တွေ့ဆုံခြင်း
Vol. 76 Ch. 760
"သူ့နာမည် စုချန်းလို့ခေါ်တယ်ရှင့် ကျွန်မရဲ့ချစ်သူပဲ"
ကြည်လင်ချိုသာသောအသံသည် လူတိုင်း၏နားထဲသို့ စမ်းချောင်းရေစီးသည့်ပမာ တိုးဝင်သွား၏။
အသံရှင်မှာ ကျူးရှန်းယောင်ပေတည်း။ အလွန်လှပသော နီရဲရဲဝတ်စုံကို ဆင်မြန်းထားသော သူမသည် ကြည့်ရသူတိုင်း၏ အမြင်တွင် အနီရောင်ကြာပန်းနှင့် တူနေ၏။ သူမ၏ နောက်တွင် လူနှစ်ယောက် လိုက်ပါလာ၏။ မြင်ရုံနှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များဟု မြင်သာနေသော အဆိုပါ လူနှစ်ယောက်မှာ ကျူးရှန်းယောင်၏ အထိန်းချုပ်ခံများပေတည်း။
မြင်ရုံနှင့် ဤနှစ်များအတွင်း ကျူးရှန်းယောင် ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရမှန်း သိသာနေ၏။ သူမထက် အဆင့်မြင့်သော အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ဦးအား တပြိုင်နက်တည်းထိမ်းချုပ်နိုင်သည်ကိုထောက်လျင် ကျူးရှန်းယောင်တယောက် ယခင်ကထက် များစွာ တိုးတက်လာခဲ့ပေပြီ။ တဖက်တွင်လည်း ကျူးမျိုးနွယ်စု တစုလုံးက သူမအား လိုလေသေးမရှိအောင် ထောက်ပံ့ပေးခဲ့ပုံပေါ်နေသည်။
၎င်းမှာလည်း သိပ်မဆန်းလှ။ စုချန်း သူမအတွက် ပြုပြင်ပေးခဲ့သောသွေးဗီဇမှာ မျိုးနွယ်စုတစုလုံး၏ အင်အားကို များစွာတိုးပွားလာစေသည် မဟုတ်ပါလား။
ကျူးရှန်းယောင်သည် အလင်းတုန်ခါခြင်းနယ်ပယ်သို့ပင် မရောက်သေး။ သို့သော် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ဦးကို အလွယ်တကူ ထိန်းချုပ်ထားနိုင်၏။ ၎င်းကိုကြည့်လျင် သူမ၏ အနေအထားမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ထက် သာလွန်နေပြီမှန်း သိသာနေလေသည်။
သူမထွက်ပေါ်လာသည်နှင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ အုံးအုံးကြွက်ကြွက် ဖြစ်ကုန်၏။ ကျူးရှန်းယောင်၏ ရူပါရုံအောက်ဝယ် သက်ဆင်းလိုသော ယောကျာ်းသားများမှာ ဒုနှင့်ဒေးပင် မဟုတ်ပါလား။
ယခုတော့ သူမက သူမတွင်ချစ်သူရှိကြောင်း ကြော်ငြာမောင်းခတ်လိုက်လေသည်။
ဤသတင်းမှာ သတင်းထူးပေတည်း။
သာမာန်အချိန်သာဆိုလျင် စုချန်းအား ရန်ပြုသူအများအပြား ပေါ်ပေါက်လာဖွယ်ရာရှိသည်။ ယခုတွင်တော့ စုချန်းက လူအများရှေ့တွင် သူ့အစွမ်းကို ပြသခဲ့ပြီး ဖြစ်သည်။ ယုန်ရှုသည်ပင် စုချန်းကို ဘာမှမတတ်နိုင်လေရာ မည်သူ စုချန်းကို ရန်စအံ့တော့မည်နည်း။
စုချန်း ပတ်ဝန်းကျင်ကို စူးရှသောမျက်လုံးအစုံနှင့် ဝေ့ကြည့်လိုက်၏။ မည်သူမှ သူ့ကို မျက်လုံးချင်းမဆုံရဲ။
စုချန်း ဟက်ခနဲ ရယ်မောလိုက်သည်။
"ဒီအတိုင်းဆို ကျုပ် သွားလို့ရပြီထင်တယ်"
