← Chapters

တိုက်ပွဲ

Vol. 76 Ch. 759

တိုက်ပွဲ

Vol. 76 Ch. 759

ထိုလူ ပေါ်ထွက်လာသည်နှင့် အားကောင်းလှသော အရှိန်အဝါတခုကို စုချန်း ခံစားလိုက်ရသည်။ မြင်ရုံနှင့် ယုန်စီချင်းထက် မညံ့သူမှန်း သိသာနေ၏။

၎င်းကိုမြင်သည်နှင့် စုချန်းက သံမဏ်ိိတို့လူစုအား အမိန့်ပေးလိုက်သည်။

"မင်းတို့ ဟိုဖက်လမ်းကို ကူးသွားကြတော့ ကျုပ်ကိုထားခဲ့"

စုချန်း၏ အမိန့်ကို မည်သူမှ မလွန်ဆန်ရဲ။ လမ်းအလယ်ကြောကား နယ်နိမိတ်မျဥ်းပင် ဖြစ်လေရာ ဟိုဘက်ခြမ်းကိုရောက်သည်နှင့် သူတို့ကို မည်သူမှ မထိပါးရဲတော့။

ထိုအခိုက်မှာပင် စုချန်းသည် သူ့ကိုယ်တွင်းရှိ မူလစွမ်းအင်များအား စုစည်းပြီး လေထဲသို့ လက်သီးနှင့် လှမ်းထိုးလိုက်လေသည်။

ရန်သူမည်သူမည်ဝါ၊ အင်အားမည်မျှရှိမှန်း စုချန်း မသိ။ ထို့ကြောင့် သူ့လက်သီးတွင် အင်အားအပြည့်အဝ ပါဝင်နေ၏။ စုချန်း၏ လက်သီးချက် ထွက်ပေါ်လာသည်နှင့် လေထဲတွင် မိုးခြိမ်းသံများ ဝုန်းဝုန်းဒိုင်းဒိုင်း ထွက်ပေါ်လာလေသည်။

သို့သော် သူ့လက်သီးသည် ကျယ်ပြောလှသောရေပြင်ကြီးကို ထိုးချမိသလိုသာ စုချန်း ခံစားလိုက်ရ၏။ လေထဲတွင် လှိုင်းဂယက်များထလာသော်လည်း ရန်သူကား စုချန်၏ လက်သီးကို အမှုထားဟန်မတူ။

လက်ရှိတွင် စုချန်း၏ ရုပ်ပိုင်းဆိုင်ရာသည် သတ်ဖြတ်သူတဦးနှင့် ထပ်တူနီးပါး တူညီနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့လက်သီးတချက်သည် တောင်ကြီးတလုံးကို သွက်သွက်ခါသွားစေနိုင်လောက်၏။ သို့သော် ရန်သူကား ဤတကွက်ကို အလွယ်တကူပင် ချေဖျက်လိုက်လေပြီ။ ၎င်း၏ အင်အားကို ဤတကွက်တည်းနှင့်ပင် မြင်သာနေခဲ့လေပြီ။

ထိုအချိန်တွင် ရန်သူသည် မြေကြီးပေါ်သို့ ခြေချမိသွားပြီ ဖြစ်သည်။ ၎င်း၏ မျက်လုံးအစုံမှာ အံ့သြသင့်ဟန်များ ပေါ်လွင်နေ၏။

"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ကြာပန်းသုံးပွင့်အဆင့် ဟုတ်လား"

တကယ်တော့ စုချန်းသာဆန္ဒရှိလျင် ကြာပန်းခုနှစ်ပွင့်အုတ်မြစ်အဆင့့်းသို့ တနှစ်အတွင်း ရောက်ရှိအောင် မြှင့်တင်နိုင်စွမ်းရှိ၏။ သို့သော် လက်ရှိတွင် သွေးဗီဇမလိုပဲ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းအား ရှာတွေ့ရန်မှာကား များစွာ အလှမ်းဝေးနေသေးသည်။ ထို့ကြောင့် စုချန်းအနေနှင့် ကျင့်ကြံခြင်းအဆင့့်တက်ရန် အလောသုံးဆယ် မလိုအပ်သေး။

