သုံးပြီး ရန်သူ၏ တ်ိုက်ခိုက်မှုအား ခုခံပေးလိုက်၏။ တိမ်တိုက်ကျားသစ်၏ မိုးကြိုးဓားကား စုချန်းအသုံးပြုစဥ်ကထက် များစွာ ပြင်းထန်ထက်မြက်နေခဲ့လေပြီ။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ဖြစ်သည့် ယုန်စီချင်းပင် တိမ်တိုက်ကျားသစ်အားကြည့်ရင်း အံ့သြလာတော့၏။ ဤလူငယ်သည်ကား ရုပ်ပိုင်းဆိုင်ရာအရ သံမဏိလောက် အားမကောင်းသည့်တိုင် တိုက်ခိုက်ရာတွင် ကျွမ်းကျင်လိမ္မာလှသည်။ စိတ်ဓာတ်မှာလည်း ပြင်းထန်လှပြီး တိုက်ခိုက်ပုံမှာလည်း ရက်စက်ကြမ်းကြုတ်လှ၏။ ဤအတိုင်းဆိုလျင် ဤတိုက်ပွဲအား သူ အလွယ်တကူနှင့် အနိုင်ရရန်တော့ မလွယ်လှ။
တချက်တချက်တွင်တော့ သူသည် အရိပ်ခုန်ထွက်ခြင်းနည်းစနစ်အား ထုတ်သုံးရပြန်သည်။ မသုံးသည်ထက်စာလျင် ထုတ်သုံးသည်က နည်းဗျူဟာအရ ပြောင်းလွယ်ပြင်လွယ်လုပ်နိုင်ရန် အခွင့်အရေးရှိသေးသည် မဟုတ်ပါလား။
ထိုအချိန်တွင် သံမဏိဘက်မှ အရှုံးအနိုင်ကတော့ အတော်ပင် ပြတ်သားနေခဲ့လေပြီ။ သူသည် ကျန်ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်နှစ်ဦးအား အလွယ်တကူပင် လှဲသိပ်နိုင်လိုက်၏။ ယခုဆိုလျင် နတ်ဆိုးအသွင်ပြောင်းယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်သာလျင် မားမားမတ်မတ် ကျန်တော့သည်။
***