စကားဆုံးသည်နှင့် သူက ချာခနဲလှည့်ပြီး ကျူးရှန်းယောင်ရှိရာသို့ လျှောက်သွားလိုက်သည်။
စုချန်းကိုကြည့်ရင်း ယုန်ရှု၏ တကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေ၏။ ဒေါသကြောင့် သူ့မျက်နှာတခုလုံး နီရဲနေလေသည်။ သို့သော် သူ စုချန်းကို မတိုက်ခိုက်ရဲ။ စုချန်းနှင့်ကျူးရှန်းယောင်ကို နိုင်လိမ့်မည်ဟု သူ မသေချာ။ ထိုအထဲတွင်မှ ထ်ိန်းချုပ်ခံအလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်နှစ်ဦး ဝင်ရောက်တိုက်ခိုက်ပါက သူ အဖြစ်ဆိုးသွားနိုင်၏။
စုချန်းကား လမ်းတဖက်ခြမ်းသို့ အေးအေးဆေးဆေးပင် ဖြတ်ကူးသွားလေသည်။
ကျူးရှန်းယောင်ကိုတွေ့သည်နှင့် စုချန်း မပွင့်တပွင့် ပြုံးလိုက်၏။
ကျူးရှန်းယောင် နှုတ်ခမ်းစူသွားလေသည်။
"ရှင့်လိုနှလုံးသားမရှိတဲ့သူက ကျွန်မကိုလာတွေ့ဖို့ သတိရတယ်ဆိုတော့ ကမ္ဘာကြီး ဇောက်ထ်ိုးမိုးမျှော် ဖြစ်သွားသလားပဲ သိလား"
စုချန်း ဘာမှမပြော။ ထိုအစား သူက ကျူးရှန်းယောင်အား ပွေ့ဖက်ပြီး အားရပါးရပင် နမ်းရှိုက်လိုက်လေသည်။
မြင်ကွင်းကြောင့် လူတိုင်း မျက်လုံးပြူးသွား၏။
စုချန်းကား ဘာကိုမှ ဂရုစိုက်ဟန်မတူ။ ကျူးရှန်းယောင်ကိုသာ ခံစားချက်အပြည့်နှင့် နမ်းရှိုက်နေ၏။ အနမ်းမှာ နက်ရှိုင်းပြီး ကြာရှည်လှသည်။ အချိန်အတော်ကြာမှ သူတို့နှစ်ယောက် လူချင်းခွဲလိုက်ကြ၏။
ကျူးရှန်းယောင်၏ မျက်နှာသည် နှင်းဆီပန်းပမာ ရဲရဲနီနေ၏။ ထို့နောက် သူမက စုချန်းအား လှိုက်မောရင်ခုန်သောအသံဖြင့် မေးလိုက်သည်။
"ဒါပဲလား ပြီးသွားပြီလား"
"မပြီးသေးဘူး ဒါပေမဲ့ ဒီနေရာမှာ မသင့်တော်ဘူးကွ"
စုချန်း ရယ်မောရင်း ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ကျူးရှန်းယောင်အား ဇတ်ခနဲပွေ့ချီပြီး ခြေလှမ်းကျဲကြီးနှင့် ရှေ့သို့လျှောက်သွားလေသည်။ ကျူးရှန်းယောင်ကလည်း ငြင်းပယ်ခြင်းမရှိ။ စုချန်းလည်ပင်းကို ယီးလေးခိုရင်း လိုက်ပါသွားရှာ၏။
ယုန်မျိုးနွယ်ဝင်များကား စုချန်း ထွက်ခွာသွားသည်ကို ရပ်ကြည့်နေရုံမျှသာ တတ်နိုင်ရှာတော့သည်။
ထိုအချိန်မှာပင် အသံတသံံ ထွက်ပေါ်လာ၏။
"ကောင်လေး မင်းနာမည်ဘယ်လိုခေါ်သလဲ"
အသံရှင်မှာ အဖိုးကြီးတဦးပင်။
စုချန်း မျက်မှောင်ကုတ်လိုက်၏။
"ကျုပ်နာမည် စုချန်း"
အဖိုးကြီး ဟက်ခနဲ ရယ်မောလိုက်သည်။
"စုချန်း ဟုတ်လား ဒီနာမည်ကို ကျုပ် မှတ်ထားလိုက်မယ် ကျုပ် အရောက်နောက်ကျလို့ မင်း ကံကောင်းသွားတယ် ဒါပေမဲ့ ကျုပ်ထင်ပါတယ် မင်းနဲ့ကျုပ် သိပ်မကြာခင် ပြန်ဆုံအုံးမှာပါ ကျုပ်နာမည်ကိုလဲ မှတ်သွားအုံး ကျုပ်နာမည်က...."