မည်သို့ဆိုစေ စုချန်း၏ အဆင့်အတန်းအား မြင့်ရုံနှင့် ခန့့်မှန်းနိုင်သည်ဖြစ်၍ ရန်သူ၏ အာရုံခံနိုင်စွမ်းမှာ အတော်လေး မြင့်မားသည်ဟု ဆိုနိုင်ပေသည်။

"ကြာပန်းအုတ်မြစ်ခုနှစ်ခုအဆင့်ပေါ့ ဟုတ်လား"

စုချန်းကလည်း ပြန်လည်ရေရွတ်လိုက်သည်။

ပရမအမြင်အာရုံကြောင့် ရန်သူ့ကိုယ်တွင်းမှ ထွက်ပေါ်နေသော မူလစွမ်းအင်လှိုင်းများအား စုချန်း အတိုင်းသား မြင်တွေ့နေရသည် မဟုတ်ပါလား။

စုချန်း၏ လက်သီးချက်အား တကွက်တည်းနှင့် ချေဖျက်လိုက်သော ရန်သူသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်မဟုတ်။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မျှသာ ဖြစ်နေချေသည်တကား။ သို့သော် ၎င်း၏ အင်အားကို အထင်သေး၍တော့မရ။

အသစ်ရောက်ရှိလာသော ရန်သူကလည်း စုချန်း၏ အာရုံခံနိုင်စွမ်းကို အံ့သြသွားပုံရ၏။

"သိပ်မှန်တာပေါ့ကွာ ကိုယ့်ထက်အဆင့်နိမ့်တဲ့ကောင်နဲ့ တိုက်ခိုက်ရမှာတော့ စိတ်ပျက်စရာပဲ ဒါပေမဲ့ ကျုပ် ယုန်ရှုး...."

သို့သော် သူ့စကားကို အဆုံးသတ်ခွင့်မရလိုက်။ စုချန်းက စကားဖြတ်ပြောလိုက်သောကြောင့်ပင်။

"ခင်ဗျားကိုကြည့်ရတာ အတော်လေး အင်အားကြီးမားပုံပေါ်တယ် သိပ်ကောင်းတယ် စကားမရှည်ပဲ ကျုပ်တို့ တိုက်ကြတာပေါ့"

စကားဆုံးသည်နှင့် စုချန်းတယောက် လေပေါ်သို့ ခုန်တက်လိုက်လေသည်။ တချိန်တည်းမှာပင် သူ့ထံမှ ကြီးမားသော အားလှိုင်းများ ထွက်ပေါ်လာ၏။ ထို့နောက် စုချန်းက ယုန်ရှုးထံသို့ လက်သီးတလုံး ပစ််သွင်းလိုက်၏။

စုချန်း ထိုသို့ တိုက်ခိုက်လာလိမ့်မည်ဟု ယုန်ရှူး လုံးဝထင်မထား။ ထိုအခါ ရုတ်ချည်းဆိုသလိုပင် သူ ဒေါသထွက်လာတော့သည်။

"တယ်လဲဘဝင်လေဟပ်နေတဲ့ကောင်ပါလားကွ"

စကားဆုံးသည်နှင့် သူက လက်ချောင်းများကို တဖြတ်ဖြတ်လှုပ်ရှားလိုက်သည်။ ထိုအခါ သူ့ကိုယ်တွင်းမှ တိုးထွက်လာသော အနက်ရောင်အခိုးအငွေ့များသည် အနက်ရောင်ကြိုးများအဖြစ် ပြောင်းလဲသွားပြီး စုချန်းထံသို့ တိုးဝင်သွားတော့သည်။

စုချန်းကား ယုန်ရှု၏ တိုက်ခိုက်မှုကို ရှိသည်ဟုပင် ယူဆပုံမရ။ ပြင်းထန်လှသော လက်သီးချက်များကိုသာ တလုံးပြီးတလုံး ပစ်သွင်းနေလေသည်။