သို့သော် စုချန်းက စကားဖြတ်ပြောလိုက်၏။
"ကျုပ် ခင်ဗျားနာမည်ကို စိတ်မဝင်စားဘူး ကျုပ်အတွက် လူသေတယောက်ရဲ့နာမည်က ဘာမှအဓိပ္ပါယ်မရှိဘူးလေဗျာ"
စကားဆုံးသည်နှင့် စုချန်း ချာခနဲ လှည့်ထွက်လာခဲ့လေသည်။
အဖိုးကြီးကား ဆွေ့ဆွေ့ခုန်လျက် ကျန်ခဲ့၏။
ခပ်လှမ်းလှမ်းသို့ရောက်သည်နှင့် ကျူးရှန်းယောင်က စုချန်းအား ရှင်းပြလိုက်သည်။
"အဲဒီအဖိုးကြီးနာမည် ယုန်ယွဲ့ဟွေလ်ို့ခေါ်တယ် ယုန်မျိုးနွယ်စုအကြီးအကဲတွေထဲက တဦးပေါ့ ပြီးတော့ သူက ယုန်မျိုးနွယ်စုခေါင်းဆောင် ယုန်ရှန်ချန်းရဲ့အစ်ကိုကြီးပေါ့"
"ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်ပေါ့ ဟုတ်လား"
"ဟုတ်တယ်ရှင်"
"ဒါပေမဲ့ သူ သေလူဖြစ်ေနတုန်းပါပဲကွာ"
ကျူးရှန်းယောင်က ထပ်မေးလိုက်ပြန်သည်။
"ရှင်က သူ့ကို အနိုင်ယူနိုင်လို့လား"
"မဟုတ်ဘူး ကျုပ် သူ့ကို အနိုင်မယူနိုင်ဘူး ဒါပေမဲ့ သေအောင်တော့သတ်နိုင်တယ်"
ကျူးရှန်းယောင် ဘာမှထပ်မမေးတော့။ သူမ စုချန်းအား အကြွင်းမဲ့ယုံကြည်ထားသည် မဟုတ်ပါလား။ စုချန်းက သေရမည်ဟုဆိုလျင် ယုန်ယွဲ့ဟွေ သေချာပေါက် သေရမည်သာ။
_____________×××________________×××___________
သိပ်မကြာမီ ကျူးရှန်းယောင်တယောက်က် ကျုးမျိုးနွယ်ခြံဝင်းဂိတ်တံခါးဝတွင် မတ်တပ်ရပ်လျက်ရှိလေပြီ။
ဂိတ်ရှေ့တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦး ဦးဆောင်သော လူတစုအတန်းလိုက် မတ်တပ်ရပ်နေ၏။ အဆိုပါအမျိုးသမီးမှာ အသက်ကြီးသော်လည်း ဆွဲဆောင်မှုရှိပြီး ချောမောလှပေသည်။ လှည့်စားနှလုံးသားမြွေခွေးသွေးဗီဇပိုင်ရှင်များဖြစ်သည့့် ကျူးမျိုးနွယ်ဝင်အမျိုးသမီးတိုင်းကား ချောမောကြသည်သာ။ ၎င်းကား ကျူးရှန်းယောင်၏ မိခင်ဖြစ်သူ ကျူးယုယန်ဖြစ်မည်မှာ သေချာနေ၏။
စုချန်းကိုမြင်သည်နှင့် ကျူးယုယန် ပြုံးလိုက်သည်။ ပြီးမှ မျက်နှာကိုတည်ပြီး အသံနေအသံထားနှင့် ပြောလိုက်၏။
"ရှန်းယောင် သမီးဘာတွေလျှောက်လုပ်နေတာလဲ လမ်းမကြီးအလယ်မှာ ဒီလိုဖက်လဲတကင်း လုပ်နေစရာလား"
ထိုအခါကျမှ ကျူးရှန်းယောင်လည်း စုချန်းဆီမှဖယ်ခွာပြီး ဘေးတွသ် မတ်တပ်ရပ်လိုက်သည်။
ကျူးယုယန်က စုချန်းအား ပြောလိုက်ပြန်၏။
"အဒေါ် မင်းကိုစောင့်နေခဲ့တာ အတော်ကြာပြီ ခုတော့ မင်း ရောက်လာပြီပေါ့လေ"
စုချန်း ရယ်မောလိုက်၏။
"ကျွန်တော် မလာချင်လို့ မဟုတ်ပါဘူးခင်ဗျာ အချိန်မကျသေးလို့သာ မလာနိုင်ခဲ့တာပါ"
"သခင်လေးစု ပြောတဲ့သင့်တော်တဲ့အချိန်ဆိုတာ ကျူးမျိုးနွယ်စု အခက်ကြုံနေရတဲ့အချိန်ကိုများ ဆိုလိုတာလားရှင့်"
ကြည်လင်သောအသံတသံံ ထွက်ပေါ်လာ၏။
အသံရှင်မှာ ကျူးယုယန်ဘေးတွင် မတ်တပ်ရပ်နေသော အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသူ အမျိုးသမီးငယ် ဖြစ်သည်။ သူမသည်လည်း ကျူးရှန်းယောင်၏ အလှနဲ့မတူသော်လည်း တမျိုးတဖုံတော့ ချောမောနေသည်သာ။
စုချန်း သူမကို စိုက်ကြည့်နေမှန်း မြင်သည်နှင့် သူမက ထပ်ပြောလိုက်ပြန်၏။
"ကျွန်မ ကျူးရှန်းလင် သခင်လေးစုကို နှုတ်ခွမ်းဆက်သပါတယ် ဒါမှမဟုတ် မတ်တော်မောင်လို့ ခေါ်ရမလားရှင့်"
"ကျူးရှန်းလင် ဟုတ်လား"
စုချန်း တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူက ပြုံးရင်း ပြောလိုက်သည်။
"မင်းက ကျုပ်မှန်းထားတာထက် ငယ်နေတာပဲ"
ကျူးရှန်းလင် မျက်မှောင်ကုတ်သွား၏။ ပြီးမှ အသက်ငယ်သလောက် ကောက်ကျစ်သည်ဟု ရည်ရွယ်သည့် စုချန်း ဆိုလိုရင်းကို သဘောပေါက်ပြီး မျက်နှာပျက်သွားလေသည်။
"အကြီးအကဲကကော ကျုပ်ပြောတဲ့အချိန် ဘယ်အချိန်လဲဆိုတာ သိချင်သေးသလားခင်ဗျ"
စုချန်း၏ မေးခွန်းကြောင့် ကျူးယုယန် မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူမက အောက်ပါအတိုင်း ပြန်ဖြေလိုက်၏။
"သခင်လေးစု လာချင်တဲ့ဆန္ဒ ဖြစ်ပေါ်တဲ့အချိန်ဟာ အကောင်းဆုံးအချိန်ပဲပေါ့လေ"
စကားဆုံးသည်နှင့် သူမက စုချန်းက ခြံဝင်းအတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။ စုချန်းကလည်း ခပ်တည်တည်ပင် ကျူးယုယန်နှင့် ရင်ဘောင်တန်းလျက် လိုက်ပါသွား၏။
စုချန်း၏ အဆိုပါလုပ်ရပ်ကြောင့် အနီးအနားရှိ ကျူးမျိူးနွယ်ဝင်တိုင်း မျက်မှောင်ကုတ်သွားလေသည်။
အကယ်၍ စုချန်းသာ ကျူးရှန်းယောင်၏ ခင်ပွန်းအဖြစ် ရောက်လာပါက သားမက်အနေအထားကိုသာ ခံယူရမည် ဖြစ်သည်။ သိုသော် စုချန်းကား ထိုသို့ပြုမူရန် အစီအစဥ်ရှိဟန်မတူ။ ကျူးယုယန်အား တန်းတူရည်တူ ဆက်ဆံသော လုပ်ရပ်ကိုကြည့်လျင် ၎င်းကို မြင်သာနေ၏။
မည်သို့ဆိုစေ စုချန်း၏ အပြုအမူသည် ကျန်ကျူးမျိုးနွယ်အကြီးအကဲတိုင်းကို စိတ်ကသိကအောင့်ဖြစ်သွားစေ၏။
ခန်းမထဲသို့ရောက်သည်နှင့် ကျူးယုယန်က အလယ်အကျဆုံး ခုံမြင့်ကြီးတွင် နေရာယူလိုက်သည်။ စုချန်းက သူမ၏ ညာဖကရှိ ခုံတွင် ဝင်ထ်ိုင်လိုက်၏။ ကျူးယုယန်၏ ဘယ်ဖက်တွင်တော့ ကျန်ကျုးမျိုးနွယ်အကြီးအကဲများ အသီးသီး နေရာယူလိုက်ကြသည်။ စုချန်း၏ ဘေးတွင်တော့ ကျူးရှန်းယောင်၊ ကျူးရှန်းလင်တို့ အသီးသီး ရှိနေ၏။