စုချန်း၏ တိုက်ခိုက်ပုံမှာ ကြမ်းတမ်းလှသည်တော့မဟုတ်။ သို့သော် ထိမ်းမနိုင်သိမ်းမရ တာတမံကျိုးသည့်သဖွယ် တိုက်ခိုက်ပုံမျိုးဟုတော့ ဆိုနိုင်သည်။ တကယ်တော့ စုချန်းကား ကွဲပြားခြားနားသည့်နည်းစနစ်ပေါင်းစုံ ရောစပ်ပါဝင်နေသည့်ရှေးဟောင်းအာကင်နာနည်းစနစ်နှင့်လက်ရှိခေတ်သုံးနည်းစနစ်ပေါင်းစပ်ထားသော အတွဲအစပ်ကို အသုံးပြုနေခြင်းပင်။ သတ်ဖြတ်သူနယ်မြေမှ ပြန်ရောက်ပြီး တနှစ်အတွင်း သူ အပတ်တကုတ် ဖန်တီးထားသော အဆိုပါ တိုက်ခိုက်ရေးနည်းစနစ်သစ်အား စမ်းသပ်ချင်လွန်း၍ စုချန်း လက်ယားလှပေပြီ။ ယခုတော့ ရေကန်အသင့်ကြာအသင့်ပေတည်း။

စုချန်းထံမှ အတွဲလိုက်ထွက်ပေါ်လာသော လက်သီးကွက်များကိုကြည့်ရင်း ယုန်ရှုးကိုယ်တိုင်ပင် အံ့သြစပြုလာ၏။ သူ ဖန်တီးလိုက်သည့် အနက်ရောင်ကြိုးများမှာလည်း စုချန်း၏ တိုက်ခိုက်မှုကြောင့် ကျိုးပဲ့ကုန်ကြလေပြီ။ အနက်ရောင်စွမ်းအင်၏တိုက်စားနိုင်စွမ်းမှာ စုချန်းအပေါ် ဘာသက်ရောက်မှုမှ ရှိဟန်မပေါ်။

ယုန်ရှုး မျက်မှောင်ကုတ်လိုက်သည်။ တချိန်တည်းမှာပင် အနက်ရောင်မီးခိုးငွေ့များသည် ဒီလှိုင်းကြီးများသဖွယ် စုချန်းအား ရိုက်ခတ်လာပြန်၏။ အနက်ရောင်အခိုးအငွေ့များကြောင့် ဝန်းကျင်တခုလုံး အမှောင်လွှမ်းသွားသည်ဟု ထင်မှတ်ရသည်။ ယုန်ရှုးသည်လည်း အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့၏။

အမှောင်ထိုးဖောက်ဝင်ရောက်ခြင်းနည်းစနစ်ပင် ဖြစ်သည်။

သို့သော် စုချန်း၏ ပရမတ်အမြင်အာရုံအောက်ဝယ် ယုန်ရှုး၏ အမှောင်ထိုးဖောက်ဝင်ရောက်ခြင်းနည်းစနစ်မှာ ကလေးကစားစရာသဖွယ် ဖြစ်သွားတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ယုန်ရှုး ဘယ်နေရာတွင်ရှိနေမှန်း စုချန်း သိရှိသွားတော့၏။

ယုန်ရှုးသည် စုချန်း၏ နံစောင်းမှနေ၍ အလစ်အငိုက် တိုက်ခိုက်ရန် ကြိုးပမ်းနေ၏။

သာမာန်အခြေအနေသာဆိုလျင် စုချန်းအနေနှင့် ရန်သူ အနီးရောက်လာသည်အထိ စောင့်ပြီးမှ တိုက်ခိုက်ပေလိမ့်မည်။ သို့သော် ဤတကြိမ်တွင်တော့ မတူ။ စုချန်း၏ အသည်းနှလုံးထဲမှာပင် တိုက်လိုခိုက်လိုစိတ်များ ဟုန်းဟုန်းတောက်နေ၏။ ထိုအခါ စုချန်းက ချာခနဲလှည့်ပြီး ယုန်ရှုးအား လက်သီးနှင့် ထိုးချလိုက်တော့သည်။

သူတို့၏ တိုက်ပွဲသည် အနက်ရောင်မီးခိုးများအလယ်တွင် ဖြစ်ပွားနေခြင်းဖြစ်လေရာ တိုက်ပွဲအခြေအနေကို မည်သူမှ မမြင်နိုင်။ အမှောင်ထုအတွင်းမှ တိုက်ခိုက်သံများ ထွက်ပေါ်လာသည်ကိုသာ ကြားနေရလေသည်။

စုချန်း၏ တိုက်ခိုက်မှုကြောင့် ယုန်ရှုး မျက်လုံးပြူးသွား၏။ သို့သော် သူသည်လည်း ခေသူမဟုတ်လေရာ အနက်ရောင်အခိုးအငွေ့များအား ဒိုင်းကာအဖြစ်သုံးပြီး စုချန်း၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်လေသည်။ တဆက်တည်းမှာပင် ယုန်ရှုးသည် လက်တဖက်ကိုဝေ့ယမ်းပြီး စုချန်းအား အနက်ရောင်မြွေမြားနှင့် ပစ်ခတ်လိုက်၏။

စုချန်း အားရပါးရ ရယ်မောလိုက်သည်။ ဆက်တိုက်ဆိုသလိုပင် သူ့နောက်ကျောတွင် ကမ္ဘာဦးသွေးပုံရိပ် ပေါ်ပေါက်လာ၏။ ဤတကြိမ် ကမ္ဘာဦးသွေးပုံရိပ်သည် ယခင်နှင့်မတူပဲ ပီဘိလူအစစ်နှင့် အလားသဏ္ဍာန်တူနေလေသည်။ ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ကမ္ဘာဦးသွေးပုံရိပ်သည် စုချန်းကိုယ်တွင်းသို့ ဝင်ရောက်ပေါင်းစပ်သွားတော့၏။

ထိုခနမှာပင် စုချန်း၏ ကိုယ်ခန္ဓာသည် လေဖြည့်ထားသည့် ပူဖောင်းသဖွယ် ဖောင်းကားလာတော့သည်။ သူ့ကြွက်သားများမှာလည်း ဖုထစ်လာ၏။ သူ့ကိုယ်တွင်းဆီမှလည်း ပြင်းထန်လှသော အားလှိုင်းများ ရိုက်ခတ်လာတော့သည်။

ကနဦးတွင် စုချန်းသည် ရုပ်ပိုင်းဆိုင်ရာခွန်အားသက်သက်ကိုသာ အသုံးပြု၍တိုက်ခိုက်ခဲ့သော်လည်း လက်ရှိတွင် မူလစွမ်းအင်များကိုပါ ပေါင်းစပ်အသုံးပြုလိုက်ပြီ ဖြစ်သည်။ ထိုအခါ စုချန်း၏ လက်သီးထိုးချက်များသည် ပို၍ကြမ်းတမ်းလာ၏။ ပို၍ ရက်စက်ကြမ်းကြုတ်လာ၏။ သူ့လက်သီးချက်တိုင်းသည် ကောင်းကင်ကို အက်ကွဲစေပြီး မဟာပထဝီမြေကြီးကို ပြိုကွဲသွားစေတော့မည်ဟု ထင်မှတ်ရလေသည်။

ကံမကောင်းသည်မှာ တိုက်ပွဲသည် အနက်ရောင်မီးခိုးငွေ့များအတွင်း ဖြစ်ပွားနေခြင်းဖြစ်လေရာ စုချန်း၏ တိုက်ခိုက်ပုံကို မည်သူမှ မြင်တွေ့နိုင်စွမ်းရှိမနေခြင်းပင်။

ယုန်ရှုကား စုချန်း တိုက်ခိုက်နေပုံကိုကြည့်ရင်း ပို၍ပို၍ ထိတ်လန့်လာခဲ့ပြီ ဖြစ်သည်။

သူသည် ယုန်မျိုးနွယ်မျိုးဆက်သစ်များအနက် အရေးအပါဆုံးလူများထဲမှတဦးဖြစ်ပြီး နတ်ဆိုးဧကရာဇ်သွေးဗီဇကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သာမာန်ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များသည်ပင် သူ့ပြိုင်ဘက်မဟုတ်နိုင်။ ယခုတော့ သူ့ထက် ကျင့်ကြံခြင်းနယ်ပယ်အဆင့်နိမ့်သူလူငယ်တဦးက သူ့အား တလစပ်တိုက်စစ်ဆင်လျက်ရှိ၏။ သူမအံ့သြပဲ အဘယ်မှာ နေနိုင်အံ့နည်း။

ပို၍အံ့သြစရာကောင်းသည်မှာ ရန်သူလူငယ်၏ အင်အားသည် အဆုံးမရှိဟန်ဖြင့် အဆက်မပြတ် ပေါ်ထွက်နေခြင်းပင်။