အတန်ကြာသော် ကျူးယုယန်က စကားစလိုက်သည်။
"သခင်လေးစုဟာ ရောက်ရောက်ချင်းမှာပဲ ကျူးမျိုးနွယ်စုရဲ့ရန်သူကြီးတွေကို ရှင်းလင်းပေးခဲ့တယ် ကျေးဇူးအများကြီးတင်ထိုက်ပါပေတယ်"
စုချန်းက ပြန်ပြောလိုက်လေသည်။
""အကြီးအကဲက ယဥ်ကျေးလွန်းနေပြီ ကျုပ်ဟာ ဟာလာဟင်းလင်းတောင်ကနေအပြန်မှာ ကျူးရှန်းယောင် ဒီမှာရှိမှန်း သတိရလာတယ် ဒါကြောင့် ဒီကို ဝင်လာခဲ့တာပဲ မျိုးနွယ်စုကြားပြသနာတွေနဲ့ ဝင်ပါမိတာ မထင်မှတ်တဲ့ တိုက်ဆိုင်မှုပါလေ"
စုချန်း၏ ဆိုလိုရင်းကို ကျူးယုယန် ချက်ချင်းနားလည်သွား၏။
"ဟာလင်ဟင်းလင်းတောင်..ဒီတော့ သခင်လေးစုက မိန်းကလေးကုဆီ သွားတာပေါ့ ဟုတ်လား"
စုချန်း ခေါင်းညိတ်ပြလိုက်သည်။
ကျူးယုယန်က ထပ်ပြောလိုက်ပြန်၏။
"ဒါ မဆန်းပါဘူးလေ မူလသားရဲသွေးဗီဇဟာ ကျူးမျိုးနွယ်ထက် အများကြီး အင်အားကြီးမားတာပဲဟာ"
စုချန်း ခေါင်းခါလိုက်သည်။
"ဒါ အင်အားနဲ့ မဆိုင်ပါဘူးဗျာ စိတ်ခံစားမှုနဲ့ပဲ သက်ဆိုင်ပါတယ်"
စုချန်း၏ ဆိုလိုရင်းကို ကျူးယုယန် နားလည်သဘောပေါက်ပြီးသားပင်။
"စိတ်ခံစားမှု...စိတ်ခံစားမှု...အင်း မှန်ပါတယ်လေ"
ထို့နောက် ကျူးယုယန်သည် ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။
ခန်းမအတွင်း စကားပြောသံများ ဆူညံလာ၏။ အချိန်အတန်ကြာသော် ကျူးရှန်းယောင်က စုချန်းအား နားနေခန်းသို့ လိုက်ပါပို့ဆောင်လေသည်။
စုချန်း ထွက်ခွာသွားပြီးနောက် ကျူးယွဲ့ယန်က စကားစလိုက်၏။
"ဒီလောက်ဆို အခြေအနေကို အားလုံး သဘောပေါက်ပြီလို့ထင်တယ်"
ကျူးယဲ့ဖန် ပုခုံးတွန့်လိုက်သည်။
"စုချန်းက ကျုပ်တို့ရှန်းယောင်လေးကို မယားငယ်ထားဖို့ ကြံစည်နေတာပဲ"
လူတိုင်း၏ ရင်ထဲတွင် မနှစ်မြို့မှုကို ခံစားလိုက်ရ၏။ ကျူးမိသာစုတွင် မိန်းကလေးများသည် အထွတ်အထိပ်ပင် မဟုတ်ပါလား။ သူတို့အားလုံး၏ သခင်မလေးဖြစ်သူရှန်းယောင်အား စုချန်းက မယားငယ်အရာထားမည်မှာ လက်မခံလောက်စရာပင်။
သို့သော် ကံကောင်းထောက်မသည်မှာ ကျူးယုယန်သည် အမြင်ကျဥ်းသူမဟုတ်။ စုချန်း၏ စွမ်းရည်သည် အကန့်အသတ်မရှိဟု သူမ တထစ်ချ ယုံကြည်ထား၏။ ထို့ကြောင့် သူမသည် စုချန်းအား မျိုးနွယ်စုအတွင်း သွပ်သွင်းရန် ဆုံးဖြတ်လိုက်လေသည်။
***