၎င်းထုတ်သုံးနေသည့့် မူလစွမ်းအင်များမှာ ဘယ်ကလာလေသနည်း။

စုချန်းသည်လည်း တဖက်မှယုန်ရှု၏ ပေါကြွယ်လှသော နည်းစနစ်များလည်း အတော်လေးအံ့သြလာသည်မှ အမှန်ပင်။ ၎င်းသည် သူ၏ ပြင်းထန်လှသော တိုက်ကွက်များအား နည်းစနစ်ပေါင်းစုံကို အလှဲဲအလှယ်သုံးကာ ယခုတိုင် ကြံ့ကြံ့ခံနေသည် မဟုတ်ပါလား။

အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာ၏။ ကောင်းကင်တခွင်လုံးကား မဲမဲမှောင်လျက်ရှိပြီး ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်နေသလားပင် ထင်မှတ်ရသည့် အခိုက်အတန့်ပေတည်း။

နှစ်ဦးစလုံးကား သေသည်အထိ တိုက်ခိုက်သွားရန် ဆုံးဖြတ်ထားကြလေပြီတည်း။

တချီတွင်တော့ ယုန်ရှုသည် လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ အကန့်အသတ်မရှိသော အမှောင်ထုများ သူ့လက်တွင် စုဝေးလာပြီး တွင်းပေါက်ကြီးသဖွယ် ဖြစ်ပေါ်လာ၏။ တဖက်တွင်လည်း စုချန်းက ကြီးမားလှသော မီးလျံငှက်ကြီးတကောင်ကို ဖော်ထုတ်လိုက်တော့သည်။

အမှောင်ထုနှင့်အလင်းတန်းများ ဆုံတွေ့မိချိန်ဝယ် ကျယ်လောင်လှသောပေါက်ကွဲသံကြီးနှင့်အတူ ထူးဆန်းသော မြင်ကွင်းတရပ် ဖြစ်ပေါ်လာ၏။

အမှောင်ထု၏ ရစ်ပတ်မှုကြောင့် မီးလျံငှက်ကြီးသည် အမဲရောင်အဖြစ် ပြောင်းလဲသွား၏။ အဆိုပါ အမဲရောင်မှာလည်း ကြည့်နေရင်းနှင့်ပင် နက်ရှိုင်းသည်ထက် နက်ရှိုင်းလာ၏။ ပြန့်ကားသည်ထက် ပြန့်ကားလာ၏။

မြင်ကွင်းကြောင့် ပဝါမကူူရေမရှုစတမ်း တိုက်ခိုက်နေသူနှစ်ဦးလုံး မျက်လုံးပြူးသွားပြီး ပြိုင်တူပင် အော်ဟစ်သတိပေးလိုက်ကြသည်။

"ဒါကြီး ပေါက်ကွဲတော့မယ် ရှောင်ကြဟေ့ အထိမခံကြနဲ့"

ထိုအချိန်မှာပင် အနက်ရောင်မီးလျံငှက်ကြီးသည် လေပေါ်သို့ တဖြည်ဖြည်းမြင့်တက်သွားပြီး ကောင်းကင်ပေါ်အရောက်မှာပင် အုန်းခနဲ ပေါက်ကွဲသွားတော့သည်။ ထိုအခါ အနက်ရောင်မီးပွင့်မီးဖွားများသည် ဥက္ကာခဲများသဖွယ် မိုးပေါ်မှပြုတ်ကျလာတော့သည်။

အဆိုပါမီးပွင့်မီးဖွားနှင့် ထိတွေ့မိသမျှ အရာတိုင်းသည် ကြည့်နေရင်းနှင့်ပင် အရည်ပျော်ကုန်၏။ အဆောက်အဦးများ၊ ကျောက်တုံးကျောက်ခဲများပင်မကျန် အရည်ပျော်ကုန်ခြင်း ဖြစ်သည်။ ကံဆိုးသူမောင်ရှင်တချို့မှာကား နေရင်းထိုင်ရင်း ပြာများအဖြစ် ဘဝပြောင်းကုန်ကြလေသည်။

မြင်ကွင်းကိုကြည့်ရင်း ယုန်ရှုး တွေတွေကြီး ဖြစ်လျက်ရှိသည်။ အတန်ကြာမှ သူက မေးလိုက်သည်။

"မင်း ဘယ်သူလဲ"

ထိုစဥ် ကြည်လင်သော အသံတသံံ ထွက်ပေါ်လာ၏။

***

All Chapters